အဓိကဂိုဏ်းကြီးသုံးဂိုဏ်း
Vol. 7 Ch. 97
မှော်သားရဲများနှင့် လူသားကျင့်ကြံသူများသည် ကျောက်တုံး အစီအရင်ကို ပူးပေါင်း တိုက်ခိုက်ခြင်းတွင်သာ စိတ်နှစ်ထားကြပြီး အစီအရင်အနီးသို့ တဖြည်းဖြည်း တိုးကပ် သွားနေကြသည်။ ကျောက်တုံး အစီအရင်ထဲတွင် ပုန်းကွယ်နေသော တစ်စုံတစ်ရာ ရှိရပေမည်။ ထို့ကြောင့်သာ မှော်သားရဲများနှင့် လူသားကျင့်ကြံသူများသည် ၎င်းတို့ကြားရှိ မလိုမုန်းထားမှုများကို ခေတ္တဘေးဖယ်ကာ မိစ္ဆာဝိညာဉ် ၆ကောင်ကို ပူးပေါင်းတိုက်ခိုက်နေကြခြင်း ဖြစ်သည်။
“မြစိမ်းတိမ်ဂိုဏ်းက တပည့်တွေအားလုံး ရှေ့တက်ကြ။ ဘယ်ဘက်ခြမ်းကနေ မိစ္ဆာဝိညာဉ် တွေကို အယောင်ပြတိုက်ပြီး ငါတို့ကို ကာပေးထား”
အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော မုတ်ဆိတ်ရှည်ဖြင့် ကျင့်ကြံသူ တစ်ယောက်က ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။
မြစိမ်းတိမ်ဂိုဏ်းတဲ့လား..။
ယဲ့ချန်သည် တိုက်ပွဲ ဧရိယာတစ်ဝိုက်အား ဝိညာဉ် အသိအမြင်ဖြင့် ခြုံငုံကာ စစ်ဆေးကြည့်လိုက်လျှင် လူသားကျင့်ကြံသူ ၅၀၀ ကျော် ၆၀၀ထဲတွင် အုပ်စု ၅စု ကွဲနေကြောင်း သတိထားမိ လိုက်သည်။ ထို ၅စုအနက် ၃စု၏ တိုက်ခိုက်နည်း၊ တိုက်ခိုက်ဟန်များမှာ အတော်လေး ဟန်ချက်ညီပြီး စည်းစနစ်တကျ ရှိကြောင်း တွေ့ရသည်။ ၎င်းတို့အချင်းချင်း ပြောဆိုနေကြသံများ အရ ထိုအုပ်စု ၃စုမှာ အဓိကဂိုဏ်းကြီး သုံးခုမှ တပည့်များ ဖြစ်နိုင်ပေသည်။ ထိုအုပ်စု ၃စု၏ ၁စုစီတွင် လူ ၁၀၀ကျော်စီ ပါဝင်သည်။ ၄ခုမြောက် အုပ်စုတွင် လူ ၅၀ကျော် ၆၀ခန့်ပါဝင်ပြီး ရှီဝူအင်ပါယာသားများ မဟုတ်ကြချေ။ ၅ခုမြောက် အုပ်စုမှာမူ အားလုံးထဲတွင် လူအင်အား အနည်းဆုံးဖြစ်ပြီး လူ ၂၀ကျော် ၃၀မျှသာ ပါဝင်သည်။ ထိုလူများသည် ရှီဝူအင်ပါယာအတွင်းရှိ ကျော်ကြားသော သိုင်းပညာမိသားစုကြီးများမှ ဖြစ်ကြဟန်ရသည်။
အဓိကဂိုဏ်းကြီး သုံးဂိုဏ်း ပါဝင်ပတ်သက်နေမှတော့ ဤနေရာတွင် အစွမ်းထက် ကျင့်ကြံသူများ များပြားနေသည်မှာ အံ့ဩစရာ မရှိတော့ချေ။
လေထဲတွင် ကြိုးချည်ခံထားရသည့် မိစ္ဆာဝိညာဉ်ကြီး ၆ကောင်သည် တစ်ချက်တစ်ချက်တွင် မှော်သားရဲများ၊ ကောင်းကင်သားရဲများနှင့် လူသားများကို တိုက်ခိုက်ရန် မြေပြင်ထက်သို့ ထိုးဆင်း လာကြသည်။ ထိုသို့သော အချိန်များတွင် ကောင်းကင်သည် ရုတ်ခြည်းမှုန်မှိုင်း သွားတတ်သည်။ မိစ္ဆာဝိညာဉ် ၆ကောင်သည် အလွန်အစွမ်းထက်လှသဖြင့် ၎င်းတို့၏ အဆင့်ကိုပင် ခန့်မှန်းရန် ခက်ခဲသည်။ များပြားလှသော မှော်သားရဲများ၊ ကောင်းကင်သားရဲများနှင့် လူသားများသည် ယခုထက်ထိ ထိုမိစ္ဆာဝိညာဉ် ၆ကောင်အား ထိခိုက်အောင် မလုပ်နိုင်သေးပေ။
အချို့သော မှော်သားရဲများနှင့် လူသားကျင့်ကြံသူများသည် ကျောက်တုံး အစီအရင်ထဲသို့ အတင်းဝင်ရောက်ရန် ကြိုးပမ်းလိုက်ချိန်တိုင်း မိစ္ဆာဝိညာဉ်ကြီးများသည် ဧရာမ ပါးစပ်ကြီးများကို ဟကာ အငမ်းမရ လေရှူသွင်းပြီး လေမုန်တိုင်းကြီးများ ဖြစ်ပေါ်လာအောင် ပြုလုပ်လိုက်လေသည်။ ထို့ကြောင့် အားလုံးသော ထျန်းချီအဆင့် ၉ ကျင့်ကြံသူများနှင့် မှော်သားရဲများသည် မြေပြင်ပေါ်သို့ အစုလိုက်လဲပြိုကျသွားကြပြီး ဒဏ်ရာများကို ကုစားရန် ကျောက်တုံး အစီအရင်နှင့် ဝေးရာသို့ ပြန်လည် ဆုတ်ခွာသွားရတော့သည်။ ကံမကောင်းသော ထချို့ကမူ နေရာ၌ပင် တစ်ခါတည်း သေဆုံးသွားကြရသည်။
တိုက်ပွဲကား ဆက်လက်ဖြစ်ပွားနေသည်။ သို့သော် ဘယ်သူမှ ကျောက်တုံး အစီအရင်ထဲသို့ မဝင်နိုင်ကြသေး။
မှော်သားရဲများ၊ ကောင်းကင်သားရဲများနှင့် လူသားကျင့်ကြံသူများအနက် ကျင့်ကြံဆင့် အနိမ့်ဆုံး သူပင် ထျန်းချီအဆင့် ၉ ထိပ်ဆုံးဆင့် ဖြစ်သည်။ ဒါတောင် မိစ္ဆာဝိညာဉ် ၆ကောင်ကို မယှဉ်သာဘဲ ထပ်ကာထပ်ကာ အနောက်ဘက်သို့ လွင့်ပျံနေကြသည်။
‘ဒီအစီအရင်က တကယ်ပဲ ဘာများလဲ။ အကုန်လုံးက အစီအရင်ထဲကို ဝင်ရဖို့အရေးပဲ ကြိုးပမ်း နေကြတယ်’
ယဲ့ချန် တွေးမိသည်။
‘အစီအရင်ထဲမှာ ရှားပါးရတနာ တစ်ခုခု ရှိနေတာများလား..’
စူးစမ်းလိုစိတ်တို့က ယဲ့ချန်နှလုံးသားထဲတွင် ပို၍ ပြင်းပြလာရသည်။
‘အစီအရင်ထဲမှာ ဘာရှိနေလဲဆိုတာ တွေးနေမဲ့အစား သွားကြည့် လိုက်တာက ပိုကောင်းတယ်’
ထိုသို့အတွေးနှင့် ယဲ့ချန် ခပ်ရေးရေး ပြုံးကာ ပြောလိုက်သည်။
“အမွေးပွလေး.. ဒီကိုလာခဲ့”
အမွေးပွလေးသည် လျင်မြန်စွာဖြင့် ယဲ့ချန်၏ လက်မောင်းများကြားသို့ ခုန်ဆင်းလာသည်။
ယဲ့ချန် တောင်စောင်းနောက်တွင် ပုန်းနေရာမှ ထွက်လာခဲ့ကာ လူသားကျင့်ကြံသူများ အနီးသို့ တိတ်တဆိတ် တိုးကပ်သွားသည်။
လူသားကျင့်ကြံသူ ၅၀၀ကျော် ၆၀၀၏ အခြေအနေမှာ ဆိုးရွားလျက်ရှိပြီး နောက်ဆုံး အနေအထားသို့ ရောက်နေလေရာ တိုက်ခိုက်မှုများမှာ စည်းစနစ်မကျတော့ဘဲ ဖရိုဖရဲ ဖြစ်နေလေသည်။ တစ်ဖက်တွင်တော့ မှော်သားရဲများနှင့် ကောင်းကင် သားရဲများ၏ တိုက်ခိုက်မှုများမှာ သက်ရောက်မှု ပြင်းပြင်းနှင့် အစီအစဉ်တကျ ရှိနေသေးသည်။
အချို့သော လူသား ကျင့်ကြံသူများသည် ယဲ့ချန် ရောက်ရှိ လာသည်ကို သတိထားမိ သော်လည်း သေရေးရှင်ရေး အခြေအနေ၌ ယဲ့ချန်အား အဖက်မလုပ်အားပေ။
ကောင်းကင်ထက်မှ မိစ္ဆာဝိညာဉ်ကြီး ၆ကောင်သည် လူသားကျင့်ကြံသူများ ဘက်သို့ ဦးတည်ကာ ဒေါသတကြီး တိုက်ခိုက် နေသောကြောင့် ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် အနောက်ဘက်သို့ လွင့်ပျံ ထွက်သွားကြသည်။
“တိုက်”
လူ ၃၀ကျော်ပါဝင်သော လူသားကျင့်ကြံသူ တစ်စု ရှေ့သို့ တက်သွားကြပြန်သည်။
“ဒီကောင်လေးက ဘယ်က ရောက်လာတာလဲ။ ဒီလိုနေရာမျိုးကို လာရဲလောက်အောင် သတ္တိကောင်းတယ်လား။ မြန်မြန်ထွက်သွားစမ်းပါ”
အရပ်ရှည်ရှည်၊ ဗလတောင့်တောင့်နှင့် လူကြီးတစ်ယောက်သည် ပြောပြောဆိုဆိုနှင့် ယဲ့ချန်အား ဘေးသို့ တွန်းထုတ်လိုက်သည်။ ထိုလူကြီးသည် သန်မာပုံပေါ်ပြီး မျက်နှာထက်တွင် ကြောက်မက်ဖွယ် အမာရွတ်များ ရှိနေကာ ဧရာမ သံတင်းပုတ်ကြီး တစ်ခုကို ကိုင်ဆောင်ထားသည်။
ယဲ့ချန် မျက်မှောင်ကြုတ်မိ သွားကာ ထျန်းချီ အကာအကွယ် ဖန်တီးလိုက်သည်။ ထိုလူကြီးကား ထျန်းချီအဆင့် ၉ ထိပ်ဆုံးဆင့်မျှသာ ဖြစ်ရာ သူက လုံးဝမကြောက်ပေ။
ယဲ့ချန်အား တွန်းထုတ်လိုက်သော လူကြီး၏ လက်မောင်းသည် ယဲ့ချန်ခန္ဓာကိုယ်နှင့် တိုက်မိပြီးနောက် ထုံကျင်သွားပြီး အနောက်ဘက်သို့ ခြေလှမ်းအနည်းငယ်ပင် ဆုတ်လိုက်ရသည်။ လူကြီး၏ မျက်လုံးများသည် ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားရသည်။ သံကိုယ်ထည်တစ်ခုနှင့် ရိုက်မိသည့်နှယ် သူ့လက်တစ်ခုလုံး ထုံကျင်သွားသည်က အိပ်မက် မဟုတ်ပေ။ ကြောက်ရွံ့မှု တစ်စွန်းတစ်စက လူကြီး၏ မျက်လုံးများထဲ ဖြတ်ပြေးသွားသည်။ အသက် ၁၇၊ ၁၈အရွယ် ကောင်လေးတစ်ယောက်က ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူ တစ်ယောက်၏ အစွမ်းအစကို ပိုင်ဆိုင်ထားသည်မှာ မယုံကြည်နိုင်ဖွယ် ကောင်းလှသည်။
ယဲ့ချန်သည် ထိုလူကြီးအား လျစ်လျူရှုထားကာ ဖြည်းညင်းစွာဖြင့် ကျောက်တုံး အစီအရင်နားသို့ တိုးကပ် သွားလိုက်သည်။ တစ်ချိန်တွင်တည်းပဲ ဝိညာဉ် အသိအမြင်အား အစီအရင်၏ အလယ်ဗဟိုနားသို့ ပို့လွှတ်ကာ ဖြန့်ကြက်ထားသည်။ ကျောက်တုံး အစီအရင်သည် ကျောက်တုံးပေါင်း ရာကျော်နှင့် ဖွဲ့စည်းထားရာ ယဲ့ချန်ကလည်း အစီအရင်၏ အဖျားအနားပိုင်း များကိုပါ စစ်ဆေးရန် ကြံရွယ်ထားသည်။ သို့သော်လည်း ဝိညာဉ် အသိအမြင်က အစီအရင်၏ ဗဟိုချက်သို့ ဖြန့်ကြက်လိုက်မိချိန်တွင် အစီအရင်တစ်ခုလုံးသည် ရွှေရောင်အလင်းတို့ဖြင့် ပိတ်ဖုံး သွားတော့သည်။
ရွှေရောင်အလင်းသည် တောက်ပစွာ ကွန့်မြူးနေလေသည်။ ဖြစ်နိုင်သည်မှာ အစီအရင်၏ အလယ် ဗဟိုချက်တွင် ရတနာတစ်မျိုးမျိုး ရှိနေခြင်းပေလော။
အစီအရင်၏ အလယ်ဗဟိုချက်ရှိ ထျန်းချီ သိပ်သည်းမှုသည် အခြားနေရာများထက် ပိုပြင်းထန်နေသည်။
“တုလန် ... ဘာဖြစ်လို့လဲ”
အစောပိုင်းက ယဲ့ချန်အား တွန်းထုတ်ရန် ကြိုးစားခဲ့သော လူကြီး မိုင်တွေနေသည်ကို မြင်သွားသည့် ပိန်ပိန်ပါးပါး သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က ပခုံးအားပုတ်ကာ မေးလာသည်။
“အာ... ဘာမှမဟုတ်ပါဘူး”
ဖြေသာဖြေလိုက်ရသည်။ တုလန်ဆိုသူသည် ယဲ့ချန်နှင့် ရင်ဆိုင်ရစဉ်က သူ ခံစားခဲ့ရသော အကြောက်တရားကို အမှတ်ရနေဆဲပါပင်။ အသက်ငယ်ငယ် ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူ တစ်ယောက်ကို တွေ့လိုက်ရလျှင် ဘယ်သူကရော မထိတ်လန့်ဘဲ နေနိုင်ပါမည်နည်း။
အတန်ကြာသည့်နောက် တုလန်နှင့် ရဲဘော်ရဲဘက်များသည်လည်း ကျောက်တုံး အစီအရင်ဆီသို့ ချီတက်လာကြသည်။
ယဲ့ချန်သည် အစီအရင်ထဲသို့ ရအောင်ဝင်ရန် ဆုံးဖြတ်ထားပြီး ဖြစ်၍ အလယ် ဗဟိုချက်နေရာသို့ ထပ်မံ စစ်ဆေးကြည့်လိုက်သည်။ ထို့နောက်တွင် အစီအရင်ဆီသို့ တဖြည်းဖြည်း တိုးကပ် သွားတော့သည်။
ထိုနားတစ်ဝိုက်ရှိ လူသားကျင့်ကြံသူများသည် အစီအရင်ရှိရာသို့ ဖြည်းဖြည်းချင်း ချဉ်းကပ် နေကြစဉ်တွင်ပဲ ယဲ့ချန်သည် ရုတ်တရက် အရှိန်တင်လိုက်ကာ အစီအရင်၏ အစွန်းနားသို့ တဟုန်ထိုး ပြေးသွားလေသည်။
မိစ္ဆာဝိညာဉ် တစ်ကောင်သည် ဧရာမဘောလုံးကြီးတလုံးကဲ့သို့ ကောင်းကင်ထက်မှ ထိုးဆင်း လာသည်။ ၎င်း၏ လက်သည်းများနှင့် အစွယ်များသည် သာမန်မျက်လုံးဖြင့် မြင်နိုင်လုနီးပါးပင် ဖြစ်လာကာ အနည်းငယ် ဝါးနေသော ကြောက်မက်ဖွယ်မျက်နှာကြီးကို ထင်ဟပ်ပြသလာသည်။
[Translator’s note — မိစ္ဆာဝိညာဉ်များသည် အမည်းရောင် အခိုးအငွေ့သဏ္ဌာန် ရှိနေကြပြီး ပုံပန်းသွင်ပြင်အားဖြင့် မသဲကွဲပေ။]
“နောက်တခေါက် ဆင်းလာပြီဟေ့”
ထျန်းချီအဆင့် ၉ ကျင့်ကြံသူများ အားလုံးနီးပါး ထွက်ပြေးသွားကြပြီး ထျန်းချီအဆင့် ၉ ထိပ်ဆုံးဆင့် ကျင့်ကြံသူ နှစ်ယောက်သာ မူလနေရာ၌ ရပ်လျက်သားအတိုင်း ကျန်ရစ်ခဲ့သည်။ ၎င်းတို့သည် ဒေါသတကြီး ဆဲဆိုရင်း မိစ္ဆာဝိညာဉ်ကြီးအား လက်သီးဖြင့် ထိုးချလိုက်ကြသည်။ မိုးခြိမ်းသံကဲ့သို့ အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာသည်။ သို့သော် မိစ္ဆာဝိညာဉ်သည် အနည်းငယ် အရှိန်နှေးသွားရုံသာ ဖြစ်ပြီး ထျန်းချီအဆင့် ၉ ထိပ်ဆုံးဆင့် နှစ်ဦးမှာမူ လေထဲသို့ ရုပ်ပျက်ဆင်းပျက် လွင့်ပျံထွက်သွားကြ၏။
မိစ္ဆာဝိညာဉ်ကြီးသည် ရုတ်တရက် အသက်ပြင်းပြင်း ရှုလိုက်လေသည်။ ထိုနားတဝိုက်တွင် ရှိနေသူများ အားလုံးသည် ခန္ဓာကိုယ်ထဲမှ ထျန်းချီများ အရှိန်အဟုန်ပြင်းပြင်းဖြင့် စုပ်ယူ ခံနေရသည့်နှယ် ခံစားလိုက်ကြရသည်။
ဘန်း.. ဘန်း.. ဘန်း
ထျန်းချီအဆင့်၉ ကျင့်ကြံသူများအားလုံး စုပေါင်းကာ ဝိုင်းဝန်း တိုက်ခိုက်ကြသော်လည်း မိစ္ဆာဝိညာဉ်ကြီးအား ထိခိုက်အောင် မလုပ်နိုင်ကြပေ။
တိုက်ခိုက်မှုတိုင်းသည် တန်ပြန် သက်ရောက်လာကြကာ လူသားကျင့်ကြံသူများ အားလုံး လွင့်ပျံ ထွက်သွားကြသည်။
ရုတ်တရက် ယဲ့ချန်သည် ရှေ့သို့တက်ကာ အစီအရင်ထဲသို့ ပြေးဝင်သွား၏။
မိစ္ဆာဝိညာဉ်ကြီးသည် လက်ဝါးဖြင့် ရိုက်ချလာသောကြောင့် အလွန့်အလွန် ကြီးမားလှသော စွမ်းအင်ကြီးသည် ယဲ့ချန်အား ဖိနှိပ်လာပြီး သူ့ခန္ဓာကိုယ် တစ်ခုလုံးသည် ပေါက်ကွဲ ထွက်တော့မည့်နှယ် တုန်ရီလာသည်။ မိစ္ဆာဝိညာဉ်ကြီး၏ စွမ်းအားသည် ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူများထက်ပင် အပြတ်အသတ် သာလွန်ပေသည်။
သို့သော်လည်း ယဲ့ချန်သည် မိစ္ဆာဝိညာဉ်ကြီး၏ တိုက်ခိုက်မှုအား ကြိုတင်မှန်းဆထားပြီး ဖြစ်ရာ ဝိညာဉ်စွမ်းအင် တစ်လှိုင်းအား မိစ္ဆာဝိညာဉ်ကြီး၏ ဦးခေါင်းထံသို့ ပစ်လွှတ်လိုက်သည်။
ဝိညာဉ်စွမ်းအင်သည် မိစ္ဆာဝိညာဉ်များနှင့် နတ်ဆိုးများအပေါ် အလွန်ပြင်းထန်သော သက်ရောက်မှု ရှိသည်။ ရလဒ်အနေနှင့် မိစ္ဆာဝိညာဉ်ကြီးသည် ထိတ်လန့်စွာ အော်ဟစ် လိုက်ပြီးနောက် ယဲ့ချန်အား မတားဆီးဝံ့တော့ဘဲ ဝေးရာသို့ ရှောင်ဖယ်သွားတော့၏။
အခြားသော လူသားကျင့်ကြံသူများအားလုံး ကျောက်တုံး အစီအရင်ထဲသို့ ဝင်နိုင်ရန် ကြိုးပမ်း နေကြချိန်တွင် ယဲ့ချန်သည် ဝိညာဉ်အသိအမြင်ကို သုံးကာ မိစ္ဆာဝိညာဉ်ကြီးအား အနိုင်ယူရန် လုံးဝစိတ်ကူး မရှိပေ။ သူက မိစ္ဆာဝိညာဉ်ကြီးကို အနည်းငယ် ခြောက်လှန့်ကာ ကျောက်တုံး အစီအရင်ထဲသို့ အမြန်ပြေးသွားရန် ကြံရွယ်ထားခြင်း ဖြစ်သည်။ မိစ္ဆာဝိညာဉ်ကြီးသည် သူ့အား ဖယ်ခွာကာ အခြားကျင့်ကြံသူများကို တိုက်ခိုက်နေချိန်တွင် ယဲ့ချန်သည် အလွန် လျင်မြန်စွာဖြင့် ကျောက်တုံး အစီအရင်ထဲသို့ ပြေးဝင်သွားတော့၏။
မကြာသေးခင်က ယဲ့ချန်၏ အစွမ်းအစကို တွေ့မြင်ခဲ့ပြီးနောက် တုလန်သည် ယဲ့ချန် လှုပ်ရှားသမျှအား မျက်စိထောက်ထောက်ကာ ကြည့်နေခဲ့သည်။ ထို့ကြောင့် ယဲ့ချန် ကျောက်တုံး အစီအရင်ထဲသို့ ဝင်သွားသည်ကို မြင်သောအခါ သူ ထိတ်လန့် အံ့ဩရမှုကြောင့် မှင်တက် သွားလေသည်။
“တုလန် ဘာဖြစ်ပြန်ပြီလဲ”
“ဟိုလူငယ်လေး.. အစီအရင်ထဲကို ဝင်.. ဝင်သွားပြီ”
တုလန်သည် ကျောက်တုံး အစီအရင်ဆီသို့ လက်ညှိုးညွှန်ပြရင်း အထစ်ထစ် အငေါ့ငေါ့ဖြင့် ဆိုလေသည်။ လူပေါင်းများစွာသည် ကျောက်တုံး အစီအရင်ထဲသို့ ဝင်ရောက်နိုင်ရန် ကြိုးစား နေကြသည့်တိုင် ဘယ်သူမှ မအောင်မြင်ကြ။ သို့ဆိုလျှင် ထိုလူငယ်လေးက ဘယ်လိုကြောင့် အလွန်လွယ်ကူစွာ ဝင်နိုင်သွားပါသနည်း။
တုလန်ဘေးနားရှိ ပိန်ပိန်ပါးပါး သက်လတ်ပိုင်း လူကြီးသည် တုလန်ညွှန်ပြရာသို့ လှမ်းကြည့်မိသည်တွင် ကျောက်တုံး အစီအရင်ထဲမှ ကျောက်တုံးတတုံးကိုသာ မြင်ရသည်။ တုလန်ပြောနေသည့် လူငယ်လေးကိုကား အရိပ်အယောင်မျှပင် မမြင်ရချေ။
“မင်းမျက်လုံးတွေက တစ်ခုခုတော့ ချို့ယွင်းနေပြီ။ ဘယ်သူမှ အစီအရင်ထဲကို မဝင်နိုင်သေးပါဘူးကွ။ ထျန်းချီအဆင့် ၁၀ ထိပ်ဆုံးဆင့် ကျင့်ကြံသူတွေတောင် ပြန်ဆုတ် နေရတဲ့ဟာ...”
“ကျုပ်မြင်လိုက်ရတာ သေချာတယ်။ အဲဒီလူငယ်လေး ကျောက်တုံး အစီအရင်ထဲကို ဝင်သွားပြီ”
တုလန်က ခိုင်မာစွာ ပြောသည်။ သေချာပေါက်ကို ထိုလူငယ်လေးကား အစီအရင်ထဲသို့ လွယ်လင့်တကူ ဝင်သွားခဲ့သည်။ တုလန်သည် ဘေးပတ်လည်သို့ ကြည့်မိလျှင် ထျန်းချီအဆင့် ၉၊ အဆင့် ၁၀ ကျင့်ကြံသူများသည် မနားမနေ ရှေ့သို့တိုးကာ တိုက်ခိုက် နေကြသော်လည်း မိစ္ဆာဝိညာဉ်ကြီး၏ တိုက်ခိုက်မှု တစ်ချက်နှင့်တင် နောက်သို့ လွင့်စဉ် ကုန်ကြသည်။ ထိုလူငယ်လေးသည် မည်သို့များ ဝင်သွားနိုင်ခဲ့သည် မသိပေ။ တုလန်သည် လူငယ်လေး၏ နည်းလမ်းကို အတုခိုး လိုပါသော်လည်း လူငယ်လေး မည်သို့မည်ပုံ လုပ်သွားသည်ကို ဦးနှောက် တစ်ခုလုံး ထူပူလာသည်အထိ စဉ်းစားသည့်တိုင် အဖြေမထွက်ပေ။ တုလန်၏ စဉ်းစား ဆင်ခြင်နိုင်စွမ်းက မည်မျှမြင့်မားပါစေဦး၊ ယဲ့ချန်သည် ဝိညာဉ်စွမ်းအင်ကို အသုံးပြုနိုင်စွမ်း ရှိနေလိမ့်မည်ဟု အနည်းငယ်မျှပင် သံသဃ ဝင်မိလိမ့်မည် မဟုတ်ပေ။
ယဲ့ချန်သည် အစီအရင်ထဲရှိ ကျောက်တုံးများကြားတွင် ရပ်ရင်း အပြင်ဘက်သို့ လှမ်းကြည့် လိုက်သည်တွင် အားလုံးသော ကျင့်ကြံသူများသည် တိုက်ခိုက်မှု လှိုင်းများအကြား ရှေ့သို့ ဆက်တိုး လာနေကြလေသည်။ သို့သော်လည်း မိစ္ဆာဝိညာဉ်ကြီးများနှင့် ရင်ဆိုင်လိုက်ရသည့် အချိန်တိုင်း လွင့်ပျံ ထွက်သွားကြသည်သာ။ ထို့ကြောင့် ယဲ့ချန်သည် အစီအရင်ထဲသို့ အောင်အောင်မြင်မြင် ဝင်နိုင်သည့် ပထမဆုံးသောသူ ဖြစ်ပေသည်။
ဝိညာဉ် အသိအမြင်နှင့် ဝိညာဉ်စွမ်းအင်ကို ပိုင်ဆိုင်ထားရသည့် အကျိုးကျေးဇူးကား အံ့ဩဖွယ် ကောင်းလှသည်။
ကောင်းကင် သားရဲများသည်လည်း စိတ်ဝိညာဉ်ကို လေ့ကျင့်နိုင်ကြသည့်တိုင် ယဲ့ချန်နှင့် မတူညီပေ။ ကောင်းကင်သားရဲများ၏ စိတ်ဝိညာဉ်သည် ပုံရိပ်ယောင် ထောက်ချောက်များ ဖန်တီးခြင်းတွင် အဓိကအသုံးဝင်ပြီး မှော်သားရဲများ၏ စိတ်ဝိညာဉ်ထက် သန်မာသည့်တိုင် ယဲ့ချန်နှင့် မယှဉ်နိုင်ပေ။ ယဲ့ချန်သည် ကြယ်တာရာ ဘုံကိုးလွှာကို လေ့ကျင့်ရာမှ ဝိညာဉ် အသိအမြင်အား ရရှိလာခြင်းဖြစ်ရာ သူ၏ ဝိညာဉ် အသိအမြင်တွင် ကြယ်တာရာ စွမ်းအင်များ ရောယှက် ပါဝင်နေသည်။ ထို့ကြောင့် သဘာဝကျစွာပင် သူ၏ ဝိညာဉ်စွမ်းအင်ကား အလွန်အစွမ်းထက်ပြီး မိစ္ဆာဝိညာဉ်များကို လုံးလုံးလျားလျား ဖိနှိပ်နိုင်ခြင်း ဖြစ်သည်။
***