သံနက်တပ်ဖွဲ့ လှုပ်ရှားပြီ
Vol. 8 Ch. 105
ယဲ့ချန်၏ ဝိညာဉ်အသိအမြင်သည် အမွေးပွလေး တွေးထားသည်ထက်ပင် ပိုသန်မာနေသည်။ အမွေးပွလေးသည် ယဲ့ချန် ကျင့်ကြံနေစဉ် ယိုစိမ့်လာခဲ့သော ထျန်းချီများကို အမြဲစုပ်ယူခဲ့သောကြောင့် ၎င်း၏ စိတ်ဝိညာဉ်သည်လည်း ပြောင်းလဲတိုးတက်ခဲ့ကာ စိတ်ဝိညာဉ်အပြင် ယဲ့ချန်ကဲ့သို့ ဝိညာဉ်အသိအမြင်ကို ပိုင်ဆိုင်လာခဲ့သည်။
ယဲ့ချန်သည် သိမ်းငှက်နက်အားကြည့်ကာ ပြောလိုက်သည်။
"မင်းအရှေ့မှာ အားဖန် ၁၊ အားဖန် ၂နဲ့ အားဖန် ၃တို့ ရှိသေးတယ်။ ဒါ့ကြောင့် ဒီနေ့ကစပြီး မင်းက အားဖန် ၄ ဖြစ်သွားပြီ"
ပြောရလျှင် ငှက်မွေးတောင်များသည်လည်း အမွေးသာဖြစ်ရာ အားဖန် ၄ ဟု ခေါ်ဆိုခြင်းက ပြဿနာမရှိပေ။ မှတ်ရတာပင် လွယ်သေးသည်။
ယဲ့ချန် အဆင့်မြင့်ဝိညာဉ်ဆေးလုံးတလုံးကို ထုတ်ယူကာ သိမ်းငှက်နက်ထံ ပေးလိုက်ပြီးနောက် ၎င်းအား လွတ်လွတ်လပ်လပ် ကျင့်ကြံရန် ခွင့်ပြုပေးခဲ့သည်။
နောက်ထပ်သားရဲများ အစီအရင်ထဲသို့ ဝင်လာလျှင်လည်း ယဉ်ပါးစေဖို့ ယဲ့ချန် တွေးထားသည်။ အကယ်၍ သူ မလုပ်နိုင်တော့လျှင်ပင် အမွေးပွလေး ရှိသေးသည်။ ဝင်လာသောသားရဲက ကောင်းကင်သားရဲ ဖြစ်နေခဲ့လျှင်တော့ သူတို့အနေနှင့် ယဉ်ပါးအောင် ပြုလုပ်နိုင်လိမ့်မည် မဟုတ်ပေ။ ကောင်းကင်သားရဲများတွင် သန်မာသော စိတ်ဝိညာဉ် ရှိသည့်အတွက် အလွယ်တကူ ထိန်းချုပ်ဖို့ရန် မဖြစ်နိုင်တာ ဖြစ်သည်။
ကောင်းကင်သားရဲတွေရဲ့ စိတ်ဝိညာဉ်က ဘယ်လိုများလဲ..။
ထိုသို့အတွေးနှင့် ယဲ့ချန်သည် ခြင်္သေ့မ၏ စိတ်ဝိညာဉ်ထဲသို့ ဝိညာဉ်အသိအမြင်ကို ပို့လွှတ်ကာ ၎င်း၏ အသိစိတ်ပင်လယ်အား စူးစမ်းကြည့်ရန် ကြိုးပမ်းလိုက်သည်။
ခြင်္သေ့မသည် ကျင့်ကြံနေရင်းမှ ယဲ့ချန်၏ ဝိညာဉ်အသိအမြင်ကို အာရုံခံမိသောအခါ တောင့်တင်းသွားရ၏။
ယဲ့ချန်သည် ခြင်္သေ့မ၏ အသိစိတ်ပင်လယ်အတွင်း ဝင်ရောက်သွားပြီးသောအခါ ကွာခြားချက်ကို နားလည်လိုက်ရသည်။ မှော်သားရဲများ၏ စိတ်ဝိညာဉ်သည် တနေရာထဲတွင် စုစည်းတည်ရှိနေခြင်းဖြစ်၍ ထိုစိတ်ဝိညာဉ်ပေါ်တွင် အမှတ်အသားပြုလုပ်၊ တံဆိပ်ခတ်ကာ အလွယ်တကူထိန်းချုပ်နိုင်သည်။ တစ်ဖက်တွင်တော့ ကောင်းကင်သားရဲများ၏ စိတ်ဝိညာဉ်သည် ဥက္ကာပျံများကဲ့သို့ အသိစိတ်ပင်လယ်ထဲတွင် ပြန့်ကျဲနေကြသည်။ ၎င်းတို့၏ အသိစိတ်ပင်ကိုဉာဏ်က မှော်သားရဲများထက် သာလွန်သည့်တိုင် ပုံသွင်းရမလွယ်ကူပေ။ ထို့ကြောင့် ကောင်းကင်သားရဲများ၏ စိတ်ဝိညာဉ်တွင် အမှတ်အသားပြုလုပ်ပြီး ယဉ်ပါးစေနိုင်ဖို့ ခဲယဉ်းခြင်းဖြစ်သည်။
ကွာခြားချက်ကို သိရပြီးဖြစ်၍ ယဲ့ချန်သည် ဝိညာဉ်အမြင်အား ပြန်လည်သိမ်းဆည်းလိုက်သည်။
ထိုအခါမှ ခြင်္သေ့မခမျာ တိတ်တိတ်လေး သက်ပြင်းချနိုင်ရှာပြီး နောက်တကြိမ် အသက်ရှင်သန်ခွင့်ပေး၍ မိုးနတ်မင်းကို ကျေးဇူးတင်မိတော့သည်။
ထျန်းချီအဆင့် ၉ ထိပ်ဆုံးဆင့်ကို ရောက်ရှိပြီးနောက် ထျန်းချီများသည် ဆက်လက်တိုးလက်လာခြင်း မရှိသေးသည့်အတွက် ယဲ့ချန် "နေမင်းဖြိုခွင်း" ကိုသာ ဆက်လက် လေ့ကျင့်နေခဲ့သည်။
မကြာသေးခင်ရက်ပိုင်းအတွင်း ယဲ့ချန်၏ ကျင့်ကြံခြင်းနှင့် သိုင်းပညာရပ်များအပေါ် နားလည်မှုသည် အလွန်ကောင်းမွန်စွာ တိုးတက်နိုင်ခဲ့သည်။ ဝိညာဉ်စွမ်းအင်ပိုင်းဆိုင်ရာတွင်လည်း တိုးတက်ခဲ့သော်ငြား သိသာထင်ရှားသော တိုးတက်မှုမျိုးတော့မဟုတ်။ တာအိုသဘောတရားတချို့ကို ဉာဏ်အလင်းရခဲ့သည့်တိုင် အပေါ်ယံမျှသာ ဖြစ်သည်။ အလုံးစုံ ထဲထဲဝင်ဝင် နားလည်သဘောပေါက်ခြင်းမျိုး မဟုတ်၍ ယဲ့ချန်သည် တာအိုကွဲပြားမှု သဘောတရားများအား ဆက်လက်လေ့လာနေခဲ့သည်။
ပတ်ဝန်းကျင်ရှိ ထျန်းချီစွမ်းအင် စီးဆင်းမှုများကို ယဲ့ချန် ခံစားမိချိန်တွင် ပြောင်းလဲမှုများ စတင်ဖြစ်ပေါ်လာသည်။ ဖြည်းညှင်းစွာနှင့် သူသည် မျက်လုံးများမှိတ်ကာ ဈာန်ဝင်စားသွားခဲ့သည်။ သူ့ခန္ဓာကိုယ်တွင်းရှိ ကြယ်တာရာဘုံကိုးလွှာ၏ စွမ်းအင်ကိုးမျိုးသည်လည်း လိုက်ပါပြောင်းလဲလာသကဲ့သို့ လှည့်ပတ်နေကြ၏။
ထျန်းချီဝဲကတော့ကိုးခုအား ဖွဲ့စည်းနိုင်ခဲ့သည့် အချိန်ကစ၍ ယဲ့ချန်သည် ကြယ်တာရာဘုံကိုးလွှာ၊ ကျင့်စဉ်ကိုးမျိုးကို တပြိုင်နက်တည်း လေ့ကျင့်ခဲ့သည်။ ထိုကျင့်စဉ်ကိုးမျိုးသည် တစ်ခုနှင့်တစ်ခု အမှီသဟဲပြုလျက် ဆင့်ပွါးတိုးတက်လာကြဟန် ရသည်။ ကြယ်တာရာဘုံကိုးလွှာကား တကယ်ကို ထူးခြားဆန်းကြယ်ပေသည်။ စကားလုံးများနှင့်ပင် ဖော်ပြ၍မရပေ။
ကျင့်ကြံနေစဉ်အတွင်း ယဲ့ချန်သည် ရှေးဟောင်းချီစုဆောင်းမှု အစီအရင်နှင့် ပတ်သက်ပြီး ပိုမိုနားလည်လာခဲ့သည်။ အစီအရင်အတွင်း ကျောက်တုံးများကို အစီအစဉ်ချထားပုံသည် သူ့အသိစိတ်ထဲတွင် အသေးစိတ်ပေါ်လာခဲ့ပြီး ကျောက်တုံးများသည် ညှို့ယူဖမ်းစားနိုင်သော ပုံစံမျိုးဖြင့် လှည့်ပတ်နေခဲ့၏။
ဤရှေးဟောင်း ချီစုဆောင်းမှုအစီအရင်သည် အခြားအစီအရင်များနှင့် မတူညီစွာ ထူးခြားသောအချက်တချက် ရှိသည်။ မည်သည့်ပြင်ပစွမ်းအင်မှ မလိုအပ်ဘဲ အလိုအလျောက် အသက်ဝင်ကာ ထျန်းချီစွမ်းအင်များအား ပတ်ဝန်းကျင်သို့ ဖြန့်ကြက်ပေးနိုင်ခြင်း ဖြစ်သည်။
ယဲ့ချန်သည် ချီစုဆောင်းမှု အစီအရင်၏ ဖွဲ့စည်းပုံစနစ်အား ရှင်းရှင်းလင်းလင်း မှတ်မိသွားခဲ့သည်။ ယဲ့မိသားစုရဲတိုက်သို့ ပြန်ရောက်လျှင် အလားတူအစီအရင်တစ်ခု ဖန်တီးကောင်း ဖန်တီးနိုင်လောက်သည်။
အချိိန်ကား တရွေ့ရွေ့ ဆက်လက်ကုန်ဆုံးနေသည်။ ယဲ့ချန် ကျောက်စိမ်းမျှော်စင်အတွင်းသို့ ရောက်ရှိနေသည်မှာ တလတင်းတင်း ပြည့်ခဲ့လေပြီ။
တုန်းလင်ပြည်နယ်၊ ဒုတိယမင်းသား၏ ကျွင်းဝမ်နန်းတော်၌။
ချိုးယင်းတို့လူစု ပြန်ရောက်လာခဲ့သည်။ သူတို့အဝတ်အစားများမှာ စုတ်ပြဲနေပြီး သူတောင်းစားများနှင့်တောင် တူနေသေးသည်။ မြင်ရသည်မှာ သနားစရာကောင်းနေသည်။ အသက်ရှင်နေသေးသည်ကပင် ကံကောင်းထောက်မခြင်း ဖြစ်သည်။ ထျန်းချီအဆင့် ၉ ထိပ်ဆုံးဆင့် အစောင့်အရှောက်များ၏ သေဆုံးမှုက သူတို့အတွက် အရေးမပါပေ။
အဝတ်အစားများ လဲလှယ်သန့်စင်ပြီးနောက် ကျောက်စိမ်းမျှော်စင်အတွင်းမှ ရရှိခဲ့သည်များကို ပြုပြင်ပေါင်းစပ်ကြသည်။
ကျိုးပဲ့နေသော ချပ်ဝတ်အပိုင်းအစများနှင့် တဝက်တပျက် လက်နက်များကို ပြန်လည် အရည်ကျိုကာ ပေါင်းစပ်လိုက်သောအခါ ဓားရှည်နှစ်လက် ရလာခဲ့သည်။ တချိန်ချိန်၌ ကိုယ်ပိုင်အသိစိတ်ရကာ ဝိညာဉ်လက်နက်များ ဖြစ်လာကြပါက ဤဓားနှစ်လက်သည် သင့်တင့်လျှောက်ပတ်စွာ ကောင်းမွန်သောလက်နက်များ ဖြစ်လာနိုင်ပေသည်။ ထို့ပြင် သူတို့သုံးဦးသည် "အမှောင်ည" ဟု အမည်ရသော အဆင့်၅ ကျင့်စဉ်တစ်ခုကိုလည်း ရရှိခဲ့သည်။ ၎င်းကျင့်စဉ်တွင် အဆင့် ၅ သိုင်းပညာရပ် ၃ခု ပါဝင်သော်လည်း ကျင့်စဉ်၏ တချို့စာမျက်နှာများမှာ ပျက်စီးနေလေရာ ကျင့်ကြံရာတွင် အခက်အခဲများတော့ ရှိလာနိုင်သည်။ သို့သော်ငြားလည်း ချိုးယင်းတို့သည် ဤရလဒ်အပေါ် ကျေနပ်မှုတော့ ရှိကြသည်။ ဘယ်လိုပဲဖြစ်ဖြစ် ကျောက်စိမ်းမျှော်စင်သို့ သွားခဲ့ရသည့်ခရီးက လုံးလုံးလျားလျား အလဟသပ် မဖြစ်ခဲ့ဟု ဆိုနိုင်ပေသည်။
"နန်းမြို့တော်ကို ပြန်တော့မှာလား ဝန်ကြီးချုပ်"
လျိုရွှင်းသည် ယဉ်ယဉ်ကျေးကျေးဖြင့် မေးလိုက်သော်လည်း အတွင်းစိတ်တွင်တော့ ထိတ်ထိတ်ပျာပျာ ဖြစ်နေရလေပြီ။
"အမှန်ပဲ။ နန်းမြို့တော်ကို မြန်မြန်ပြန်ဖို့ လိုတယ်"
ချိုးယင်းသည် ခေါင်းညိတ်ကာ လျိုရွှင်းအား တချက်ကြည့်သည်။
"ဘာပြောစရာရှိလို့လဲ။ အခုပြောလေ"
"အဲ့ဒါက ယဲ့မိသားစုအကြောင်းပါ။ ဟိုကောင်လေး ယဲ့ချန်က အဲ့မှာနေတယ်။ အစကတော့ သူတို့မိသားစုက လျန်ယွင်အိမ်တော် ဆယ့်ရှစ်ဆောင်ထဲမှာ မထင်မရှားပါပဲ။ နောက်တော့ ယဲ့ချန်လို ပါရမီရှင်တစ်ယောက် ရုတ်တရက်ကြီး ထွက်ပေါ်လာပြီး ကျင့်ကြံဆင့်တွေ မြင့်လာကြတဲ့အပြင် အဆင့် ၉ သားရဲနှစ်ကောင်လည်း ဘယ်ကမှန်းမသိဘဲ ရောက်လာတယ်။ ကောင်လေးက ကျောက်စိမ်းမျှော်စင်ထဲမှာ သေသွားလောက်ပြီ ဆိုပေမဲ့ ဒါက ယဲ့မိသားစု ပြိုလဲသွားပြီလို့ မဆိုလိုဘူးလေ။ သူတို့မှာ အရင်းအမြစ်ကောင်းကောင်း ရှိနေခဲ့ပြီးပြီ"
လျိုရွှင်းသည် စကားအားခဏရပ်ကာ ချိုးယင်းကို မသိမသာ တချက်ကြည့်သည်။
"ယဲ့မိသားစုရဲ့အင်အားက ဘာလို့ ရုတ်တကြီး မြင့်မားလာသလဲဆိုတာ စုံစမ်းကြည့်ဖူးလား"
ချိုးယင်းသည် လက်ချောင်းများအား စားပွဲပေါ်တွင် တဒေါက်ဒေါက်ခေါက်ရင်း အတွေးနက်နေလျက် မေးလာသည်။
လျိုရွှင်းသည် ယဲ့မိသားစုနှင့်ပတ်သက်၍ ပိုလို့ပင် စိတ်မသက်မသာ ဖြစ်လာသယောင် ခံစားရသည်။ သိပ်မကြာခင်က ယဲ့မိသားစုသည် နှစ်တထောင် မြွေနဂါးသစ်သီး အပါအဝင် အခြားလက်ဆောင်များကို လက်ခံရရှိခဲ့သည်ဟု သတင်းကြားခဲ့သည်။ ယခုအချိန်လောက်ဆိုလျှင် ယဲ့မိသားစုမှ ကျင့်ကြံသူများသည် ထိုပစ္စည်းတို့ကို စားသုံးကာ ကျင့်ကြံဆင့်များ တက်ပြီးနေလောက်ချေပြီ။ ထိုအကြောင်းကို တွေးလိုက်မိတိုင်း သူ အိပ်မပျော်တော့သလိုပင် ဖြစ်နေရသည်။ ယဲ့မိသားစု၏ ထွန်းတောက်လာမှုသည် ကျွင်းဝမ်နန်းတော်အတွက်တော့ ဆိုးကျိုးများသာ သယ်ဆောင်လာမှာ ဖြစ်သည်။
ထိုသို့အတွေးနှင့် လျိုရွှင်း ထပ်ပြောလိုက်သည်။
"ယဲ့မိသားစုနောက်ကွယ်မှာ စွမ်းအားကြီးတဲ့ အမည်မသိပုဂ္ဂိုလ်တစ်ယောက် ရှိနေတယ်။ ဒါပေမဲ့ ဘယ်သူလဲဆိုတာကို ကျုပ်တို့ အတိအကျ မသိရသေးဘူး"
"စွမ်းအားကြီးတဲ့ အမည်မသိပုဂ္ဂိုလ် ဟုတ်လား"
"အဲဒီလူက တကယ်ပဲ စွမ်းအားကြီးတယ်ဆိုရင် ဘာလို့ ပုန်းလျှိုးကွယ်လျှိုး လုပ်နေမှာလဲ။ ဧကရာဇ်မင်ဝူ ဆင့်ခေါ်မှာစိုးလို့ ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားတာလား"
လျိုခန်းလည်း ဝင်ပြောလာသည်။
ဧကရာဇ်မင်ဝူသည် လွတ်လပ်သောကျွန်းသို့ စေလွှတ်ရန် ထျန်းချီအဆင့် ၁၀ နှင့်အထက် ကျင့်ကြံသူများကို အမြဲတစေ ထောက်လှမ်းနေတတ်သည်။ ထို့ကြောင့် တချို့သော စွမ်းအားမြင့်ပုဂ္ဂိုလ်များသည် ရည်ရွယ်ချက်ရှိရှိဖြင့် သိုသိုသိပ်သိပ် နေလေ့ရှိကြသည်။ ထိုသို့ ရှောင်တိမ်းပုန်းအောင်းရင်းဖြင့် မိသွားသည့်အခါ ထိုကျင့်ကြံသူ၏ တမိသားစုလုံး အသတ်ခံသည့် ဖြစ်ရပ်မျိုးလည်း ဖြစ်ခဲ့ဖူးသည်။
ရှီဝူအင်ပါယာအတွင်းတွင် လက်ရှိကျင့်ကြံဆင့်အမြင့်ဆုံးသူမှာ ဧကရာဇ်မင်ဝူ ဖြစ်ရာ ဘယ်သူကမှ ဧကရာဇ်၏ပြုင်ဘက် မဟုတ်သေးပေ။
လျိုခန်းသည် ချိုးယင်းအား တချက်ကြည့်သည်။ ချိုးယင်း၏အမြင်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
"ဝန်ကြီးချုပ်ရော ဘယ်လိုထင်လဲ"
လျိုခန်းက မေးသည်။
ကျွင်းဝမ်နန်းတော်သည် ယခင်က ယွင်မိသားစုအား အထောက်အပံ့ ပေးထားခဲ့ဖူးသည်။ ယဲ့မိသားစု အင်အားကြီးထွားလာပြီးနောက် ပထမဆုံး သုတ်သင်ခဲ့သည်က ယွင်မိသားစုဖြစ်ရာ နောက်တကြိမ်အလှည့်ကျသူက ကျွင်းဝမ်နန်းတော် ဖြစ်ပေလိမ့်မည်။ လျိုခန်းသည် လျိုရွှင်း၏ ဖခင်အနေနှင့် ဤကိစ္စရပ်ကို ချိုးယင်းနှင့် ဆွေးနွေးရန်လိုသည်။
"တကယ်လို့ အဲဒီနောက်ကွယ်ကလူက တကယ်ပဲ ဧကရာဇ်မင်ဝူရဲ့ ဆင့်ခေါ်မှုကို ရှောင်ရှားချင်လို့ ပုန်းကွယ်ချင်တာဆိုရင် ငါတို့မှာ ဖြေရှင်းနည်းတွေ အများကြီးရှိတယ်။ ငါစိုးရိမ်တာတစ်ခုက အဲဒီလူရဲ့စွမ်းအားက အရမ်းကိုကြီးမားနေခဲ့ရင် ငါတို့ သူ့ကိုရန်စမိတာရဲ့ အကျိုးဆက်က ကောင်းလိမ့်မှာမဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလူက ပြီးခဲ့တဲ့ရက်တွေအတွင်း လုံးဝ ပေါ်မလာခဲ့ဘူးဆိုတော့ အဲ့လူ တကယ်ရှိရောရှိရဲ့လားဆိုတာ မဆုံးဖြတ်နိုင်ဘူး ဖြစ်နေတယ်။ ငါအကြံပေးချင်တာက.. သံနက်တပ်ဖွဲ့ကို စေလွှတ်ပြီး ယဲ့မိသားစုရဲတိုက်ကို ဝိုင်းခိုင်းထားလိုက်။ ဘာမှအလျင်စလိုမလုပ်ဘဲ စောင့်ကြည့်ရုံပဲစောင့်ကြည့်ခိုင်းထား။ အဲဒီလူ ထွက်ပေါ်လာတဲ့အခါ ထျန်းချီအဆင့် ၁၀ ဒါမှမဟုတ် ကမ္ဘာမြေရန်အဆင့် ဖြစ်နေခဲ့ရင်တောင် ငါကိုယ်တိုင် ဧကရာဇ်မင်ဝူကို လျှောက်တင်ပြီး သူ့ကို ဆင့်ခေါ်ခိုင်းလိုက်မယ်။ ယဲ့မိသားစုကိုတော့ မင်းတို့ဘာသာ ဆက်ပြီး ကိုင်တွယ်လိုက်ပေါ့"
ချိုးယင်းသည် သေချာလှသော အပြုံးတစ်ခုနှင့် ဆို၏။
"တကယ်လို့ အဲဒီလူ ပေါ်မလာခဲ့ဘူးဆိုရင်ရော.."
လျိုခန်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူလည်း အကြံတစ်ခု ရသွားပုံပေါ်သည်။
"ဆယ်ရက်အတွင်း အဲဒီလူပေါ်မလာခဲ့ရင် ဆိုလိုတာက သူ ယဲ့မိသားစုကို ဆက်ပြီး ကာကွယ်မပေးတော့ဘူး။ ယဲ့မိသားစုနဲ့ သူ့ကြားမှာ ဆက်ဆံရေးကောင်း မရှိတော့လို့ပဲ။ ဒါမှမဟုတ် အဲဒီလူက ဘယ်တုန်းကမှ ရှိမနေခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ယံ့မိသားစုက တမင်လုပ်ကြံဖန်တီးထားတဲ့ပုံပြင် ဖြစ်နေတာမျိုးပေါ့။ အဲ့လိုဖြစ်နေခဲ့ရင် ကိစ္စတွေက ပိုတောင်လွယ်ကူသွားဦးမယ်"
"ဝန်ကြီးချုပ်ကတော့ ထက်မြက်ပါပေတယ်"
လျိုခန်းသည် မြှောက်ပင့်ချီးကျူးရင်း ရယ်မောလိုက်ကာ အကြံပေးလာသည်။
"တုန်းလင်ပြည်နယ်မှာပဲ တလလောက် ဆက်နေရင်ရော ဘယ်လိုလဲ။ ယဲ့မိသားစုမှာ အခြားမိသားစုတွေကနေ လက်ဆောင်ပေးထားတဲ့ ပစ္စည်းတွေ အများကြီးရှိတယ်။ ယဲ့မိသားစု ကျွင်းဝမ်နန်းတော်လက်အောက်ကို ရောက်ပြီးတဲ့အခါ အဲဒီပစ္စည်းတွေကို ကျုပ်တို့လွှဲယူကြတာပေါ့"
ချိုးယင်းသည် ထိုလျိုသားအဖနှစ်ယောက်အား မျက်နှာထားတင်းတင်းဖြင့် ကြည့်မိသည်။ ထိုနှစ်ဦး ကြံစည်နေသည်ကို သူမသိတာမဟုတ်။ သူသာ တုန်းလင်ပြည်နယ်တွင် တစ်လခန့် ဆက်နေပါက ယဲ့မိသားစုကြောင့် ဖြစ်လာမည့်ကိစ္စမှန်သမျှတွင် ကျွင်းဝမ်နန်းတော်၏ ဒိုင်းကာသဖွယ် ဖြစ်နေပေလိမ့်မည်။
တည်ငြိမ်စွာဖြင့် ပြုံးလိုက်ရင်း ချိုးယင်းက ပြောသည်။
“ငါလည်း တုန်းလင်ပြည်နယ်မှာ မနေချင်လို့မဟုတ်ပါဘူး။ ဒါပေမဲ့ နန်းမြို့တော်မှာက ငါကိုယ်တိုင်လုပ်ဖို့လိုတဲ့ အလုပ်တွေရှိနေသေးတယ်လေ။ မင်းတို့မစိုးရိမ်ပါနဲ့၊ ဟိုကနေပြီး တုန်းလင်ပြည်နယ်ရဲ့ သတင်းတွေကို ငါ နားစွင့်နေမှာပါ။ တစ်ခုခုထူးခြားတာနဲ့ စာပို့သိမ်းငှက်ကတစ်ဆင့် ငါ့ဆီကို အကြောင်းကြားလိုက်။ ယဲ့မိသားစုရဲ့ ရတနာပစ္စည်းတွေအတွက်ကတော့ အကုန်လုံးကို ငါမယူပါဘူး။ အခြေအနေတွေ တည်ငြိမ်သွားပြီး ယဲ့မိသားစုတစ်ခုလုံးကို သေချာထိန်းချုပ်နိုင်ပြီဆိုမှ ပစ္စည်းတွေရဲ့တဝက်ကို ငါ့ကိုပေးပေါ့။ ကျန်တဲ့ကိစ္စတွေကိုတော့ ငါနဲ့လွှဲထားလိုက်၊ ဧကရာဇ်မင်ဝူကို ငါကိုယ်တိုင်လျှောက်တင်ပေးမယ်။ အခုက နောက်ကျနေပြီ။ မနက်ဖြန်မှာ ခရီးရှည်ကြီး သွားရဦးမှာဆိုတော့ ငါအနားယူတော့မယ်”
ချိုးယင်းသည် ထိုင်ရာမှ ထရပ်လိုက်သောကြောင့် လျိုခန်းနှင့်လျိုရွှင်းတို့လည်း မတ်တတ်ရပ်ကာ နှုတ်ဆက်လိုက်ကြသည်။
ချိုးယင်း၏ ပုံရိပ် မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည်နှင့် လျိုခန်း ကျိန်ဆဲတော့သည်။
“ဒီချိုးယင်းဆိုတဲ့ အဘိုးကြီးကတော့.. တကယ့်ကို မြေခွေးအိုကြီးပဲ”
လျိုရွှင်းသည် ကူကယ်ရာမဲ့စွာသာ ပြုံးမိသည်။ ချိုးယင်းက မြန်မြန်ဆန်ဆန် ပြန်သွားလိုနေမှတော့ ဘယ်သူမှ သူ့ကို မတားနိုင်ပေ။ နန်းမြို့တော်သို့ ချိုးယင်း အဆောတလျင် ပြန်ချင်နေရခြင်းမှာ ကျွင်းဝမ်နန်းတော်နှင့် ဆက်ဆံရေးအား ရှင်းရှင်းလင်းလင်း ဖြတ်တောက်လိုခြင်းကြောင့် ဖြစ်သည်။ သို့မှသာ လျိုခန်းနှင့် လျိုရွှင်းတို့က ယဲ့မိသားစုနောက်ကွယ်ရှိ ပုဂ္ဂိုလ်အား မှားယွင်းကာ ပစ်မှားမိပါက ချိုးယင်းနှင့် မသက်ဆိုင်တော့မှာ ဖြစ်သည်။ အကယ်၍ ယဲ့မိသားစုနောက်ကွယ်ရှိ ပုဂ္ဂိုလ်သည် အလွန်အစွမ်းထက်နေခြင်း မဟုတ်ဘဲ ထျန်းချီအဆင့် ၁၀ သို့မဟုတ် ကမ္ဘာမြေရန်အဆင့် ဆိုပါက ချိုးယင်းသည် ဧကရာဇ်မင်ဝူထံ အကြောင်းကြားသတင်းပို့ကာ ကြားထဲမှ မျက်နှာရဦးပေမည်။ နောက်ဆုံးရလဒ်က မည်သို့ထွက်လာပါစေ ချိုးယင်းသည် သူ့အတွက် အကျိုးမယုတ်မည့်လမ်းကို ရွေးထားလေသည်။
“သူ တုန်းလင်ပြည်နယ်မှာ ဆက်မနေနိုင်ဘူးဆိုတာကို လက်ခံပေးလို့ရပါတယ်။ ဒါပေမဲ့ သူက ယဲ့မိသားစုရဲ့ ရတနာပစ္စည်းတွေထဲက တဝက်ကို လိုချင်နေသေးတယ်”
လျိုရွှင်း ရေရွတ်မိသည်။
မည်သို့ပင်ဆိုစေ ဤအခြေအနေအား သူတို့အနေနှင့် ပြောင်းလဲနိုင်စွမ်း မရှိပေ။ ချိုးယင်း၏ အနိုင်ကျင့်ဗိုလ်ကျခြင်းကို ခံနေရခြင်းထက် ယဲ့မိသားစုအား အမြစ်ဖြတ်သုတ်သင်ရန်မှာ ပိုအရေးကြီးနေသည်။ ကောင်စုတ်လေး ယဲ့ချန်ကား ကျောက်စိမ်းမျှော်စင်ထဲတွင် သေသွားခဲ့ပြီဖြစ်သည်။ တစုံတစ်ယောက်က ကောင်စုတ်လေး၏ အလောင်းအား တွေ့သွားခဲ့လျှင်ပင် ပြဿနာမရှိပေ။ ဆေးဝါးပညာရှင် ဆရာသခင်ရွှမ်းယီသည် ယဲ့ချန်၏သေဆုံးမှုအား လက်တုံ့ပြန်လိုလျှင်တောင် တရားခံအား သိနိုင်လိမ့်မည် မဟုတ်။
လျိုခန်းနှင့်လျိုရွှင်းသည် ယဲ့မိသားစုနောက်ကွယ်ရှိ ပုဂ္ဂိုလ်ကြီးနှင့် ပတ်သက်၍ စိတ်ပူပန်မိသော်လည်း ရွေးချယ်စရာမရှိပေ။ ယခုအချိန်တွင် မလှုပ်ရှားပါက အနာဂတ်တွင် ယဲ့မိသားစု၏ အင်အားမှာ အဆမတန်ကြီးထွားလာပြီး ကျွင်းဝမ်နန်းတော်ကို ခြိမ်းခြောက်လာနိုင်သည်။
ကျွင်းဝမ်နန်းတော်အရှေ့ရှိ စတုရန်းပုံမြေကွက်လပ်တွင် အနက်ရောင်ချပ်ဝတ်များ ဆင်တူဝတ်ဆင်ထားကြသည့် ထျန်းချီအဆင့် ၇ စစ်သည်တော် ၁၀၀၀ သည် “ညဉ့်လေ” ဟု အမည်ရသော အဆင့် ၃ မြင်းနက်များပေါ်တွင် ထိုင်လျက် စီတန်းနေကြသည်။ စစ်သည်တော်အားလုံးသည် တိုက်ပွဲဝင်ရန် စနစ်တကျ သင်ကြားပေးခြင်း ခံထားရသူများ ဖြစ်သည့်အလျောက် ကျစ်လျစ်သေသပ်စွာ တန်းစီနေကြသည်။ ညဉ့်လေမြင်းများ၏ ကိုယ်ထည်၌ပင် အနက်ရောင်ချပ်ဝတ်များ ဆင်ယင်ပေးထားသည်။ ၎င်းတို့ကား ကျွင်းဝမ်နန်းတော်၏ ကျော်ကြားလှသော သံနက်တပ်ဖွဲ့ကြီး ဖြစ်ပေသည်။
တုန်းလင်၊ ဒုတိယမင်းသား၏ အမိန့်အောက်တွင် စစ်သည် ၁၀၀၀ ပါဝင်သော သံနက်တပ်ဖွဲ့သည် စတင်ထွက်ခွာကြသည်။ သဲမှုန့်၊ မြေမှုန့်များက လေထုအတွင်း တလိမ့်လိမ့်တက်သွားပြီး ညဉ့်လေမြင်းများ၏ ခွါအောက်တွင် ပထဝီဝင်မြေကြီးပင် သိမ့်သိမ့်တုန်သွားရသည်။ သံနက်တပ်ဖွဲ့သည် ယဲ့မိသားစုရဲတိုက်ရှိရာသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားကြလေသည်။
သံနက်တပ်ဖွဲ့၏ ထင်သာမြင်သာ လှုပ်ရှားမှုသည် တုန်းလင်ပြည်နယ်အတွင်းရှိ ပြည်သူများအား ဆွေးနွေးစရာ ခေါင်းစဉ်တစ်ခု ရသွားစေသည်။ သည်တကြိမ်သည် သုံးနှစ်အတွင်း သံနက်တပ်ဖွဲ့၏ ပထမဆုံးလှုပ်ရှားမှု ဖြစ်သည်။ တုန်းလင်ပြည်နယ်အတွင်း တနေရာရာ၌ သောင်းကျန်းသူများ ထကြွနေ၍လော။ သို့မဟုတ် မိသားစုတစုစုသည် ကျွင်းဝမ်နန်းတော်အား ပစ်မှားမိသောကြောင့် သံနက်တပ်ဖွဲ့ လက်ထဲတွင် အဆုံးသတ်ရတော့မည်လော။
***