← Chapters

ရှေးဟောင်း ချီစုဆောင်းမှုအစီအရင်

Vol. 7 Ch. 98

ရှေးဟောင်း ချီစုဆောင်းမှုအစီအရင်

Vol. 7 Ch. 98

ကျောက်တုံး အစီအရင်အတွင်း ရှိနေမည့်အရာကို ယဲ့ချန် စိတ်ဝင်စားနေရသည့် အကြောင်းမှာ အပြင်ဘက်ရှိ ကျင့်ကြံသူများ အားလုံး၏ အရူးအမူးဖြစ်နေသော ပုံစံများကြောင့် ဖြစ်သည်။ ကျောက်တုံးများကြားရှိ လမ်းအတိုင်း ဆက်သွားရင်းဖြင့် ယဲ့ချန် လုံးဝမပေါ့ဆရဲပေ။

သတိကြီးကြီး ထားကာ အချိန်တချို့ကြာသည်အထိ လျှောက်လာပြီးနောက်မှ ယဲ့ချန် စိတ်ချ သွားရသည်။ ထူးထူးဆန်းဆန်း ဘာမှ ဖြစ်ပျက်မလာခဲ့ပေ။

"အမွေးပွလေး ဒီလို အစီအရင်မျိုးကို အရင်ကကြုံဖူးလား"

ယဲ့ချန် မေးကြည့်မိသည်။ အမွေးပွလေးသည် အလွန် ဗဟုသုတ ကြွယ်ဝပေသည်။ တချိန်ချိန်က ဤသို့သော အစီအရင်မျိုးကို ကြုံဖူးပါက အစီအရင်နှင့် ပတ်သက်ပြီး သေချာပေါက် နားလည်နေမှာ ဖြစ်သည်။ ထို့ကြောင့် ယဲ့ချန်က မေးကြည့်ဖို့လိုသည်။

အမွေးပွလေးသည် ခေါင်းယမ်းကာ တကျွိကျွိ အသံတို့နှင့် ပြန်လည်တုံ့ပြန်၏။

ယဲ့ချန်သည် အမွေးပွလေး ပြောလိုသည်ကို အနည်းငယ်တော့ နားလည်ပေသည်။ အမွေးပွလေး ပြောသည်မှာ ၎င်းသည် အရင်က ထိုသို့သောအစီအရင်မျိုး မကြုံဖူးသော်လည်း ဤအစီအရင်သည် လူသားများအား အန္တရာယ် မပေးနိုင်သည်မှာ သေချာသည်ဟု ဆိုသည်။

ယဲ့ချန်လည်း အစိုးရိမ် လွန်နေခြင်းကို ရပ်တန့်ကာ အစီအရင်၏ အလယ်ဗဟိုချက်သို့ ဆက်လက် လျှောက်သွား လိုက်သည်။ အလယ်ဗဟိုချက်သို့ နီးသွားလေလေ ပတ်ဝန်းကျင်ရှိ ထျန်းချီသိပ်သည်းမှုနှုန်းမှာ မြင့်တက်လာလေလေ ဖြစ်သည်။ အထူးသဖြင့် ယဲ့ချန်ခန္ဓာကိုယ်ထဲရှိ ထျန်းချီများသည် ထိုအပြောင်းအလဲကို သတိထားမိဟန်ရကာ အတွင်းဘက်၌ အလိုအလျောက် စတင် လှည့်ပတ်လာကြပြီး တဖြည်းဖြည်း အင်အားကြီးထွား လာကြသည်။ ဝိညာဉ် စွမ်းအင်များသည်ပင် သိသိသာသာ လှုပ်ရှားလာကြလေသည်။

ခန္ဓာကိုယ်ထဲရှိ ထျန်းချီ လှုပ်ရှားမှုကို သက်ရောက်လာပုံအရ ဤအစီအရင်သည် အမှန်ပင် ထူးခြားဆန်းကြယ်ပုံ ရသည်။

အမွေးပွလေးသည် တစ်စုံတစ်ရာကို အာရုံရသွားဟန်ဖြင့် စိတ်လှုပ်ရှားစွာ အော်လာလေသည်။ ထို့နောက် ယဲ့ချန်ရင်ခွင်ထဲမှ ခုန်ဆင်းကာ အစီအရင်၏ အလယ်ဗဟိုချက်သို့ ပြေးသွားတော့သည်။

ယဲ့ချန်လည်း အနောက်မှ မြန်မြန်လိုက်သွားရသည်။ တစ်ခဏကြာပြီးနောက် သူ အစီအရင်၏ အလယ်ဗဟိုချက်သို့ ရောက်ရှိသွားကာ အချင်းဝက် ၁၀မီတာကျော်ရှိသော လုံးဝန်းသည့် ရွှေရောင် သတ္တုပြားတချပ်ကို မြင်လိုက်ရ၏။ ရွှေရောင်သတ္တုပြားထက်တွင် များပြား လှစွာသော ထူးထူးဆန်းဆန်း ပုံစံကွက်များ ရေးထွင်းထားသည်။ ထိုပုံစံကွက်များထံမှ အထီးကျန်ဆန်ကာ ရှေးကျသော ခံစားချက်မျိုးရသည်။ ၎င်းတို့အကြားတွင် ရှုပ်ထွေးသော စုပ်ချက်တို့ဖြင့် ရေးသားထားသည့် ရှေးဟောင်းစာလုံးနှစ်လုံး ရှိနေသည်။ ကံကောင်း ထောက်မစွာဖြင့် ထိုစာလုံးနှစ်လုံးကို ယဲ့ချန် ဖတ်တတ်နေသည်။

"ချီစုဆောင်းခြင်း.."

ချီစုဆောင်းခြင်း အစီအရင်များလား..။

ဤနေရာတွင် ထျန်းချီများမှာ အလွန်ပေါများနေသည့် အပြင် သိပ်သည်းဆ,ကလည်း မြင့်သေးသည်။ ပီရှို့ထံမှ အသန့်စင်ဆုံး ထျန်းချီများနှင့်တော့ မယှဉ်နိုင်သည့်တိုင် အတော်လေး အစွမ်းထက်သည်ဟု ပြောရမည်။ လူ့ခန္ဓာကိုယ်ထဲရှိ ထျန်းချီများ၏ စီးဆင်းမှုကို ပိုမိုလျင်မြန်လာစေကာ ကျင့်ကြံနှုန်းအား တိုးတက်လာစေသည့်အပြင် ဝိညာဉ်စွမ်းအင်ကိုပါ သန်မာ လာစေသေးသည်။

ယဲ့ချန် ရွှေရောင် သတ္တုပြားဆီသို့ လျှောက်သွားလိုက်သည်။ ထိုအပေါ်သို့ ခြေတစ်လှမ်းချမိသည်နှင့် ယဲ့ချန်၏ စိတ်အစဉ်သည် ရုတ်ခြည်းဆိုသလို ပြောမပြတတ်အောင် တည်ငြိမ်သွားသည်။ ထိုရွှေရောင်သတ္တုပြား၌ ဖရိုဖရဲဖြစ်နေသော စိတ်ကို တည်ငြိမ်စေသော အကျိုးသက်ရောက်မှု ရှိပုံရသည်။

ယဲ့ချန် အမွေးပွလေးအား ကြည့်လိုက်သော် အစီအရင်၏ အလယ်ဗဟိုချက်တွင် မျက်လုံးလေးများ မှိတ်ကာ တရားထိုင်သည့် စိတ်အခြေအနေသို့ ကျရောက်နေကြောင်း တွေ့ရသည်။

ဤနေရာကား အမှန်ပင် ကျင့်ကြံရန် နေရာကောင်းတစ်ခု ဖြစ်သည်။ အစီအရင်သည် သူ့ကိုရော ထျန်းချီအဆင့် ၁၀သို့ ရောက်ရှိရန် ကူညီနိုင်လေမလားဆိုတာ ယဲ့ချန် သိချင်မိသည်။ အစီအရင်၏ အလယ်ဗဟိုချက်သို့ လျှောက်သွားကာ သူ ထိုင်ချလိုက်သည်။ ထို့နောက်တွင် တန့်ထျန်အတွင်းရှိ ကြယ်တာရာဘုံ ကိုးလွှာ၏ စွမ်းအင်ကိုးမျိုး စတင်လှည့်ပတ် လာသည်နှင့်အတူ ထျန်းချီများသည် သူ့ခန္ဓာကိုယ်အနီးတွင် တလိပ်လိပ်တက်လာတော့သည်။ ယဲ့ချန်သည် လောကကြီးနှင့် ဝေးကွာသောနေရာသို့ သီးသန့်ထီးထီး ရောက်ရှိသွားသည့်အလား ခံစားလိုက်ရပြီး အစီအရင် အပြင်ဘက်တွင် ဖြစ်ပျက်နေသမျှ ကိစ္စအလုံးစုံသည် သူနှင့် လုံးဝ မသက်ဆိုင် တော့သည့်နှယ် ရှိသည်။

အချိန်များကုန်ဆုံးသွားသည်နှင့်အတူ အစီအရင် အပြင်ဘက်တွင် လူသားကျင့်ကြံသူများနှင့် မှော်သားရဲများ ပို၍ပို၍ စုံပြုံတိုးဝှေ့လာကြသည်။ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့သော်လည်း ဘာမှ ထူးမလာသောအခါ သူတို့ထဲမှ တချို့သည် လက်လျှော့ရန် ဆုံးဖြတ်လိုက်ကြကာ အစီအရင်နှင့် ဝေးရာသို့ သွားပြီး ဒဏ်ရာများကို ကုစားနေတော့သည်။

တုလန်သည် အစီအရင်အား အကြည့်မလွှဲဘဲ တချိန်လုံး စောင့်ကြည့်နေပါသော်လည်း ယဲ့ချန် ထွက်လာသည်ကို မမြင်ရပေ။ သူသည် အစီအရင်ထဲသို့ ဝင်ရောက်နိုင်ရန် အထပ်ထပ်အခါခါ ကြိုးစား ကြည့်ခဲ့သော်ငြား အကြိမ်တိုင်းတွင် ကျရှူံးခဲ့ရသည်ချည်းသာ။ ထို့ကြောင့် နောက်ဆုံးတွင် အင်တင်တင်ဖြင့် လက်လျှော့လိုက်ရသည်။

တိုက်ပွဲသည်ကား ဆက်လက် ဖြစ်ပွားနေပြီး အချိန်တို့သာ ကုန်ဆုံးသွားသည်၊ ရပ်တန့်မည့်ဟန် မရပေ။ အနှီမိစ္ဆာဝိညာဉ်ကြီး ၆ကောင်သည် ယခုထိတိုင် အနည်းငယ်မျှ မောပန်း ကြဟန်မရဘဲ အစီအရင်အား ဝိရိယရှိရှိဖြင့် ဆက်လက်ကာကွယ်နေကြသည်။

ခန့်မှန်းခြေ ၅နာရီခန့် ကြာပြီးသောအခါ လူသားကျင့်ကြံသူများထဲမှ တစ်ယောက်သည် မယုံကြည်နိုင်သောဟန် ပြူးကျယ်နေသည့် မျက်လုံးများဖြင့် ထအော်လေသည်။

“အစီအရင်ကြီး ရွေ့နေတယ်”

ကျင့်ကြံသူများသည် တစ်ပြိုင်နက်တည်း မော့ကြည့်မိကြသော် အစီအရင်ထဲရှိ ကျောက်တုံး များသည် ဖြည်းညင်းစွာ၊ ဆန်းကြယ်စွာဖြင့် ရွေ့လျားနေကြပြီး ၎င်းတို့၏ နေရာများမှာ စနစ်တကျ ပြောင်းလဲနေသည်။ ကျောက်တုံးများသည် မရပ်တန့်ဘဲ ဆက်လက် ရွေ့လျားနေ​သောကြောင့် မြေပြင်သည် အဆက်မပြတ် လှုပ်ယမ်းလာကာ ကျယ်လောင်သော အသံကြီးဖြင့် တုန်ခါလာ လေသည်။

အစီအရင်သည် နေ့တိုင်းတွင် တစ်ကြိမ် အသက်ဝင်လာလေ့ရှိပြီး ထိုသည်က လူသားကျင့်ကြံ သူများနှင့် သားရဲများ ဤနေရာမှ ထွက်ခွါမသွားလိုရသည့် အကြောင်းအရင်းလည်း ဖြစ်သည်။

အစီအရင် အသက်ဝင်လာသည့် အချိန်တိုင်း ဘေးပတ်ပတ်လည်တွင် ထျန်းချီများ ရုတ်တရက် သိပ်သည်း ပေါများလာကာ ကျောက်စိမ်းမျှော်စင်၊ ပထမအလွှာတွင် ရှိရှိသမျှသော ထျန်းချီများသည် အစီအရင်၏ အနီးတဝိုက်သို့ စုပြုံရောက်ရှိလာကြပြီး ဧရာမထျန်းချီ ဘောလုံးကြီး ဖြစ်ပေါ်လာတော့သည်။

ထိုအချိန်ရောက်လျှင် အားလုံးသော သားရဲများနှင့် လူသားကျင့်ကြံသူများသည် အစီအရင်နှင့် အနီးဆုံး နေရာတစ်ခုကို ရှာကာ ကျင့်ကြံနိုင်လေသည်။ များစွာသော ထျန်းချီအဆင့် ၉နှင့် ၁၀ကျင့်ကြံသူများသည် စတင်၍ ရန်လိုလာကြပြီး အစီအရင်နှင့်အနီးဆုံးတွင် နေရာဦးနိုင်ရေး အတွက် အချင်းချင်း ပြန်လည်သတ်ဖြတ်ဖို့ပင် အသင့်ဖြစ်နေကြ၏။

တုလန်သည် ထျန်းချီအဆင့် ၉ ထိပ်ဆုံးဆင့် ကျင့်ကြံသူမျှသာဖြစ်ရာ အစီအရင်နှင့် အနီးဆုံး နေရာများတွင် လေ့ကျင့်နိုင်ရန် မျှော်လင့်ချက်မရှိပေ။ ထို့ကြောင့် သူက ခပ်လှမ်းလှမ်း တစ်နေရာ၌ ထိုင်ကာ စတင်ကျင့်ကြံတော့၏။ သူသည် အစီအရင်နှင့် အတော်လှမ်းလှမ်းတွင် ရှိနေသည့်တိုင် လေထဲတွင် ထျန်းချီများ အလွန်ပေါများနေဆဲဖြစ်ကာ သာမန်ကျင့်ကြံနှုန်းထက် ၁၀ဆ၊ အဆ ၂၀ခန့် ပိုမြန်စွာ ကျင့်ကြံနိုင်ဖို့ မခက်ခဲပေ။

အမှတ်တမဲ့ဖြင့် တုလန်သည် အစီအရင်အား လှမ်းကြည့်မိလျှင် ထိုအတွင်းဘက်၌ ထျန်းချီများ မည်မျှပေါများနေမည်ကို စိတ်ကူးကြည့်မိသည်။ အစီအရင်အတွင်းသို့ ဝင်သွားခဲ့သော လူငယ်လေးသည် ယခုလောက်ဆိုလျှင် ကျင့်ကြံရာ၌ တော်တော်လေး ခရီးပေါက် နေလောက်လေပြီ။ ထိုသို့အတွေးနှင့် တုလန်သည် မနာလို အားကျစိတ်ကြောင့် မွန်းကျပ်လာသလိုပင် ခံစားရသည်။ အစီအရင်အတွင်းဘက်၌သာ လေ့ကျင့်နိုင်မည်ဆိုပါက သူ့တွင်ရှိသော ဇနီးချောချောလေးနှင့် ကိုယ်လုပ်တော်များကိုပင် လဲလှယ်ပေးနိုင်သည်အထိ စိတ်အား ထက်သန်နေမိသည်။ သူသာ အစီအရင်အတွင်းဘက်တွင် လေ့ကျင့်နိုင်ပါက ထျန်းချီအဆင့် ၁၀သို့ ရောက်ရှိနိုင်မည်မှာ ကျိန်းသေပေသည်။

အစီအရင် အသက်ဝင်နေသည့် အချိန်တွင် ဘယ်သူမှ အစီအရင်ထဲသို့ မဝင်ရောက်နိုင်ပေ။ ထို့ကြောင့် တိုက်ပွဲမှာလည်း အလိုအလျောက် ရပ်တန့်သွားသည်။

ထိုအချိန်တွင် အစီအရင်၏ အလယ်ဗဟိုချက်တွင် ကျင့်ကြံနေခဲ့သော ယဲ့ချန် မျက်ခုံးများ တွန့်ချိုးသွားရသည်။ ရုတ်တရက်ကြီး အစီအရင်သည် မူလကထက် အဆ ၁၀၀ခန့် ပိုအစွမ်းထက် လာသည်ကို သူ ခံစားရသည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ်ထဲရှိ ထျန်းချီများ လှည့်ပတ်နေမှုမှာ ပိုမိုအရှိန်မြန်လာကာ ကျင့်ကြံနှုန်းသည်လည်း ၁၀ဆခန့် မြင့်တက်သွားခဲ့သည်။

ထိုမတိုင်မီကပင် ယဲ့ချန်၏ ကျင့်ကြံနှုန်းသည် မယုံနိုင်စရာ မြန်နေခဲ့ပြီးဖြစ်ရာ ယခုအခါ ပိုမိုမြန်ဆန်လာသော ကျင့်ကြံနှုန်းသည် အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်ဟု ဆိုရပေမည်။

ယဲ့ချန်သည် သူ့ခန္ဓာကိုယ်ထဲရှိ ထျန်းချီများ တဖြည်းဖြည်း မြင့်တက်လာနေပြီး လှိုင်းလုံးများကဲ့သို့ လှုတ်ခတ်နေကြသည်ကို ခံစားမိနေသည်။ ထို့နောက်တွင် တဖျောက်ဖျောက် ပေါက်ကွဲသံများနှင့်အတူ ထျန်းချီအဆင့် ၉ ထိပ်ဆုံးဆင့်သို့ ရောက်ရှိသွားတော့သည်။ နောက်ထပ် အဆင့်တဆင့်၏ အတားအဆီးကား လက်တကမ်းလေးတွင် ရှိနေသည်။ ထိုအတားအဆီးကို ချိုးဖျက်နိုင်သည်နှင့် သူ ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူ တစ်ယောက် ဖြစ်လာနိုင်လေပြီ။

သူသည် ထျန်းချီအဆင့် ၉ အလယ်အလတ်ဆင့်တွင် ရှိကတည်းက ထျန်းချီအဆင့် ၁၀ စဦးဆင့်ကို လက်ရည်တူ တိုက်ခိုက်နိုင်ခဲ့သည်။ ယခု ထျန်းချီအဆင့် ၉ ထိပ်ဆုံးဆင့်သို့ တက်လှမ်း ပြီးသောအခါ ထျန်းချီအဆင့် ၁၀ အလယ်အလတ်ဆင့် ဖြစ်သော လျိုခန်းနှင့် ယှဉ်ပြိုင်နိုင်နေချေပြီ။ အကယ်၍ သူသာ ထျန်းချီအဆင့် ၁၀သို့ တက်လှမ်းနိုင်ပါက ချိုးယင်းအား ရှောင်ပြေးစရာ မလိုဘဲ ထိပ်တိုက်ရင်ဆိုင်နိုင်တော့မှာ ဖြစ်သည်။

‘တုန်းလင်ပြည်နယ်ရဲ့ ကြီးမြတ်လှပါတဲ့ ဒုတိယမင်းသား လျိုရွှင်း၊ လျိုခန်း.. ပြီးတော့ ဝန်ကြီးချုပ်ချိုးယင်း ဒီအစီအရင်ကနေ ပြန်ထွက်လာတာနဲ့ ကျွန်တော်တို့ နောက်တစ်ကြိမ် ပြန်တွေ့ကြသေးတာပေါ့’

ထျန်းချီများသည် လျင်မြန်လှသော အဟုန်နှင့် ယဲ့ချန်ခန္ဓာကိုယ်ထဲသို့ စီးဝင်နေကြပြီး သူ၏ တန့်ထျန်သည် ဝဲကတော့ တစ်ခုအလား အားလုံးသောထျန်းချီများကို အငမ်းမရ စုပ်ယူနေလေသည်။

ခပ်သဲ့သဲ့ အသံတစ်သံနှင့်အတူ ယဲ့ချန်၏ စိတ်အစဉ်သည် အလွန့်အလွန် ကြည်လင် သန့်စင်သွားကာ ဝိညာဉ်စစ်သည်တော်သည် ရုတ်တရက် သူ့ခန္ဓာကိုယ်မှခွါကာ လေထဲသို့ လွင့်မျော သွားသည်။ မည်သို့သော ဆူပူလှုပ်ရှားမှုမျိုးကိုမှ မဖြစ်စေလို၍ ဝိညာဉ်စစ်သည်တော်အား ပြန်သိမ်းတော့မည် ဆဲဆဲတွင် များပြားလှသော စိတ်ဝိညာဉ်များသည် ကောင်းကင်ထက်တွင် အုပ်စုလိုက် ဝဲပျံနေကြသည်ကို ယဲ့ချန် တွေ့လိုက်ရသည်။

ထိုစိတ်ဝိညာဉ် များသည် ကျောက်စိမ်းမျှော်စင်ထဲတွင် သေဆုံးခဲ့ကြသည့် မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ အကြွင်းအကျန် ဝိညာဉ်များ ဖြစ်သည်။ ၎င်းတို့သည် သေဆုံး သွားပြီးနောက် အကြွင်းအကျန်ဝိညာဉ်ဘဝသို့ ရောက်သွားချိန်တွင် ပင်ကိုအသိစိတ်တို့ ဆုံးရှုံးသွားကြကာ ထျန်းချီများကဲ့သို့ တစ်ပါးသူ၏ ကျင့်ကြံခြင်းတွင် အထောက်အကူ အသုံးပြုခံ စွမ်းအင်များ ဖြစ်လာကြသည်။

ယဲ့ချန်၏ ဝိညာဉ်စစ်သည်တော်သည် ထိုစိတ်ဝိညာဉ်များအား အဆက်မပြတ် ဝါးမျိုကာ ကိုယ်ပိုင်စွမ်းအင် အဖြစ် ပြောင်းလဲပစ်၏။ စိတ်ဝိညာဉ်တို့၏ ပိုင်ရှင်များသည် တချိန်က ထူးချွန်သော ကျင့်ကြံသူများ ဖြစ်ခဲ့ကြသည့်တိုင် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီမို့ ၎င်းတို့၏ စွမ်းအားများမှာ လွင့်ပါးပျောက်ကွယ် ကုန်ကြသည်။ စိတ်ဝိညာဉ် တစ်ခုစီထံမှ ယဲ့ချန်ရလိုက်သည့် စွမ်းအင်မှာ သိပ်မများလှပေ။ စိတ်ဝိညာဉ် အရေအတွက်က အလွန်များနေ၍သာ အရည်အသွေးကို အရေအတွက်ဖြင့် ထိန်းညှိနိုင်သွားသည်။ ကျောက်စိမ်း မျှော်စင်ထဲတွင် သေဆုံးခဲ့သည့် ကျင့်ကြံသူများ အလွန်များလှရာ စိတ်ဝိညာဉ် အရေအတွက်ကလည်း သေချာပေါက် များနေမည်သာ ဖြစ်သည်။

ဝိညာဉ်စစ်သည်တော် ပိုမိုသန်မာလာသည်နှင့် အမျှ ယဲ့ချန်၏ ဝိညာဉ် အသိအမြင်ကို ဖြန့်ကြက်နိုင်စွမ်းမှာလည်း အချင်းဝက်တစ်မိုင်ခွဲအထိ မြင့်မားလာသည်။ ထိုမျှသော စွမ်းအားက နတ်သူငယ်အဆင့် အရှင်သခင်များနှင့် မယှဉ်သာသေးသော်ငြား လူသားများထဲတွင်တော့ ယဲ့ချန်တစ်ယောက်သာ လေ့ကျင့်နိုင်သော စွမ်းရည်ဖြစ်၍ အဖိုးတန်လှပေသည်။

အစီအရင်ထဲရှိ ကျောက်တုံးများသည် ဆက်လက် လှုပ်ရှားနေကြပြီး နောက်ထပ် ၅မိနစ်ခန့် ကြာသောအခါ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားတော့သည်။

အစီအရင်၏ အလိုအလျောက် အသက်ဝင်ခြင်း ရပ်တန့်သွားသည့်အခါ သားရဲများနှင့် လူသားကျင့်ကြံ သူများသည် အစီအရင်ထဲသို့ ထိုးဖောက် ဝင်ရောက်ရန် ပို၍ စိတ်အား ထက်သန်လာကြကာ အနည်းငယ်မျှပင် မစောင့်ဆိုင်းနိုင်ကြတော့ပေ။ သူတို့အားလုံးသည် အစီအရင် နောက်တကြိမ် အလိုအလျောက် အသက်မဝင်မီ အစီအရင်၏ အလယ်ဗဟိုချက်သို့ ရောက်ရှိ လိုနေကြသည်။

ဤသို့ဖြင့် သားရဲများနှင့် လူသား ကျင့်ကြံသူများသည် အားမာန်အပြည့်ဖြင့် အော်ဟစ်လိုက်ကြကာ မိစ္ဆာဝိညာဉ်ကြီးများနှင့် တစ်ဖန် တိုက်ခိုက်ကြပြန်သည်။ သို့သော်ငြား အစီအရင်၏ အလိုအလျောက် အသက်ဝင်မှုကြောင့် အကျိုးကျေးဇူး ခံစားရသည်က သားရဲများနှင့် လူသား ကျင့်ကြံသူများတင် မကပေ။ မိစ္ဆာဝိညာဉ်ကြီးများသည်လည်း ယခင်ကထက် ပိုမို အင်အားပြည့်လာဟန်နှင့် အစီအရင်အား အခိုင်အမာကို ကာကွယ်နေကြရာ အတင်းတိုးဝင်ရန် ကြိုးစားသော သားရဲများ၊ ကျင့်ကြံသူများသည် ဒဏ်ရာ ပြင်းထန်စွာရကာ နောက်ဘက်သို့ လွင့်စဉ် ထွက်ရခြင်းနှင့်သာ အဆုံးသတ်ကြရသည်။

အစီအရင် အပြင်ဘက်ရှိ သားရဲများနှင့် ကျင့်ကြံသူများ လုံးဝ မတွေးမိသည်မှာ သူတို့အားလုံး အစီအရင်ထဲသို့ ဝင်နိုင်ရန် အပြင်းအထန် ကြိုးပမ်းနေရချိန်၌ လူငယ်လေး တစ်ယောက်သည် အစီအရင်၏ အလယ်ဗဟိုချက်တွင် အေးအေးဆေးဆေး ထိုင်ကာ ကျင့်ကြံနေခဲ့သည် ဆိုတာကိုပင်။

ယဲ့ချန်သည် ကျင့်ကြံခြင်းတွင် ဈာန်ဝင်စားနေပြီး အချိန်မည်မျှ ကုန်ဆုံးသွားသည်အား သတိမပြုမိပေ။ သူ့အတွက် ၅နာရီ၊ ၆နာရီခန့်သော အချိန်သည် တဒင်္ဂမျှသာ ကြာမြင့်ခဲ့သယောင် ရှိသည်။

***

All Chapters