အဲဒီနေရာက တစ်ယောက်ယောက်လား
Vol. 8 Ch. 101
အမွေးပွလေး၏ မျက်နှာသည် တစ်ခဏမျှ နီမြန်းနေပြီးနောက် ယဲ့ချန်မျက်နှာအား လျှာနီနီလေးဖြင့် လျက်လိုက်ကာ ၎င်း၏လက်သည်းလေးများထဲ မျက်နှာကို ဝှက်ထားတော့သည်။ ပြန်မော့မလာတော့ပေ။
"ငါ့ကို စရဲလောက်အောင် အတင့်ရဲနေပြီပေါ့ ဟုတ်လား။ အမွေးပွလေး မင်းကိုတော့ တင်ပါးကို နာနာလေးရိုက်ပြီး ဆုံးမရတော့မယ်"
ယဲ့ချန်သည်လည်း မျက်နှာကြီးရဲတက်သွားကာ ကယောက်ကယက် ဖြစ်သွားပြီး အမွေးပွလေး၏ တင်ပါးကို နာနာလေး ရိုက်ထည့်လိုက်သည်။
အမွေးပွလေးသည် ယဲ့ချန် ဖမ်းချုပ်ထားသည်မှ လွတ်အောင် ရုန်းနေရင်း ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ရဲရဲနီနေပြီ ဖြစ်သည်။ ၎င်း၏ ပုလဲနက်သဖွယ် မျက်လုံးလေးများက ယဲ့ချန်အား စိုက်ကြည့်နေပုံမှာ သနားစဖွယ်ကောင်းနေသည့် တချိန်တည်းတွင်ပဲ ဆွဲဆောင်မှုလည်း ရှိနေသည်။
ထိုအမူအရာလေးကြောင့် ယဲ့ချန်နှလုံးသားမှာ တဖျပ်ဖျပ်ခုန်သွားရသည်။ ယဲ့ချန် တအံ့တဩ တွေးမိ၏။
'မဟုတ်သေးပါဘူး.. ငါ အခု အမွေးပွလေးရဲ့ သွေးဆောင်ဖြားယောင်းခံလိုက် ရတာလား'
"အမွေးပွလေး မင်းကလည်း အဆင့် ၁၀ ကောင်းကင်သားရဲပဲလေ။ ခြင်္သေ့မကျ လူစကားပြောနိုင်ပြီး မင်းက ဘာလို့ မပြောနိုင်ရတာလဲ"
ယဲ့ချန် မေးကြည့်မိသည်။ ခြင်္သေ့မအကြောင်း ပြန်တွေးလိုက်ရုံနှင့် ယဲ့ချန် ကျောပြင်တလျှောက် အေးစိမ့်သွားရကာ ဆံပင်များ ထောင်လာသလို ခံစားရသည်။ သူ့နှလုံးသားထဲရှိ ညစ်ညမ်းသော ဆန္ဒမှန်သမျှလည်း ချက်ချင်းဆိုသလို အငွေ့ပြန် ပျောက်ကွယ်သွားတော့သည်။
အမွေးပွလေးသည် ယဲ့ချန်၏ မေးခွန်းကြောင့် ရုတ်ခြည်း မာန်တက်နေသော အမူအရာသို့ ပြောင်းလဲသွားကာ ခေါင်းမော့လျက် အမြီးများကို လေထဲတွင် ထောင်လွှားပြီး လက်ဟန်ခြေဟန်ဖြင့် ပြန်ဖြေသည်။
"မင်းဆိုလိုတာက.. ခြင်္သေ့မက အဆင့်နိမ့်ကောင်းကင်သားရဲ ဖြစ်ပြီးတော့ မင်းကကျ အဆင့်မြင့်ကောင်းကင် သားရဲမို့လို့.. အဲ့လိုလား"
ယဲ့ချန်သည် အမွေးပွလေးအား မယုံသင်္ကာကြည့်ကာ မေးသည်။
မင်းဟာက ဟုတ်ရောဟုတ်လို့လားကွာ။
အဆင့်ပိုမြင့်တယ်လည်း ပြောသေးတယ်၊ စကားကျမပြောနိုင်သေးဘူး။
အမွေပွလေးသည် ယဲ့ချန်၏ သံသယဝင်နေသည့် အမူအရာကို လက်သင့်မခံနိုင်စွာ လက်ဟန်ခြေဟန်ဖြင့် ဆက်လက်ရှင်းပြလေသည်။ နောက်ဆုံးမှ ယဲ့ချန် အတန်ငယ် နားလည်သွားသည်။ မှော်သားရဲများနှင့် ကောင်းကင်သားရဲများ စကားပြောနိုင်ခြင်း၊ မပြောနိုင်ခြင်းမှာ အသက်အရွယ်ပေါ်တွင်လည်း မူတည်သည်။ သားရဲများသည် ကျင့်ကြံဆင့် ၁၀သို့ ရောက်ရှိနေရမည့်အပြင် သတ်မှတ်ထားသော အသက်အရွယ်လည်း ရှိမှ လူသားဘာသာစကားကို ပြောဆိုနိုင်ကြသည်။ အမွေးပွလေးရော၊ ခြင်္သေ့မရောက အဆင့် ၁၀ ကောင်းကင်သားရဲများ ဖြစ်ကြသော်လည်း အမွေးပွလေး၏ အသက်မှာ ငယ်လွန်းသေးပြီး ခြင်္သေ့မကတော့ အသက် ၂၀၀ ကျော်နေပြီဖြစ်သည်။ အမွေးပွလေး၏ ရှင်းပြချက်ဆုံးသောအခါ ယဲ့ချန်သည် မကြာသေးခင်က အသက် ၂၀၀ကျော်နေသည့် ခြင်္သေ့မကြီးက သူ့အား အတူအိပ်ရန် မည်သို့မည်ပုံ ကမ်းလှမ်းခဲ့ကြောင်း ပြန်တွေးမိကာ တုန်တက်သွားရသည်။ အသက် ၂၀၀ တောင် ကျော်နေတာ..။ ယဲ့ချန် တကယ်ကို သွေးအန်မိတော့မလို ခံစားနေရသည်။
"ဒီလိုဆိုရင် မင်းရဲ့အသက်အရွယ်က အသွင်ပြောင်းနိုင်တဲ့ စွမ်းရည်အပေါ်မှာရော သက်ရောက်မှုရှိလား"
ယဲ့ချန်သည် အမွေးပွလေးအားကြည့်ကာ မေးနေရင်း အကြောင်းတချို့ကြောင့် အတန်ငယ် စိတ်ဓာတ်ကျနေမိသည်။ အကယ်၍ အမွေးပွလေးသည် အသက် ၂၀၀ ကျော်သော အခါတွင်မှ လူအသွင်ပြောင်းနိုင်မည်ဆိုလျှင် ထိုအချိန်ထိ သူက အသက်ရှည်နိုင်ပါ့မလား မသေချာပေ။ ထိုအချိန်တွင် အမွေးပွလေးသည် အသက် ၂၀၀ ကျော်နေပြီဖြစ်ရာ ၎င်း၏လူအသွင်က အမယ်အိုတစ်ယောက်၏ အသွင်မျိုး ဖြစ်နေမည်လော။
အမွေးပွလေး၏ မျက်နှာသည် နီရဲသွားပြန်ကာ အရည်လဲ့နေသော မျက်လုံးများဖြင့် ယဲ့ချန်အား ကြည့်လာသည်။ သို့သော်လည်း ၎င်းသည် မေးခွန်းအား ပြန်မဖြေဘဲ ဘေးသို့ လျှောက်လာကာ ယဲ့ချန်ပေါင်ပေါ်တွင် ပျော်ရွှင်နေဟန်နှင့် လဲလျောင်းနေတော့သည်။
အမွေးပွလေးက မဖြေချင်မှတော့ ယဲ့ချန်လည်း ထပ်မမေးတော့ရန် ဆုံးဖြတ်လိုက်သည်။ အမွေးပွလေး၏ အသွင်အပြင်က လူသဏ္ဌာန်နှင့်ဖြစ်စေ၊ သားရဲသဏ္ဌာန်နှင့်ဖြစ်စေ သူ့အတွက် ဘာမှမပြောင်းလဲပေ။ ဘယ်လိုအသွင်သဏ္ဌာန်နှင့် ဖြစ်ပါစေ သူက အမွေးပွလေးအား ကောင်းကောင်း ဂရုစိုက်ပေးမှာ ဖြစ်သည်။ ထိုသို့အတွေးနှင့် ယဲ့ချန်၏နှလုံးသားမှာလည်း တည်ငြိမ်သွားတော့သည်။
ထိုစဉ်တွင် ခြင်္သေ့မသည် မူလနေရာမှ တလက်မမျှပင် မရွေ့လျားဝံ့ဘဲ လေ့ကျင့်နေခဲ့သည်။ သူသည် အစီအရင်ထဲတွင် လေ့ကျင့်ခွင့်ရသည့် အတွက် ယဲ့ချန်အား အလွန်ကျေးဇူးတင်မိသော်ငြား အသတ်ခံရမည်ကိုလည်း စိုးရိမ်နေမိသေးသည်။ ပြောလို့ရတာမဟုတ်၊ နတ်သူငယ်အဆင့် အရှင်သခင်များသည် အလွန်စိတ်အပြောင်းအလဲ မြန်တတ်ကြကာ သူ၏ နုံချာလှသော အသက်လေးကို နုတ်ယူဖို့ရာ နတ်သူငယ်အဆင့် အရှင်သခင်များအတွက် လွယ်ကူလွန်းသည်။ အစီအရင်ထဲမှ ထွက်ပြေးဖို့ကျပြန်တော့လည်း ခြင်္သေ့မ မလုပ်ရဲပေ။ နတ်သူငယ်အဆင့် အရှင်သခင်ကိုသာ ဒေါသထွက်အောင် ရန်စမိပါက မိုးဆုံးမြေဆုံး ပြေးလျှင်ပင် လွတ်မြောက်ဖို့ မဖြစ်နိုင်ပါချေ။
ထို့ကြောင့် ခြင်္သေ့မသည် နေရာတွင် ငြိမ်ငြိမ်လေးထိုင်ကာ ကျင့်ကြံနေရင်းဖြင့် နတ်သူငယ်အဆင့် အရှင်သခင် စိတ်ကောင်းဝင်နေပါစေဟု ဆုတောင်းရုံသာ တတ်နိုင်တော့သည်။
ခြင်္သေ့မ အစီအရင်ထဲသို့ ဝင်လာသည်မှစ၍ ဖြစ်စဉ်တစ်ခုလုံးသည် ခဏလေးသာ ကြာမြင့်သည်။ ယဲ့ချန်လည်း ထိုအကြောင်းကို ထပ်မတွေးတော့ဘဲ ခြင်္သေ့မ ထွက်မပြေးတာ သေချာအောင် တချက်စစ်ကြည့်ပြီးနောက် လေ့ကျင့်ခြင်းကို ပြန်လည်စတင်လိုက်သည်။
နောက်ပိုင်းရက်များတွင် ယဲ့ချန်၏ ကျင့်ကြံခြင်းသည် ဆက်လက်တိုးတက်လာနေသည်။ "တောင်ခွဲခွင်းလွင်" အားကြီးမားသော တိုးတက်မှုအဆင့်ထိ အောင်မြင်ခဲ့သည့်အပြင် "နေမင်းဖြိုခွင်း" ကိုလည်း သဘောတရားမျှ နားလည်နေခဲ့လေပြီ။ "နေမင်းဖြိုခွင်း" သည် အဆင့် ၇ ထိပ်ဆုံးဆင့် ပညာရပ်တစ်ခုဖြစ်ကာ မီးစွမ်းအင်ထျန်းချီကို အဓိကအသုံးပြုရသည်။ "တိမ်နီကောင်းကင်" သည်လည်း မီးစွမ်းအင်ထျန်းချီကို အဓိကအသုံးပြုရသည့် ပညာရပ်ဖြစ်သော်လည်း "နေမင်းဖြိုခွင်း"၏ စွမ်းအားက "တိမ်နီကောင်းကင်" ထက် အပြတ်အသတ် သာလွန်သည်။ ထိုပညာရပ်အား ထုတ်ဖော်လိုက်သည့်အခါ ရဲရဲနီ၍ အလွန်တောက်ပသော ရောင်ခြည်တန်းသည် ကောင်းကင်ထိတိုင် မြင့်တက်သွားပြီး သူရိယနေမင်း လူ့လောကသို့ သက်ဆင်းလာသည့်နှယ် ထင်မှတ်ရသည်။ "နေမင်းဖြိုခွင်း" ၏ စွမ်းအားမှာ အမှန်ပင် မကြုံစဖူး အထင်ကြီးရလောက်သည်။ ကံကောင်းစွာပင် အစီအရင်၏ အလယ်ဗဟိုချက်ရှိ ရွှေရောင်သတ္တုပြားသည် အတော်လေး ကျယ်ဝန်းသည့်အတွက် ယဲ့ချန် လေ့ကျင့်ရန် အနေတော်ဖြစ်သည်။
"နေမင်းဖြိုခွင်း" အား အကြိမ်ကြိမ် လေ့ကျင့်ပြီးသောအခါ ယဲ့ချန် ထိန်းညှိမှုတချို့ ပြုလုပ်နိုင်လာသည်။ လက်ရှိအစွမ်းအစဖြင့် သူသည် "နေမင်းဖြိုခွင်း" ၏ ၃၀ ရာခိုင်နှုန်းမျှသော စွမ်းအားကိုသာ ထုတ်ဖော်နိုင်သေးသည်။ ထျန်းချီအဆင့် ၁၀ သို့ တက်လှမ်းပြီးလျှင်တော့ အနည်းငယ် တိုးတက်ကောင်း တိုးတက်လာနိုင်သည်။
ထို့ပြင် "နေမင်းဖြိုခွင်း" အား အသုံးပြုသည့်အခါတိုင်း အလွန်များပြားသော ထျန်းချီများကို လောင်ကျွမ်းပစ်ရသည်။ ယဲ့ချန် "နေမင်းဖြိုခွင်း" အား တစ်ကြိမ် လေ့ကျင့်ပြီးတိုင်း တစ်ကိုယ်လုံးရှိ ထျန်းချီများ ခန်းခြောက်သွားသလို ခံစားရ၏။ ပီရှို့အား နှိုးဆွကာ ထျန်းချီများ စုပ်ယူမည်ဆိုလျှင်တောင် ကြားထဲတွင် အချိန်အနည်းငယ်တော့ ပေးရသည်။ ထို့ကြောင့် "နေမင်းဖြိုခွင်း" အား လက်တွေ့တိုက်ပွဲများတွင် နောက်ဆုံးဝှက်ဖဲအနေနှင့် ထားသည်က အကောင်းဆုံးဖြစ်လိမ့်မည်။ "နေမင်းဖြိုခွင်း" အား စောစောစီးစီး ထုတ်သုံးပြီးမှ တစ်ဖက် ရန်သူအား ထိထိမိမိ မတိုက်ခိုက်နိုင်လိုက်နိုင်လျှင် ကိုယ့်ဒုက္ခကိုယ်ရှာသလို ဖြစ်သွားနိုင်သည်။
ရှေးဟောင်း ချီစုဆောင်းမှုအစီအရင်ထဲတွင် ယဲ့ချန်၏ လေ့ကျင့်နှုန်းသည် အပြင်ဘက်၌ လဝက်ခန့် လေ့ကျင့်သည်နှင့် ညီမျှသည်။ ထို့ကြောင့် ယဲ့ချန်သည် လက်တလောအတွင်း ဤနေရာမှ ထွက်ခွာသွားရန် အစီအစဉ် မရှိသေးပေ။
တချိန်တည်းတွင်၊ ယဲ့မိသားစုရဲတိုက်၌..။
ယဲ့ချန် ထွက်ခွာသွားပြီးနောက် ယဲ့မိသားစုရဲတိုက်သည် ပုံမှန်အတိုင်း ဆက်လက် လည်ပတ်နေခဲ့သည်။ မိသားစု၏ လေ့ကျင့်ရေးကွင်းပြင်၌ အချိန်မလပ် လေ့ကျင့်နေကြသော လူငယ်လေးများဖြင့် ပတ်ဝန်းကျင်၏ လေထုမှာ တက်ကြွလန်းဆန်းဖွယ် ဖြစ်နေတော့သည်။
ယဲ့ကျန့်ထျန်းနှင့် အကြီးအကဲတစုသည် လေ့ကျင့်ရေးကွင်းပြင်အနီးမှ ဖြတ်လျှောက်သွားကြရင်း ထိုမြင်ကွင်းကိုကြည့်ကာ ကြည်ကြည်နူးနူး ပြုံးမိကြသည်။ ယဲ့မိသားစုသည် လပိုင်းအတွင်း များစွာပြောင်းလဲသွားခဲ့ပြီး မိသားစု၏ အနာဂတ်မှာလည်း မျော်လင့်ချက်များဖြင့် တလက်လက် တောက်ပလျက်ရှိသည်။
"ကျန့်ထျန်း.. ချန်အာ ထွက်သွားတာ ဘယ်လောက်ကြာပြီလဲ"
ယဲ့ချိန်ရွှမ်းက မေးသည်။
"၁၆ ရက်ရှိပြီ"
ယဲ့ကျန့်ထျန်းသည် သားဖြစ်သူ စတင်ထွက်ခွာသွားသည့် နေ့ကတည်းက ရက်များကို မမေ့မလျော့ မှတ်သားထားရာ မဆိုင်းမတွ ပြန်ဖြေလာသည်။
"အင်း အချိန်တွေက တကယ်မြန်တာပဲ"
ယဲ့ချိန်ရွှမ်းသည် အဝေးသို့ နင့်နင့်နဲနဲငေးကြည့်ရင်း ရေရွတ်၏။ သူသည်လည်း မြေးဖြစ်သူကို စိုးရိမ်မိသည့်တိုင် ပြဿနာကြီးကြီးမားမား မဟုတ်သ၍ အသေးအမွှားလောက်ကို ယဲ့ချန် ကိုင်တွယ်နိုင်လောက်မှာပါဟု ယုံကြည်ကာ စောင့်ဆိုင်းနေရသည်။
ဤရက်များအတွင်း ယဲ့မိသားစုရဲတိုက်သို့ အပြင်လူများ အဖွဲ့လိုက် မကြာခဏရောက်လာကြသည်။ ၎င်းတို့အားလုံးသည် ကျောက်စိမ်းမျှော်စင်ဆီသို့ လာရောက်ကြခြင်း ဖြစ်ကာ အချို့အဖွဲ့များသည် ရည်မွန်ယဉ်ကျေးစွာဖြင့် ယဲ့မိသားစုရဲတိုက်တွင် ၁ရက်၊ ၂ရက်မျှ တည်းခိုလိုကြောင်း ခွင့်တောင်းလာကြသည့်အတွက် ဘာပြဿနာမှ မဖြစ်ပေ။ အချို့အဖွဲ့များကတော့ နန်မန်အရိုင်းအစိုင်းအုပ်စုကဲ့သို့ ပြုမူလာကြသည့်အတွက် ယဲ့မိသားစု၏ စွမ်းအားကို မြည်းစမ်းလိုက်ကြရသည်။ အင်အားနည်းစပြုလာပြီဖြစ်သော ရန်မိသားစုနှင့် ချင်မိသားစုများသည် အပြင်လူများ၏ အုပ်စုဖွဲ့တိုက်ခိုက်မှုများကြောင့် ဆုံးရှုံးမှုများစွာ ခံစားခဲ့ရပြီး အမြစ်ပြတ်ချေမှုန်း ခံရတော့မည့်ဆဲဆဲ အခြေအနေသို့ပင် ကျရောက်နေသည်ဟု ကြားရသည်။ လျန်ယွင်အိမ်တော် ဆယ့်ရှစ်ဆောင်ထဲမှ အိမ်တော် အတော်များများ အပြင်လူများ၏ တိုက်ခိုက်မှုတို့ကို ခံခဲ့ရသည်။
ဖရိုဖရဲဖြစ်နေသော လောကကြီးထဲ၌ လုံလောက်အောင် သန်မာမှုမရှိသူများသည် စောစီးစွာ သေဆုံးကြရမည်သာ။ အခြားမိသားစုများ တိုက်ခိုက်ခံရသည့် သတင်းတို့ကို ကြားကတည်းက မိသားစုဝင်များသည် ယဲ့ချန်အပေါ် အလွန် ကျေးဇူးတင်နေကြသည်။ ယဲ့ချန်ကြောင့်သာ မဟုတ်ပါက ယဲ့မိသားစုသည်လည်း ရန်မိသားစု၊ ချင်မိသားစုတို့နှင့် တူညီသောကံကြမ္မာကို ရင်ဆိုင်နေရလောက်ပြီ ဖြစ်သည်။
ကျည်.. ကျည်..
ကျယ်လောင်သော ငှက်အော်သံတစ်ခု ကောင်းကင်ယံထက်မှ ထွက်ပေါ်လာသည်။ သိမ်းငှက်တစ်ကောင်သည် ယဲ့မိသားစုရဲတိုက်၏ အထက်တွင် စက်ဝိုင်းသဏ္ဌာန် လှည့်ပတ်ပျံသန်းနေ၏။ သိမ်းငှက်၏ အရွယ်အစားသည် လူတစ်ယောက်၏ ခန္ဓာကိုယ်ထက်ပင် ပိုကြီးနေသေးသည်။ အားဖန် ၁ နှင့် အားဖန် ၂တို့သည် သိမ်းငှက်အော်သံကို ကြားသောအခါ ဂနာမငြိမ် ဖြစ်လာကြတော့သည်။
"ဘာဖြစ်တာလဲ"
"မှော်သားရဲတွေ ရဲတိုက်ကို လာတိုက်ခိုက်တာလား"
"ဒူးလေးသမားတွေကို ပစ်ဖို့ အသင့်ပြင်ခိုင်းထားလိုက်"
ယဲ့မိသားစုရဲတိုက် နံရံထက်ရှိ ဒူးလေးသမားများသည် ကောင်းကင်ထက်ရှိ သိမ်းငှက်အား လျင်မြန်စွာ ချိန်ထားကြသည်။ ဒူးလေးသမားများ အားလုံးသည် ကောင်းမွန်စွာ လေ့ကျင့်ထားကြသည့် အရည်အချင်း ပြည့်ဝသူများဖြစ်သည်။ ယဲ့မိသားစုသည် ထိုဒူးလေးသမားများအား တုန်းလင်ပြည်နယ်၊ ကုန်သည်ကြီးများအဖွဲ့ထံမှ ဝယ်ယူထားခြင်း ဖြစ်သည်။ ဒူးလေးသမား တစ်ယောက်ချင်းစီသည် ရှိန်လောက်သော စွမ်းအားများ ပိုင်ဆိုင်ကြပြီး ထျန်းချီအဆင့် ၉ ကျင့်ကြံသူများပင် ၎င်းတို့၏ ဒူးလေးပစ်ချက်ကို မခုခံနိုင်ကြပေ။
သိမ်းငှက်အား မြင်လိုက်ချိန်တွင် ယဲ့ချိန်ရွှမ်းနှင့် ယဲ့ကျန့်ထျန်းတို့ အကြည့်ချင်း ဖလှယ်လိုက်မိကြသည်။ မျှော်လင့်ထားသည့်အတိုင်း နောက်ဆုံးတော့ ထိုနေရာမှ တစုံတစ်ယောက်ကား ရောက်လာခဲ့လေပြီ။
"ဒူးလေးတွေကိုချထားကြ။ ငါ့အမိန့်မရှိဘဲ ဘယ်သူမှမပစ်ရဘူး"
ယဲ့ကျန့်ထျန်း၏ ထျန်းချီများ ထည့်သွင်းထားသော အသံသည် ယဲ့မိသားစုရဲတိုက် တစ်ခုလုံးသို့ ပျံ့လွင့်ပဲ့တင်ထပ် သွားသည်။
"နားလည်ပါပြီ ခေါင်းဆောင်ဟောင်း"
ယဲ့မိသားစုဝင်များသည် တညီတညွတ်တည်း အော်လိုက်ကြသော်လည်း မည်သည်တို့ ဖြစ်ပျက်နေသည်ကို မသိရသေးရာ စိုးရိမ်နေသော အမူအရာတို့ဖြင့် ရှိနေကြသည်။ မှော်သားရဲတစ်ကောင် ရဲတိုက်အတွင်းသို့ ကျူးကျော်လာသည်ကို မြင်လျက်နှင့် ခေါင်းဆောင်ဟောင်းသည် အဘယ့်ကြောင့် တိုက်ခိုက်ခွင့်မပေးရသည်လဲ။
"ယဲ့မုန့်.. လော့အာကိုသွားရှာပြီး ဒီကိုလာခဲ့ဖို့ ပြောပေးပါဦး"
ယဲ့ချိန်ရွှမ်းသည် နံဘေးတွင်ရပ်နေသော ယဲ့မုန့်အားကြည့်ကာ ပြောသည်။
"နားလည်ပါပြီ ဘိုးဘိုးကြီး"
ယဲ့မုန့်သည် ယဲ့ချိန်ရွှမ်းအား အရိုအသေပေးပြီးနောက် ယဲ့လော့၏ ခြံဝင်းဆီသို့ ကပျာကယာ ထွက်ခွာသွားသည်။ ယဲ့လော့သည် ယဲ့မိသားစုထဲရှိ အသက်ကြီးကြီး ဇနီးမောင်နှံနှစ်ဦးထံတွင် ငယ်စဉ်ကတည်းက အပ်နှံထားခဲ့ခြင်း ခံရသူ ဖြစ်သည်။ ယဲ့လော့အား စောင့်ရှောက်ထားသော ဇနီးမောင်နှံသည် အလွန်ကြင်နာတတ်သူများ ဖြစ်ပြီး သိုင်းပညာ လုံးဝမတတ်မြောက်ကြပေ။
ယဲ့မုန့်သည် ယဲ့လော့၏ ခြံဝင်းသို့ လာရာလမ်း၌ အလျင်အမြန် ပြေးလာနေသော ယဲ့လော့အား မြင်လိုက်ရ၏။
ထိုအချိန်တွင်ပဲ သိမ်းငှက်သည် ကောင်းကင်ထက်တွင် လှည့်ပတ်နေရာမှ မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ ဆင်းလာလေသည်။
***