နှုတ်ဆက်ထွက်ခွာခြင်း
Vol. 8 Ch. 102
လေ့ကျင့်ရေးကွင်းပြင်တွင် လေ့ကျင့်နေသူများလည်း အနားတွင် စုဝေးလာကြပြီး သိမ်းငှက်သည် မည်သည့်နေရာမှ ရောက်လာသည်ကို ဆွေးနွေးနေကြသည်။
သိမ်းငှက်သည် မြေပြင်ပေါ်သို့ ဆင်းသက်လာသောကြောင့် သိမ်းငှက်အပေါ်တွင် စီးနင်းလာသူ တစ်ယောက်ပါကြောင်း အားလုံး မြင်လိုက်ရသည်။ သိမ်းငှက်၏ အရွယ်အစားသည် အလွန်ကြီးမားပြီး အားဖန် ၁နှင့် အားဖန် ၂တို့ ပေါင်းစပ်ထားသည်ထက်ပင် ကြီးမားသေးသည်။ ထိုမျှကြီးမားသော သိမ်းငှက်ကြီးအား မည်သို့သောလူက ယဉ်ပါးစေနိုင်ခဲ့သည် မသိပေ။
ယဲ့လော့သည် မြေပြင်ထက်သို့ ဆင်းသက်လာနေသော သိမ်းငှက်အားကြည့်ကာ အံကြိတ်လေသည်။ သူမ၏ မျက်လုံးလေးများကမူ ဝမ်းနည်းမှုတို့ဖြင့် အရောင်မှိန်လျက် ရှိသည်။
ယဲ့ချိန်ရွှမ်းနှင့် ယဲ့ကျန့်ထျန်းတို့သည် ယဲ့လော့အားကြည့်ကာ တိတ်တဆိတ် သက်ပြင်းချမိကြသည်။ ဖြစ်ချင်တော့ သည်အချိန်တွင်မှ ချန်အာကလည်း ခရီးထွက်နေပြီး ပြန်မရောက်သေးရာ လော့အာအား နောက်ဆုံးနှုတ်ဆက်ရန် မှီတော့မည် မထင်ပေ။ အကယ်၍ သူတို့ကြားတွင် ကြားဝင်နှောင့်ယှက်မည့်သူများသာ မရှိပါက ချန်အာနှင့်လော့အာတို့သည် လူတကာအားကျရသည့် စုံတွဲတတွဲအဖြစ် အတူတကွ ရှိနေနိုင်လောက်သည်။ ထို့သို့အတွေးနှင့် ယဲ့ချိန်ရွှမ်းသည် ဘယ်သူ့ကို စိတ်တိုလို့တိုရမှန်း မသိတော့သလို ခံစားရသည်။
ပြင်းထန်သော လေပွေတချက် ဖြတ်တိုက်သွားကာ မြေပြင်ထက်ရှိလူများအား ဘေးသို့ရှဲသွားစေပြီး သိမ်းငှက်ကြီးသည် ယဲ့မိသားစုရဲတိုက်၏ အလယ်တည့်တည့်တွင် ဆင်းသက်လိုက်သည်။
လေပွေငြိမ်သက်သွားသောအခါ ယဲ့မိသားစုဝင်များသည် သိမ်းငှက်ကြီး၏ အသွင်သဏ္ဌာန်အား ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သိမ်းငှက်ကြီးသည် ဖွံ့ဖွံ့ထွားထွား ယောက်ျားသား နှစ်ရပ်စာခန့် ရှည်လျားပြီး တကိုယ်လုံးရှိ အမွေးအတောင်များမှာ နက်မှောင်နေသည်။ အကြည့်တချက်နှင့်တင် သိမ်းငှက်ကြီးသည် အားဖန် ၁နှင့် အားဖန် ၂တို့ထက် ပိုအစွမ်းထက်ကြောင်း ထင်ရှားသည်။ အဆင့် ၁၀ မှော်သားရဲတစ်ကောင် ဖြစ်ဖို့များသည်။
သိမ်းငှက်သည် အားဖန် ၁နှင့် အားဖန် ၂တို့အတွက် သဘာဝမှ သတ်မှတ်ပေးထားသော ရန်သူဖြစ်ရာ ၎င်းတို့သည် ခပ်ဝေးဝေးမှ မာန်ဖီနေကြသော်လည်း ရှေ့သို့ တိုးမလာရဲကြပေ။
သိမ်းငှက်ကြီးထက်တွင် စီးနင်းလာသူသည် လူအုပ်အား နှုတ်ဆက်ရန် မြေပြင်ပေါ်သို့ ဆင်းလာသည်။ အသက် ၄၀ ခန့် ရှိလောက်မည့် သားသားနားနား ဝတ်ဆင်ထားသော အမျိုးသမီးကြီးတစ်ယောက် ဖြစ်သည်။ အမျိုးသမီးကြီးသည် ဆံပင်တို့အား အပြောင်သိမ်းကာ ခေါင်းထိပ်တွင် ဆံထုံးအသွင် ရစ်ပတ်ထားပြီး တချောင်းတည်းသော ငွေဆံထိုးကို ထိုးထားသည့်ဟန်က သူမအား ပိုလို့ ကျက်သရေရှိသွားစေသည်။ ခပ်လှမ်းလှမ်းတွင် မာန်ဖီနေကြသော အားဖန် ၁နှင့် အားဖန် ၂တို့အား မြင်သောအခါ အမျိုးသမီးကြီး၏ မျက်နှာထက်တွင် အံ့အားသင့်နေသည့် အရိပ်အယောင်တချို့ ဖြတ်ပြေးသွားသည်။ သူမက ယဲ့မိသားစုသည် မှော်သားရဲများအား ယဉ်ပါးစေနိုင်လိမ့်မည်ဟု ထင်မှတ်မထားပုံ ရသည်။
“ဘွားဘွားယဲ့ကိုယ်တိုင် ရောက်လာလိမ့်မယ်လို့ ထင်မထားဘူး။ ကြိုတင်ပြီး ထွက်မကြိုမိတဲ့အတွက် ခွင့်လွှတ်ပေးပါ”
ယဲ့ကျန့်ထျန်းသည် အမျိုးသမီးကြီးအား ဦးညွှတ်နှုတ်ဆက်လျက် ရိုရိုသေသေပြော၏။ လော့အာကို တချက် လှမ်းကြည့်မိလျှင် ယဲ့ကျန့်ထျန်းသည် နှလုံးသားထဲ၌ ဝမ်းနည်းမှုတစွန်းတစကို ခံစားရသည်။
အမျိုးသမီးကြီးသည် အလေးမထားဟန်ဖြင့် လက်တစ်ဖက်အား ဝှေ့ယမ်းသည်။
“အရမ်းယဉ်ကျေးနေဖို့မလိုဘူး။ ဒီနေ့ လော့အာကို ပြန်ခေါ်သွားဖို့ ငါလာခဲ့တာ”
အမျိုးသမီး၏ လေသံသည် မောက်မောက်မာမာ ရှိလှပြီး ယဲ့ကျန့်ထျန်းအပေါ် အနည်းငယ်မျှ လေးစားမှုပင် မပြသပေ။
ယဲ့မိသားစုဝင်များသည် ယဲ့ကျန့်ထျန်း၏ အမျိုးသမီးကြီးအပေါ် ‘ဘွားဘွားယဲ့’ ဟု ခေါ်ဆိုလိုက်ခြင်းအား အံ့အားသင့်သွားကြသည်။ အမျိုးသမီးကြီးသည် ပုံပန်းအားဖြင့် အသက် လေးဆယ်ဝန်းကျင်ခန့်သာ ရှိလိမ့်မည်ဟု ထင်ရသည်။ အမျိုးသမီးကြီး၏ မျိုးရိုးအမည်မှာလည်း ‘ယဲ့’ ဖြစ်ရာ ယဲ့မိသားစု၏ သွေးဝေးဆွေမျိုး ဖြစ်နိုင်သည်။ သို့သော် နေရာအနှံ့တွင် ပြန့်ကျဲနေသော ယဲ့မိသားစု၏ သွေးဝေးဆွေမျိုးများထဲတွင် နောက်ခံအင်အား ကြီးမားသူ ရှိသည်ဟုလည်း တခါမှ မကြားဖူးပေ။
တချို့ကိစ္စရပ်များကို မိသားစုခေါင်းဆောင် ဖြစ်ခဲ့ဖူးသော ယဲ့ချိန်ရွှမ်းနှင့် ယဲ့ကျန့်ထျန်းတို့ကလွဲ၍ ကျန်မိသားစုဝင်များ မသိကြတာ ဖြစ်သည်။ တုန်းလင်ပြည်နယ်၊ ယဲ့မိသားစုအခွဲနှင့် အမျိုးသမီးကြီးနေထိုင်ရာ မိသားစုအခွဲတို့အကြား အငြင်းပွါးမှုများနှင့် အာဃာတများ ရှိနေပြီး ယနေ့ထိတိုင် ပြေလည်သွားခြင်း မရှိပေ။ ထို့ကြောင့်လည်း တစ်ဖက်နှင့်တစ်ဖက် အဆက်အသွယ် သိပ်မရှိကြခြင်း ဖြစ်သည်။
“ဘွားဘွားယဲ့.. ဒီကမိသားစုဝင်တွေကို နှုတ်ဆက်ဖို့ လော့အာကို ဒီမှာ ရက်အနည်းငယ်လောက် နေခွင့်ပြုနိုင်မလား”
ယဲ့ကျန့်ထျန်းသည် မျက်နှာပျက်နေသော ယဲ့လော့ကိုကြည့်ကာ သနားစိတ်ဝင်မိသောကြောင့် ခွင့်တောင်းကြည့်လိုက်သည်။ ချန်အာကလည်း ယခုထိ ပြန်မရောက်သေးတာ ခက်လှသည်။ ချန်အာနှင့် လော့အာတို့သည် သံယောဇဉ် ကြီးကြရှာသော်လည်း နှစ်ဦးသား၏ အဆင့်အတန်းများက အလွန်ကွာခြားနေသည်မှာ စိတ်မကောင်းစရာပင်။
“မရဘူး။ ဒီနေရာမှာ အချိန်ဖြုန်းမနေနိုင်ဘူး။ ငါတို့ ဒီနေ့ပဲပြန်မှာ”
အမျိုးသမီးကြီး၏ အမည်အပြည့်အစုံမှာ ယဲ့မင်ဖြစ်သည်။ သူမက စဉ်းပင်မစဉ်းစားဘဲ ယတိပြတ် ငြင်းသည်။
အမျိုးသမီးကြီးနှင့် ညှိနှိုင်း၍မရသောကြောင့် ယဲ့ကျန့်ထျန်းလည်း မတတ်နိုင်တော့ဘဲ ယဲ့လော့ကိုသာ တိုက်ရိုက် ပြောရတော့သည်။
“လော့အာ.. သမီးရဲ့မိဘရင်းတွေက အဲဒီမှာရှိနေတာဆိုတော့ ဒီကိစ္စကို သမီးကိုယ်တိုင်ပဲ ဆုံးဖြတ်တာကောင်းလိမ့်မယ်”
အမျိုးသမီးကြီး၏ သဘောထားကိုမြင်သော် ယဲ့ချိန်ရွှမ်းသည် မနေနိုင်ဘဲ နှာခေါင်းရှုံ့မိသည်။ ထိုနေရာရှိ လူတွေအားလုံးသည် မာနခေါင်ခိုက်နေကြပြီး အခြားသူများကို သူတို့ထက် နိမ့်ကျသူများဟု တယူသန် မှတ်ယူထားကြသည်။ နှစ်တွေကြာတာတောင် မပြောင်းလဲကြ။
ယဲ့မင်၏ မျက်လုံးများသည် ယဲ့ကျန့်ထျန်းနံဘေးတွင် ရပ်နေသော ယဲ့လော့ထံ အကြည့်ရောက်ချိန်တွင် အရောင်လက်သွား၏။ သူမရှေ့ရှိ လှပကာ ကျက်သရေရှိသော မိန်းမပျိုလေးကား ယဲ့လော့တဲ့လား..။
အနီးကပ် ကြည့်ကြည့်တော့မှ ယဲ့လော့၏ မျက်နှာကျသည် သူမမိခင်နှင့် တော်တော်လေး ဆင်တူသည်။ ယဲ့မင်၏ မျက်နှာထားသည် ချက်ချင်း ပျော့ပျောင်းသွားပြီး မေးလာသည်။
“မင်းက ယဲ့လော့လား။ ဟုတ်ပါတယ် သေချာကြည့်မှ မင်းအမေနဲ့ တကယ်တူတာပဲ။ ဒီနေ့ မင်းကို အိမ်ပြန်ခေါ်သွားပေးမယ်”
ယဲ့လော့သည် ယဲ့မင်အား တချက်သာကြည့်ပြီး ယဲ့ကျန့်ထျန်းနှင့် ကျန်လူများအား ဝမ်းနည်းမှုတို့ လွှမ်းခြုံနေသော မျက်လုံးတို့ဖြင့် ကြည့်၏။ အချိန်ကျလာလျှင် ဤနေရာမှ ထွက်သွားရမည်မှန်း သူမ ကြိုသိထားပါသော်လည်း ယခုကဲ့သို့ လျင်လျင်မြန်မြန် အချိန်ကျလာမည်ဟု တွေးမထားမိပေ။ အကိုချန်သည်လည်း ခရီးထွက်သွားရာမှ ပြန်မရောက်သေး။ ယနေ့ သူမ ဤနေရာမှ ထွက်သွားခဲ့ပြီးလျှင် အချိန်ဘယ်လောက်ကြာတော့မှ အကိုချန်နှင့် ပြန်ဆုံတွေ့ခွင့် ရမည်မှန်း မသေချာလှပေ။
“လော့အာ.. ဒီအတောအတွင်း ကောင်းကောင်းတောင် ဂရုစိုက်မပေးလိုက်ရဘူး။ လမ်းခရီးမှာဂရုစိုက်သွားနော်”
ယဲ့ချိန်ရွှမ်းက စိတ်မကောင်းဟန်ဖြင့် ပြောသည်။
“မဟုတ်တာ ဘိုးဘိုးကြီးရယ်။ ဒီနှစ်တွေအတွင်း လော့အာ အရမ်းကို ကောင်းကောင်းမွန်မွန် နေခဲ့ရပါတယ်။ လော့အာကို ပေးခဲ့တဲ့ ကြင်နာမှုတွေကို ပြန်ပေးဆပ်ဖို့ အခွင့်အရေးတောင် မရသေးဘူး။ လော့အာ ကန်တော့တာကို ကျေးဇူးပြုပြီး လက်ခံပေးပါနော်”
မျက်ရည်စလေးများသည် ယဲ့လော့၏ နှင်းဆီရောင်ပါးမို့လေးထက်သို့ တလိမ့်လိမ့် စီးကျလာကြသည်။ သူမက မြေပြင်တွင် ဒူးထောက်ချရန် ပြင်နေသည်မို့ ယဲ့ချိန်ရွှမ်း ကပျာကယာ တားလိုက်ရသည်။
"လော့အာက ငယ်ငယ်တည်းက ဒီရဲတိုက်ကြီးမှာ ကြီးပြင်းခဲ့တာမို့ ဘိုးဘိုးကြီးက လော့အာကို မြေးအရင်းလိုပဲ သဘောထားတယ်။ အခု လော့အာရဲ့ မိဘရင်းတွေဆီ ပြန်သွားရမဲ့အချိန်ကို ရောက်လာပေမဲ့လည်း မှတ်ထားနော်။ ယဲ့မိသားစုရဲတိုက်က အမြဲတမ်း လော့အာရဲ့အိမ်အဖြစ် ရှိနေမှာမလို့ ဘယ်အချိန်ချိန်ဖြစ်ဖြစ် ပြန်လာလို့ရပါတယ်ကွယ်”
ယဲ့ချိန်ရွှမ်းသည် ပူဆွေးမှုကို ထိန်းချုပ်ကာ ပြောသည်။ ပြောသာပြောရသည်၊ ယဲ့လော့အတွက် ဒီနေရာကို ပြန်လာဖို့ဆိုသည်မှာ မဖြစ်နိုင်သလောက်ရှိကြောင်း သူလည်း သိပါ၏။
“ဦးလေးကျန့်ထျန်း.. ဒီပစ္စည်းတွေကို အကိုချန့်ကို ပေးပေးပါနော်”
ယဲ့လော့သည် သူမ၏ ကောင်းကင်ပထဝီအိတ်ထဲမှ ပစ္စည်းတချို့အား ထုတ်ယူကာ ပိုးသားပုဝါတထည်ဖြင့် ထုတ်ပိုးပြီး ယဲ့ကျန့်ထျန်းလက်ထဲသို့ ထည့်ပေးလာ၏။
“အကိုချန်ပြန်ရောက်လာမှ သူကိုယ်တိုင်ဖွင့်ကြည့်ပါစေ”
ယဲ့လော့၏ အလေးအနက်ထားသော အမူအရာကြောင့် ယဲ့ကျန့်ထျန်း သက်ပြင်းချမိကာ ကတိပေးလိုက်ရသည်။
“ဦးလေး ဒါကို သေချာသိမ်းထားပြီး ချန်အာပြန်လာမှ ထုတ်ပေးလိုက်ပါ့မယ်”
ယဲ့လော့သည် ပင့်သက်ရှိုက်ကာ ခေါင်းညိတ်ပြသည်။ အကိုချန် ရှိမနေတာလည်း တမျိုးကောင်းသည်ဟု သူမ တွေးမိသည်။ သူသာ ရှိနေပါက ဤနေရာမှ ထွက်သွားဖို့ရန် ပိုလို့တုံ့ဆိုင်းနေမိပေလိမ့်မည်။ သူမသည် ယဲ့မိသားရဲတိုက်အနှံ့ရှိ ရင်းနှီးနေသော နေရာများအား သတိလက်လွတ် ငေးမောကြည့်နေမိ၏။ ငယ်ဘဝ၏ အဖိုးတန်လှသော မှတ်ဉာဏ်များအားလုံးသည် ဤနေရာ၌ ရှိနေသည်။ သူမ ငယ်စဉ်က အနိုင်ကျင့်ခံရတိုင်း အကိုချန်က အမြဲ ကာကွယ်ပေးတတ်သည်။ အကိုချန်၏ သန်မာသော ပခုံးများသည် သူမအတွက် အမြဲတမ်း မှီခိုလိုခဲ့သော အနွေးထွေးဆုံး နေရာလေး ဖြစ်ခဲ့တာပင်။ တချိန်က ဖြူစင်ခဲ့သော သံယောဇဉ်များသည် အရွယ်ရောက်လာသည်နှင့်အမျှ အချစ်ဟူသော အရာအဖြစ်သို့ ပြောင်းလဲသွားသည်ကို သူမ သတိမထားမိတာမဟုတ်၊ ထုတ်ဖော်ပြရန် မဖြစ်နိုင်သောကြောင့် နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာ၌ သိမ်းဆည်းထားခဲ့ရုံသာ။
ယဲ့လော့၏ မွေးစားမိဘများဖြစ်ကြသော အသက်ကြီးကြီး စုံတွဲလည်း ရောက်လာကြသည်။ နှစ်ဦးလုံး၏ ဆံပင်များမှာ မီးခိုးရောင်သန်းနေပြီး မျက်လုံးများက မျက်ရည်ဝဲနေကြသော်လည်း ယဲ့လော့ စိတ်မကောင်းဖြစ်မည်စိုး၍ မျက်ရည်မကျစေရန် ထိန်းထားကြရှာသည်။ တနေ့၌ ယခုကဲ့သို့ ခွဲခွါရမည်မှန်း သိထားသည့်တိုင် ၎င်းတို့သည် မွေးစားသမီးလေးအား တကယ်တမ်း နှုတ်ဆက်ရမည့် အချိန် ရောက်လာသောအခါ ဝမ်းမနည်းဘဲ မနေနိုင်ကြပေ။
“အဖေ၊ အမေ.. လော့အာ နောက်ဆုံးကန်တော့တာကို လက်ခံပေးပါ”
ယဲ့လော့သည် အဘိုးကြီး၊ အဘွားကြီး စုံတွဲရှေ့မှောက်တွင် ဒူးထောက်ကာ လေးလေးနက်နက် ကန်တော့လေသည်။
ဘေးမှလူများသည် ဝိုင်းထူကြသော်လည်း ယဲ့လော့သည် ခေါင်းမာစွာဖြင့် မွေးစားမိဘနှစ်ပါးအား သုံးကြိမ်တိတိ ကန်တော့ဖြစ်အောင် ကန်တော့၏။
ထိုသည်ကိုမြင်သော် အမျိုးသမီးကြီးယဲ့မင်သည် သိပ်ကျေနပ်ပုံမရ။ ယဲ့လော့၏ မြင့်မားလှသော အဆင့်အတန်းနှင့် ဂုဏ်ဒြပ်အရ ဘာသိုင်းပညာမှ မတတ်သည့် သာမန် သက်ကြီးစုံတွဲအပေါ် ထိုမျှ ရိုသေနေစရာ လိုလို့လားဟု သူမ တွေးမိသည်။
ထို့နောက်တွင် ယဲ့လော့သည် အခြားသော မိသားစုဝင်များကိုလည်း နှုတ်ဆက်စကားဆိုသည်။ သူမသည် ထွက်သွားရန် တွန့်ဆုတ်နေသည်မှာ ထင်ရှားပေသည်။
“မြန်မြန်လုပ်လေ လော့အာ။ သွားကြရအောင်”
ယဲ့မင်က လောဆော်သည်။ ဂိုဏ်းသို့ ပြန်ရောက်သောအခါ သူမအား မည်သို့သောဘဝမျိုးက အသင့်စောင့်နေကြောင်း ယဲ့လော့ သိသွားလျှင် ဤအညတရ ယဲ့မိသားစုအား လွမ်းနေတော့မည် မဟုတ်ပေ။ ထိုသို့အတွေးနှင့် ယဲ့မင် မဲ့ပြုံးပြုံးမိသည်။
ယဲ့မုန့်တို့ လူငယ်တသိုက်သည် ယဲ့လော့အား လက်ဝှေ့ယမ်းလျက် နှုတ်ဆက်နေသည်မှာ မရပ်တော့ပေ။ မိသားစုထဲမှ တချို့ မိန်းမငယ်လေးများဆိုလျှင် ယဲ့လော့ကို ဖက်၍ပင် တရှုံ့ရှုံ့ ငိုနေကြလေသည်။
“အမလော့.. နှုတ်ဆက်ပါတယ်”
“လမ်းမှာဂရုစိုက်ဦးနော် အမလော့”
“အမလော့က ထွက်သွားရတော့မယ်။ အကိုချန်က ဘာလို့ ခုထိပြန်မရောက်သေးတာလဲ”
ယဲ့မုန့်သည် ခပ်တိုးတိုးရေရွတ်လျက် အမျိုးသမီးကြီးယဲ့မင်အား လှမ်းကြည့်မိသည်တွင် သူမ၏ မတည်မငြိမ်ဖြစ်နေသော မျက်နှာထားကြောင့် နားမလည်နိုင်အောင် ရှိသည်။ သူမသည် အဘယ့်ကြောင့် အမလော့အား ခေါ်သွားဖို့ရန် အလွန်လောနေသည်မသိ။ သို့သော် လူကြီးများကပင် ဘာမှမပြောရာ လူငယ်မျိုးဆက်ဖြစ်သော သူ့အဖို့ ဝင်စွက်ဖက်ရန် မသင့်ပေ။
တကယ်တမ်းတွင် ယဲ့ကျန့်ထျန်းနှင့် ယဲ့ချိန်ရွှမ်းတို့သည်လည်း မပြောနိုင်၍သာ မပြောရခြင်းဖြစ်ပြီး ယဲ့လော့ကို ထွက်မသွားစေလိုကြပေ။ သူတို့က နှစ်အနည်းငယ်အတွင်း ယဲ့ချန်နှင့်ယဲ့လော့တို့ အရွယ်ရောက်သောအခါ နှစ်ဦးသားကို လက်ဆတ်ပေးရန် ကြံရွယ်ထားခဲ့သည်။ သို့သော်လည်း တစ်ဖက်တွင် ရှိနေသည်က ယဲ့လော့၏ မိဘရင်းများဖြစ်ရာ သူတို့လို အပြင်လူများအနေနှင့် ယဲ့လော့အား တားဆီးပိုင်ခွင့် ရှိမနေပြန်ပေ။
***