အကြောက်လွန်ကာ သေးထွက်ကျ
Vol. 8 Ch. 100
“တောင်ခွဲခွင်းလွင်” အား လက်တွေ့တိုက်ပွဲတွင် အသုံးပြုသည့်အခါ နှေးကွေး လေးကန်ခြင်းမျိုး မဖြစ်စေရန် ယဲ့ချန်သည် အထပ်ထပ်အခါခါ လေ့ကျင့်နေခဲ့သည်။ ရက်အနည်းငယ် ကြာသောအခါ “တောင်ခွဲခွင်းလွင်” အား ကြီးမားသော နားလည်မှုအဆင့်ထိတိုင် အောင်မြင်နိုင်ခဲ့ကာ စကြဝဠာလက်ဝါး၏ စတုတ္ထအကွက်ဖြစ်သော “နေမင်းဖြိုခွင်း” ကို စတင် လေ့ကျင့်သည်။ ဤရက်ပိုင်းအတွင်း ယဲ့ချန်၏ ထျန်းချီများနှင့် ဝိညာဉ်အသိအမြင် သည်လည်း အသီးသီး တိုးတက်ခဲ့ကြပြီး ကျင့်ကြံဆင့် နောက်တဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန် နီးကပ်လာသည်။
ယဲ့ချန်ကတော့ သိုင်းပညာရပ်များအပေါ် သိမြင်နားလည်နိုင်စွမ်းတို့ တိုးတက်လာခဲ့၍ ပြောမပြတတ်အောင် ပျော်ရွှင်နေလေသည်။
တစ်ရက်တွင် ယဲ့ချန် လေ့ကျင့်နေခိုက် ရုတ်တရက် ထူးခြားသော တည်ရှိမှုတစ်ခုကို အာရုံခံမိလိုက်၍ ဝိညာဉ်အသိအမြင်ဖြင့် အလျင်အမြန် စစ်ဆေးကြည့်မိလျှင် အစီအရင်ထဲသို့ ဝင်ရောက်လာသည့် နီရဲသောအဆင်းဖြင့် ခြင်္သေ့မတစ်ကောင်ကို မြင်လိုက်ရ၏။
၎င်း၏ ပုံသဏ္ဌာန်က ကျားတစ်ကောင်နှင့် ပိုတူသယောင် ထင်ရသော်လည်း ကျာသစ်နှင့်လည်း တူနေပြန်သည်။ သို့သော် ထိုသတ္တဝါက ခြင်္သေ့သာ ဖြစ်ကြောင်းကိုတော့ ယဲ့ချန် အတပ်ပြောနိုင်သည်။
ထိုခြင်္သေ့မသည် အဆင့် ၁၀ အလယ်အလတ်ဆင့် ကောင်းကင်သားရဲ ဖြစ်သည်။ ရက်အနည်းငယ် ကြာမြင့်ခဲ့ပြီးဖြစ်ရာ ကောင်းကင် သားရဲတစ်ကောင် အစီအရင်ထဲသို့ ဝင်လာနိုင်ခြင်းက သိပ်တော့မထူးဆန်းပေ။
လူသားတစ်ယောက်၏ ဂုဏ်ယူနေသော မျက်နှာ အမူအရာမျိုးဖြင့် ခြင်္သေ့မက ရေရွတ် လေသည်။ အစီအရင်အပြင်ဘက်ရှိ လူသားကျင့်ကြံသူများကို ကြည့်ကာ လူသား ဘာသာစကားနှင့် ရေရွတ်လိုက်ခြင်း ဖြစ်သည်။
“နောက်ဆုံးတော့ ငါ ကံကောင်းခဲ့တာပဲ။ ရှင်တို့တွေကတော့ အပြင်မှာပဲ ဆက်နေခဲ့ကြတော့”
၎င်းသည် အသက်ပြင်းပြင်းရှိုက်ကာ ထိန်းမရအောင် ပျော်ရွှင်နေဟန်ဖြင့် ဆက်ပြော၏။
“အစီအရင်ထဲမှာ ထျန်းချီနဲ့ ဝိညာဉ်စွမ်းအင်တွေ သိပ်ကိုပေါများနေတာပဲ။ ဒီနေရာမှာ ၁လ၊ ၂လလောက်သာ လေ့ကျင့်လိုက်ရင် ငါ အနှေးနဲ့အမြန် ဉာဏ်အမြင့် အဆင့်ကို ရောက်သွားမှာ သေချာတယ်”
ခြင်္သေ့မသည် သူ့အတွေးနှင့်သူ ပျော်ရွှင်ကြည်နူးနေချိန်တွင် အားကောင်းလှသော စိတ်ဝိညာဉ်တစ်ခု ထွက်ပေါ်လာကာ သူ့အား ဘေးပတ်လည်မှ ဝန်းရံထားလေသည်။ ခြင်္သေ့မခမျာ အပျော်လေးပင် ပျက်သွားကာ မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်သွားရ၏။ ခြင်္သေ့မ၏ ခြေထောက်များသည် ထိတ်လန့်မှုကြောင့် သိသိသာသာ တုန်ရီလာရပြီး နှလုံးသားထဲတွင် ဝမ်းနည်းပူဆွေးစွာ အော်ငိုနေမိပြီ ဖြစ်သည်။
‘ဉာဏ်အမြင်အဆင့်အထက်က ကောင်းကင်သားရဲတွေမှာပဲ ဒီလောက် အစွမ်းထက်တဲ့ စိတ်ဝိညာဉ်ကို ပိုင်ဆိုင်နိုင်တာ.. မဟုတ်သေးဘူး။ ဒါကြီးက နတ်သူငယ်အဆင့် အရှင်သခင်ရဲ့ စိတ်ဝိညာဉ်ကြီးဟ။ မိုးနတ်မင်းရေ နတ်သူငယ်အဆင့် အရှင်သခင်က ဘယ်လိုဖြစ်ပြီး ကျောက်စိမ်းမျှော်စင်ရဲ့ ပထမအလွှာမှာ ပေါ်လာရတာတုန်း။ ပြီးတော့လည်း ရှေးဟောင်း ချီစုဆောင်းမှု အစီအရင်ထဲမှာမှ..’
အလွန်အမင်း ကြောက်ရွံ့မှုကြောင့် ခြင်္သေ့မသည် သေးထွက်ကျတော့မလို ခံစားလာရသည်။ သို့သော် ဘယ်ကောင်းကင် သားရဲကများ အတင့်ရဲပြီး နတ်သူငယ်အဆင့် အရှင်သခင်၏ ရှေ့တွင် သေးပေါက်ချရဲပါမည်နည်း။ ခြင်္သေ့မသည် ထွက်ကျချင်နေသည့် သေးကို မနည်း ထိန်းချုပ်ထားရသည်။ နတ်သူငယ်အဆင့် အရှင်သခင်သည် သူ့အား အတွေးတစ်ချက်နှင့်တင် သတ်ပစ်နိုင်သည်။ ဤအခိုက်အတန့်တွင် ခြင်္သေ့မသည် သူ့စိတ်အခြေအနေအား ဖော်ပြရန် ‘ကြောက်လွန်းလို့ သေရပါတော့မည်’ ဟူသော စကားရပ်နှင့်သာ နှိုင်းလိုက်ချင်တော့သည်။ ယခုကဲ့သို့ အခြေအနေမျိုး ဖြစ်လာမည်မှန်းသာ ကြိုသိထားပါက အစီအရင်ထဲသို့ ဝင်ရောက်နိုင်ရန် လုံးဝကြိုးစားခဲ့မည် မဟုတ်ပေ။
ယဲ့ချန်သည် ခြင်္သေ့မ၏ နောက်ခံနှင့်ပတ်သက်ပြီး ဘာမျှသိမထားသောကြောင့် အပြင်ဘက်သို့ ခြောက်လှန့်လွှတ်ရန်သာ စိတ်ကူးထားသည်။
“မင်းက ဘယ်သူမို့လို့ အတင့်ရဲပြီး ဒီအရှင်သခင် ကျင့်ကြံနေတဲ့ နေရာကို လာနှောင့်ယှက်ဝံ့တာလဲ”
နတ်သူငယ်အဆင့် အရှင်သခင်တစ်ယောက်နှင့် တူစေရန် အတန်ငယ်ဩရှကာ နက်ရှိုင်းသော အသံနေ အသံထားဖြင့် ယဲ့ချန် ပြောလိုက်သည်။ ယဲ့ချန်သည်လည်း အနည်းငယ် ကလေးကလား ပြုမူနေမိသည်ကို ဝန်ခံရမည်။ ဝိညာဉ်စစ်သည်တော်အား သားရဲများ အလွန် ကြောက်ရွံ့နေသည်ကို မြင်ရသည့်အချိန်တိုင်း သူ ရယ်ချင်စိတ် ဖြစ်လာကာ မစနောက်ဘဲ မနေနိုင်သလိုပေ။
ခြင်္သေ့မသည် ကြောက်ရွံ့မှုကြောင့် ငိုချတော့မတတ် ဖြစ်နေလေပြီ။ နတ်သူငယ်အဆင့် အရှင်သခင် တစ်ယောက် အထဲတွင်ရှိနေကြောင်း ကြိုသိထားပါက ဘာတွေပဲဖြစ်နေပါစေ သူ လုံးဝ ဝင်လာခဲ့မှာ မဟုတ်ပေ။ တုန်တုန်ရီရီဖြင့် ခြင်္သေ့မ ဖြေရှင်းချက်ပေးမိသည်။
“အရှင် ဒီနေရာမှာ ကျင့်ကြံနေတာကို ကျွန်တော်မျိုးမ မသိခဲ့လို့ပါ။ အရှင်ကပဲ သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးပါရှင်”
ခြင်္သေ့မ၏ စကားသံမှာ ငိုသံပင် စွက်နေလေသည်။ ပုတီးစေ့ခန့်ရှိသော သားရဲ မျက်ရည်များသည် ၎င်း၏ ပါးထက်သို့ တလိမ့်လိမ့် စီးကျလာကြသည်။ ခြင်္သေ့မ၏ ကူကယ်ရာမဲ့နေသော ပုံစံမှာ အတော်လေးကို သနားစရာ ကောင်းနေတော့သည်။
‘ဒီခြင်္သေ့လေးကို စရတာ တော်တော်ပျော်စရာကောင်းသား’
ယဲ့ချန် တွေးမိသည်။ သို့သော်လည်း ကြည့်နေရင်း ကြည့်နေရင်းဖြင့် ခြင်္သေ့မ၏ ပုံစံမှာ ပိုသနားစရာကောင်းလာသောကြောင့် ယဲ့ချန်၏ နှလုံးသားလည်း နူးညံ့လာရသည်။
‘ဘာနေနေ.. သူများငိုနေတာကို ကြည့်ပြီး ရယ်နေတာကြီးက မကောင်းပါဘူး။ လွှတ်ပေး လိုက်ပါတော့မယ်’
ထိုအချိန်တွင်ပဲ ယဲ့ချန်သည် ရေစက်ကျသံလိုလို အသံတစ်ခုအား ကြားလိုက်ရ၍ အသံလာရာသို့ ကြည့်မိလျှင် အံ့ဩရလွန်း၍ ဆွံ့အသွားရသည်။ ခြင်္သေ့လေးကား အကြောက်လွန်ကာ သေးထွက်ကျ နေလေပြီ။
ယဲ့ချန် ရယ်ချင်စိတ်အား မနည်းထိန်းချုပ်ကာ စိတ်ထဲတွင်တွေးမိ၏။
‘ခြင်္သေ့လေးက တကယ်ကိုကြောက်တတ်တာပဲ။ အကြောက်လွန်ပြီး သေးထွက်ကျ ရတယ်လို့... ယုံတောင်မယုံနိုင်ဘူး’
ယဲ့ချန်သည် လူသားစစ်စစ် တစ်ယောက်ဖြစ်ရာ သားရဲနယ်ပယ်တွင် နတ်သူငယ်အဆင့် အရှင်သခင်များ မည်မျှ လေးစားခံရသည်ကို နားမလည်သည်က မထူးဆန်းပေ။ နတ်သူငယ်အဆင့် အရှင်သခင် တစ်ယောက်၏ အဆင့်အတန်းနှင့် လွှမ်းမိုးနိုင်စွမ်းက ယဲ့ချန်တွေးထားသည်ထက် များစွာပိုသည်။
“မင်း သွားလို့ရပြီ”
ခဏမျှ အတွေးပွါးနေပြီးနောက် ယဲ့ချန် ပြောလိုက်သည်။
“ကျေးဇူးကြီးလှပါတယ် အရှင်”
ခြင်္သေ့မသည် မျက်ရည်များကို ကမန်းကတန်း သုတ်ကာ ယဲ့ချန်အား အရိုအသေ ပြုပြီးနောက် ချက်ချင်းဆိုသလို မပြေးရုံတမယ် ထွက်ခွါသွားတော့သည်။
ရုတ်တရက် အတွေးတစ်ခု ဝင်လာသောကြောင့် ယဲ့ချန် ဝိညာဉ် အသိအမြင်ဖြင့် ခြင်္သေ့မအား တားဆီးလိုက်သည်။
“နေဦး”
ခြင်္သေ့မသည် သေဘေးမှ လက်မတင်လေး လွတ်မြောက်ခဲ့မှုကြောင့် အပျော်ကြီး ပျော်နေချိန်တွင် ယဲ့ချန်၏ တားဆီးလိုက်သံကြောင့် ထိတ်လန့်သွားရကာ အစီအရင်ထဲရှိ ကျောက်တုံး တစ်တုံးကို ခလုတ်တိုက်မိလုနီးနီး ဖြစ်သွားသည်။ အလျင်အမြန် အရှိန်သတ်ကာ တုန်တုန်ရီရီဖြင့် ပြန်မေးလာ၏။
“ကျွန်တော်မျိုးမကို မှာကြားစရာ တစ်ခုခုများ ရှိလို့လား.. အရှင်”
“မင်း ထွက်သွားစရာ မလိုတော့ဘူး။ ဒီမှာနေပြီး လေ့ကျင့်လို့ရတယ်.. ဒါပေမဲ့ မင်းရဲ့ လက်ရှိရပ်နေတဲ့ နေရာကနေ ခြေလှမ်းဆယ်လှမ်းထက်ပိုပြီး ရွှေ့ခွင့်မရှိဘူး”
ခြင်္သေ့မက အပြင်ဘက်သို့ ထွက်သွားပြီးနောက် အဆင့်မြင့် ကောင်းကင် သားရဲများကို ခေါ်ကာ ပြန်လာမည်စိုးသောကြောင့် ယဲ့ချန် နေခွင့်ပြုလိုက်ခြင်း ဖြစ်သည်။ နတ်သူငယ်အဆင့် အရှင်သခင် တစ်ယောက်သာ ရောက်လာပါက သူဟန်ဆောင်ထားရသမျှ သဲထဲရေသွန်ဖြစ်ကာ အလိမ်ပေါ်သွားနိုင်သည်။ သို့သော် နတ်သူငယ်အဆင့် အရှင်သခင်များသည် ကန့်သတ်ထားသော စည်းတံဆိပ်ကို ချိုးဖျက်ကာ အစီအရင်ရှိနေသော နယ်မြေအတွင်း လုံးဝ ဝင်မလာနိုင်သည်ကိုတော့ ယဲ့ချန်က သိမထားပေ။
“ကျေးဇူးကြီးလှပါတယ် အရှင်”
အစက ခြင်္သေ့မ တွေးထင်လိုက်သည်မှာ နတ်သူငယ်အဆင့် အရှင်သခင်သည် စိတ်ပြောင်းကာ သူ့အား သတ်ပစ်တော့မည် ဟူ၍။ အံ့ဩစရာ ကောင်းစွာပင် သူသည် အသတ်မခံရသည့် အပြင် အစီအရင်ထဲ၌ လေ့ကျင့်ခွင့်တောင် ရလိုက်သေးသည်။ ခြင်္သေ့မခမျာ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ဘဲ ပျော်ရွှင်မှုကြောင့် မျက်ရည်များ ထပ်ကျလာပြန်သည်။
“အရှင့်ရဲ့ ကြင်နာလှတဲ့ ခွင့်ပြုမှုကို ကျွန်တော်မျိုးမ တဘဝလုံး အမှတ်ရနေပါ့မယ် အရှင်”
ထို့နောက်တွင် ခြင်္သေ့မ၏ မျက်နှာအမူအရာသည် အတန်ငယ် ရှက်ရွံ့သွားသည့်ဟန် ပြောင်းလဲသွားကာ မဝံ့မရဲ ပြောလာသည်။
“တကယ်လို့ အရှင် လိုအပ်တာ တစ်ခုခုရှိရင်လေ.. ကျွန်တော်မျိုးမ..”
‘မင်းက ဘာလုပ်ပေးမလို့တုန်း..’
ယဲ့ချန် ဇဝေဇဝါနှင့် တွေးမိသည်။ ထို့နောက် ခြင်္သေ့မ၏ မျက်နှာထက်ရှိ အရှက်ကြီး ရှက်နေသော အမူအရာကိုကြည့်ကာ လူသားမိန်းမပျို တစ်ယောက်၏ အမူအရာနှင့် အလွန်တူနေသလို ခံစားရသည်။ ရုတ်တရက် လူသားစုံတွဲများ၏ အိပ်ရာထက်မှ ကိစ္စတို့ကို တွေးမိသွားသောကြောင့် ယဲ့ချန် လန့်ဖျပ်ကာ တုန်တက်သွားသည်။ ခြင်္သေ့မ တစ်ကောင်နှင့် အိပ်ရာထက်တွင် လူးလှိမ့်ရမည်ကို တွေးကြည့်လိုက်ရုံနှင့် ယဲ့ချန် ဆံပင်များပင် ထောင်ထ လာသည့်နှယ် ခံစားလိုက်ရ၏။ ထိုသို့ပြုလုပ်ရန်မှာ သူ့အကြိုက်နှင့် ပြင်းပြင်းထန်ထန်ကို ဆန့်ကျင်နေပြီး အတွေးတချက်နှင့်တင် ယဲ့ချန် ထိတ်လန့်ကာ သေးထွက်ကျမတတ် ဖြစ်သွားရသည်။
“ဟမ့်”
ယဲ့ချန် ဒေါသထွက်သွားသည့်ပုံ ဟန်ဆောင်ကာ နှာမှုတ်လိုက်သည်။
ယဲ့ချန်၏ မလိုလားသောဟန်ပန်ကြောင့် ခြင်္သေ့မလည်း ထိတ်လန့် သွားသည်။ တကယ်တော့ သူ့ခမျာလည်း အရဲစွန့်ကာ မေးကြည့်မိတာ ဖြစ်သည်။ ကောင်းကင်သားရဲများ၏ နယ်ပယ်တွင် နတ်သူငယ်အဆင့် အရှင်သခင်များသည် အလွန်အဆင့်အတန်းမြင့်ပြီး လူသားဧကရာဇ်များ ထက်ပင် ပိုများသော ကိုယ်လုပ်တော်များ ရှိသည်။ ပြောရလျှင်တော့ နတ်သူငယ်အဆင့် အရှင်သခင်တစ်ပါး၏ မောင်းမဆောင်တွင် ဘယ်တော့မှ မိန်းမပြတ်လပ်သည် ဟူ၍ မရှိပေ။ မှော်သားရဲ သို့မဟုတ် ကောင်းကင်သားရဲများသည် နတ်သူငယ်အဆင့် အရှင်သခင်တစ်ပါး၏ ကိုယ်လုပ်တော် ဖြစ်လာပါက နတ်သူငယ်အဆင့် အရှင်သခင်ထံမှ ပေးကမ်းစွန့်ကြဲသော တန်ဖိုးအနည်းဆုံး ပစ္စည်းတစ်ခုကပင် အနှီကိုယ်လုပ်တော်များ အဖို့ ကျင့်ကြံဆင့်တက်ရန် လုံလောက်သည်ထက် ပိုနေလေပြီ။
ယဲ့ချန်က သူ့အား အစီအရင်ထဲတွင် ဆက်နေရန် ခွင့်ပြုလာသောအခါ ခြင်္သေ့မသည် တမျိုးတမည် အတွေးလွဲသွားတော့တာ ဖြစ်သည်။ သို့သော် ယဲ့ချန်ထံမှ အေးစက်စက် နှာမှုတ်သံကြောင့် ခြင်္သေ့မခမျာ လိပ်ပြာလွင့်မတတ် ကြောက်ရွံ့ သွားရသည်။ နတ်သူငယ်အဆင့် အရှင်သခင်များသည် နှစ်ထောင်ပေါင်းများစွာ ရှင်သန်လာခဲ့သည့် အထွတ်အမြတ် တည်ရှိမှုများ ဖြစ်ရာ ရှားမှရှားသော အလှလေးများကို ငြီးငွေ့လောက်အောင် တွေ့ကြုံဖူးခဲ့မှာ သေချာသည်။ ဆွဲဆောင်ဖြားယောင်း နိုင်စွမ်း အပြည့်ရှိသည့် မြေခွေးမများ၊ သန့်စင် အပြစ်ကင်းသည့် အမြီးကိုးချောင်း မြေခွေးအနွယ်ဝင်များ၊ အလွန်လှပသည့် သမင်မများ.. မည်သည့်မျိုးနွယ်မှ အလှလေးကို အလိုရှိသည် ဖြစ်စေ၊ နတ်သူငယ်အဆင့် အရှင်သခင် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံနှင့် မျိုးနွယ်ပေါင်းစုံမှ အလှလေးများ အလုအယက် တိုးဝင် လာကြပေလိမ့်မည်။ လူသား အသွင်သဏ္ဌာန်ပင် မပြောင်းနိုင်သေးသည့် ခြင်္သေ့မတစ်ကောင်အား နတ်သူငယ်အဆင့် အရှင်သခင်က မည်သို့ စိတ်ဝင်စားပါမည်နည်း။
“အရှင်.. ကျွန်တော်မျိုးမ မဆင်မခြင် ပြောမိပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”
ခြင်္သေ့မသည် ယဲ့ချန် ဒေါသထွက်ကာ သူ့အား သတ်ပစ်မည် စိုးသောကြောင့် ဆွဲဆွဲငင်ငင် ငိုကြွေးကာ တောင်းပန်တော့သည်။
“နာနာခံခံနဲ့ ဒီမှာနေပြီး လေ့ကျင့်စရာရှိတာကို လေ့ကျင့်တော့။ ထွက်သွားဖို့ ခွင့်မပြုဘူး။ ဒီအရှင်သခင်လည်း ဆက်လေ့ကျင့်တော့မှာမလို့ မနှောင့်ယှက်နဲ့”
ယဲ့ချန် ဝိညာဉ်အသိအမြင်အား ပြန်လည်သိမ်းဆည်းပြီးမှ နဖူးပြင်ထက်ရှိ ချွေးတို့ကို သုတ်ရသည်။ နတ်သူငယ်အဆင့် အရှင်သခင်အဖြစ် ဟန်ဆောင်ရသည်ကား ထင်သလောက် လွယ်ကူမနေပေ။ ခြင်္သေ့မ တစ်ကောင်၏ အီစီကလီရိုက်ခြင်းကိုပင် ခံလိုက်ရသေးသည်။ အနာဂတ်တွင် ဆက်လက်ဟန်ဆောင်ရင်း ကျားမ၊ ဖားမများနှင့်ပင် အီရဦးမလား မပြောတတ်ပေ။
***