← Chapters

သိုင်းပညာရပ်များ လေ့ကျင့်ရန် နေရာကောင်းတစ်ခု

Vol. 8 Ch. 99

သိုင်းပညာရပ်များ လေ့ကျင့်ရန် နေရာကောင်းတစ်ခု

Vol. 8 Ch. 99

ကျောက်စိမ်းမျှော်စင်၏ တစ်နေရာတွင်.. ချိုးယင်း၊ လျိုခန်းနှင့် လျိုရွှင်းတို့သည် ကျောက်တုံး အစုံအပုံများကြားတွင် ဖြတ်သန်းသွားလာနိုင်ရန် လမ်းဖောက်လျက်ရှိသည်။ ခရီးတစ်လျှောက်တွင် သူတို့ ကြုံတွေ့ခဲ့ရသော ကံဆိုးမှုတို့မှာ စကားလုံးနှင့်ပင် ဖော်ပြ၍ မရနိုင်ပေ။ မြစ်ကမ်းစပ်မှ ထွက်ခွာလာခဲ့ပြီးနောက် သူတို့သည် ကျောက်စိမ်းမျှော်စင်၏ ပထမလွှာအနှံ့ ဟိုဟိုသည်သည် သွားလာခဲ့ကြသော်လည်း တန်ဖိုးကြီးရတနာ တစ်ခုတလေမျှအား ခလုတ်ပင် မတိုက်မိခဲ့ပေ။ ထို့အစား သတ္တု အပိုင်းအစများကိုသာ တွေ့ခဲ့ရသည်။ ၎င်းသတ္တု အပိုင်းအစများသည်လည်း ပျက်စီးယိုယွင်း နေကြပြီး အရည်ကျိုကာ ပြန်သွန်းလောင်းမှသာ သုံးရမည့်ဟန် ရှိသည်။ ထိုသတ္တု အပိုင်းအစများအပြင် လောလောလတ်လတ် သေဆုံးထားသော ကျင့်ကြံသူ အလောင်းနှစ်ခုထံမှ ကောင်းကင်ပထဝီအိတ် နှစ်အိတ် ရခဲ့သေးသော်လည်း အထဲတွင် ချီစုဆောင်းဆေးလုံးများနှင့် ချီအဆီအနှစ်ဆေးလုံး အနည်းငယ်သာ ရှိနေသည်။ ထိုဆေးလုံးများက ချိုးယင်းတို့ အတွက် ဘာမှတန်ဖိုးမရှိပေ။

လမ်းတစ်လျှောက်တွင် ဆုံးရှုံး ခဲ့ရသည်များနှင့် နှိုင်းစာသော် အနည်းငယ်သော ဆေးလုံးတို့သာ ရရှိခြင်းက မပြောပလောက်တော့။ သူတို့တွင် မြေပုံလည်း မရှိသည့်အတွက် မိစ္ဆာဝိညာဉ်များနှင့် နတ်ဆိုးများ၏ အုပ်စုဖွဲ့တိုက်ခိုက်မှုကို မကြာခဏခံရပြီး ယခုဆိုလျှင် ခေါ်လာခဲ့သော အစောင့်အရှောက်များအားလုံး သေဆုံးကုန်ကြပြီဖြစ်သည်။ ချိုးယင်း၊ လျိုခန်းနှင့် လျိုရွှင်းတို့သာ ကျန်ရစ်ခဲ့ပြီး ဤနေရာမှ လွတ်မြောက်နိုင်ရန် ကြိုးစားရုန်းကန် နေရ၏။ သူတို့ သုံးယောက်လုံး၏ အဝတ်အစားများမှာ စုတ်ပြတ်ပျက်စီးနေရာ သူတောင်းစားများနှင့်ပင် တူနေတော့သည်။

သူတို့ ခန္ဓာကိုယ်ပေါ်ရှိ သွေးစသွေးနများသည် မိစ္ဆာဝိညာဉ်များနှင့် နတ်ဆိုးများကို ဆွဲဆောင် နေသကဲ့သို့ ရှိပြီး မိစ္ဆာဝိညာဉ်များနှင့် နတ်ဆိုးများသည် အသားနံ့ရသွားသော ခွေးရူးများနှယ် သူတို့သုံးယောက်နောက်မှ ထပ်ချပ်မကွာ လိုက်နေကြသည်။ ထိုသည်က လျိုရွှင်းနှင့်ကျန်လူများကို စိတ်ဓာတ်ကျစေပြီး လမ်းတစ်လျှောက်တွင် အနည်းငယ်မျှ မနားရဲဘဲ ဆက်တိုက် ပြေးလာခဲ့ရသည်။ ကံကောင်းစွာဖြင့် သူတို့သုံးယောက်လုံးသည် ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူများ ဖြစ်ကြပြီး စိတ်ဓာတ် ခိုင်မာကြသည်။ ဤနေရာ၌ မိစ္ဆာဝိညာဉ်များနှင့် နတ်ဆိုးများ၏ အစာအဖြစ် သေဆုံး မသွားလိုကြပေ။

ကနဦးကတော့ လျိုရွှင်းတို့သည် ကျောက်စိမ်းမျှော်စင်၏ ပထမလွှာတွင် ၂နာရီ၊ သုံးနာရီခန့် လျှောက်ရှာကြည့်ပြီးလျှင် ရှေးဟောင်း ချီစုဆောင်းမှု အစီအရင်ကို ရှာတွေ့နိုင်လိမ့်မည်ဟု ယူဆ ထားခဲ့ကြသည်။ သို့သော်လည်း အနှောင့်အယှက်ပေါင်းများစွာကို ကြုံတွေ့ခဲ့ရပြီးသည့်နောက် လက်လျှော့ရန်စိတ်ကူးကို တွေးမိလာကြသည်။ အမှန်တွင် ချိုးယင်း၊ လျိုခန်းနှင့် လျိုရွှင်းတို့သည် သက်တောင့်သက်သာနှင့် ဇိမ်ကျသောဘဝမျိုးတွင်သာ အမြဲနေထိုင် လာခဲ့ကြသည်။ သူတို့၏ မြင့်မားသောအဆင့်အတန်းကြောင့် အန္တရာယ်များသော နေရာများသို့ ဒုက္ခခံကာ တစ်ခါမျှ မသွားဖူးပေ။ ထို့ကြောင့် သုံးယောက်သားသည် နောက်သို့ ပြန်လှည့်လာခဲ့ကြသည်။

ချိုးယင်းသည် ကျောက်စိမ်းမျှော်စင်ထဲသို့ အဓိက ဂိုဏ်းကြီးသုံးဂိုဏ်း သို့မဟုတ် အင်အားကြီး အဖွဲ့တစ်ခုခုနှင့် အတူ ဝင်မလာခဲ့မိသည့်အတွက် ယခုမှ နောင်တရနေတော့သည်။

အပြင်ဘက်တွင် ရှိစဉ်က ချိုးယင်း၊ လျိုခန်းနှင့် လျိုရွှင်းတို့သည် အဓိကဂိုဏ်းကြီး သုံးဂိုဏ်းနှင့်အတူ ဝင်လာပါက သူတို့ရရှိမည့် ရတနာ အရေအတွက် မည်မျှနည်းသွားမည်ကို တွက်ချက်ရန်သာ စိတ်ဝင်စားခဲ့သည်။ ထို့ကြောင့် သူတို့ သုံးယောက်သားသည် တသီးတသန့် သွားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။ သို့သော် အထဲသို့ရောက်ကာမှ သူတို့နားလည် လိုက်ရသည်မှာ နေရာတိုင်းတွင် ပုန်းကွယ်နေသော အန္တရာယ်များနှင့် ပြည့်နှက်နေပြီး ကြားဖူးခဲ့သော ကောလာဟလများ အတိုင်း ရတနာများနှင့် ပြည့်နှက်နေခြင်း လုံးဝမဟုတ်ပေ။ ကျောက်စိမ်း မျှော်စင်ထဲသို့ စဝင်လာပါပြီ ဆိုကတည်းက ကြုံတွေ့ခဲ့ရသော ဒုက္ခတို့အကြောင်း ပြန်တွေးမိလျှင် သူတို့၏ စိတ်တစ်ခုလုံးသည် နောင်တတို့ဖြင့် ပြည့်နှက်လို့ နေတော့သည်။

ကျောက်စိမ်းမျှော်စင်၏ တံခါးများ ဖွင့်သည့်အချိန်တိုင်း အဓိကဂိုဏ်းကြီး သုံးဂိုဏ်းမှ ကျင့်ကြံသူများသည် ပထမဆုံး အလွှာသုံးလွှာ၏ အသေးစိတ်မြေပုံနှင့် အတူ ဝင်လာကြသည်။ ထိုမြေပုံသည် အဓိကဂိုဏ်းကြီး သုံးဂိုဏ်း၏ ဘိုးဘေးများထံမှ အစဉ်အဆက် ဆင်းသက်လာခဲ့သော ယုံကြည် စိတ်ချရသည့် မြေပုံဖြစ်ရာ အပြင်လူများထံ လုံးဝ ပေါက်ကြားမခံပေ။ ကျောက်စိမ်း မျှော်စင်သည် နှစ် ၅၀တွင် တကြိမ်သာပွင့်ရာ သာမန်လူများအနေနှင့် နှစ်ကြိမ်ထက် ပိုကာ မဝင်ရောက်နိုင်ကြ။ ထို့ပြင် ကမ္ဘာပေါ်တွင် ကျောက်စိမ်း မျှော်စင်အကြောင်းကို သိသော ကျင့်ကြံသူအရေအတွက်က သိပ်မများလှ။ အဓိက ဂိုဏ်းကြီးသုံးဂိုဏ်းမှ ကျင့်ကြံသူများသည် ၎င်းတို့ပိုင်ဆိုင်သော မြေပုံကြောင့် ကျောက်စိမ်းမျှော်စင်ထဲ၌ ဘယ်နေရာကို ဘယ်လိုသွားရမည်အား ရှင်းရှင်းလင်းလင်း သိကြသည်။ အခြားကျင့်ကြံသူများသည် ကျောက်စိမ်းမျှော်စင်ထဲသို့ တစ်ဦးတည်း ဝင်လာခြင်း ဖြစ်ဖြစ်၊ အုပ်စုလေးတစုဖြင့် ဝင်လာခြင်းဖြစ်ဖြစ် သေလျှင်သေ၊ မသေလျှင်တောင် ဒဏ်ရာအပြင်းအထန်ရခြင်းဖြင့်သာ အဆုံးသတ်ရပေလိမ့်မည်။

အဓိကဂိုဏ်းကြီးသုံးဂိုဏ်းသည် ရှီဝူအင်ပါယာ၏ ပိုင်နက်အတွင်း တည်ရှိသော်ငြား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ်တစ်ခုကဲ့သို့ တသီးတခြား ရပ်တည်နေကြခြင်း ဖြစ်ကာ အပြင်လူများနှင့်လည်း အဆက်အဆံ လုပ်ခဲသည်။ ချိုးယင်းတို့သည် ရှီဝူအင်ပါယာတွင် ရာထူးမြင့်မြင့် ပိုင်ဆိုင်ထားကြသော်လည်း အဓိကဂိုဏ်းကြီး သုံးဂိုဏ်းအကြောင်း များများစားစား မသိကြပေ။

အကယ်၍ သူတို့သုံးယောက်သည် မျှော်စင်ထဲမှ ပြန်ထွက်လိုလျှင်တောင် များပြား လှစွာသော အခက်အခဲများကို နောက်တကြိမ် ရင်ဆိုင်ရပေဦးမည်။ လာရာလမ်းတစ်လျှောက် ကြုံတွေ့ခဲ့ရသမျှအား ထပ်တူညီစွာ ပြန်လည်ကျော်ဖြတ်ရန် လိုသည်။

ချိုးယင်းတို့လူစုသည် မျှော်စင်ထဲမှ ပြန်ထွက်နိုင်ရန် လွတ်လမ်းရှာနေကြစဉ် ကျောက်တုံးအစီအရင် အပြင်ဘက်မှ တိုက်ပွဲသည်လည်း အနည်းငယ်မျှ အရှိန်လျော့ကျသွားခြင်း မရှိဘဲ ဆက်လက် ဖြစ်ပွားနေသည်။ တစ်ချိန်လုံးတွင် ယဲ့ချန်သည် တခဏမျှပင် မရပ်တန့်ဘဲ အားသွန်ခွန်စိုက် ကျင့်ကြံနေခဲ့၏။

အစီအရင်၏ အလယ်ဗဟိုချက်တွင် တိတ်ဆိတ်စွာ ထိုင်နေရင်းဖြင့် ယဲ့ချန်သည် သူလေ့ကျင့်ခဲ့သမျှသော ထျန်းချီကျင့်စဉ်များနှင့် သိုင်းပညာရပ် ကျင့်စဉ်များအကြောင်း အလေးအနက် စဉ်းစားဆင်ခြင် နေမိသည်။ မရေမတွက်နိုင်သော စာလုံး သင်္ကေတများသည် ခေါင်းထဲတွင် လှည့်ပတ်လာပြီး နက်နက်နဲနဲ နားလည် သဘောပေါက်မှုတစ်ခုက သူ့နှလုံးသားထဲ တိုးဝင်လာခဲ့သည်။

ယဲ့ချန် ရုတ်တရက် မတ်တတ်ထရပ်ကာ ခန္ဓာကိုယ်ထဲရှိ ထျန်းချီများအား လှည့်ပတ်လိုက်၏။

လောကအမျက်..

ယဲ့ချန်သည် လောကအမျက်အား ထုတ်ဖော်ကာ လက်ဝါးတဖက်ဖြင့် ဓားတစ်ချောင်းကဲ့သို့ လွှဲယမ်းလေသည်။ သတ္တုစွမ်းအင် ထျန်းချီများသည် သူ့လက်ဝါးထံမှ တရဟော တိုးထွက်လာကာ မြည့်မြည့်ထက်နေသည့် ဧရာမဓားကြီးကဲ့သို့ လေဟာပြင်အား တစောင်းခုတ်ပိုင်း သွားသည်။ သည်တစ်ကြိမ် လောကအမျက်အား ထုတ်ဖော်လိုက်ခြင်းတွင် ပါဝင်လာသည့် သတ္တုစွမ်းအင် ထျန်းချီများသည် ပမာဏများပြားလှကာ တောင်တန်းနှင့်မြစ်ပြင်ကိုပင် ခွဲခြားပစ်တော့မည့်ဟန် ရသည်။

ယဲ့ချန်၏ တိုက်ခိုက်မှုသည် အမှန်ပင် မိုးကြိုးသွားကဲ့သို့ ပြင်းထန်လှပြီး ခံ့ညားထည်ဝါသည်။

ဤအခိုက်အတန့်တွင်ပဲ ယဲ့ချန်သည် လောကအမျက်အား ကြီးမားသော နားလည်မှု အဆင့်ထိ လေ့ကျင့်အောင်မြင်ခဲ့ပြီ ဖြစ်သည်။

အစီအရင်၏ အလယ်ဗဟိုချက်ရှိ ရွှေရောင် သတ္တုပြားပေါ်တွင် သိုင်းပညာရပ်များကို လေ့ကျင့်ရသည်မှာ ပြောမပြတတ်အောင် ကောင်းမွန်ကြောင်း ယဲ့ချန် အတွေ့အကြုံရသွားသည်။ သိုင်းပညာရပ် တစ်ခုခုကို ထုတ်ဖော်လိုက်ချိန်တွင် သူ့ခန္ဓာကိုယ်ထဲ၌ ပြောင်းလဲသွားသော ထျန်းချီလှုပ်ရှားမှုလေး တစ်ခုကိုပင် သူ ရှင်းရှင်းလင်းလင်း အာရုံခံမိသည်။ ရလဒ်အနေနှင့် ယဲ့ချန်သည် သူ၏ကျင့်ကြံခြင်းတွင် ဖြစ်ပေါ်နေသည့် ပြဿနာများနှင့် အမှားများကို ပြန်လည် ဆန်းစစ်နိုင်ခဲ့သည်။ ထို့ကြောင့် အမှားများမှ သင်ခန်းစာယူကာ သိုင်းပညာရပ်တစ်ခုအား ပထမဆုံးအကြိမ် စတင်လေ့ကျင့်ကတည်းက မည်သို့ မှန်မှန်ကန်ကန် လေ့ကျင့်ရမည်ကို သဘောပေါက် သွားခဲ့သည်။

သူ အသက်ပြင်းပြင်း ရှူထုတ်ကာ လောကအမျက်အား နောက်တစ်ကြိမ် ထပ်မံလေ့ကျင့်သည်။ ဒုတိယအကြိမ် ထုတ်ဖော်လိုက်သော လောကအမျက်၏ စွမ်းအားသည် ပထမတကြိမ်ကထက် အနည်းငယ် ပိုအစွမ်းထက် လာသည်။ ထို့ပြင် ဒုတိယတစ်ကြိမ်၌ ယဲ့ချန်သည် လောကအမျက်အား ကြီးမားသော တိုးတက်မှုအဆင့်ထိ အောင်မြင်နိုင်ခဲ့သည်။ ကြီးမားသော အောင်မြင်မှု အဆင့်ထိ ရောက်ရှိနိုင်လောက်အောင် ကံကောင်းမကောင်းကတော့ ဆက်လက် စောင့်ကြည့်ရပေမည်။

မျှော်လင့်ထားသည့်အတိုင်း ဤနေရာကား သိုင်းပညာရပ်များကို လေ့ကျင့်ရန် တကယ့် နေရာကောင်း တစ်ခု ဖြစ်သည်။

ယဲ့ချန်၏ စိတ်အစဉ်သည် တက်ကြွလှုပ်ရှားနေကာ ကောင်းကင် ပထဝီအိတ်ထဲမှ “စကြဝဠာ လက်ဝါး” စာအုပ်ကို ထုတ်ယူပြီး တတိယမြောက် စာရွက်သို့ လှန်လိုက်သည်။

စကြဝဠာလက်ဝါး၏ တတိယမြောက်အကွက် — “တောင်ခွဲခွင်းလွင်” ။

[ Translator’s Note — kūnlún (昆仑) / ခွင်းလွင် (ခွန်းလွန်)။ အာရှတွင် အရှည်ဆုံးတောင်တန်း။ တနည်းအားဖြင့် ဒဏ္ဍာရီလာ တရုတ်နတ်တောင်။]

“တောင်ခွဲခွင်းလွင်” သည် အဆင့် ၇ အလယ်အလတ်ဆင့် သိုင်းပညာရပ်တစ်ခု ဖြစ်ပြီး အနိမ့်ကန်ချက်နှင့် အောက်ဘက်ကန်ချက်များ ပါဝင်သော ခြေထောက်သိုင်းတစ်ခု ဖြစ်သည်။ သတ္တုစွမ်းအင် ထျန်းချီ၊ မီးစွမ်းအင်ထျန်းချီ နှစ်မျိုးကို အခြေခံထားသောကြောင့် သတ္တုစွမ်းအင်၏ မာကြောမှုနှင့် မီးစွမ်းအင်၏ သေစေနိုင်သော ခြိမ်းခြောက်မှုတို့ ပေါင်းစပ်ထားသည့် ကြောက်မက်ဖွယ် ပညာရပ်ဖြစ်သည်။ ယဲ့ချန်သည် လေ့ကျင့်ပုံ အဆင့်ဆင့်အား နားမလည်မချင်း သေချာဖတ်ပြီးမှ စတင်လေ့ကျင့်လေသည်။

“တောင်ခွဲခွင်းလွင်” ၏ လေ့ကျင့်နည်းစနစ်သည် အလွန်အသေးစိတ် ကျစွာ ရေးသား ထားသောကြောင့် ယဲ့ချန်သည်လည်း ဘယ်နေရာတွင် အမှားအယွင်း ဖြစ်သွားနိုင်သည်ကို သေချာသုံးသပ်ကာ လေ့ကျင့်နေစဉ်အတွင်း ချီစီးဆင်းမှုအား ကောင်းမွန်စွာ ထိန်းချုပ်နိုင်သည်။ ၎င်းက အဆင့် ၇ အလယ်အလတ်ဆင့် ပညာရပ်ဖြစ်ရာ သဘာဝကျစွာပင် လေ့ကျင့်အောင်မြင် နိုင်ရန်မှာ ပိုမိုခက်ခဲသည်။ ပါရမီရှင်များအတွက်ပင် အချိန်ယူကာ လေ့ကျင့်မှ အောင်မြင်နိုင်ဖွယ် ရှိသည်။ ယဲ့ချန်၏ လက်ရှိအနေအထားသည် ခက်ခဲသော ပညာရပ်များကို လေ့ကျင့်ရန် အသင့်တော်ဆုံးသော နေရာ (အစီအရင်) ထဲသို့ အချိန်ကိုက် ရောက်ရှိနေသည်ဟု ပြောရမည်။ ရှေးဟောင်း ချီစုဆောင်းမှု အစီအရင်၏ အကူအညီနှင့်သာ ဆိုပါက ယဲ့ချန်ဘက်မှ လုံ့လဝီရိယ ကောင်းကောင်း စိုက်ထုတ်လိုက်ရုံနှင့် “တောင်ခွဲခွင်းလွင်” အား ၂ရက်၊ ၃ရက်အတွင်း လေ့ကျင့် အောင်မြင်နိုင်ဖို့ အလားအလာ ရှိပေသည်။

ယဲ့ချန်သည် မလိုအပ်သော အတွေးစများကို ဖြတ်တောက်လိုက်ကာ “တောင်ခွဲခွင်းလွင်” အား တစိုက်မတ်မတ် စတင် လေ့ကျင့်တော့သည်။

အကယ်၍ တစ်ယောက်ယောက်သာ အစီအရင်၏ အလယ်ဗဟိုချက်အား ယဲ့ချန်ထံမှ လုယူလိုပါက တိုက်ခိုက် နေရဦးမည်။ ယခုမူ ဘယ်သူမှ အစီအရင်ထဲသို့ ဝင်မလာနိုင်ကြသေးရာ ယဲ့ချန်လည်း စိတ်ရှုပ်ခံဖို့ မလိုတော့ပါချေ။ ကံကောင်းထောက်မစွာဖြင့် ကမ္ဘာမြေရန်အဆင့် သို့မဟုတ် ကောင်းကင်ရန်အဆင့်များ ဤနေရာသို့ ရောက်မလာကြပေ။ ရန်အဆင့်များသာ ရောက်ရှိလာပါက ကောင်းကင်ထက်ရှိ မိစ္ဆာဝိညာဉ်ကြီး ၆ကောင်သည် အစီအရင်အား ဆက်လက် ကာကွယ်နိုင်ခြင်း မရှိတော့မည်ကို စိုးရိမ်ရသည်။

ယဲ့ချန် မသိသည်မှာ ဤရှေးဟောင်းအစီအရင်သည် ရန်အဆင့်များ မဝင်ရောက်နိုင်အောင် တားဆီးချိပ်ပိတ် ထားသော နယ်မြေထဲတွင် ရှိနေခြင်း ဖြစ်သည်။ ဤနယ်မြေထဲသို့ ဝင်နိုင်သော အမြင့်ဆုံး ကျင့်ကြံဆင့်မှာ ထျန်းချီအဆင့် ၁၀ ထိပ်ဆုံးဆင့်များ ဖြစ်ကြသည်။ မဟုတ်ပါလျှင် မိစ္ဆာဝိညာဉ်ကြီး ၆ကောင်သည် အလွန်အစွမ်းထက်သော ရန်အဆင့်များ၏ လက်ချက်ဖြင့် သေနေသည်မှာ ကြာလေပြီ။

အပြင်ဘက်ရှိ ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူများသည် မည်သို့ပင်ကြိုးစားပါစေ အစီအရင် ထဲသို့ မဝင်နိုင်ကြသည့်အတွက် မြင်သာမြင်ရ၊ မကြင်ရဆိုသလို ဖြစ်နေကြပြီး အံတကြိတ်ကြိတ်နှင့် ဒေါသထွက်ရုံသာ တတ်နိုင်ကြသည်။

ကျောက်စိမ်းမျှော်စင်အတွင်းတွင် အရာရာသည် မှုန်မှိုင်းသော အရောင်အဆင်းသာ ရှိပြီး အလင်းရောင်လည်း တိုးမပေါက်ရာ နေ့နှင့်ညကို ကွဲပြားမသိနိုင်ပေ။ ယဲ့ချန်သည် လေ့ကျင့်ခြင်းတွင် အာရုံအလုံးစုံ ရှိနေသောကြောင့် အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို သတိမပြုမိတော့ပေ။

***

All Chapters