ဝိညာဉ် ဖွဲ့စည်းခြင်း အင်မော်တယ်ရေကန်
Vol. 39 Ch. 536
“ကျုပ်က အဲအကြောင်း မေ့ထားလိုက်ပြီး ပြီးတော့ ဘာမှလည်း မဟုတ်ဘူးလေ” မိုဝူကျီက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ သူ့ရှေ့မှ အမျိုးသမီးမှာ ဤကိစ္စကြောင့် ရောက်လာခြင်း မဟုတ်ကြောင်း သိနေသည်။
မိုဝူကျီ စကားများကို ကြားပြီးနောက် လင်းဂူက စိတ်သက်သာရာ ရသွားဟန်ဖြင့် ဖြည်းဖြည်းချင်း မတ်တတ်ရပ်ကာ ..
“ကျွန်မအတွက် ပြောဖို့ ခက်ခဲပေမဲ့ အစ်ကိုမိုက ကျွန်မကို တစ်ခေါက်လောက် ကူညီပေးနိုင်မလားလို့ပါ ...”
မိုဝူကျီက ဘာမှပြန်မပြောပေ။ သူက ဤတာအို သူတော်စင်နှင့် မရင်းနှီးသည အတွက် အဘယ်ကြောင့် ကူညီပေးရမည်နည်း။ ဆုလာဘ် ရှိနေလျှင်ပင် သူက လုပ်မည် မဟုတ်ပေ။ တစ်ဖက်လူမှာ သူလိုအပ် နေသည့်အရာကို မပေးနိုင်လောက်ကြောင်း ယုံကြည်သည်။ သာမာန်အရာမျိုးမှာ သူ့အာရုံကို ဖမ်းစားနိုင်မည် မဟုတ်ပေ။
လင်းဂူက မိုဝူကျီ အပြုအမူကို စိတ်ထဲ မထားဘဲ ဆက်ပြောလိုက်သည်။
“ကျွန်မရဲ့ နတ်ဆိုးစန္ဒာ အင်မော်တယ် ကျောင်းတော်နဲ့ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ကြားက ဆက်ဆံရေးက အမြဲတမ်း သာမာန် ဖြစ်နေလို့ အဖွဲ့ရဲ့ ထိပ်တန်းသမားတော်ဆီ အကူအညီတောင်းဖို့ မလုပ်နိုင်ကြဘူး”
“ ခဏ ...” မိုဝူကျီက လင်းဂူ စကားကို ဖြတ်ပြောလိုက်သည်။
“ ခင်ဗျားလည်း ကျုပ်နောက်ခံကို သိနေတဲပုံပဲ။ ဒါပေမဲ့ ကျုပ်က ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ကို ဝင်ထားတာ သိပ်မကြာသေးလို့ အဖွဲ့ရဲ့ သမားတော်တွေကို ဘယ်သူမှ မသိဘူး။
ပြီးတော့ ဆေးလုံး တာအိုအင်မော်တယ် မဟာမိတ်အဖွဲ့ရဲ့ အဓိကက ဆေးလုံး တာအိုလေ။ ကျုပ်ရဲ့ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ရဲ့ အဆင့်အတန်းက မြင့်တယ် ဆိုပေမဲ့လည်း ခင်ဗျား ရှာနေတဲ့ ထိပ်တန်း သမားတော်ကိုတော့ တောင်းဆိုပေးလို့ မရဘူး။ ကျုပ်သိသလောက်ဆိုရင် အဲဒီထိပ်တန်း သမားတော်တွေက ကျုပ်တို့ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့နဲ့ ပတ်သက်မှု မရှိဘူးလေ”
လင်းဂူက နောက်တစ်ကြိမ် ထပ်ဦးညွှတ်ကာ …
“သိပါတယ် ... ကျွန်မ အမေရဲ့ ကျန်းမာရေးက အရေးကြီး အင်္ဂါအစိတ်အပိုင်းတွေထိ ထိခိုက်နေလို့ အစ်ကိုမိုများ တစ်ခါလောက် လိုက်ကြည့် ပေးနိုင်မလားလို့ အကူအညီ တောင်းတာပါ။ ကျွန်မကို ဘယ်လိုအရာ တောင်းဆို တောင်းဆို ကျွန်မ လင်းဂူအနေနဲ့ လုပ်ပေးနိုင်တာဆိုရင် သေချာပေါက် ကြိုးစား လုပ်ပေးပါ့မယ်”
မိုဝူကျီ၏ မျက်နှာက အနည်းငယ် မသာမယာ ဖြစ်သွားကာ …
“ကျုပ်က ဆေးလုံးတာ အိုအင်မော်တယ် မဟာမိတ်အဖွဲ့ရဲ့ အကြီးအကဲ တစ်ယောက်ပဲလေ။ ဆေးလုံးဖော်စပ်တာ ဆိုရင်တော့ ကျုပ်က အခြေခံအကျဆုံး ဆေးလုံးတွေကို ဖော်စပ်နိုင်တယ် ဆိုပေမဲ့ လူတစ်ယောက်ကို ကုသပေးဖို့ ဆိုရင်တော့ ပညာရှင် သမားတော် တစ်ယောက်ဆီ သွားသင့်တယ်။ ကျုပ်က မကူညီချင်လို့ မဟုတ်ဘဲ အဲလိုလုပ်နိုင်စွမ်း မရှိလို့ပါ ...”
မိုဝူကျီက အတော်လေး ပြောစရာ ရှာမတွေ့ ဖြစ်သွားလေ၏။ တာအို သူတော်စင် ဆိုလိုသည့် သူ့အနေနှင့် အဘယ်ကြောင့် ကုသဖို့ လိုအပ်နေလဲ ဆိုသော အချက်ကို နားမလည်ပေ။ သူ့က ဆေးပညာတာအိုနှင့် အထိအတွေ့ မရှိပေရာ သူမ အမေကို မည်သို့ ကုသပေး ရမည်နည်း။
ထို့အပြင် မိုဝူကျီက ဆေးပညာတာအိုမှာ ဆေးလုံးတာအိုထက် ပိုမိုကျယ်ပြန့်ကြောင်း သိထားကာ ဆေးလုံးတာအိုက ဆေးပညာတာအို၏ အခွဲတစ်ခု ဖြစ်သည်ဟု ဆိုလျှင်ပင် မှားယွင်းနေခြင်းတော့ မဟုတ်ပေ။
လင်းဂူက စိုးရိမ်စွာ ပြောလိုက်သည်။
“အစ်ကိုမိုက ဂုဏ်ထူးဆောင် အဆင့်၄ ဆေးလုံး ဘုရင်ပါ။ ဒီဆေးလုံးတာအ အင်မော်တယ် မဟာမိတ်အဖွဲ့ထဲမှာ ဂုဏ်ထူးဆောင် ဆေးလုံးဘုရင်အဆင့် သိပ်မရှိတာကို သိပါတယ်။ အဲဒါကြောင့် အကူအညီ လာတောင်းတာပါ”
နောက်ထပ် အကြောင်းအရင်းတစ်ခု ရှိသေးသော်လည်း လင်းဂူ မပြောလိုက်ခြင်းမှာ မိုဝူကျီ ဒေါသထွက်သွားမည်ကို စိုးရိမ်၍ ဖြစ်သည်။ သူမက မိုဝူကျီမှာ ရွှေရောင်အိမ်ကြီးနှင့် တွေ့လာသော်လည်း ကျိုးပျက်ကမ္ဘာမှ မြို့ပျက်မှ ထွက်လာနိုင်သည့် အကြောင်းကို ကြားလိုက်ရသည်။ ထိုမျှတင် မကဘဲ မိုဝူကျီက ယုံရင်အင်မော်တယ် နယ်မြေမှ လူဆယ်ယောက်ကျော်ကို ခေါ်ဆောင်၍ ထွက်လာနိုင်ခြင်း ဖြစ်ပေ၏။
လင်းဂူက မြို့ပျက်ထဲမှ ဒဏ်ရာမရဘဲ ထွက်လာနိုင်သူများမှာ အလွန်လွန့် ရှားပါးကြောင်း သိထားသည်။ သူတို့ထဲ၌ အဆိုးဆုံးပင် ကြယ်ခုနှစ်လုံး ပါရမီရှင်အဆင့် ဖြစ်၏။ ထိုထိပ်တန်း ပါရမီရှင်များတွင် သူတို့ကိုယ်ပိုင် နည်းလမ်းများ ရှိကြ၍ လွတ်မြောက် လာကြခြင်း ဖြစ်သည်။ သို့သော်လည်း မိုဝူကျီက လွတ်မြောက် လာရုံသာမက သူနှင့်အတူ လူများစွာလည်း ခေါ်ဆောင် လာနိုင်သေးသည်။ ထိုအရာမှာ ကြယ်အဆင့် ပါရမီရှင်များပင် မလုပ်နိုင်သည့်အရာ ဖြစ်၏။
အရေးကြီးဆုံးအရာမှာ မိုဝူကျီက ဂုဏ်ထူးဆောင် ဆေးလုံး ဘုရင်အဆင့် ဖြစ်နေခြင်း ဖြစ်သည်။ ဂုဏ်ထူးဆောင် ဆေးလုံးဘုရင်မှာ အလွန်တရာ ရှားပါးလှသည်။ သူမက ဂုဏ်ထူးဆောင် ဆေးလုံးဘုရင် တစ်ယောက်၌ သူ့လျှို့ဝှက်အကွက်များ မရှိနေကြောင်း မယုံပေ။
အကယ်၍ သူမက ထိပ်တန်းသမားတော် ရှာဖို့ရာ တောင်းဆိုလျှင် ဘယ်နေရာများ သွားရှာရမည်နည်း။ ဆေးလုံးဘုရင် တချို့ ရှာတွေ့ပြီး သူမ သိသမျှ ဆေးလုံးဘုရင်ထဲ၌ အံ့ဩစရာ အကောင်းဆုံးသူမှာ မိုဝူကျီသာ ဖြစ်ပေသည်။
ထိုအမျိုးသမီးကို မိုဝူကျီကို အမှန်တကယ် စုံစမ်းထားခြင်း ဖြစ်ပေသည်။ မိုဝူကျီက အေးအေးဆေးဆေး ပြန်ပြောလိုက်သည်
“ကျုပ်က ဆေးလုံး ဘုရင်ဆိုတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ဆေးလုံး ဘုရင်တွေက လူတွေကို ကုပေးနိုင်တယ်လို့ ဘယ်သူပြောလဲ။ ခင်ဗျားက ဂိုဏ်းကြီးကမှန်း သိပါတယ်။
ကျုပ်ထက် ပိုအံ့ဩစရာကောင်းတဲ့ ထိပ်တန်း ပညာရှင်တွေနဲ့လည်း တွေ့ဖူးမှာပါ။ အခုအချိန်အထိ ခင်ဗျား အမေရဲ့ ကျန်းမာရေးကို မကုရသေးဘူး ဆိုတော့ ကျုပ်က လုပ်နိုင်တယ်ထင်နေ … ”
မိုဝူကျီက ထိုအထိ ပြောလိုက်ပြီး ရုတ်ချည်း ရပ်တန့်လိုက်သည်။ သူက သေချာသည့် ကိစ္စကို ပြန်လည် မှတ်မိသွားသည့်အခါ လင်းဂူမှာ လမ်းစဉ်ခြောက်သွယ် အင်မော်တယ်နယ်မြေမှ နတ်ဆိုးစန္ဒာ အင်မော်တယ် ကျောင်းတော်မှ ဖြစ်ပေသည်။ မိုဝူကျီ သိသလောက် လမ်းစဉ်ခြောက်သွယ် အင်မော်တယ်နယ်မြေမှာ နတ်ဆိုးနယ်မြေ ဖြစ်ကြောင်း သိလိုက်သည်။
သူက နတ်ဆိုနယ်မြေ ဖြစ်နေသည့်အချက်ကို လုံးဝ ဂရုမစိုက်ပေ။ တုံ့ဟွားလုံဆီမှ ကြားထားသည့် နတ်ဆိုးနယ်မြေ၌ မြေအောက်ကမ္ဘာနှင့် ချိတ်ဆက်ထားသည့် လမ်းကြောင်း ရှိသည့်အကြောင်း ဖြစ်၏။
ဝိညာဉ်ဖွဲ့စည်းခြင်း အင်မော်တယ် ရေကန်မှာ နတ်ဆိုးနယ်မြေနှင့် မြေအောက်ကမ္ဘာကြား တည်ရှိလေ၏။
“ကျွန်မရဲ့ အမေကို ကယ်နိုင်နိုင်၊ မကယ်နိုင်နိုင် ကျွန်မ တတ်စွမ်းတာ မှန်သမျှ လုပ်ပေးပါ့မယ်။ တကယ်လို့ ရှုံးနိမ့်သွားတယ် ဆိုရင်တောင် နောင်တ မရပါဘူး” လင်းဂူက ပြောရင်း ဒူးထောက်လိုက်၏။
မိုဝူကျီက လက်ကမ်းကာ လင်းဂူကို ပြန်ထူပေးလိုက်ကာ …
“ စူးခရာအင်မော်တယ် မြို့ဟောင်းဆီ သွားပြီးမှ ဆက်ပြောကြတာပေါ့”
“ဟုတ်” မိုဝူကျီ၏ တုံ့ပြန်မှုကို ကြားပြီး လင်းဂူက ပျော်ရွင်စွာ ပြန်ဖြေလိုက်သည်။
***
စူးခရာအင်မော်တယ် မြို့ဟောင်းမှာ ကျိုးပျက်ကမ္ဘာသို့ သွားရန် အလွယ်ကူဆုံး နေရာတစ်ခု ဖြစ်ကာ သူ့ဂုဏ်သတင်းနှင့် ကိုက်ညီပေသည်။ တစ်နာရီမျှဖြင့် သုံးယောက်သား စူးခရာအင် မော်တယ်မြို့ဟောင်း၏ ကူးသန်းရေး မျှောစင်မှ ထွက်လာ နိုင်လိုက်သည်။
မိုဝူကျီက ကျောက်စိမ်းပုလင်းကို ထုတ်ကာ လျူဖန်ဆီ ပေးလိုက်ရင်း …
“ဒါက မင်းအတွက် ... မင်းလည်း တော်တော် ကြိုးစားခဲ့တယ်။ အခု သွားစရာရှိတာ သွားတော့လေ။ နောက်ကျ ကျုပ်ဆေးလုံးစံအိမ်ကနေ တစ်ခုခု ဝယ်ရင် အမြဲတမ်း ၂၀ရာခိုင်နှုန်း လျော့ပေးမယ်”
“ကျေးဇူးတင်ပါတယ် ... အကြီးအကဲမို လျူဖန် သွားလိုက်ပါဦးမယ်” လျူဖန်က ဆေးလုံးကို စိတ်လှုပ်ရှားစွာ သိမ်းထားရင်း ဦးညွှတ် ပြောလိုက်သည်။
သူက မိုဝူကျီ ပေးလိုက်သည့် ဆေးလုံးကို စစ်ဆေး မကြည့်တော့ပေ။ ဆေးလုံး တာအိုအင်မော်တယ် မဟာမိတ်အဖွဲ့၏ အကြီးအကဲနှင့် ရင်းနှီးခွင့် ရသည်ကိုက ကံကောင်းမှု တစ်ခု ဖြစ်ပေသည်။ ထိုအချက်ကြောင့် သူ့အနေဖြင့် စူးခရာအင်မော်တယ် မြို့ဟောင်းအတွင်း နစ်နာချက် ရှိမည် မဟုတ်ပေ။
လျူဖန် ထွက်သွားသည်ကို စောင့်ပြီးနောက် မိုဝူကျီက လင်းဂူဘက် လှည့်ကာ …
“ကျုပ်ဆိုင်ကို လိုက်ခဲ့ပါ။ အဲကျွန်မှ အသေးစိတ် ပြောကြတာပေါ့”
လင်းဂူက ပျော်ရွှင်နေမိသည်။ မိုဝူကျီက သူမနှင့် စကားပြောဖို့ရာ ဆန္ဒရှိသည့်အထိ ဖြောင့်ဖြနိုင်ခဲ့ခြင်းမှာ အောင်မြင်မှုတစ်ခု ဖြစ်ပေ၏။
မိုဝူကျိ၏ ဆေးလုံးစံအိမ်မှာ အစွန်းအဖျား နေရာလည်း မဟုတ်သလို ကူးသန်းရေး မျှော်စင်နှင့်လည်း မဝေးကွာလှပေ။ အေးအေးလူလူ လမ်းလျှောက် လာလျှင်ပင် သူ့ဆေးလုံးစံအိမ်ကို ရောက်ရင် တစ်နာရီမျှသာ လိုအပ်၏။
“အစ်ကိုကြီး” မိုဝူကျီ ဆိုင်ထဲ ဝင်လိုက်သည်နှင့် တုံ့ဟွားလုံ တအံ့တဩ နှုတ်ဆက်လိုက်သည်။ သူတို့နောက်ဆုံး တွေ့သည်မှာ နှစ်နှစ်တာမျှ ကြာမြင့်နေပြီ ဖြစ်ရာ တုံ့ဟွားလုံ၏ ကျင့်ကြံဆင့်မှာ အရင်တွေ့ကစနှင့် ယှဉ်လျှင် များစွာ တည်ငြိမ်လာလေပြီ။
မိုဝူကျီက တုံ့ဟွားလုံ ပခုံးကို ပုတ်ကာ “ဆိုင်က မဖွင့်သေးဘူးလေ။ ဒီမှာဘာတွေ လုပ်နေတာလဲ”
တုံ့ဟွားလုံက ကျိတ်ရယ်မောလိုက်ပြီး …
“ဆိုင်က မဖွင့်သေးပေမဲ့ အရင် ကြေညာထားတား။ အဲလိုဆိုရင် ကျွန်တော်တို့ ဆိုင်ဖွင့်လိုက်တာနဲ့ အားလုံးက ချက်ချင်း သိသွားကြမှာ”
မိုဝူကျီက တုံ့ဟွားလုံကို လက်စွပ်တစ်ကွင်း ပေးလိုက်ပြီး …
“ဒီလက်စွပ်ထဲမှာ ဆေးလုံးတွေ ပါတယ်။ အဆင့်တွေ ခွဲပြီးတော့ စီထားလိုက် ... ငါတို့တွေ ဆိုင်ဖွင့်ဖို့ ပြင်ကြမယ်”
“ဟုတ်ကဲ့ အစ်ကိုကြီး ...” တုံ့ဟွားလုံက လက်စွပ်ကို လက်ခံလိုက်သည်။ နေ့စဉ်နေ့တိုင်း လုပ်စရာမရှိသည့် ဆိုင်ထဲ၌ အမြဲတစေ နေနေခဲ့သည်။ သူက ဤနေရာတွင် ပိန်ချုံး ကျလာမည်ကိုတောင် စိုးရိမ်မိ၏။
“ဒါနဲ့ ဆေးလုံးတွေရဲ့ ဈေးနှုန်းနဲ့ ဆိုင်ဖွင့်ဖို့ ကိစ္စကို မင်းဆီ အပ်ထားမယ်နော်။ ငါ့ကို မေးနေဖို့ မလိုဘူး” ထိုသို့ပြောပြီး လင်းဂူကို ဒုတိယထပ်သို့ ခေါ်ဆောင် သွားလိုက်သည်။
လင်းဂူ ထိုင်ပြီးနောက် မိုဝူကျီက အလေးအနက် ပြောလိုက်သည်။
“လင်းဂူ ... ကျုပ်အရိုးသားဆုံး ပြောမယ်။ ကျုပ်က ဂုဏ်ထူးဆောင် ဆေးလုံးဘုရင် ဖြစ်ပေမဲ့ နာမကျန်းကို ကုသတာတော့ မသိဘူး။ တကယ် လူမှားနေပြီ”
လင်းဂူက မြန်မြန် ထရပ်ကာ စိုးရိမ်သံဖြင့် ပြောလိုက်သည်။
“ဒါပေမဲ့ ကျွန်မလည်း ဘယ်ကနေ သွားရှာရမှန်း မသိဘူးလေ။ ကျွန်မ သိသလောက် အံ့ဩစရာ အကောင်းဆုံး ဆေးလုံးဘုရင်က ရှင်ပဲဆိုတော့ ကျွန်မ …”
လင်းဂူက ဘာဆက်ပြောရမှန်း မသိတော့ပေ။ မိုဝူကျီက ရှားပါးလှသော ဂုဏ်ထူးဆောင် ဆေးလုံးဘုရင် ဖြစ်ကာ မြူများ ပြည့်နှက်နေသည့် မြို့ပျက်မှ ထွက်လာနိုင်သေး၏။ သူက သေချာပေါက် ရိုးရှင်းမည့်သူ မဟုတ်ပေ။ ပို၍ အရေးကြီးသည်မှာ သူမ ပြောခဲ့သလိုမျိုး သူမ သိသမျှ ဆေးလုံး ဘုရင်ထဲ၌ မိုဝူကျီက အကောင်းဆုံး ဖြစ်နေသည်။ သာမာန်ကျင့်ကြံသူ အမြင်အရ ဆေးလုံးဘုရင်ကို အင်မော်တယ် သမားတော်အဖြစ် ယူဆကြလေသည်။
မိုဝူကျီက လင်းဂူကို လက်ကာပြလိုက်ပြီး …
“အဲဆို မေးခွန်းနည်းနည်း မေးကြည့်ချင်တယ်။ ဝိညာဉ်ဖွဲ့စည်းခြင်း အင်မော်တယ် ရေကန်အကြောင်း သိလား”
လင်းဂူက အနည်းငယ် အံ့ဩမိသွားကာ မိုဝူကျီ အဘယ်ကြောင့် မေးခြင်းကို နားမလည်သော်လည်း သူမက ခေါင်းညိတ်ကာ …
“သိပါတယ်”
“အဲဆို အဲအကြောင်း ပြောပြလို့ ရမလား” မိုဝူကျီက ချက်ချင်း စိတ်ဓာတ် တက်ကြွလာပြီး သူ့အသံ၌ စိတ်ခံစားချက် အချို့ ပါဝင်နေသေး၏။
မိုဝူကျီ၏ အပြောင်းအလဲကို သတိထားမိပြီး လင်းဂူလည်း စိတ်ဓာတ် တက်ကြွလာကာ မြန်မြန် ရှင်းပြလိုက်သည်။
“ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်က လမ်းစဉ်ခြောက်သွယ် အင်မော်တယ် နယ်မြေနဲ့ မြေအောက်ကမ္ဘာကြား ရှိတဲ့ ဟင်းလင်းပြင် တစ်ခုအတွင်းမှာ ရှိတာ။ ဝိညာဉ်ဖွဲ့စည်းခြင်း အင်မော်တယ် ဆေးလုံးက လူတစ်ယောက်ရဲ့ ဝိညာဉ်နဲ့ ကမ္ဘာဦး စိတ်ဝိညာဉ်ကို ပြန်လည် ဖွဲ့စည်းပေးနိုင်ပြီးတော့ ခန္ဓာကိုယ် ရှိနေသေးတဲ့ ကျင့်ကြံသူကို အသက်ပြန်သွင်း နိုင်လိမ့်မယ်”
“အဲဒါက အမှန်လား” မိုဝူကျီက မတ်တတ်ရပ်လုနီးပါး ဖြစ်သွားလေ၏။
လင်းဂူက ခေါင်းညိတ်ကာ …
“အမှန်ပါ … လမ်းစဉ်ခြောက်သွယ် အင်မော်တယ်နယ်မြေ ကောင်းကင် ဧကရာဇ်ရဲ့သမီး ကိုင်ဖေးယန်က ဒဏ်ရာ အပြင်းအထန် ရပြီးတော့ သေသွားတယ်။
ကောင်းကင် ဧကရာဇ်နန်းတော်ရဲ့ လူတွေက အချိန်မှီ ပြန်ရှာနိုင်ခဲ့တော့ ကိုင်ဖေးယန်ရဲ့ ခန္ဓာကိုယ်ကို ပြန်သိမ်း ထားနိုင်ခဲ့တယ်။ အဲဒီနောက်ကျ ကောင်းကင် ဧကရာဇ်က အဆင့်၉ မြေအောက်ကမ္ဘာ နှလုံးသား ပန်းပွင့်ကို သုံးပြီးတော့ ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်မှာ မပျောက်ပျက်သေးတဲ့ ကိုင်ဖေးယန်ရဲ့ ဝိညာဉ်ကို ပြန်ခေါ်နိုင်ခဲ့တယ်။”
“ခဏ ... မြေအောက်ကမ္ဘာ နှလုံးသားပန်းပွင့်က မပျောက်ပျက်သေးတဲ့ ဝိညာဉ်ကို ပြန်ခေါ်ပေးတာလား။ သူမကို ဒီအတိုင်း အသက်ပြန်ရှင်လာတာ မဟုတ်ဘူးပေါ့” မိုဝူကျီက အဓိကအချက်ကို ဖမ်းဆုပ် မိသွားသည်။
သူက ချိန်စုယင်ကို ကယ်တင်လိုသော်လည်း သူ့စိတ်ထဲ၌ စိုးရိမ်ကြောင့်ကြမှု တချို့ ရှိနေသေး၏။ သူက ချိန်စုယင် အသက်ပြန်ရှင်လာလျှင် သူမက တူညီသည့် ချိန်စုယင် မဟုတ်တော့မည်ကို စိုးရိမ် နေခဲ့မိသည်။ သို့သော်လည်း အကယ်၍ သူသာ ချိန်စုယင်၏ မူလ ဝိညာဉ်ကို ပြန်လည်ခေါ်ဆောင်နိုင်မည်ဆိုလျှင် ထိုသို့ ဖြစ်လာမည် မဟုတ်ပေ။
“ဟုတ်တယ်” လင်းဂူက အလေးအနက် ပြောလိုက်သည်။
“တကယ်လို့ ကျင့်ကြံသူ တစ်ယောက်က ဒီအတိုင်း အသက်ပြန်ရှင်လာရင် တခြားကမ္ဘာဦး စိတ်ဝိညာဉ် မဟုတ်ဘူးဆိုတာ ဘယ်လိုလုပ် သိနိုင်မှာလဲ”
“တခြား လိုအပ်ချက်ရော ရှိသေးလား” မိုဝူကျီ၏ လေသံမှာ အလောကြီးလာသည်။
လင်းဂူက ခေါင်းညိတ်ကာ …
“ပုံမှန်ဆိုရင် သေပြီး သိပ်မကြာသေးတဲ့ အချိန်ပေါ့ ... ၄၉ နှစ် ကျော်သွားရင် မြေအောက် ကမ္ဘာနှလုံးသား အသီးရှိရင်တောင် အတော်လေး ခက်ခဲလိမ့်မယ်။ နှစ်တစ်ရာ နောက်ပိုင်းဆိုရင် ဝိညာဉ်ကို ပြန်ခေါ်ဖို့က မဖြစ်နိုင်သလောက်ပဲ။ မြေအောက်ကမ္ဘာကို ဝင်ဖို့ လျှို့ဝှက်ပညာရပ်တွေ ရှိတယ်ဆိုရင်တော့ တစ်မျိုးပေါ့ …
မြေအောက်ကမ္ဘာက အတော်လေး ကျယ်ပြန့်ပြီးတော့ အဆင့်အမျိုးမျိုး ခွဲထားတယ်။ လူတစ်ယောက်က သေမျိုး ဖြစ်ဖြစ်၊ ကျင့်ကြံသူ ဖြစ်ဖြစ် သူသေတုန်း ဝိညာဉ် ဖျက်စီး မခံလိုက်ရဘူးဆိုရင် သူ့ဝိညာဉ်က မြေအောက်ကမ္ဘာထဲ ရောက်နေလိမ့်မယ်။ မြေအောက်ကမ္ဘာမှာ ဝိညာဉ်တွေက ပြန်လည် မွေးဖွားလာဖို့ အခွင့်အရေး ရှာနေကြတာ။ ပြီးတော့ ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်က ကျွန်မတို့ အလွယ်လေး ဝင်သွားနိင်တဲ့ နေရာ မဟုတ်ဘူး”
မိုဝူကျီက လင်းဂူဆီ ရုတ်ချည်း ဦးညွှတ်ကာ …
“လင်းဂူ ... ကျုပ်ဆီ ကျင့်ကြံခြင်း လောကမှာ သေသွားတဲ့ မိတ်ဆွေ တစ်ယောက် ရှိတယ်။ ပြီးတော့ သူမရဲ့ ခန္ဓာကိုယ်က ပြည့်ပြည့်စုံစုံ ရှိသေးတယ်။ ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ဆီ ဝင်ပြီးတော့ သူမရဲ့ ဝိညာဉ်ကို ပြန်လည် ခေါ်ဆောင်ခွင့် ရဖို့ လင်းဂူရဲ့ အကူအညီ လိုအပ်တယ်။ တကယ်လို့ ခင်ဗျားသာ ကူညီမယ်ဆိုရင် ခင်ဗျားရဲ့ အမေကို မကုပေးနိုင်ရင်တောင် အကောင်းဆုံး ကြိုးစားပေးပါ့မယ်”
လင်းဂူက မိုဝူကျီ စကားများ ကြားသောအခါ ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်အကြောင်း မေးမြန်းသည့် အကြောင်းအရင်းကို နားလည်သွားလေ၏။ သို့သော်လည်း ဤကိစ္စမှာ သူမအတွက်ပင် ခက်ခဲလှသည်။ ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်မှာ မည်သူမဆို ဝင်ထွက်နိုင်သည့် နေရာ မဟုတ်ပေ။
သူမက မိုဝူကျီ အကူအညီ လိုအပ်နေသည် ဖြစ်၍ လင်းဂူက အံ့ကို ကြိတ်ကာ …
“ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ထဲသွားဖို့ ကျွန်မ ကူညီပေးနိုင်တယ်။ ဒါပေမဲ့ ရေကန်ဆီ ရောက်ရင်တောင် မြေအောက်ကမ္ဘာ နှလုံးသားပန်းပွင့် ဒါမှမဟုတ် အဲလိုနဲ့ တူတဲ့အရာမျိုး မရှိရင် အသုံးဝင်မှာ မဟုတ်ဘူး။
အဲဒီဆေးပင်တွေ မပါဘဲ မြေအောက်ကမ္ဘာမှာ ရှိနေတဲ့ သူ့ဝိညာဉ်ကို ခန္ဓာကိုယ် ပြန်ခံစားမိစေမှာ မဟုတ်ဘူး။ မြေအောက် ကမ္ဘာ နှလုံးသားပန်းပွင့် များများ သုံးလေလေ ပြန်ခေါ်နိုင်ချေ မြင့်လေလေပဲ … ဒါပေမဲ့လည်း မြေအောက်ကမ္ဘာ နှလုံးသားပန်းပွင့်က အဖိုးမဖြတ်နိုင်တဲ့ ရတနာဆိုတော့ …”
***