← Chapters

ကျောက်စိမ်းမျှော်စင် ဒုတိယလွှာ

Vol. 8 Ch. 108

ကျောက်စိမ်းမျှော်စင် ဒုတိယလွှာ

Vol. 8 Ch. 108

လင်းတနီအား ယဉ်ပါးစေပြီးသည့်နောက် နှင်းကျားသစ်၊ လူဝံဖြူနှင့် ရွှေနီရောင်အမဲလိုက်ခွေးတို့သည်လည်း ယဲ့ချန်၏ သားရဲများ ဖြစ်သွားကြသည်။ ထို့ပြင် ၎င်းသားရဲများအားလုံးသည် အဆင့် ၁၀ ထိပ်ဆုံးဆင့်သားရဲများ ဖြစ်ကြသည်။ နှင်းကျားသစ်၏ အရွယ်အစားသည် အမွေးပွလေး၏ အရွယ်အစားနီးနီး သေးသွယ်ပျော့ပျောင်းသော်ငြား မြည့်မြည့်ထက်နေသော အစွယ်များဖြင့် အရှိန်နှုန်းမှာ လျှပ်လက်သည့်နှယ် မြန်လှသည်။ နှင်းကျားသစ်သည် ရက်စက်ပြင်းထန်သော စွမ်းရည်များ ပိုင်ဆိုင်ပြီး ၎င်း၏ တိုက်ခိုက်နိုင်စွမ်းက ကြောင်နက်အောက် မလျော့ပါချေ။ ရွှေနီရောင်အမဲလိုက်ခွေးသည် အရွယ်အစားကြီးမားသော သားရဲဖြစ်ပြီး ကိုယ်ပေါ်တွင် အနီရောင်အမှတ်တစ်ခု ရှိကာ ရွှေရောင်လက်နေသော ကျောချမ်းဖွယ်မျက်လုံးကြီးများ ရှိသည်။ အခြားသော စွမ်းအားကြီးသည့် သားရဲများနှင့်ယှဉ်လျှင် ရွှေနီရောင်အမဲလိုက်ခွေးကား အားနည်းကောင်း အားနည်းနိုင်သော်လည်း ၎င်းသည် ဖော်ပြ၍မရသော ချမ်းစိမ့်ပြင်းပြသည့် အာရုံမျိုးကို ပြိုင်ဘက်ရန်သူများအား ခံစားရစေသည်။

တနေ့တာကြိုးပမ်းမှု၏ အကောင်းဆုံးရလဒ်မှာတော့ လူဝံဖြူကြီး ဖြစ်သည်။ ဧရာမဂေါ်ဇီလာကြီးကဲ့သို့ ကြီးမားလှသော လက်ကြီးနှစ်ဖက်နှင့် လူဝံဖြူသည် ၄၊ ၅ မီတာခန့် မြင့်မားသည်။ ၎င်း၏ခန္ဓာကိုယ်သည် ရွှေကဲ့သို့မာကျောပြီး သန်မာသည်။ ရိုက်ချက်တချက်နှင့်တင် ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူကို ခြေမွှပစ်နိုင်စွမ်း ရှိသည်။

များစွာသောသားရဲတို့ကို ယဉ်ပါးစေခဲ့ပြီးနောက် ဝိညာဉ်အသိမြင်သည်လည်း နွမ်းနယ်စပြုလာသည်။ အဆင့် ၁၀ သားရဲများကို တစ်ပြိုင်နက် ထိန်းချုပ်ရန်မှာ တချို့သော စိတ်ဝိညာဉ်များအတွက် စိတ်ပင်မကူးဝံ့သောအရာ ဖြစ်သည်။ လက်ရှိရလဒ်အတွက် ယဲ့ချန်ကိုယ်တိုင်လည်း ကျေနပ်လျက်ရှိသည်။ သူ၏ကျင့်ကြံဆင့် ပိုမိုမြင့်မားလာသော အချိန်ရောက်မှ နောက်ထပ်သားရဲများကို ထပ်မံ ယဉ်ပါးစေရပေမည်။

အဆင့် ၁၀ ထိပ်ဆုံးဆင့် သားရဲ ၅ကောင်သည် ရွှေရောင်သတ္တုပြားအား ဝိုင်းရံကာ ရှိနေကြသည်။ ယဲ့ချန်သည် သူ့ကိုယ်သူ တိရစ္ဆာန်ရုံအသေးစားလေး ဖွင့်စားလျှင်ပင် ရလောက်ပြီဟု ဟာသတွေးမိသည်။

တုန်းလင်ပြည်နယ်သို့ ပြန်ရောက်သည့်အခါ ဤသားရဲ ၅ကောင်နှင့်တင် ဒုတိယမင်းသား၏ ကျွင်းဝမ်နန်းတော်အား ကောင်းကောင်းဒုက္ခပေးဖို့ လုံလောက်နေလေပြီ။

အမွေးပွလေးသည် အစပိုင်းတွင် အံ့ဩနေသော်လည်း တဖြည်းဖြည်းနှင့်တော့ ကျင့်သားရသွားပုံရသည်။ ကောင်းကင်သားရဲအများစုသည် ယေဘုယျအားဖြင့် သားရဲသုံးကောင်ကိုသာ ယဉ်ပါးစေနိုင်ကြပြီး နောက်ထပ်တစ်ကောင် ထပ်လိုချင်ပါက မူလကရှိပြီးသော သုံးကောင်ထဲမှ တစ်ကောင်အား စွန့်လွှတ်ရန်လိုသည်။ ထိုသို့စွန့်လွှတ်လိုက်ခြင်းဖြင့် ၎င်းတို့၏ စိတ်ဝိညာဉ်အား အတန်ငယ် ထိခိုက်စေနိုင်သည်။ သို့သော် ထိုသတ်မှတ်ချက်များက ယဲ့ချန်ကိုတော့ မသက်ရောက်ဟန်ရသည်။ လက်ရှိတွင်တောင် ယဲ့ချန်၌ သားရဲ ၈ကောင် ရှိနေလေပြီ။ ဝိညာဉ်အသိအမြင်၏ စွမ်းအားကား မှန်းဆ၍ပင်မရပေ။

သားရဲများကို ယဉ်ပါးစေပြီးသည့်နောက် ယဲ့ချန်သည် ကျင့်ကြံဆင့် အခြေခိုင် ကျစ်လျစ်စေရန် ဆက်လက်လေ့ကျင့်နေခဲ့သည်။ ဝိညာဉ်အသိအမြင်သည်လည်း အကြွင်းအကျန်ဝိညာဉ်များကို ဝါးမျိုကာ ပိုမိုသန်မာလာခဲ့သည်။

ချီစုဆောင်းမှုအစီအရင်၏ အလိုအလျောက် အသက်ဝင်ချိန်သို့ တဖန်ရောက်ရှိလာသည်။ ထိုအခိုက်အတန့်တွင် ထျန်းချီများနှင့် အကြွင်းအကျန်ဝိညာဉ်များသည် အစီအရင်အတွင်းဘက်တွင် စုအုံလာကြသည်။ အစီအရင်အပြင်ဘက်၌လည်း လူသားကျင့်ကြံသူများ၊ သားရဲများသည် တိုက်ခိုက်နေခြင်းကို ရပ်တန့်ကာ ကျင့်ကြံနေကြပြီ ဖြစ်သည်။

အစီအရင်ဗဟိုချက်မတွင် ယဲ့ချန်သည် ကျင့်ကြံခြင်းသို့ ဈာန်ဝင်စားမိန်းမောလျက် ရှိသည်။ 

ထိုအချိန်တွင်ပဲ ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူတစုသည် အစီအရင်အရှေ့ဘက်ခြမ်းသို့ ပြေးလွှားသွားကြလေသည်။ ပြေးနေရင်းဖြင့် အုပ်စုထဲမှတစ်ယောက်က အော်ဟစ်အမိိန့်ပေး၏။

“ထိုက်ယီဓားဂိုဏ်းက တပည့်တွေအားလုံး နားထောင်ကြ၊ တတိယအကြီးအကဲက အမိန့်ပေးလိုက်တယ်။ ထျန်းချီအဆင့် ၁၀ တပည့်တွေအကုန် ငါနဲ့လိုက်ခဲ့ရမယ်”

ထိုလူ၏ အမိန့်ပေးသံထဲရှိ အလျင်စလိုဖြစ်နေမှုတို့ကို လူတိုင်း သတိထားမိပေသည်။

ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ရပ်လာကြကာ ထိုအမိန့်ပေးလိုက်သူထံ ပြေးလွှားစုရုံလိုက်ကြရာ အယောက် ၂၀ခန့် ရှိသွားသည်။

“ငါတို့ဂိုဏ်းမှာ ဘာဖြစ်နေလို့လဲ”

“ဒီလမ်းကြောင်းအတိုင်းဆက်သွားရင် ကျောက်စိမ်းမျှော်စင် ဒုတိယလွှာကို ရောက်တယ်။ အောက်ဘက်အလွှာမှာ တစ်ခုခုဖြစ်နေတာပဲ နေမယ်”

ထိုက်ယီဓားဂိုဏ်းမှ တပည့်များသည် အချင်းချင်း ဆွေးနွေးနေကြ၏။

ရှီဝူအင်ပါယာတွင် မြစိမ်းတိမ်ဂိုဏ်း၊ ထိုက်ယီဓားဂိုဏ်းနှင့် ထျန်းရှင်းတောင်ဂိုဏ်းဟူ၍ အဓိကဂိုဏ်းကြီးသုံးဂိုဏ်း ရှိပြီး သုံးဂိုဏ်းလုံး၏ အင်အားကလည်း မတိမ်းမယိမ်းမျှပင်။ ထို့ပြင် ထျန်းကျီးဂိုဏ်းနှင့် ထိပ်တန်းမှော်ဂိုဏ်းကဲ့သို့သော ဂိုဏ်းခွဲများလည်း ရှိသေးသည်။ အဓိကဂိုဏ်းကြီးသုံးဂိုဏ်းကြားတွင် ရှုပ်ထွေးသောပတ်သက်မှုမျိုး ရှိပြီး အင်အားကြီးလှသောကြောင့် ဧကရာဇ်မင်ဝူသည်ပင် ရန်မစဝံ့ပေ။

ထျန်းချီအဆင့် ၁၀ အယောက်၂၀ ခန့် ရုတ်ရုတ်သဲသဲဖြစ်နေခြင်းက ယဲ့ချန်၏ အာရုံကို ဆွဲဆောင်သွားသည်။ ဝိညာဉ်အသိအမြင်ဖြင့် စစ်ဆေးကြည့်လိုက်သော် ကတိုက်ကရိုက် လှုပ်ရှားနေကြသည့် ထိုက်ယီဓားဂိုဏ်းသားများအား တွေ့ရသဖြင့် ဘာကိစ္စများလဲဟု သူ စိတ်ဝင်စားသွားသည်။

အချိန်ခဏမျှကြာသော် အခြားသော ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူတစုလည်း လှုပ်လှုပ်ရှားရှား ဖြစ်လာကြပြန်သည်။

“ထျန်းရှင်းတောင်ဂိုဏ်းရဲ့ ထျန်းချီအဆင့် ၁၀ တပည့်တွေအားလုံး ငါနဲ့လိုက်ခဲ့ကြ။ ကျောက်စိမ်းမျှော်စင်ရဲ့ ဒုတိယအလွှာကို မြန်မြန်သွားရမယ်”

သို့နှင့် ထျန်းရှင်းတောင်ဂိုဏ်းမှ တပည့်များ ထွက်ခွာသွားကြသည်။ သိပ်မကြာလိုက်၊ မြစိမ်းတိမ်ဂိုဏ်းမှ တပည့်များလည်း အလျင်စလို ထွက်ခွာသွားကြပြန်သည်။ ကျန်ရစ်ခဲ့သော အဆင့် ၁၀ သားရဲများသည်လည်း သိလိုစိတ်ဖြင့် အဓိကဂိုဏ်းကြီးသုံးဂိုဏ်းမှ ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူများနောက်သို့လိုက်ကာ ကျောက်စိမ်းမျှော်စင်ဒုတိယလွှာသို့ ချီတက်သွားကြသည်။

ယဲ့ချန်လည်း ခဏမျှတွေးတောကြည့်ပြီးနောက် ဝိညာဉ်အသိအမြင်ဖြင့် မိစ္ဆာဝိညာဉ်ကြီးများကို ဘေးတစ်ဖက်သို့ ပထုတ်လိုက်လျှင် သိမ်းငှက်နက်နှင့် လင်းတနီတို့သည် အလင်းအလျင်နှုန်းဖြင့် ကျောက်စိမ်းမျှော်စင် ဒုတိယလွှာသို့ လိုက်ပါသွားကြ၏။

ရက်ပေါင်းများစွာကြာပြီးနောက် ယဲ့ချန်၏ ကျင့်ကြံခြင်းမှာ လက်ရှိအဆင့်၌ ကျစ်လျစ်ခိုင်ခံ့သွားခဲ့၏။ သိုင်းပညာရပ်များ လေ့ကျင့်ရာတွင် ပိုလွယ်ကူစေသည်မှလွဲ၍ ယဲ့ချန်အတွက် အစီအရင်ထဲတွင် ဆက်နေလျှင်လည်း ကျင့်ကြံခြင်းတွင် တိုးတက်စရာ မရှိတော့ပေ။ ကျောက်စိမ်းမျှော်စင် ဒုတိယအလွှာတွင် ဖြစ်ပျက်နေသည်တို့ကို သွားရောက်စုံစမ်းရန် ယဲ့ချန် တွေးမိသည်။

ထိုနေရာတွင် အဓိကဂိုဏ်းကြီးသုံးဂိုဏ်းမှ တပည့်များ စုရုံးရောက်ရှိနေကြရာ ယဲ့ချန်အတွက် ရတနာပစ္စည်း တစ်ခုတလေမျှ ရရှိရန်ပင် မလွယ်ကူပါချေ။ လက်ရှိ သူ၏ကျင့်ကြံဆင့်မှာ တော်တော်လေး အားနည်းနေသေးသည်။

အဓိကဂိုဏ်းကြီးသုံးဂိုဏ်း၏ အလျင်စလို ပြုမူနေပုံများအရ ရတနာပစ္စည်း ကြီးကြီးမားမားတစ်ခုကို ရှာတွေ့ထားကြပုံ ပေါ်သည်။ 

“ငါတို့ သွားကြည့်သင့်လား အမွေးပွလေး”

ယဲ့ချန်သည် အမွေးပွလေးအား တိုင်ပင်ကြည့်သည်။

“ကွိ.. ကွိ”

အမွေးပွလေးသည်လည်း ယဲ့ချန်ကဲ့သို့ပင် ဒုတိယအလွှာတွင် ဖြစ်ပျက်နေသည်တို့အား သွားကြည့်လိုပုံ ရသည်။

ယဲ့ချန်သည် ထပ်မံ စောင့်ဆိုင်းမနေတော့ဘဲ အစီအရင်၏ အလိုအလျောက် အသက်ဝင်ခြင်း ရပ်တန့်သွားနှင့်တပြိုင်နက် သားရဲသုံးကောင်ကို ခေါ်ကာ အပြင်ဘက်တွင် ကျန်ရစ်ခဲ့သူများ သတိမထားမိစေရန် အစီအရင်၏ တောင်ဘက်ခြမ်းမှ ထွက်ခွာလာခဲ့သည်။

ထိုစဉ်တွင်ပဲ သိမ်းငှက်နက်နှင့် လင်းတနီတို့သည် ယဲ့ချန်အား ဆက်သွယ်လာကြသည်။

မိနစ်သုံးဆယ်ခန့်ကြာပြီးနောက် ကြီးမားသော ကျောက်ကလိုင်တွင်းချိုင့်ကြီးတစ်ခုရှေ့သို့ ယဲ့ချန် ရောက်ရှိလာသည်။ ၎င်းကလိုင်ကြီး၏ အတွင်းဘက်သည် ပိန်းပိန်းမှောင်နေပြီး မည်သည့်အရပ်သို့ ခရီးဆက်ရမည်ကိုပင် သဲသဲကွဲကွဲ မမြင်နိုင်ပေ။ အဓိကဂိုဏ်းကြီးသုံးဂိုဏ်းသည် ဤနေရာထဲသို့ ခုန်ချသွားခဲ့ကြသည်။ ယဲ့ချန် ခဏမျှတွေးကြည့်သည်၊ ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူများ ခုန်ချသွားသည်ဆိုပါက အထဲ၌ သေချာပေါက် ဘေးကင်းလောက်သည်။ ထို့ကြောင့် သူလည်း ခုန်ချသွားလိုက်သည်။

ယဲ့ချန်သည် ကလိုင်တွင်းချိုင့်ကြီး၏ အတွင်းဘက်သို့ ခုန်ချလိုက်ပြီးနောက် မီတာတရာအနက်ခန့်သို့ ရောက်သောအခါ ဝိညာဉ်အသိအမြင်ဖြင့် စစ်ဆေးကြည့်လိုက်သည်။ အောက်ခြေတွင် ကြီးမားသော ရေဗွက်အိုင်ကြီးတစ်ခု ရှိနေပြီး ရေအရောင်သည် သွေးတို့ဖြင့် ချင်းချင်းနီနေသည်။ ရေဗွက်အိုင်ထဲသို့ ပြုတ်ကျသွားသူများသည် ကမ်းခြေသို့ ကူးခပ်သွားကြပြီး ကမ်းပေါ်သို့ ခြေချမိသည်နှင့် မရပ်မနား ဆက်ပြေးကြလေသည်။

“ဗွမ်း..”

ယဲ့ချန်လည်း ရေဗွက်အိုင်ထဲသို့ ပြုတ်ကျသွားသည်။ ဝိညာဉ်အသိအမြင်ဖြင့် စစ်ဆေးကြည့်လိုက်သော် ရေဗွက်အိုင်သည် ဆယ်မီတာကျော် နက်ပြီး အောက်ခြေတွင် အခွံက ကြေးမုံပြင်သဖွယ် ကြည်လင်နေသော ဥများကို အများအပြား တွေ့ရသည်။ ဤရေဗွက်အိုင်အတွင်း နေထိုင်ကြသော သားရဲမျိုးစိတ်သည် အစောပိုင်းက ရောက်ရှိလာကြသည့် အုပ်စုများ၏ သုတ်သင်ရှင်းလင်းခြင်းအား ခံခဲ့ရပုံပေါ်သည်။

အထူးအဆန်းတော့ မဟုတ်ပါချေ။

ယဲ့ချန်လည်း ကမ်းခြေသို့ ဆက်လက်ကူးခပ်လာခဲ့သည်။ ကမ်းပေါ်သို့ရောက်သောအခါ ငွါးငွါးစွင့်စွင့် ကြီးကျယ်ခမ်းနားသော မြင်ကွင်းတစ်ခုသည် သူ့အား စောင့်ကြိုနေ၏။

ကျောက်စိမ်းမျှော်စင်၏ ဒုတိယအလွှာသည် ပထမအလွှာနည်းတူ ကျယ်ဝန်းသော်လည်း မြေနေရာရှုခင်းများမှာမူ ပထမအလွှာနှင့် လုံးလုံးလျားလျားကို ကွဲပြားပေသည်။

ဒုတိယအလွှာတွင် များပြားလှစွာသော ထုံးကျောက်များသည် တစ်ခုနှင့်တစ်ခု ထပ်ကာဆင့်လျက် ရှိနေကြပြီး ထုံးကျောက်များ၏ အက်ကွဲကြောင်းများထဲမှ အမျိုးအမည် မသိသည့် အနက်ရောင်အခိုးအငွေ့များ တဖြည်းဖြည်းချင်း ပန်းထွက်နေကြသည်။ ထုံးကျောက်များ၏ အောက်ခြေတွင် အနီရောင်ချော်ရည်ပူများ စီးဆင်းနေကြသည်။ သွေးနီရောင်အလင်းတို့ ယှက်ဖြာနေပါသည့် အနီရောင်အပင်များကလည်း အမြင်တင့်တယ်စွာ ပေါက်ရောက်နေကြသေးသည်။ အရှေ့ဘက်သို့ မျှော်ကြည့်လိုက်လျှင် ပိန်းပိန်းမှောင်နေသောလမ်းကြောင်း၌ အနီရောင်အလင်းစက်များ ပြိုးပြိုးပြက်ပြက် တောက်ပနေပုံမှာ ညဉ့်ဦးယံ၏ အမှောင်ကောင်းကင်တွင် အနီရောင်ကြယ်များ လင်းလက်နေသည့်အလား..။

တမျိုးတမည် အမြင်စူးရှနေသည့်တိုင် ညှို့ယူဖမ်းစားနိုင်သော မြင်ကွင်းပါပင်။

ကျောက်စိမ်းမျှော်စင် ဒုတိယအလွှာတွင် ထိုမျှ အမြင်အာရုံကို ဖမ်းစားနိုင်သည့်မြင်ကွင်းမျိုး ရှိနေလိမ့်မည်ဟု ဘယ်သူကထင်ပါမည်နည်း။

“ကူး.. ကူ..”

ငှက်များ၏ စူးစူးရှရှ အော်မြည်သံတို့ ပျံ့လွင့်လာသည်။ တိုက်ပွဲတပွဲ အစပြုတော့မည်ဖြစ်ကြောင်း သတိပေးနေသည့်နှယ်။

“အဓိကဂိုဏ်းကြီးသုံးဂိုဏ်းက တပည့်တွေကို ရှာရမယ်။ သွားစို့ အမွေးပွလေး”

ယဲ့ချန်၊ အမွေးပွလေးနှင့် သားရဲသုံးကောင်တို့သည် ဆူညံသံများ ထွက်ပေါ်လာရာနောက်သို့ ချီတက်ခဲ့ကြသည်။

***

All Chapters