← Chapters

ပီရှို့အစွမ်းအံ့မခန်း

Vol. 8 Ch. 107

ပီရှို့အစွမ်းအံ့မခန်း

Vol. 8 Ch. 107

ယဲ့ချန်သည် စွမ်းအင်အသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သလို ခံစားရ၏။ ထိုစွမ်းအင်သည် ဝိညာဉ်အသိအမြင်ထက်ပင် ပိုအစွမ်းထက်သော်လည်း တစက္ကန့်မျှသာ ပေါ်လာပြီး ပြန်ပျောက်သွားသည်။ ယဲ့ချန် နောက်တကြိမ်ရှာဖွေရန် ကြိုးစားသောအခါ ထိုစွမ်းအင်ကား ပျောက်ကွယ်သွားပြီဖြစ်ကာ သူ့ခေါင်းထဲရှိ မိုးကြိုးဟိန်းသံကဲ့သို့ အသံမှာလည်း ပျောက်ကွယ်သွားလေပြီ။

ယဲ့ချန် ခန္ဓာကိုယ်ထဲရှိ ထျန်းချီများမှာ ကုန်ခန်းသွားပြီဖြစ်၍ သူ့မျက်နှာသည် ဖြူဖျော့နေ၏။

ကျင့်ကြံဆင့် ယခုထက် မမြင့်မားသေးခင် ပီရှို့အား မဆင်မခြင်ဖြင့် ခဏခဏ မနှိုးဆွတာ ကောင်းလိမ့််မည်ဟု ယဲ့ချန်တွေးမိသည်။

ယဲ့ချန်သည် မကြာသေးခင်က အာရုံခံမိခဲ့သော စွမ်းအင်အကြောင်း ပြန်တွေးကြည့်မိသည်။ ထိုစွမ်းအင်သည် ထျန်းချီစွမ်းအင်မဟုတ်၊ ဝိညာဉ်အသိအမြင်၏ ဝိညာဉ်စွမ်းအင်နှင့် ပိုဆင်တူသော်လည်း အပြတ်အသပ် သာလွန်သည်။ အကယ်၍ ယဲ့ချန်သာ ထိုစွမ်းအင်၏ဇာစ်မြစ်ကို ရှာဖွေနိုင်ခဲ့ပါက အလွန်အကျိုးကျေးဇူး များနိုင်သည်။ သို့သော် ထိုစွမ်းအင် ထွက်ပေါ်လာချိန်မှာ အလွန်တိုတောင်းလှရာ ယဲ့ချန် ဘာမှမသိလိုက်ရပေ။

ပီရှို့.. ပီရှို့..။ 

‘အထဲမှာ ဘယ်လိုလျို့ဝှက်ချက်တွေများ ထပ်ရှိနေသေးတာလဲ’

ထျန်းယွမ်ပြောသကဲ့သို့ပင်၊ ပီရှို့သည် အလွန်ထူးခြားဆန်းကြယ်ကာ အဖိုးတန်လှသည်ကိုတော့ ယဲ့ချန်လည်း ခံစားမိသည်။

ယဲ့ချန်သည် ခန္ဓာကိုယ်ထဲရှိ ထျန်းချီများ ပြန်လည်ပြည့်တင်းလာသည်အထိ ခဏ အနားယူနေစဉ် ရုတ်တရက် တစုံတရာကို နားလည်သွားကာ ခန္ဓာကိုယ်ထဲရှိ ထျန်းချီများကို ခန္ဓာကိုယ်အပြင်ဘက် တနေရာတွင် စုဆုံစေလိုက်သည်။ တဖြည်းဖြည်းနှင့် ထျန်းချီများသည် ပီရှို့နှင့် တထပ်တည်းတူသော ဓားတချောင်းသဏ္ဌာန် ဖြစ်တည်လာကာ ယဲ့ချန်နှင့် တလက်မခန့်အကွာတွင် ရစ်ဝဲနေလေသည်။ ထိုဓားသည် တကယ့်အစစ်အမှန် ဓားတလက်တဖွယ် ထင်ရှားလာနေသည်။ အစစ်အမှန်ဓားတချောင်း မဟုတ်သော ပုံရိပ်ယောင်သက်သက်သာ ဖြစ်သည့်တိုင် ယဲ့ချန်မှာ အပျော်လွန်သွားရသည်။

ဓားသည် ယဲ့ချန်၏ ထျန်းချီများဖြင့် လမ်းညွှန်မှုအောက်တွင် လေထဲ၌ အကြိမ်အနည်းငယ်ခန့် လည်ပတ်နေခဲ့သည်။ ယဲ့ချန်ကလည်း ဂရုတစိုက်ဖြင့် ဓားအား လေ့လာနေခဲ့သည်။ ၎င်းဓားသည် ထျန်းချီများဖြင့် တုပဖန်တီးထားခြင်း ဖြစ်သော်လည်း အရွယ်အစားသာမက အရာအာလုံးမှာ ယဲ့ချန်၏ အသိစိတ်ပင်လယ်ထဲရှိ ပီရှို့နှင့် တထပ်တည်း တူပေသည်။ ကွာခြားလည်း အနည်းငယ်မျှသာ ဖြစ်လိမ့်မည်။

ယဲ့ချန်သည် ဓားအား ဂရုတစိုက် လေ့လာနေရင်းဖြင့် နှလုံးသားထဲတွင် အေးစက်စက်ခံစားမှုတစ်ခုကို ရလိုက်လေသည်။ သူ နှလုံးခုန်နှုန်းများပင် မြန်သွားရသည်။ 

မဖြစ်နိုင်လိုက်တာ..။

ပီရှို့ကို တုပဖန်တီးထားတဲ့ ဒီဓားကတောင် ဒီလောက်ထိ ညှို့ယူဖမ်းစားနိုင်တယ်တဲ့လား။

ယဲ့ချန် မသိလိုက်သည်မှာ ဓားအား လေ့လာနေစဉ်တွင်ပဲ သူသည် မသိလိုက်မသိဘာသာဖြင့် အသိစိတ်ပင်လယ်ထဲရှိ အစစ်အမှန်ပီရှို့၏အသိစိတ်ကို ပုံတူပွါးထားသော ဓားထံ ကူးပြောင်းပေးလိုက်မိခြင်း ဖြစ်သည်။

နောက်ထပ်အတွေးတစ်ခုက ယဲ့ချန်ခေါင်းထဲ ဝင်ရောက်လာသည်။ အကယ်၍ သူသာ အလွန်မြင့်မားသော ကျင့်ကြံဆင့်တစ်ခုသို့ ရောက်ခဲ့ပါက အစစ်အမှန်ပီရှို့အား အသိစိတ်ပင်လယ်ထဲမှ ထုတ်ယူကာ လက်တွေ့တိုက်ပွဲများတွင် သတ်ဖြတ်ရန် အသုံးပြုနိုင်မည်လော။ ထိုအတွေးက စိတ်ကူးတစ်ခုမျှသာ ဖြစ်သော်လည်း နောင်တချိန်တွင် အကောင်အထည် ပေါ်လာနိုင်သော စိန်ခေါ်မှုတရပ်လည်း ဖြစ်နိုင်သည်။ 

တုပဖန်တီးထားသောဓားအား နေ့တဝက်ခန့် လေ့လာနေပြီးသည့်တိုင် ယဲ့ချန်သည် ဘာကိုမှ ရေရေရာရာ မသိရသေး။ သို့နှင့် သူလည်း လက်လျှော့လိုက်ကာ လက်တဖပ်အား ဝှေ့ယမ်းလိုက်သည်။ တုပဖန်တီးထားသော ဓားလည်း ပျောက်ကွယ်သွား၏။

ယဲ့ချန်သည် ကျောက်စိမ်းမျှော်စင်ထဲတွင် ၁၀ ရက်ခန့် ထပ်နေရန် စိတ်ကူးထားသည်။ အမှန်တော့ ၁၀ ရက်ကပက် နည်းနေသေးသည်။ သူ့အနေနှင့် တစ်လခန့် ဆက်နေလျှင်တောင် ဘာအန္တရာယ်မှ မရှိနိုင်ပေ။ သို့သော် ကျောက်စိမ်းမျှော်စင်ထဲတွင် နေ့နှင့်ညကို ကွဲကွဲပြားပြား ခွဲခြားမသိနိုင်ပေ။ ယဲ့ချန် တရားထိုင်နေသည်မှာ ရက်အနည်းငယ်ပင် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ထိုသည်ကို သူက နာရီအနည်းငယ်မျှသာ ရှိဦးမည်ဟု ထင်နေခဲ့သည်။ ကျောက်စိမ်းမျှော်စင်ထဲသို့ ရောက်နေသည်မှာ တစ်လကျော်ပြီ ဖြစ်သော်ငြား ယဲ့ချန်ကတော့ ၁၀ ရက်ခန့်သာ ရှိလောက်ဦးမည်ဟု ထင်နေလေသည်။

အချိန်တို့ကား လျင်မြန်စွာ ကုန်ဆုံးနေသည်။

တရားထိုင်နေစဉ်တွင်ပဲ ယဲ့ချန်ကိုယ်ထဲရှိ ထျန်းချီများသည် အဓိကကျသော နေရာသို့ ရောက်နေလေပြီ။ ဘန်းခနဲ အသံတသံနှင့်အတူ ကျင့်ကြံဆင့် နှစ်ဆင့်အကြားရှိ အကာအရံလွှာမှာ တုန်ခါလာသည်။ ကြာမြင့်သော အချိန်တစ်ခု ကုန်ဆုံးသွားပြီးနောက် ယဲ့ချန်၏ ထျန်းချီများသည် ထျန်းချီအဆင့် ၉ ထိပ်ဆုံးဆင့်မှသည် ထျန်းချီအဆင့် ၁၀ စဦးဆင့်သို့ ရောက်ရှိသွားတော့သည်။ ထျန်းချီများသည် အလွန်များပြားစွာ ဆက်လက်တိုးပွါးနေခဲ့သည်မှာ ယဲ့ချန်ကိုယ်တိုင်ပင် ဘယ်အချိန်မှ ရပ်တန့်မလဲ မပြောနိုင်လောက်အောင် ရှိသည်။

လွန်လွန်ကဲကဲပြောရပါလျှင် ထျန်းချီအဆင့် ၉ နှင့် ထျန်းချီအဆင့် ၁၀ ကြားရှိ စွမ်းအင်ကွာဟမှုမှာ ယန်ဇီမြစ်၏ အရှည်ခန့် ရှိသည်။ ယဲ့ချန်သည် ထျန်းချီအဆင့် ၁၀ စဦးဆင့်တွင်သာ ရှိသေးသော်လည်း သူ့ခန္ဓာကိုယ်ထဲရှိ ထျန်းချီများ၏ ထူးခြားမှုနှင့် သိပ်သည်းဆကြောင့် ထျန်းချီအဆင့် ၁၀ ထိပ်ဆုံးဆင့်တစ်ယောက်၏ အစွမ်းနှင့် ညီမျှနေသည်။

ယဲ့ချန်သည် အသစ်တိုးပွါးလာသော စွမ်းအားများအကြောင်း တွေးကာ အလွန်စိတ်လှုပ်ရှားလျက် ရှိသည်။

ထျန်းချီအဆင့် ၁၀ ကပင် ထိုမျှအစွမ်းထက်နေလျှင် အပေါ်တွင်ရှိသော ရန်အဆင့်များဆိုပါက မည်မျှအစွမ်းထက်နေမည် မသိပေ။

ထျန်းချီအဆင့် ၁၀ သို့ ရောက်ရှိပြီးနောက် တိမ်နီကောင်းကင်၊ လောကအမျက်၊ တောင်ခွဲခွင်းလွင်နှင့် နေမင်းဖြိုခွင်းတို့၏ စွမ်းအားမှာလည်း ပို၍ တိုးတက်လာခဲ့သည်။ နေမင်းဖြိုခွင်းအား ထုတ်ဖော်ရာတွင် စွမ်းအင်အမြောက်အမြားကို အသုံးပြုနေရဆဲ ဖြစ်သည့်တိုင် ယခင်ကကဲ့သို့ ထျန်းချီ မလောက်မငှ ဖြစ်ခြင်းမျိုးတော့ မရှိတော့ပေ။

ယဲ့ချန်သည် ပျော်ရွှင်နေသော်လည်း လက်ရှိ ကျင့်ကြံဆင့်ကို အခြေခိုင်ရန် ကြိုးပမ်းရသည်။ ကျင့်ကြံဆင့်တက်နှုန်း လျင်မြန်နေလေလေ ထိတ်လန့်ရလေလေ ဖြစ်သောကြောင့် ယခုတည်းက အုတ်မြစ်ခိုင်ခံ့စေရန် သေသေချာချာ လေ့ကျင့်နေရသည်။ မပေါ့ဆရဲပါချေ။

ယဲ့ချန်သည် ကျင့်ကြံခြင်းတွင် အာရုံဝင်စားနေစဉ် အစီအရင် အပြင်ဘက်အား ဝိညာဉ်အသိအမြင်ဖြင့် စစ်ဆေးဖို့လည်း မမေ့ပေ။ မှော်သားရဲများ၊ ကောင်းကင်သားရဲများသည် အစီအရင်ထဲသို့ ဝင်ရောက်ခွင့်ရရန် အလုအယက် ကြိုးပမ်းနေကြဆဲ ဖြစ်သည်။ လူသားကျင့်ကြံသူများကမူ အတော်လေး အားအင်ကုန်ခန်းနေကြပြီ ဖြစ်ရာ ရံဖန်ရံခါမှ ထလာပြီး မိစ္ဆာဝိညာဉ်များနှင့် တိုက်ခိုက်နိုင်ကြသည်။

ရုတ်တရက် ယဲ့ချန် အတွေးတစ်ခု ရသွားသည်။ အပြင်ဘက်သို့ထွက်ပြီး သားရဲများကို ယဉ်ပါးစေဖို့မှာ သူ့အတွက် အတန်ငယ် ခက်ခဲနေသည်။ အကယ်၍ သားရဲများကသာ အစီအရင်ထဲသို့ ဝင်လာကြပါက ၎င်းတို့ကို ယဉ်ပါးစေဖို့မှာ ပို၍ လွယ်ကူသွားနိုင်သည်။ 

ထိုသို့အတွေးနှင့် ယဲ့ချန်သည် ဝိညာဉ်အသိအမြင်အား အစီအရင်အပြင်ဘက်ရှိ သားရဲများထံ ပို့လွှတ်လိုက်သည်။ ဝိညာဉ်အသိအမြင်သည် လေဟာနယ်နှင့် တသားတည်းဖြစ်လုနီးနီးရှိရာ အဆင့်နိမ့် မှော်သားရဲများနှင့် ကောင်းကင်သားရဲများသည် သတိထားမိကြမည် မဟုတ်ပေ။

မှော်သားရဲများနှင့် ကောင်းကင်သားရဲများသည် မိစ္ဆာဝိညာဉ်များအား တပြိုင်နက် တိုက်ခိုက်နေကြသည်။ ၎င်းတို့အနက် အဆင့် ၁၀ ထိပ်ဆုံးဆင့် လင်းတနီ တစ်ကောင်သည် လက်သည်းများအား သုံးကာ မိစ္ဆာဝိညာဉ်ကြီးအား တိုက်ခိုက်နေခဲ့သည်။ ထိုစဉ် မိစ္ဆာဝိညာဉ်ကြီးသည် ရုတ်တရက် ဘေးသို့ရှဲသွားပြီး လင်းတနီသည် အစီအရင်ထဲသို့ ဆွဲယူခြင်း ခံလိုက်ရလေသည်။

လင်းတနီ ကြောင်တောင်တောင် ဖြစ်သွားသည်။ အစီအရင်အား ဝိုင်းဝန်းတိုက်ခိုက်နေကြသော သားရဲများအားလုံး ကျရှုံးနေကြချိန်တွင် ၎င်းသည် အစီအရင်ထဲသို့ မည်သို့မည်ပုံ ကြက်ကန်းဆန်အိုးတိုးကာ ရောက်လာရသည်ကို တွေးမရဘဲ ဖြစ်နေပုံပေါ်သည်။ ထိုဖြစ်ရပ်မှာ ယဲ့ချန်၏လက်ချက် ဖြစ်ပေသည်။ ယဲ့ချန်သည် မိစ္ဆာဝိညာဉ်ကြီးအား ဝိညာဉ်အသိအမြင်ဖြင့် တားဆီးကာ လင်းတနီအား အထဲသို့ ခေါ်သွင်းခဲ့ခြင်း ဖြစ်၏။

လင်းတနီသည် မီးမြားတစ်စင်းကဲ့သို့ လျင်မြန်စွာဖြင့် အစီအရင်၏ ဗဟိုချက်သို့ ပျံသန်းလာခဲ့သည်။ ဗဟိုချက်သို့ မရောက်မီတွင်ပဲ ယဲ့ချန်၏ ဝိညာဉ်အသိအမြင်ဖြင့် ရစ်ပတ်တားဆီးခြင်းကို ခံလိုက်ရသည်။ ဝိညာဉ်အသိအမြင် အပိုင်းအစတစ်ခုသည် လင်းတနီ၏ အသိစိတ်ပင်လယ်ထဲသို့ တိုးဝင်သွားသည်။ သိမ်းငှက်နက်ကဲ့သို့ပင် လင်းတနီတွင် ပိုင်ရှင် ရှိထားပြီးသား ဖြစ်သော်လည်း မကြာခင်တွင်ပဲ ထိုပိုင်ရှင်၏ စိတ်ဝိညာဉ်စွမ်းအားသည် ဝိညာဉ်အသိအမြင်၏ ဝါးမျိုခြင်းခံလိုက်ရကာ လင်းတနီသည် ယဲ့ချန်၏သားရဲ ဖြစ်လာခဲ့သည်။

လင်းတနီ၏ အရွယ်အစားသည် သိမ်းငှက်နက်ထက် ပိုကြီးပြီး အတောင်ပံများကို ဖြန့်ကြက်လိုက်ပါက ၄၊ ၅ မီတာခန့် ရှိသည်။ လင်းတနီသည် မီးစွမ်းအင် အထူးပြုသည့်သားရဲ ဖြစ်ပြီး အမွေးအတောင်များမှာလည်း ရဲရဲနီနေလေရာ ပါးစပ်ထဲမှ မီးတောက်များ မှုတ်ထုတ်ကာ တိုက်ခိုက်ပါက အလွန်ကြည့်ကောင်းသော မြင်ကွင်းမျိုး ဖြစ်နေပေလိမ့်မည်။ တစ်ကောင်ချင်း တိုက်ခိုက်ခိုင်းလျှင်တော့ လင်းတနီသည် သိမ်းငှက်နက်အား ယှဉ်နိုင်လိမ့်မည်မဟုတ်။ သို့သော် အုပ်စုလိုက် တိုက်ခိုက်မှုများ၌မူ လင်းတနီ၏ စွမ်းဆောင်နိုင်စွမ်းက သိမ်းငှက်နက်ထက် သာသည်။

အမွေးပွလေးသည် ယဲ့ချန်အား အံ့ဩတကြီးကြည့်သည်။ လူငယ်လေးကား ငါးကောင်မြောက်သားရဲကိုပင် ရသွားခဲ့လေပြီ။ မည်သို့မည်ပုံ ယဉ်ပါးစေနိုင်သည်ကို အမွေးပွလေးပင် နားမလည်နိုင်တော့ပေ။

ယဲ့ချန်သည် လင်းတနီအား ယဉ်ပါးစေပြီးသည့်နောက် အားဖန် ၅ ဟု အမည်ပေးခဲ့သည်။ လူငယ်လေးသည် စိတ်ကျေနပ်မှု မရှိသေးဟန်ဖြင့် အခြားသောသားရဲများကို ဆက်လက်ယဉ်ပါးနိုင်ရန် ကြိုးပမ်းလေသည်။ ထို့ပြင် သူသည် ချေးကလည်း များသေး၏၊ အဆင့်နိမ့်သားရဲများကို အရေးပင်မလုပ်ဘဲ အဆင့် ၁၀ ထိပ်ဆုံးဆင့် သားရဲများကိုသာ ယဉ်ပါးစေလိုခြင်း ဖြစ်သည်။

သူသည် အစီအရင်အပြင်ဘက်အား ဝိညာဉ်အသိအမြင်ဖြင့် စူးစမ်းလျက် သဘောကျသော သားရဲကိုတွေ့သည်နှင့် အစီအရင်ထဲကို ဆွဲခေါ်လိုက်ခြင်းဖြင့် အလုပ်ဖြစ်နေသည်။ သို့သော် ကံမကောင်းစွာပင် ဤနေရာ၌ ကမ္ဘာမြေအဆင့် သားရဲများ ရှိမနေရာ ယဲ့ချန်အဖို့ စမ်းသပ်ကြည့်၍ မရဘဲ ဖြစ်နေရသည်။

***

All Chapters