← Chapters

သိမ်းငှက်နက်

Vol. 8 Ch. 103

သိမ်းငှက်နက်

Vol. 8 Ch. 103

သိမ်းငှက်၏ ကျောပေါ်တွင် ယဲ့လော့ နေရာယူပြီးကြောင်း မြင်ရသည့်အခါ ယဲ့မင်သည် ယဲ့ချိန်ရွှမ်းနှင့် ယဲ့ကျန့်ထျန်းတို့ထံ လျှောက်လာပြီး ပြောသည်။

"ဒီနှစ်တွေအတွင်း လော့အာကို စောင့်ရှောက်ပေးခဲ့တဲ့အတွက် နင်တို့အပေါ် အကြွေးတင်နေတယ်လို့ ငါတို့ဂိုဏ်းခေါင်းဆောင်က ပြောတယ်။ ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ဒီလက်ဆောင်တွေကို သူက ထည့်ပေးလိုက်တယ်"

ပြောရင်းဖြင့် ယဲ့မင်သည် ကောင်းကင်ပထဝီအိတ်တလုံးအား ကမ်းပေးသည်။

ယဲ့ကျန့်ထျန်း၏ အမူအရာမှာ မည်းမှောင်သွားသည်။ ပို၍ ဝမ်းနည်းသွားသည့်ပုံ ပေါ်သည်။

"လော့အာက ကျုပ်တို့နဲ့အတူ ၁၀ နှစ်ကျော် အတူတူရှိခဲ့တယ်။ ကျုပ်တို့ရဲ့ တကယ့်မိသားစုဝင်အစစ်လိုတောင် ဖြစ်နေခဲ့ပြီ။ အခုတော့ ခင်ဗျားတို့က ရုတ်တရက်ကြီး ရောက်လာပြီး လော့အာကို ပြန်ခေါ်သွားကြပြန်တယ်။ မှန်ပါတယ်၊ ကျုပ်တို့မိသားစုလေးက ခင်ဗျားတို့ကို မယှဉ်သာဘူး။ ဒါပေမဲ့ ဒီနှစ်တွေအတွင်း လော့အာအပေါ်ထားခဲ့တဲ့ စေတနာနဲ့ ဂရုစိုက်မှုတွေကတော့ စစ်မှန်တယ်။ ကျေးဇူးပြုပြီး ဒီပစ္စည်းတွေကို ခင်ဗျားဘာသာ ပြန်ယူသွားပေးပါ"

ယဲ့ကျန့်ထျန်း၏ လေသံမှာ အတန်ငယ် အက်ကွဲကြမ်းတမ်းနေခဲ့သည်။ ယဲ့လော့အား ပြန်ပေးလိုက်ရသည့်အတွက် သူတို့တမိသားစုလုံး စိတ်မကောင်းဖြစ်နေရသည့်အထဲ ယဲ့မင်သည် အထက်စီးဆန်စွာ လက်ဆောင်ပစ္စည်းအနည်းငယ်နှင့် လာချွေးသိပ်နေသေးသည်။

ယဲ့ကျန့်ထျန်း၏ လေယူလေသိမ်းကြောင့် ယဲ့မင် စိတ်ရှုပ်စွာ မျက်မှောင်ကြုတ်သွားသည်။ မိသားစုငယ်လေးမှ ဘာမှမဟုတ်သောလူကများ သူမကို ထိုသို့ ပြောရဲသည်။ ယဲ့လော့အား စောင့်ရှောက်ပေးခဲ့သည်ဟူသော အချက်ကြောင့်သာ မဟုတ်ပါက ယဲ့မင်သည် ယဲ့ကျန့်ထျန်း၊ ယဲ့ချိန်ရွှမ်းတို့ကဲ့သို့ အဆင့်အတန်းနိမ့်သူများနှင့် ငြင်းခုံရန် အချိန်ဖြုန်းနေမည် မဟုတ်ပေ။

"ဒီအိတ်ထဲမှာ ကောင်းကင်အနှစ်သာရဆေးလုံး ၅လုံးပါတယ်။ ငါက ဒါကို လက်ဆောင်အဖြစ် ယူလာခဲ့ပြီးမှတော့ ပြန်ယူမသွားနိုင်ဘူး။ လက်ခံတာ၊ လက်မခံတာကတော့ နင်တို့အပိုင်းပဲ"

ယဲ့မင်သည် လှောင်ပြောင်ရိပ်စွက်လျက် ဆို၏။

သူမအတွေးတွင် ယဲ့ကျန့်ထျန်းနှင့် ယဲ့ချိန်ရွှမ်းတို့ကဲ့သို့ သာမန်မိသားစုလေးမှ လူများသည် ကောင်းကင်ပထဝီအိတ်ထဲ၌ ကောင်းကင်အနှစ်သာရဆေးလုံးများ ပါကြောင်းသာ သိပါက ချက်ချင်းစိတ်ပြောင်းကာ သူမအား ပြန်တောင်းပန်ကြလိမ့်မည်ဟု ယူဆထားသည်။

မည်သို့ပင်ဆိုစေ ဤသို့သော ပြည်နယ်သေးသေးလေးထဲရှိ မိသားစုငယ်လေးများသည် ကောင်းကင်အနှစ်သာရဆေးလုံးကို တခါမျှ ပိုင်ဆိုင်ဖူးကြမည် မဟုတ်ပေ။

"ဒီဆယ်နှစ်ကျော်အတွင်း လော့အာကို စောင့်ရှောက်ခွင့်ရခဲ့လို့ တကယ်ကို ပျော်ရွှင်ခဲ့ရပါတယ်။ လုံလောက်ပါပြီ။ ဒါ့ကြောင့် ဒီဆေးလုံးတွေကို လက်ခံဖို့မလိုတော့ပါဘူး။ ကျေးဇူးပြုပြီး ပြန်ပါတော့ ဘွားဘွားယဲ့"

ယဲ့ကျန့်ထျန်း၏ စကားတို့က ယဲ့မင်၏ အထင်နှင့်အမြင်ကို လုံးလုံးလျားလျား လွဲမှားသွားစေသည်။

တချိန်တုန်းကတော့ ယဲ့ကျန့်ထျန်းသည် ယဲ့လော့၏ မိဘရင်းများထံမှ မျက်နှာသာရနိုင်ရန် ယဲ့လော့ကို လက်ခံထားခဲ့ခြင်းဖြစ်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ယဲ့လော့အပေါ် သမီးရင်းလေးတစ်ယောက်နှယ် သံယောဇဉ် တွယ်လာရသည်။ အကယ်၍ သူသာ ဤလက်ဆောင်များကို လက်ခံလိုက်ပါက ယဲ့လော့အပေါ် ထားရှိခဲ့သည့် စေတနာများမှာ အလဟသပ် တန်ကြေးဖြတ်ခြင်း ခံလိုက်ရပေလိမ့်မည်။

"ယဲ့မိသားစုက မင်းတို့ပေးတဲ့ဆေးလုံးတွေကို လုံးဝမလိုဘူး"

ယဲ့ချိန်ရွှမ်းသည် မနေနိုင်တော့ဘဲ စိတ်ဆိုးမာန်ဆိုးဖြင့် ဝင်ပြောတော့သည်။ သူသည် ယဲ့ကျန့်ထျန်းကဲ့သို့ ဒေါသကို ထိန်းထားတတ်သူ မဟုတ်ပေ။ ယဲ့မင်တို့ဂိုဏ်းသည် အင်အားကြီးမားလွန်းသည်မှာ မှန်သော်လည်း ယဲ့လော့၏ မိဘနှစ်ပါးသည် ယဲ့မိသားစုနှင့် ဆွေမျိုးတော်စပ်နေသေးသည်။ ယဲ့မင်က ဂိုဏ်းသားများ စေလွှတ်ကာ ယဲ့မိသားစုကို ဖျက်ဆီးပစ်သည်အထိ မလုပ်နိုင်လောက်ပေ။ ထို့ပြင် ယဲ့မိသားစုသည် ရှားပါးလှသော မြွေနဂါးသစ်သီးနှင့် သန္ဓေသားဂျင်စင်းတို့ကိုပင် မြင်ဖူးခဲ့ပြီးရာ ကောင်းကင်အနှစ်သာရဆေးလုံးလေး ၅လုံးမျှကို ဘာလုပ်ရပါမည်နည်း။ လူတစ်ယောက်တွင် ကိုယ်ပိုင်စည်းမျဉ်းနှင့် သမာဓိသိက္ခာဆိုသောအရာတို့ ရှိသင့်သည်။ ဆေးလုံးလေး ၅လုံးမျှသည် ယဲ့မိသားစုအား သိမ်ငယ်စေရန် မထိုက်တန်ပေ။

"ကောင်းပြီလေ၊ မလိုဘူးဆိုတော့လည်း သဘောပဲ။ ငါကလည်း ခခယယနဲ့ ဆက်ပေးနေမှာမဟုတ်ဘူး"

ယဲ့မင်၏ မျက်နှာသည် ဒေါသကြောင့် ခရမ်းရောင်သို့ ပြောင်းလုနီးနီး။ ကောင်းကင်ပထဝီအိတ်အား ပြန်လည်သိမ်းဆည်းကာ ချက်ချင်းပင် လှည့်ထွက်သွားတော့သည်။

"ကောင်းကောင်းသွားပါ။ ကျုပ်တို့ လိုက်မပို့တော့ဘူး"

ယဲ့ချိန်ရွှမ်းကလည်း အေးစက်စွာ ပြောသည်။

ယဲ့မင်သည် 'ဟွန့်ခနဲ' အသံပြုပြီး ဘာမှပြန်မပြောပေ။ ယဲ့မိသားစုသို့ လာရောက်သည့်အခါတိုင်း သူမအဖို့ ဒေါသထွက်ရသည်နှင့်သာ အဆုံးသတ်သည်။ ဤနေရာ၌ စိတ်ရှိတိုင်း ပေါက်ကွဲ၍လည်း မရ။ ယဲ့မိသားစုသည် သူမတို့ဂိုဏ်းထက် အဆင့်အတန်းနိမ့်ကျနေလျှင်ပင်၊ တချိန်တုန်းက သူမတို့ဘိုးဘေးများအကြား အာဃာများ ရှိခဲ့သည်ဆိုလျှင်ပင် ယဲ့မိသားစုနှင့် သူမတို့ဂိုဏ်းသည် တူညီသောဇာစ်မြစ်မှ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။ ထိုသည်မှာ ဘယ်သူမှ ပြောင်းလဲ၍မရသော အမှန်တရားဖြစ်သည်။ ၎င်းအချက်ကြောင့်ပင် သူမတို့ဂိုဏ်း ဘေးအန္တရာယ်ကျရောက်စဉ်တွင် ယဲ့လော့အား ယဲ့မိသားစုတွင် ခဏအပ်ထားရန် ယဲ့လော့၏မိခင် တွေးမိခဲ့ခြင်းဖြစ်သည်။

ယဲ့လော့သည် သူမအပူနှင့်သူမ ရှိနေရာ ယဲ့မင်နှင့် ယဲ့ချိန်ရွှမ်းတို့ကြားရှိ တင်းမာမှုများကို သတိမထားမိပေ။ သိမ်းငှက်သည် ကောင်းကင်ထက်သို့ စတင် မြင့်တက်ကာ ပျံသန်းသည်။ ယဲ့မိသားစုရဲတိုက်မှာလည်း တဖြည်းဖြည်း ဝေး၍သွားသော်လည်း ယဲ့လော့သည် သတိလက်လွတ်ဖြင့် အောက်မှလူများကို လက်ဝှေ့ယမ်းပြနေမိဆဲ။

"ဘိုးဘိုးကြီး၊ ဦးလေးတို့၊ အဖေ၊ အမေ ပြီးတော့ အကိုချန်.. နှုတ်ဆက်ခဲ့ပါတယ်"

သူမတွင် ရှေ့ဆက်ရမည့် လမ်းအရှည်ကြီးက စောင့်ကြိုနေပြီး ရှီဝူအင်ပါယာနှင့် ဝေးကွာလှသောနေရာသို့ သွားရတော့ပေမည်။ ယဲ့မိသားစုမှ လူများနှင့် နောက်တကြိမ် ပြန်တွေ့နိုင်ရန် အခွင့်အရေးက ဘယ်သောအခါမှ ရှိမလာတော့တာလည်း ဖြစ်နိုင်ပေသည်။

သိမ်းငှက်သည် ပို၍လျင်မြန်စွာ ပျံသန်းသွားခဲ့ပြီး သိပ်မကြာမီတွင်ပဲ မိုးကုတ်စက်ဝိုင်းအတွင်း တိုးဝင်ပျောက်ကွယ်သွားတော့သည်။

ကျောက်စိမ်းမျှော်စင်၏ ပထမအလွှာတွင် ယဲ့ချန်သည် ရှေးဟောင်း ချီစုဆောင်းမှုအစီအရင်၏ အလယ်ဗဟိုချက်တွင် ထိုင်ကာ ကျင့်ကြံနေဆဲ ဖြစ်သည်။ ကျောက်စိမ်းမျှော်စင်သည် ပြင်ပလောကမှ ခွဲထွက်တည်ရှိနေသော သီးခြားနေရာဖြစ်ရာ ယဲ့ချန်သည် အားဖန် ၁ နှင့် အားဖန် ၂တို့အား ဝိညာဉ်အသိအမြင်ဖြင့် ဆက်သွယ်နိုင်ခြင်း မရှိပေ။ ထို့ကြောင့် ယဲ့ချန်သည် ယဲ့လော့ ရဲတိုက်မှ ထွက်ခွာသွားပြီဖြစ်ကြောင်း မသိခဲ့ရခြင်း ဖြစ်သည်။

ယဲ့ချန်သည် နက်နက်နဲနဲ တွေးတောဆင်ခြင်နေခဲ့၏။ ကျောက်စိမ်းမျှော်စင်တွင် စုစုပေါင်း အလွှာကိုးလွှာရှိပြီး အလွှာတလွှာချင်းစီသည် မြေအောက်လိုဏ်များနှင့် ဆက်သွယ်ထားသောကြောင့် အလွန်ကျယ်ပြောသည်။ ဥပမာပြောရသော် မြေအောက်တွင် နစ်မြုပ်နေသည့် ဂူစေတီကြီးနှင့် ဆင်တူသည်။ ပထမလွှာ၌ပင် အံ့ဩစရာကောင်းသော ရှေးဟောင်းချီစုဆောင်းမှု အစီအရင်တစ်ခု ရှိနေလေရာ အောက်ပိုင်းအလွှာများတွင် မည်သို့သော ထူးခြားဆန်းကြယ်သည့် အရာများ ရှိနေမည်မသိပေ။ တွေးကြည့်လေလေ သူ ပို၍ စူးစမ်းလိုစိတ် ဖြစ်လာရလေလေပင်။ ထို့ကြောင့် သူသည် ထျန်းချီအဆင့် ၁၀ သို့ ရောက်ရှိပြီးပါက ဒုတိယအလွှာသို့ သွားရောက်စူးစမ်းရန် ကြံရွယ်ထားသည်။

ထျန်းယွမ်၏ စကားအရ ကျောက်စိမ်းမျှော်စင်သည် မှော်ရတနာပစ္စည်းတစ်ခု ဖြစ်သည်ဟု ဆိုသည်။ ကျောက်စိမ်းမျှော်စင်သည် မည်သို့သော မှော်ရတနာမျိုးဖြစ်ကာ စွမ်းအား မည်မျှကြီးလောက်မည်ကို ယဲ့ချန် တွေးကြည့်မိသည်။ သာမန်လူများ စိတ်ပင်မကူးဖူးသော စွမ်းအားမျိုး ရှိနေမည်ကတော့ သေချာပေသည်။

နေ့တိုင်းတွင် ရှေးဟောင်း ချီစုဆောင်းမှုအစီအရင်သည် အလိုအလျောက် တကြိမ် အသက်ဝင်လာကာ ပထမလွှာတစ်ခုလုံးရှိ ထျန်းချီများကို စုပ်ယူသည်။ ထိုအချိန်တွင် ကျင့်ကြံပါက အကျိုးသက်ရောက်မှု အများဆုံးရသည်။

ယဲ့ချန်၏ ထျန်းချီများသည် ထျန်းချီအဆင့် ၉ ထိပ်ဆုံးဆင့်၏ အမြင့်ဆုံးအနေအထားသို့ ရောက်ရှိနေပြီး ထျန်းချီအဆင့် ၁၀ သို့ ရောက်ရှိရန် အနည်းငယ်မျှသာ လိုတော့သည်။ ထိုအချက်က ယဲ့ချန်အား စိတ်လှုပ်ရှားစေသည်။ ဝိညာဉ်အသိအမြင်သည်လည်း ယခင်ကထက် ပိုမိုကျစ်လျစ်သန့်စင်လာကာ အချင်းဝက်တမိုင်ခွဲအတွင်း ဖြန့်ကြက်နိုင်နေလေပြီ။ ထို့ပြင် ၎င်းသည် လေဟာနယ်နှင့် တသားတည်းဖြစ်လုနီးနီး ထပ်တူကျနေသည်မို့ ယဲ့ချန်သည် တစ်ဖက်မှ စိတ်ဝိညာဉ်ကို သတိမထားမိစေဘဲ တိတ်တဆိတ်ဖြင့် ဝိညာဉ်အသိအမြင်အား အသုံးပြုနိုင်တော့ပေမည်။

ယဲ့ချန် အပြင်ဘက်သို့ လှမ်းကြည့်လိုက်လျှင် အစီအရင်၏ အရှေ့ဘက်ခြမ်းတွင် များပြားလှသော ကောင်းကင်သားရဲများနှင့် မှော်သားရဲများ အုပ်စုလိုက်ကြီးကို တွေ့ရသည်။ ထိုအထဲတွင် အဆင့် ၁၀ ကောင်းကင်သားရဲက အကောင် ၃၀၊ ၄၀ခန့် ပါဝင်ပြီး အဆင့် ၁၀ မှော်သားရဲက အကောင် ၁၀၀ ကျော်သည်။ သို့သော် ၎င်းသားရဲများသည် မိစ္ဆာဝိညာဉ်များ၏ တိုက်ခိုက်မှုကြောင့် အစီအရင်အနီးသို့ ယခုထိတိုင် တိုးမလာနိုင်သေးဘဲ ရှိကြသည်။ အစီအရင်၏ အနောက်ဘက်ခြမ်းရှိ လူသားကျင့်ကြံသူများထဲတွင်တော့ အများစုမှာ ထျန်းချီအဆင့် ၉ ကျင့်ကြံသူများ ဖြစ်ကြပြီး ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူ အယောက် ၂၀မျှသာ ပါဝင်သည်။ ထိုအထဲမှ အများစုသည် တူညီဝတ်စုံများကို ဝတ်ဆင်ထားကြသည်။

ယဲ့ချန် ဝိညာဉ်အသိအမြင်ဖြင့် အစီအရင် အပြင်ဘက်အား စစ်ဆေးနေချိန်တွင် သိမ်းငှက်နက် တစ်ကောင်သည် ရုတ်တရက် ငုံ့လျှိုးကာ ရုတ်ရုတ်သဲသဲဖြစ်နေသော တိုက်ပွဲကြားသို့ တိုးဝင်လာလေသည်။ ၎င်းမှော်သားရဲသည် မိစ္ဆာဝိညာဉ်ကြီးများ အကြားရှိ အလွန်ကျဉ်းမြောင်းသော ကြားကွက်လပ်လေးမှ အလျင်အမြန် ဖြတ်သန်းပျံလာပြီး အစီအရင်အတွင်းသို့ ဝင်ရောက်နိုင်ခဲ့သည်။

သိမ်းငှက်နက်၏ အရွယ်အစားသည် သိပ်မကြီးလှရာ အတောင်ပံနှစ်ဖက်ကို အစွမ်းကုန်ဖြန့်ကြက်လိုက်လျှင်ပင် ၂ မီတာ မရှည်ပေ။ ထို့ပြင် ၎င်းသည် အလင်းအလျင်နှုန်းဖြင့် ပျံသန်းဝင်လာခဲ့ရာ မိစ္ဆာဝိညာဉ်ကြီးများ မတားနိုင်လိုက်ခြင်း ဖြစ်သည်။

အစီအရင်ထဲသို့ ရောက်ရှိပြီးသောအခါ သိမ်းငှက်နက်သည် ရှေ့ဘက်သို့ အနည်းငယ် ပျံသန်းလာပြီးနောက် မြေပြင်သို့ ပြန်လည်ဆင်းသက်လိုက်သည်။ ၎င်းသည် ခြင်္သေ့မကို မြင်သွားချိန်တွင် အံ့ဩသွားပုံရပြီး အလျင်အမြန် ဦးတည်ရာပြောင်းကာ အစီအရင်၏ ဗဟိုချက်မသို့ ပျံသန်းလာလေသည်။

ခြင်္သေ့မသည်လည်း အစီအရင်ထဲသို့ သိမ်းငှက်နက် ဝင်ရောက်လာသည်ကို သတိထားမိ၍ မျက်လုံးများ ပွင့်လာသည်။ သိမ်းငှက်နက် အစီအရင်၏ ဗဟိုချက်မသို့ ပျံသန်းသွားသည်ကို မြင်သောအခါ ခြင်္သေ့မ၏ မျက်နှာထက်တွင် သနားကရုဏာသက်သွားသော အမူအရာ ပေါ်လာခဲ့သည်။

"ဒီမဆင်မခြင်လုပ်တတ်တဲ့ သိမ်းငှက်လေးကတော့ သေတော့မှာပဲ။ အရှင် ကျင့်ကြံနေတာကို နှောင့်ယှက်မိလို့ကတော့ အမွေးနုတ်ပြီး ကင်စားခံရမှာ မြင်ယောင်သေးတယ်"

ခြင်္သေ့မသည် တကိုယ်တည်း တီးတိုးရေရွတ်မိသည်။ သူ အစီအရင်ထဲသို့ ဝင်လာကာစက နတ်သူငယ်အဆင့် အရှင်သခင် ရှိနေသော အစီအရင်ဗဟိုချက်မသို့ ဝင်မသွားမိ၍ ကံကောင်းသွားခြင်း ဖြစ်သည်။ သိမ်းငှက်လေးကတော့ ကံကောင်းမည့်ပုံ မပေါ်ချေ။

အစီအရင်၏ ဗဟိုချက်မသို့ မြားတစင်းနှယ် ပျံသန်းလာသော သိမ်းငှက်နက်ကို သတိထားမိသောကြောင့် ယဲ့ချန် ဝိညာဉ်အသိအမြင်အား ဖြန့်ကြက်လိုက်သည်။

အားကြီးလှသော ဝိညာဉ်အသိအမြင်ကို အာရုံခံမိလိုက်သောအခါ သိမ်းငှက်နက်ခမျာ ကြောက်ရွံ့ထိတ်လန့်မှုကြောင့် တုန်တက်သွားရပြီး တဆက်တည်းတွင်ပဲ မြေပြင်သို့ ဇောက်ထိုး ပြုတ်ကျရလေသည်။ ဘန်းခနဲ မြည်သံကျယ်ကြီး ထွက်ပေါ်လာသည်။ သိမ်းငှက်နက်သည် မြေပြင်ပေါ်သို့ ပြုတ်ကျရုံတင်မကဘဲ တလိမ့်ခေါက်ကွေးဖြင့် လွင့်ပျံထွက်သွားသေးသည်။ နောက်ဆုံး တနေရာ၌ ရပ်တန့်သွားသောအခါ သိမ်းငှက်နက်သည် ဘာလုပ်ရမည် မသိစွာ ပျာယာခတ်လျက် အကူအညီ မဲ့နေတော့သည်။

"ကျိ.. ကျိ.."

သိမ်းငှက်နက်သည် ယဲ့ချန်ထံမှ သနားညှာတာမှုကို တောင်းခံနေသည့်နှယ် အသံတချို့ ပြုလျက်ရှိပြီး လူမျက်နှာသာ ရှိပါက ငိုကြီးချက်မ ဖြစ်နေလောက်ချေပြီ။ ၎င်းသည် အစီအရင်ဗဟိုချက်မနှင့် အနည်းငယ် ဝေးကွာနေသေး၍ ယဲ့ချန်၏ ပုံပန်းသွင်ပြင်ကို မမြင်ရသော်လည်း အလွန် ဖိနှိပ်နိုင်စွမ်းရှိသော ဝိညာဉ်အသိအမြင်ကြောင့် နတ်သူငယ်အဆင့် အရှင်သခင်တစ်ယောက် ဖြစ်ရမည်ဟု ထင်မှတ်နေခြင်း ဖြစ်သည်။

သိမ်းငှက်နက် တစ်ကောင် ..။

အရွယ်အစားက သိပ်မကြီးသော်ငြား ၎င်းသိမ်းငှက်နက်တွင် ထူးချွန်သော တိုက်ပွဲစွမ်းရည်တချို့ ရှိမည့်ပုံပေါ်ပြီး ခန္ဓာကိုယ်ကလည်း တော်တော်လေး ကြံ့ခိုင်ပုံပေါ်သည်။

ယဲ့ချန်သည် သိမ်းငှက်နက်အား ယဉ်ပါးစေဖို့ တွေးမိသည်။ ၎င်း၏ အလင်းအလျင်ကဲ့သို့ လျင်မြန်သော ပျံသန်းနှုန်းအရ ယဲ့ချန်အတွက် သတင်းစုဆောင်းပေးရာတွင် အသုံးဝင်လာနိုင်သည်။ သို့သော် ယဲ့ချန်သည် သားရဲ ၃ကောင်ကို ယဉ်ပါးစေခဲ့ပြီးဖြစ်ရာ လေးကောင်မြောက် သားရဲအား ထိန်းချုပ်နိုင်ဖို့ မသေချာပေ။

ယဲ့ချန်သည် ထိုအချက်ကို လက်မခံနိုင်သလို ခံစားရသည်။ အဆင့် ၁၀ အလယ်အလတ်ဆင့်ဖြစ်သော ကြောင်နက်သည်ပင် ထျန်းချီအဆင့် ၁၀ ထိပ်ဆုံးဆင့် ကျင့်ကြံသူနှင့် လက်ရည်တူခန့်ရှိသည်။ သိမ်းငှက်နက်သည် အဆင့် ၁၀ ထိပ်ဆုံးဆင့်သားရဲဖြစ်ရာ ကြောင်နက်ထက် ပိုအစွမ်းထက်ပေသည်။ လက်လွှတ်လိုက်ရန်မှာ နှမြောစရာ ကောင်းလွန်းသည်။

"အမွေးပွလေး.. မင်း ဒီသိမ်းငှက်နက်ကို ယဉ်ပါးအောင်လုပ်နိုင်လား"

ယဲ့ချန် အမွေးပွလေးအား ကြည့်ကာ မေးမိသည်။ သိမ်းငှက်နက်သည် ကြောက်လွန်း၍ နေရာမှ တလက်မပင် မရွှေ့ရဲဘဲ ရှိနေရာ အဆင့် ၁၀ ကောင်းကင်သားရဲဖြစ်သော အမွေးပွလေးက ၎င်းကို ယဉ်ပါးနိုင်ရန် ကြိုးစားကြည့်ခြင်းသည် လုံးဝ မဖြစ်နိုင်တာတော့ မဟုတ်။

***

All Chapters