← Chapters

လေးကောင်မြောက် သားရဲ

Vol. 8 Ch. 104

လေးကောင်မြောက် သားရဲ

Vol. 8 Ch. 104

အမွေးပွလေးသည် မျက်လုံးလေးများကို မှေးစင်းလျက် စိတ်ဝိညာဉ် ထုတ်လွှင့်ကာ သိမ်းငှက်နက်အား လွှမ်းမိုးရန် ကြိုးပမ်းလိုက်သည်။ အမွေးပွလေး၏ စိတ်ဝိညာဉ်သည် ယဲ့ချန်လောက် အစွမ်းမထက်သည့်တိုင် နှစ်ဦးသား၏ ဝိညာဉ်စွမ်းအင်များက ခပ်ဆင်ဆင်ရှိသည်။

အမွေးပွလေး၏ စိတ်ဝိညာဉ်သည် သိမ်းငှက်နက်အား လွှမ်းခြုံသွားသည်။ သို့တိုင် ကြည့်ရသလောက်တော့ အလုပ်ဖြစ်ဟန်မရပေ။ ခဏမျှကြာသောအခါ အမွေးပွလေးသည် ယဲ့ချန်ဘက်သို့လှည့်ကာ တကွိကွိအော်ရင်း ခေါင်းယမ်းပြလာသည်။ 

"ဒီသိမ်းငှက်မှာ ပိုင်ရှင်ရှိပြီးသားလို့ ပြောတာလား"

ယဲ့ချန် မျက်မှောင်ကြုတ်မိသွားသည်။ ယေဘုယျအားဖြင့် အမွေးပွလေးသည် အဆင့် ၁၀ မှော်သားရဲများကို ယဉ်ပါးစေနိုင်စွမ်း ရှိသည်။ သို့သော် တစ်ဖက်ကသားရဲတွင် ပိုင်ရှင်ရှိပြီးသားဆိုလျှင်တော့ အလုပ်မဖြစ်ပေ။ 

ယဲ့ချန်က လက်မလျော့လိုပေ။ သိမ်းငှက်နက်ကား အဆင့် ၁၀ ထိပ်ဆုံးဆင့်သားရဲ ဖြစ်သည့်အပြင် အမြန်နှုန်းကလည်း အတော့်ကို အထင်ကြီးဖွယ်ကောင်းသည်။ ထို့ကြောင့် ဒုတိယတကြိမ် သူကိုယ်တိုင် ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ယဲ့ချန်သည် ဝိညာဉ်အသိအမြင်အား သိမ်းငှက်နက်ထံ ထုတ်လွှတ်လိုက်သည်တွင် ဝိညာဉ်အသိအမြင်မှ ဝိညာဉ်စွမ်းအင်များသည် သိမ်းငှက်နက်၏ အသိစိတ်ပင်လယ် အနက်ရှိုင်းဆုံးနေရာထိတိုင် တိုးဝင်သွားသည်။

သိမ်းငှက်နက်သည် တစုံတရာကို အာရုံခံမိလာသလိုရှိသဖြင့် ထိတ်လန့်စိတ်ကြောင့် သိမ့်သိမ့်တုန်သွားသည်။ သို့သော် သူ ရင်ဆိုင်နေရသည်က နတ်သူငယ်အဆင့် အရှင်သခင်မှန်း သတိရလိုက်သည့်အခါ ရုန်းကန်နေလည်း ဘာမှမထူးကြောင်း တွေးမိသွားရသည်။ နတ်သူငယ်အဆင့် အရှင်သခင်သာ သူ့အား သတ်ချင်ပါက စိတ်ဝိညာဉ်ကို တိုက်ရိုက် ချေမွလိုက်ရုံသာလိုပြီး သူ့ကိုယ်သူ ဘယ်လိုသေသွားမှန်းတောင် သိလိုက်ရမည်မဟုတ်။ ထိုသို့အတွေးနှင့် သိမ်းငှက်နက်သည် မည်သို့သော ခုခံမှုမှ မလုပ်တော့ဘဲ ငြိမ်နေလိုက်တော့သည်။

သိမ်းငှက်နက်၏ အသိစိတ်ပင်လယ်အတွင်း ရောက်ရှိပြီးမှ ယဲ့ချန် သိလိုက်ရသည်မှာ ၎င်း၏ စိတ်ဝိညာဉ်သည် အတော်လေးကို နုနယ်လှပြီး ကလေးတစ်ယောက်၏ လက်သီးဆုပ်အရွယ်မျှသာ ရှိပေသည်။ ကြောင်နက်၊ ကြက်သွေးရောင် ကောင်းကင်ကျားနှင့် မိုးကြိုးတစ္ဆေသစ်နက်တို့၏ စိတ်ဝိညာဉ်များထက်ပင် ပို၍ နုံချာချိနဲ့သေးသည်။ သိမ်းငှက်နက်၏ စိတ်ဝိညာဉ်သည် အနက်ရောင်ဘောလုံးအသွင် ရှိပြီး ဘေးပတ်လည်တွင် အပြာရောင် ဝိညာဉ်စွမ်းအင်များ လွှမ်းခြုံနေသည်။ ထိုအပြာရောင် စွမ်းအင်များမှာ သိမ်းငှက်နက်သခင်၏ စွမ်းအင် ဖြစ်နိုင်သည်။

သိမ်းငှက်နက်၏ သခင်သည် အဆင့် ၁၀ ကောင်းကင်သားရဲတစ်ကောင် ဖြစ်နိုင်သည်ဟု ယဲ့ချန်က ခန့်မှန်းသည်။

ထိုအပြာရောင်စွမ်းအင်ကို ဖယ်ရှားကာ သူ့ဝိညာဉ်စွမ်းအင်အား မည်သို့ အစားထိုးရမည်ကို ယဲ့ချန် ခေါင်းစားသွားသည်။ ဝိညာဉ်စွမ်းအင်ကဲ့သို့ နာမ်တည်ရှိမှုများသည် စိတ်ဝင်စားဖွယ်ကောင်းပြီး အထိအခိုက်လည်း မခံကြပေ။ အပြာရောင်စွမ်းအင်ကို ဖယ်ထုတ်ရာတွင် အမှားသေးသေးလေးတစ်ခု လုပ်မိလျှင်တောင် သိမ်းငှက်နက်၏ စိတ်ဝိညာဉ်အား ထိခိုက်သွားနိုင်သည်။ အခြားစကားဖြင့် ဆိုရသော် သိမ်းငှက်နက်၏ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းသွားပြီး သခင်ဖြစ်သူ ပေးအပ်သော တာဝန်များကို နားလည်နိုင်တော့မည်မဟုတ်။ တကယ်သာ ထိုသို့ဖြစ်သွားခဲ့လျှင် ယဲ့ချန်အတွက်လည်း သိမ်းငှက်နက်အား အကျိုးမဲ့သက်သက် ယဉ်ပါးစေပြီး ဘယ်နေရာတွင်မှ အသုံးချမရဘဲ ဖြစ်သွားနိုင်သည်။

နေ့တဝက်ခန့် စဉ်းစားပြီးသည့်တိုင် အဖြေကား ထွက်မလာသေး။ ယဲ့ချန်သည်ကား အတွေးပင်လယ်ထဲ၌ နစ်မြုပ်နေဆဲ။ ဝိညာဉ်အသိအမြင်နှင့် သားရဲများ၏ စိတ်ဝိညာဉ်အပေါ် ယဲ့ချန်၏ နားလည်မှုသည် အကန့်အသတ်နှင့်သာ ရှိနေသေးပုံရသည်။ ဤအတောအတွင်း ယဲ့ချန်သည် ဝိညာဉ်အသိအမြင်အား မည်သို့မည်ပုံ အသုံးပြုရမည်ကို သူကိုယ်တိုင် စူးစမ်းရှာဖွေခဲ့ရသည်က များသည်။ အကယ်၍ စိတ်ဝိညာဉ်များနှင့် ပတ်သက်သည့် အသေးစိတ် ကျင့်ကြံနည်းစနစ်ကို ရေးသားထားသော စာအုပ်တအုပ်သာ အသင့်ရှိနေပါက သူ့အတွက် ပိုအဆင်ပြေလောက်သည်။ “မှော်သားရဲများကျင့်ကြံနည်းစနစ် ကောင်းကင်လမ်းညွှန်” ကို ဖတ်ဖို့ ကျပြန်တော့လည်း သားရဲဘာသာစကားကို အရင်သင်ရမလို ဖြစ်နေသည်။

နည်းလမ်းရှာမရသည့်အဆုံး ယဲ့ချန်သည် လက်တွေ့စမ်းကြည့်ရန်သာ တွေးလိုက်၏။ စမ်းကြည့်၍ မအောင်မြင်ခဲ့လျှင် သိမ်းငှက်နက်အား လက်လျှော့လိုက်ဖို့သာ ရှိတော့သည်။

နောက်ထပ်ရွေးချယ်စရာက ရှိမနေတော့ပေ။

'ခဏလေး..'

ရုတ်တရက် ယဲ့ချန်ခေါင်းထဲတွင် အတွေးတချက် လက်သွားသည်။

'ဟုတ်သားပဲ'

သူသည် ဝိညာဉ်အသိအမြင်ထံမှ အပိုင်းအစတစ်ခု ခွဲထုတ်ကာ အပြာရောင်စွမ်းအင်အနီးသို့ ပို့လွှတ်လိုက်၏။ အပြာရောင်စွမ်းအင်သည် ထူးခြားသော တည်ရှိမှုတစ်ခုကို အာရုံခံမိပုံပေါ်၍ ရုန်းကန်ရန်ကြိုးစားသော်လည်း ဝိညာဉ်အသိအမြင်၏ အပိုင်းအစလေးက ၎င်းအပြာရောင်စွမ်းအင်အား တင်းကြပ်စွာ ချုပ်နှောင်ထားသည်။ တဖြည်းဖြည်းနှင့် အပြာရောင်စွမ်းအင်သည် အားနည်းဖျော့တော့လာပြီး ယဲ့ချန်၏ ဝိညာဉ်အသိအမြင် အပိုင်းအစသည် အပြာရောင်စွမ်းအင်အား စတင်စုပ်ယူကာ ဝါးမျိုလေသည်။ နောက်ဆုံးတွင် အပြာရောင်စွမ်းအင်သည် လုံးလုံးလျားလျား စုပ်ယူခံလိုက်ရပြီး ၎င်း၏စွမ်းအင်များသည် ဝိညာဉ်အသိအမြင် အပိုင်းအစလေး၏ စွမ်းအင်များအဖြစ် ပြောင်းလဲသွားခဲ့သည်။

ဖြစ်စဉ်တစ်ခုလုံးတွင် သိမ်းငှက်နက်၏ စိတ်ဝိညာဉ်အား အနည်းငယ်မျှပင် မထိခိုက်ခဲ့ပေ။ ယဲ့ချန်လည်း လွယ်လွယ်ကူကူပင် သိမ်းငှက်နက်၏ စိတ်ဝိညာဉ်တွင် သူ့ဝိညာဉ်စွမ်းအင်ဖြင့် တံဆိပ်ခတ်နှိပ်ကာ ယဉ်ပါးစေနိုင်လိုက်သည်။

'အလုပ်ဖြစ်တယ်ဟ'

ယဲ့ချန် အခုမှပဲ ပြုံးနိုင်တော့သည်။ သူ ဝိညာဉ်အသိအမြင် အပိုင်းအစလေးအား ပင်မဝိညာဉ်အသိအမြင်နှင့် ပြန်လည် ပေါင်းစပ်လိုက်သည်။ သိမ်းငှက်နက်သည် ကြောက်စိတ်မပြေသေးစွာ ဒယီးဒယိုင်နှင့် ထလာပြီး သခင်အသစ်ကို နှုတ်ဆက်ရှာသည်။ ထို့နောက် အတောင်ပံများကို ဖြန့်ကြက်လျက် အစီအရင်၏ ဗဟိုချက်မသို့ ပျံသန်းလာလေသည်။

ထိုအချိန်၌ အစီအရင်အပြင်ဘက်တွင် ရှိနေသော လင်းယုန်ပြာ ကောင်းကင်သားရဲ မျက်နှာပျက်သွားသည်။ သိမ်းငှက်နက်နှင့် ဆက်သွယ်မှု ပြတ်တောက်သွားသည်ကို အာရုံခံမိလိုက်၍ ဖြစ်သည်။ ထို့ပြင် သိမ်းငှက်နက်၏ စိတ်ဝိညာဉ်တွင် သူ တံဆိပ်ခတ်နှိပ်ခဲ့သော ဝိညာဉ်စွမ်းအင်သည် အမည်မသိ စွမ်းအားကြီးတစ်ခု၏ ဝါးမျိုခြင်း ခံလိုက်ရသည်ကိုလည်း သူ ခံစားလိုက်ရသည်။ သူ့စိတ်ဝိညာဉ်သို့ပင် ရိုက်ခတ်မှုအနည်းငယ် ဖြစ်သွား၏။ ဆက်သွယ်မှုမပြတ်တောက်မီ သိမ်းငှက်နက်၏ နောက်ဆုံးသတင်းစကားအရ အစီအရင်ဗဟိုချက်မတွင် နတ်သူငယ်အဆင့် အရှင်သခင်တပါး ရှိနေသည်ဟု ဆိုသည်။ သို့သော် လင်းယုန်ပြာသည် ဤနေရာ၌ အဘယ့်ကြောင့် နတ်သူငယ်အဆင့် အရှင်သခင်က ရုတ်တရက်ပေါ်လာရသည်ကို နားမလည်နိုင်အောင် ရှိသည်။ ကမ္ဘာမြေအဆင့် သားရဲများနှင့် ကမ္ဘာမြေရန်အဆင့် ကျင့်ကြံသူများပင် လှည့်မကြည့်သော ရှေးဟောင်း ချီစုဆောင်းမှု အစီအရင်လေးတစ်ခုကို နတ်သူငယ်အဆင့် အရှင်သခင်က မည်သည့်အတွက် စိတ်ဝင်စားနေရပါသနည်း။

အတန်ကြာသော် လင်းယုန်ပြာ ခေါင်းယမ်းကာ တွေးမိသည်။ ရယ်စရာကောင်းလှချေသည်။ နတ်သူငယ်အဆင့် အရှင်သခင်တပါး အစီအရင်ထဲတွင် ရှိနေကြောင်း မသိပါဘဲ သူတို့အားလုံးသည် အစီအရင်ထဲသို့ ဝင်နိုင်ဖို့အရေး အသည်းအသန် ကြိုးစားနေကြသည်။ အထဲတွင် နတ်သူငယ်အဆင့် အရှင်သခင် ရှိနေကြောင်းသာ သိပါက သားရဲများသာမက လူသားများသည်လည်း ကြောက်လန့်ကာ ထွက်ပြေးသွားလောက်ချေပြီ။

“ညီအကိုတို့ရေ..ငါတော့ လက်လျှော့လိုက်ပြီကွာ”

စကားဆုံးသည်နှင့် လင်းယုန်ပြာသည် မပြေးရုံတမယ် အဝေးသို့ အလျင်အမြန် ပျံသန်းထွက်ခွာသွားတော့သည်။

“အဲ့ကောင်ဘာဖြစ်သွားတာလဲ။ ပြေးသွားလိုက်တာများ တစ်ယောက်ယောက် လိုက်လာတဲ့အတိုင်းပဲ”

“ငါ့ကို ကူတိုက်ပေးဦး။ သူ့ကို အရေးလုပ်မနေနဲ့”

ခြင်္သေ့များ၊ ကျားသစ်များ အစရှိသည့် ကောင်းကင်သားရဲတစုသည် အချင်းချင်း ပြောဆိုနေကြခြင်း ဖြစ်သည်။ 

အစီအရင်အထဲတွင် နတ်သူငယ်အဆင့် အရှင်သခင် ရှိနေကြောင်း အသိပေးရမည့်အစား လင်းယုန်ပြာသည် သူ့ဘာသာ တကိုယ်တည်း ထွက်ပြေးရန် ရွေးချယ်ခဲ့သည်။ လင်းယုန်ပြာအတွက် အခြားကောင်းကင်သားရဲများ သေသေရှင်ရှင် ကိစ္စမရှိပေ။ သေသွားလျှင်တောင် ပိုကောင်းသေးသည်။ သူ့အနေနှင့် ထိုသေသွားသော ကောင်းကင်သားရဲတို့၏ ပိုင်ဆိုင်မှုများကို လုယူနိုင်သည်။ အသိဉာဏ်ဖွံ့ဖြိုးမှုပိုင်းတွင် ကောင်းကင်သားရဲများသည် မှော်သားရဲများထက် သာလွန်ပြီး လူသားများနှင့် တန်းတူခန့်ရှိသည်။ ထို့ကြောင့်လည်း ကောင်းကင်သားရဲလောကတွင် လူ့လောကကဲ့သို့ သစ္စာဖောက်၊ ယုတ်မာ​ကောက်ကျစ်မှုများ အလားတူ ရှိပေသည်။

သိမ်းငှက်နက်သည် အစီအရင်ဗဟိုချက်မအနီးသို့ ပျံသန်းရောက်ရှိလာသည်။ သို့သော် ယဲ့ချန်၏ ခွင့်ပြုချက်မပါဘဲ အစီအရင်ဗဟိုချက်ရှိ ရွှေရောင်သတ္တုပြားပေါ်သို့ မတက်ဝံ့ပါချေ။ 

ထိုအချိန်တွင် ယဲ့ချန်သည်ကား အတွေးနက်နေ၏။ ကြောင်နက် သေသွား၍များ သိမ်းငှက်နက်သည် သူ၏ သုံးကောင်မြောက်သားရဲ ဖြစ်လာသည်လော ဟူ၍။ ဒါလည်း မဖြစ်နိုင်ပေ။ ကျောက်စိမ်းမျှော်စင်ထဲသို့ မဝင်မီ ကြောင်နက်အား ယဲ့ချန်ပေးခဲ့သော နောက်ဆုံးအမိန့်မှာ ရင်းမုန့်ထျန်းတို့လူစု လွတ်မြောက်သွားကြောင်း အတည်ပြုပြီးနောက် လုံခြုံသောနေရာတစ်ခုရှာကာ ပုန်းအောင်းနေရန် ဖြစ်သည်။ အကယ်၍ ကြောင်နက်သာ သေသွားပါက ယဲ့ချန်၏ ဝိညာဉ်အသိအမြင်သို့ ရိုက်ခတ်မှု ရှိလာရမှာ ဖြစ်သည်၊ ယခုမူ ဝိညာဉ်အသိအမြင်သည် မည်သည့်ရိုက်ခတ်မှုကိုမှ အာရုံမခံမိ၊ ဆိုလိုသည်မှာ ကြောင်နက်သည် တနေရာရာတွင် အသက်ရှင်နေသေးသည်။

ဖြစ်နိုင်ချေအရှိဆုံးမှာ ယဲ့ချန်၏ ဝိညာဉ်အသိအမြင်သည် ကောင်းကင်သားရဲများ၏ စိတ်ဝိညာဉ်နှင့် ကွဲပြားသောကြောင့် မှော်သားရဲသုံးကောင်ထက်ပိုကာ ယဉ်ပါးစေနိုင်ခြင်း ဖြစ်လောက်သည်။

သိမ်းငှက်နက်သည် အဆင့် ၁၀ ထိပ်ဆုံးဆင့်သားရဲ ဖြစ်သည်။ အခြားစကားနှင့် ပြောရသော် ချိုးယင်းနှင့် အဆင့်တူတွင်ရှိသည့် သားရဲ ဖြစ်သည်။ ထိုဝန်ကြီးချုပ်နှင့် နောက်တကြိမ် ထပ်ဆုံဖြစ်ပါက ယဲ့ချန်ပင် ဝင်ပါစရာမလိုတော့ဘဲ သိမ်းငှက်နက်၏ အစွမ်းအစကို လက်တွေ့ မြင်ရတော့ပေမည်။ ထိုသို့အတွေးနှင့် ယဲ့ချန် ဘဝင်ခွေ့သွားရသည်။ နောက်ထပ် သားရဲများစွာကို ယဉ်ပါးစေပြီး သားရဲစစ်တပ်ကြီး ထူထောင်လိုက်လျှင် ကောင်းမည်လောဟုပင် တွေးမိနေလေပြီ။

ဝိညာဉ်အသိအမြင်၏ ပြိုင်ဘက်ကင်းသော သဘာဝကြောင့် နောက်ထပ်သားရဲများ မရေမတွက်နိုင်အောင် ယဉ်ပါးစေနိုင်တာလည်း ဖြစ်နိုင်သည်။ အရမ်းကြီးတော့ မသေချာလှပေ။ အခွင့်အရေးရလာပါက စမ်းသပ်ကြည့်ရပေမည်။

ရွှေရောင်သတ္တုပြားနှင့် မနီးမဝေး ကျောက်တုံးတတုံးပေါ်တွင် နားခိုနေသော သိမ်းငှက်နက်ကိုမြင်သော် အမွေးပွလေးသည် အံ့အားသင့်နေဟန် အထင်းသားဖြင့် ယဲ့ချန်အား ကြည့်လာသည်။ လူငယ်လေးကား အမှန်ပင် လေးကောင်မြောက်သားရဲအား အောင်မြင်စွာ ယဉ်ပါးစေနိုင်စွမ်း ရှိနေ၏။

***

All Chapters