← Chapters

ဝိုင်းရံခံရခြင်း

Vol. 8 Ch. 106

ဝိုင်းရံခံရခြင်း

Vol. 8 Ch. 106

ယဲ့မိသားစုရဲတိုက်သို့ စာပို့သိမ်းငှက်တစ်ကောင် ပျံသန်းရောက်ရှိလာသည်။

ယဲ့ကျန့်ထျန်း၏ အမူအရာသည် ဆိုးဆိုးရွားရွား ပြောင်းလဲသွားရပြီး စာအား ယဲ့ချိန်ရွှမ်းထံ လွှဲပေးလိုက်သည်။

"ကျုပ်တို့ဘာလုပ်ကြမလဲ ဦးလေး"

ယဲ့ကျန့်ထျန်းသည် စိတ်ပူပန်စွာ မေး၏။ ယဲ့မိသားစု၏ အင်အားသည် များစွာပြောင်းလဲတိုးတက်ခဲ့သည့်တိုင် တုန်းလင်ပြည်နယ်၊ ဒုတိယမင်းသားနှင့်တော့ ယှဉ်နိုင်စွမ်းမရှိသေးပေ။

"ငါတို့တွေ ရဲတိုက်ကနေ ထွက်ခွာသွားလို့မဖြစ်ဘူး။ အဲ့လိုလုပ်ခဲ့ရင်တောင် သံနက်တပ်ဖွဲ့ရဲ့ ညဉ့်လေမြင်းတွေလက်ကနေ လွတ်မှာမဟုတ်ဘူး။ ကျွင်းဝမ်နန်းတော်မှာ ထျန်းချီအဆင့် ၉ ကျင့်ကြံသူတွေ အများကြီးရှိပေမဲ့ ထျန်းချီအဆင့် ၉ ထိပ်ဆုံးဆင့်ကတော့ သုံးယောက်ပဲရှိတယ်။ ငါတို့ ဒီရဲတိုက်ကို အတတ်နိုင်ဆုံး ကျမသွားအောင် ထိန်းထားရမယ်။ အလွန်ဆုံးမှ ကိုယ့်အိမ်ကိုယ်ရာကို ကာကွယ်ရင်း အတူတူသေကြရုံပေါ့"

ယဲ့ချိန်ရွှမ်း၏ အမူအရာမှာ မှိုင်းညှို့ရီဝေနေသည်။ သူသည် နောက်ဆုံးအချိန်ထိ ကျွင်းဝမ်နန်းတော်အား တန်ပြန်တိုက်ခိုက်ရန် စိတ်ကူးထားသည်။ သူ မသိတာတစ်ခုမှာ ဒုတိယမင်းသားသည် မကြာသေးခင်ကမှ ထျန်းချီအဆင့် ၁၀ သို့ ရောက်ရှိသွားပြီး ဒုတိယမင်းသား၏ ဖခင်၊ ထျန်းချီအဆင့် ၁၀ အလယ်အလတ်ဆင့် ကျင့်ကြံသူ လျိုခန်းလည်း ရောက်ရှိနေသည်ကိုပင်။

"ငါတို့တွေ ထျန်းချီအဆင့် ၁၀ ကိုရောက်ဖို့ ခြေတလှမ်းလောက်ပဲ လိုတော့တယ်။ ဒီကြားထဲမှာ တစ်ယောက်ယောက်သာ အဆင့်တက်နိုင်ခဲ့ရင်တော့ အကောင်းဆုံးပေါ့"

ယဲ့ကျန့်ထျန်းသည် လက်ရှိအခြေအနေအတွက် စိတ်အခြေအနေ သိပ်မကောင်းပေ။ ထျန်းချီအဆင့် ၉ ထိပ်ဆုံးဆင့်မှသည် ထျန်းချီအဆင့် ၁၀ စဦးဆင့်သို့ ရောက်နိုင်ရန်မှာ ပြောတော့သာလွယ်ပြီး အလုပ်ခက်လှသည်။

ယဲ့ချိန်ရွှမ်းကမူ လုံးဝ တုံ့ဆိုင်းမှုမရှိ။

"သိုင်းပညာမတတ်တဲ့သူတွေ၊ မခုခံနိုင်တဲ့သူတွေနဲ့ သက်ကြီးရွယ်အိုတွေကို မြေအောက်ခန်းထဲကို ပို့ဖို့စီစဉ်။ ကျန်တဲ့လူတွေအားလုံးက ရဲတိုက်ကို ကာကွယ်ရမယ်"

ယဲ့မိသားစုဝင်များအားလုံး ရွေ့ကြ၊ ပြောင်းကြနဲ့ အလုပ်ရှုပ်သွားကြသည်။ ကံကောင်းထောက်မစွာ မိသားစု၏ စီးပွါးရေးအခြေအနေမှာ အဆင်ချောနေသောကြောင့် လိုအပ်သည့် ဆီ၊ မီး အပြည့်အစုံ ရှိနေသည်။

နှစ်ရက်ကြာပြင်ဆင်ပြီးသည့်နောက် ယဲ့မိသားစုဝင်များသည် စစ်ပွဲတစ်ခုစတင်ရန် အသင့်ဖြစ်နေလေပြီ။ သံနက်တပ်ဖွဲ့၊ ညဉ့်လေမြင်းများ၏ စီးနင်းဝင်ရောက်ခြင်းအား ကာကွယ်ရန် ရဲတိုက်ပတ်လည်ရှိ လမ်းကြိုလမ်းကြားများ အားလုံးကို သံစည်းရိုးများဖြင့် ကာရံပိတ်ဆို့ထားသည်။

နေမွန်းတည့်ချိန်ဖြစ်၍ သူရိယနေမင်းကား ကောင်းကင်ယံတွင် ပူပြင်းတောက်ပစွာ ထွန်းလင်းနေသည်။

ခွပ်.. ခွပ်.. ခွပ်..

ကျယ်လောင်လှသော မြင်းခွါသံများကို အတော်ဝေးဝေးမှပင် ကြားနိုင်သည်။ ယဲ့မိသားစုရဲတိုက်အတွင်းရှိ မိသားစုဝင်များသည် အသင့်အနေအထားဖြင့် ရှိနေကြသည်။

အချက်ပေးခေါင်းလောင်းသံများ ယဲ့မိသားစုရဲတိုက်အတွင်း ဆူညံသွားသည်။ ယဲ့ကျန့်ထျန်းတို့သည် ရဲတိုက်နံရံထက်သို့ တက်ကြည့်ကြသည်တွင် တလိမ့်လိမ့်ဖြင့် လာနေကြသော သံနက်တပ်ဖွဲ့ကြီးကို မြင်ရသည်။ သံနက်တပ်ဖွဲ့ဝင်များ ဝတ်ဆင်ထားကြသည့် အနက်ရောင်ချပ်ဝတ်များသည် ညဉ့်လေမြင်းများကို အရှိန်လျော့ကျမသွားစေသည့်အပြင် ၎င်းတို့သည် တောင်စောင်းများပေါ်တွင်ပင် မြေပြန့်ကဲ့သို့ ပြေးနေနိုင်ကြသည်။

သံနက်တပ်ဖွဲ့ကြီးသည် တဖြည်းဖြည်း နီးကပ်လာသည်။ သေခြင်းတရားသည် တံခါးဝသို့ ရောက်ရှိလာသည့်နှယ် ခံစားရသောကြောင့် နံရံထက်ရှိ လူများ၏ အမူအရာတို့ ပြောင်းလဲသွားသည်။ သံနက်တပ်ဖွဲ့မှ စစ်သည်တော်များသည် ထျန်းချီအဆင့် ၇ နှင့် အထက်ဆင့်များ ဖြစ်ကြပြီး တိုက်ပွဲများစွာတွင် ဝင်ရောက်ဆင်နွှဲဖူးသည့် သတ်ဖြတ်ခြင်းတွင် လက်ယဉ်နေကြသူများ ဖြစ်သည်။

ယဲ့မိသားစုရှိ ထျန်းချီအဆင့် ၉ ကျင့်ကြံသူ ၁၀ ယောက်သည်ပင် သံနက်တပ်ဖွဲ့၏ တိုက်ခိုက်နိုင်စွမ်းကို ခုခံရန် မတတ််နိုင်လောက်ပေ။ ယဲ့မိသားစုဝင်များအားလုံး၏ မျက်နှာထက်တွင် တိတ်တဆိတ် သိနားလည်ခြင်းများ ဖြစ်ပေါ်လာသည်။ တိုက်ပွဲဆုံးသည်နှင့် သေကြေပျက်စီးမှုများကတော့ မလွဲမသွေ ရှိလာမည်သာ။ ယဲ့မိသားစုဝင်များအနေနှင့် သူတို့သည် သိမ်ငယ်စွာနှင့် အသက်ဆက်ရှင်ရမည့်အစား သေဆုံးသည်အထိ တိုက်ခိုက်လိုစိတ်သာ ရှိကြပေသည်။

ယဲ့ချိန်ရွှမ်းနှင့် ယဲ့ကျန့်ထျန်းတို့သည် လက်သီးတင်းတင်း ဆုပ်မိကြ၏။ အချိန်လဝက်ခန့်သာ ထပ်ရပါက သူတို့နှစ်ဦးလုံး ထျန်းချီအဆင့် ၁၀ သို့ ရောက်ရှိပြီးလောက်ချေပြီ။ သို့သော် စောင့်ဆိုင်းနေရန်အချိန်ကား မရှိတော့ပြီ၊ ကျွင်းဝမ်နန်းတော်မှ သံနက်တပ်ဖွဲ့သည် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

သံနက်တပ်ဖွဲ့၏ ရှေ့ဆုံးတွင် ဦးဆောင်လာသူကား နက်ရွှေရောင်ချပ်ဝတ်ဖြင့် လှံနှင့်ပုဆိန်အား ရောစပ်ထားသကဲ့သို့ တိုက်ပွဲဝင်လက်နက်ကြီးကို ကိုင်ဆွဲထားသည်။ ထိုလူ စီးနင်းလာသော ညဉ့်လေသည် အခြားမြင်းများထက် သိသိသာသာ ပိုထွားကြိုင်းပြီး သန်မာပုံပေါ်သည်။ ထိုလူမှာ အခြားမဟုတ်၊ ဒုတိယမင်းသား လျိုရွှင်းကိုယ်တိုင်ပါပင်။ လျိုရွှင်းသည် သံနက်တပ်ဖွဲ့ကို ဦးဆောင်ကာ တိုက်ပွဲပေါင်းများစွာကို ဆင်နွှဲခဲ့ဖူးသည်။ ကျင့်ကြံခြင်းတွင် အခြားစစ်သည်များထက် သာလွန်နေသည်ကလွဲ၍ လျိုရွှင်းကား စစ်မှန်သော စစ်သူကြီးတစ်ယောက်ဟု ယူဆနိုင်ပေသည်။

လျိုရွှင်း လက်တချက်ဝှေ့လိုက်သည်တွင် သံနက်တပ်ဖွဲ့သည် ပို၍ လျင်မြန်စွာ ညဉ့်လေမြင်းများကို ဒုန်းစိုင်းစီးလျက် ယဲ့မိသားစုရဲတိုက်အား ဝိုင်းရံလိုက်ကြသည်။ သံနက်တပ်ဖွဲ့သည် ယဲ့မိသားစုရဲတိုက်၏ ချောင်ကြိုချောင်ကြား အပေါက်မှန်သမျှကို ပိတ်ဆို့ကာ ဝိုင်းရံလိုက်ပုံမှာ အပြစ်ဆိုစရာမရှိအောင် လျင်မြန်လှပြီး အမြင်အားဖြင့်လည်း အလွန်ကြော့ကြော့မော့မော့နှင့် အရှိန်အဝါ ကြီးလှသည်။

"ယဲ့မိသားစုဝင်တွေအားလုံး နားထောင်ကြ။ မကြာသေးခင်က တုန်းလင်ပြည်နယ်အနှံ့မှာ ဓားပြတိုက်မှုတွေ ဆက်တိုက်ဖြစ်ပွါးနေတယ်။ ဒီတခေါက်မှာ ဓားပြအဖွဲ့ လှုပ်ရှားမဲ့နေရာက ယဲ့မိသားစုရဲတိုက်နဲ့ နီးတယ်လို့ သတင်းရထားတယ်။ ယဲ့မိသားစုရဲတိုက်ရဲ့ လုံခြုံမှုကို စိုးရိမ်တဲ့အတွက် ဧကရာဇ်က သံနက်တပ်ဖွဲ့ကို စေလွှတ်ပြီး ကာကွယ်ခိုင်းလိုက်တာပဲ"

လျိုရွှင်း၏ နက်ရှိုင်းကာ ကျယ်လောင်သောအသံသည် ယဲ့မိသားစုရဲတိုက်အနှံ့သို့ ပျံ့လွင့်သွားသည်။

"လျိုရွှင်းက ဘာတွေကြံစည်နေတာလဲ"

ယဲ့ကျန့်ထျန်း မျက်ခုံးများ စုကြုတ်သွားရသည်။ တုန်းလင်ပြည်နယ်၏ ဒုတိယမင်းသားအနေနှင့် လျိုရွှင်း စကားတခွန်းပြောလိုက်ရုံနှင့် တိုက်ပွဲမှာ စပြီးဖြစ်သည်။ ယဲ့မိသားစုဘက်မှ ငြင်းဆိုချိန်တောင် ရလိုက်မည်မဟုတ်။ သို့သော် လျိုရွှင်းကား ရှည်ရှည်လျားလျား စကားပလ္လင်ခံကာ တုန်းလင်ပြည်နယ်တွင် သောင်းကျန်းနေသော ဓားပြများကိုပင် အကြောင်းပြလိုက်သေးသည်။

"မဟုတ်မှလွဲရော.. ငါသိပြီ"

ယဲ့ချိန်ရွှမ်းသည် အခြေအနေအရပ်ရပ်ကို ရုတ်ခြည်းနားလည်သွား၏။

"လျိုရွှင်းက ငါတို့မိသားစုနောက်ကွယ်က ဘိုးဘေးကြီးကို ကြောက်နေတာပဲဖြစ်ရမယ်။ အဲ့တာကြောင့် သူက စမ်းသပ်နေတာ။ အချိန်အတိုင်းအတာတစ်ခု ကြာတဲ့အထိ ဘိုးဘေးကြီး ထွက်ပေါ်မလာရင် သူ့ဘက်က တိုက်ပွဲကိုစလာလိမ့်မယ်"

"ဒါ အဓိပ္ပာယ်ရှိတယ်"

ကျန်လူများသည်လည်း ယဲ့ချိန်ရွှမ်းနှင့် အတွေးတူကြသည်။

"ဒုတိယမင်းသားရဲ့ ကြင်နာလှတဲ့အပြုအမူအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျုပ်တို့မိသားစုက ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း အပြည့်ရှိတာမို့ ဒုတိယမင်းသား စိတ်မပူပါနဲ့။ ကျေးဇူးပြုပြီး လာရာလမ်းအတိုင်း ပြန်လိုက်ပါတော့"

ယဲ့ကျန့်ထျန်းက ကျယ်လောင်စွာဖြင့် ပြန်ပြောလိုက်သည်။

"ဒီမင်းသားက တုန်းလင်ပြည်သူ၊ ပြည်သားတွေကို သားသမီးအရင်းတွေလို သဘောထားတယ်။ ယဲ့မိသားစု ဘေးဒုက္ခနဲ့တွေ့ရတော့မှာကို ဘယ်လိုလုပ်ပြီး ဘေးကနေ ထိုင်ကြည့်နေနိုင်ပါ့မလဲ။ လာမဲ့ရက်အနည်းငယ်အတွင်း ယဲ့မိသားစုဝင်တွေအားလုံး ရဲတိုက်ထဲမှာပဲနေပြီး အပြင်ကို ခြေတလှမ်းမှ မထွက်ကြနဲ့တော့။ ငါ့အမိန့်ကိုစောင့်ပါ"

လျိုရွှင်းသည် ပြုံးကာ ထပ်ပြောသည်။

"ပြီးတော့.. ယဲ့မိသားစုမှာ အစွမ်းထက်ကျင့်ကြံသူတွေ အများကြီး ရှိနေတယ်လို့ ကြားရတယ်။ ယဲ့မိသားစုဝင် တစ်ယောက်ယောက်ကများ ငါနဲ့ သိုင်းပညာဖလှယ်လိုစိတ် ရှိမလားလို့ သိချင်မိတယ်"

ယဲ့ချိန်ရွှမ်း၏ မျက်နှာသည် ရုတ်ခြည်း အေးစက်သွားရ၏။ လျိုရွှင်းသည် ယဲ့မိသားစုအား လေသံပျော့လေးနှင့် အချိုသပ်ကာ အမိန့်ပေးနေခြင်း ဖြစ်သည်။

"သေချာတာပေါ့။ ဒုတိယမင်းသားက ဒီလောက် စိတ်အားထက်သန်နေတာကို ကျုပ်တို့မငြင်းဝံ့ပါဘူး"

ယဲ့ချိန်ရွှမ်းသည် မိုးကြိုးအင်ပါယာကျင့်စဉ်အား လှည့်လည်ကာ ထျန်းချီများကို စုစည်းလိုက်သည်။ မိုးကြိုးဟိန်းသံများက သူ့အား လွှမ်းခြုံသွားသည်။ ယဲ့ချိန်ရွှမ်းသည် စူးရှတောက်ပသော မိုးကြိုးအလင်းနှယ် ကောင်းကင်သို့ခုန်တက်ကာ ကောင်းကင်ခွင်းမိုးကြိုးဖြင့် လျိုရွှင်းအား ရိုက်ချလိုက်သည်။

"ကောင်းကင်ခွင်းမိုးကြိုး" သည် "တိမ်နီကောင်းကင်" ကို ယဲ့ချန်ကိုယ်တိုင် ပြန်လည်ပြုပြင်ထားသော ပညာရပ်ဖြစ်ပြီး မိုးကြိုးစွမ်းအင်ထျန်းချီအား ထပ်ပေါင်းထည့်ထားရာ "တိမ်နီကောင်းကင်" နှင့် ယှဉ်လျှင်တောင် မနိမ့်ကျပေ။ ကံမကောင်းစွာဖြင့် ယဲ့ချိန်ရွှမ်းသည် "ကောင်းကင်ခွင်းမိုးကြိုး" အား အခြေခိုင်အောင် မလေ့ကျင့်ရသေးသည်မှာ ဆိုးလှသည်။

"အထင်ကြီးစရာပဲ"

လျိုရွှင်းသည် ရေရွတ်လျက် လှံပုဆိန်အား ရိုက်ချလိုက်လျှင် ကျောက်တုံးကြီးတတုံးကို ထိမှန်ကာ အပိုင်းပိုင်းအစစ လွင့်ပျံသွားသည်။ သူသည် မြင်းထက်မှတဆင့် လေထဲသို့ ခုန်တက်လိုက်၏။ ယဲ့ချိန်ရွှမ်း အသုံးပြုလိုက်သော အဆင့်မြင့်ပညာရပ်ကို မြင်သော် သူ အနည်းငယ်တော့ မနာလိုအားကျသွားမိသည်ကို ဝန်ခံရမည်။ ထို့ကြောင့် သူ လုံးဝ ထိန်ချန်မထားဘဲ ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူတစ်ယောက်၏ အရှိန်အဝါတို့ကို အပြည့်အဝ ဖော်ထုတ်လိုက်သည်။

သူရိယကျားမာန်ဟုန်..

လျိုရွှင်း၏ ထျန်ချီစွမ်းအင်များသည် ကျားတစ်ကောင်အသွင်ဖြင့် ရုပ်လုံးပေါ်လာသည်။ ဒေါသကြီးလှသော ကျားတစ်ကောင် လိုဏ်ဂူထဲမှ ထွက်ပြူလာကာ မာန်ဖီနေသည့်အလား..။

ထိုကျားအသွင်ထျန်းချီများသည် ယဲ့ချိန်ရွှမ်း၏ ကောင်းကင်ခွင်းမိုးကြိုးနှင့် ထိပ်တိုက်တွေ့သည်။ ထျန်းချီလှိုင်းလုံးများသည် ဘေးပတ်လည်သို့ ပေါက်ကွဲလွင့်စဉ်လာပြီး သစ်ပင်ကြီးများပင် လှုပ်ယမ်းသွားရသည်။ ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအားပါပင်။

သံနက်တပ်ဖွဲ့ဝင်များ စီးနင်းထားကြသည့် ညဉ့်လေမြင်းများသည်ပင် ထိတ်လန့်မှုကြောင့် အော်ဟစ်ကြလေသည်။

လျိုရွှင်းသည် ညဉ့်လေမြင်းပေါ်မှ ဆင်းသက်လိုက်ပြီဖြစ်သည်။ သူ့ကြည့်ရသည်မှာ အနည်းငယ်မျှပင် အားအင်ကုန်ခမ်းသွားခြင်း မရှိသည့်နှယ် လန်းလန်းဆန်းဆန်းသာ။

ကြည့်ရသည်မှာ အတွင်းဒဏ်ရာ ရသွားပုံပေါ်သည်။

"အဆင်ပြေရဲ့လား ဦးလေး"

ယဲ့ချိန်ရွှမ်းသည် စကားမပြောမီ ခဏမျှအားယူနေရပြီးမှ ပြောလာသည်။

"လျိုရွှင်းက ထျန်းချီအဆင့် ၁၀ ကို ရောက်နေခဲ့ပြီ"

ယဲ့ချိန်ရွှမ်းသည် ထျန်းချီအဆင့် ၉ ထိပ်ဆုံးအဆင့်သို့ ရောက်နေပြီးဖြစ်ရာ ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူမှသာ သူ့အား အနိုင်ယူနိုင်ပေမည်။ လျိုရွှင်းသည် ထျန်းချီအဆင့် ၁၀ သို့ အဆင့်တက်ထားသောကြောင့် ထိုမျှ ယုံကြည်ချက်ပြည့်ဝစွာနှင့် မျက်နှာပြောင်တိုက်နေခြင်း ဖြစ်သည်။

"ဒုတိယမင်းသားဟာ ပြိုင်ဘက်ကင်းတယ် …"

"ဒုတိယမင်းသားကို ဂုဏ်ပြုပါတယ် …"

သံနက်တပ်ဖွဲ့ဝင်များသည် ကျယ်လောင်ညီညွတ်စွာ တခဲနက် အော်ဟစ်လိုက်ကြရာ မြေပြင်ပင် သိမ့်သိမ့်တုန်ရသည်။

"ဟားဟားဟား.. ယဲ့မိသားစုထဲက ဘယ်သူကများ ပညာချင်းဖလှယ်ချင်သေးလဲ မသိဘူး"

လျိုရွှင်းသည်လည်း ကျယ်လောင်စွာ ရယ်မောလျက် မေး၏။

ယဲ့မိသားစုဝင်များသည် အံကြိတ်ကာ လက်သီးဆုပ်မိကြသော်လည်း ယဲ့ကျန့်ထျန်း၏ ဟန့်တားမှုကြောင့် ဘယ်သူမှ အပြင်မထွက်ကြရပေ။ လျိုရွှင်း၏ ကျေနပ်နေသော မျက်နှာကြီးဖြင့် ဆောင့်ကြွားကြွားပြုမူနေပုံအား ကြည့်သာ နေကြရသည်။

လျိုရွှင်းက ယဲ့ချိန်ရွှမ်းနှင့် တိုက်ခိုက်ခဲ့ခြင်းမှာ ယဲ့မိသားစုအား ခြိမ်းခြောက်ရန်သာ ဖြစ်သည်။ သူသည် သံနက်တက်ဖွဲ့အား ယဲ့မိသားစုရဲတိုက်၏ ပြေးပေါက်အားလုံးကို ပိတ်ထားစေကာ နီးနီးကပ်ကပ် စောင့်ကြည့်ရန် အမိန့်ပေးထားပြီး ဆက်လက်ရန်မစတော့ပေ။

ကျောက်စိမ်းမျှော်စင်ထဲ၌..။

ယဲ့ချန်သည် ကျင့်ကြံရာတွင် အရေးအကြီးဆုံးသော အခိုက်အတန့်တစ်ခုသို့ ရောက်ရှိနေခဲ့သည်။ ထျန်းချီအဆင့် ၁၀ သည် လက်တကမ်းစာမျှသာ လိုတော့ပြီး တာအိုသဘောတရားများကိုလည်း သူ နက်နက်ရှိုင်းရှိုင်း သဘောပေါက်နေပြီး ဖြစ်သည်။ ထိုအခြေအနေတွင် နစ်မြုပ်နေရင်း ယဲ့ချန်သည် သူကိုယ်တိုင်၏ ဖြစ်တည်မှုကိုပင် မေ့လျော့လုနီးနီး။ ကျင့်ကြံခြင်းတွင်သာ အလွန်ဈာန်ဝင်နေသော အခြေအနေကြောင့် ကျင့်ကြံနှုန်းမှာလည်း ၁၀ ဆခန့် ပိုမြန်လာသည်။ သို့သော် ထိုအခြေအနေကို သူ အချိန်ကြာကြာထိန်းထားရန် မတတ်နိုင်ပေ။ အချိန်ခဏမျှ ဈာန်ဝင်စားသွားလိုက်၊ ပြန်လည်အသိဝင်လာလိုက်နှင့် ဖြစ်နေသည်။ အချိန်ကြာကြာသာ ထိန်းထားနိုင်ပါက ယဲ့ချန်၏ ကျင့်ကြံခြင်းတွင် တော်တော်လေးကို အကျိုးဖြစ်ထွန်းသွားနိုင်သည်။

ယဲ့ချန်သည် တရားထိုင်လျက် အနေအထား၌ ရှိစဉ်တွင်ပဲ အသိစိတ်ပင်လယ်ထဲသို့ စိတ်အာရုံတစ်ခုလုံး နစ်မြုပ်သွားပြီး ပီရှို့သည် သူ့အရှေ့တည့်တည့်တွင် ပေါ်လာခဲ့၏။ ယဲ့ချန်၏ စိတ်အာရုံသည် ထင်ထင်ရှားရှား သီးခြားရပ်တည်နေသော အရာတစ်ခုနှင့် ဆက်သွယ်သွားသယောင် ရှိသည်။ အသံတစ်ခုသည် မိုးကြိုးဟိန်းသံကဲ့သို့ သူ့နားစည်ဝတွင် ပေါက်ကွဲရိုက်ခတ်လာသည်။ ယဲ့ချန် ကြောက်ရွံ့မှုတစွန်းတစကိုပင် ခံစားလိုက်ရသည်။

'ဘာတွေဖြစ်နေတာလဲ'

***

All Chapters