ချော်ရည်ပူများထဲမှ ခန္ဓာကိုယ်
Vol. 8 Ch. 109
ပြင်းရှသော (ဆာလဖာ) ကန့်မှုန့်အနံ့သည် လေထုထဲတွင် စွဲကျန်ရစ်နေသည်။ ကိစ္စကြီးတော့ မဟုတ်သော်ငြား ရှူရှိုက်မိသူအပေါင်းအား စိတ်မသက်မသာ ဖြစ်စေ၏။
သိမ်းငှက်နက်၊ လင်းတနီတို့နှင့် ဝိညာဉ်ချင်းဆက်သွယ်ထားသဖြင့် ၎င်းတို့မြင်သမျှကို ယဲ့ချန်လည်း မြင်နိုင်ပေသည်။ အလွန်ပြင်းထန်လှသော တိုက်ပွဲတစ်ခုအတွင်း မှော်သားရဲများ၊ ကောင်းကင်သားရဲများနှင့် လူသားကျင့်ကြံသူများသည် တစုံတရာအတွက် သဲသဲမဲမဲ တိုက်ခိုက်နေကြသည်။
တိုက်ပွဲနှင့် ခပ်လှမ်းလှမ်းတွင် ရှိနေရင်းဖြင့် ယဲ့ချန်သည် တိုက်ပွဲအခြေအနေအား သားရဲနှစ်ကောင်၏ အမြင်အာရုံမှတဆင့် စူးစမ်းနေခဲ့သည်။ တိုက်ပွဲကား အလွန်ပင် ရှုပ်ထွေးနေပြီး လူသားများ၊ မှော်သားရဲများနှင့် ကောင်းကင်ကင်သားများသည် မည်းမည်းမြင်ရာ တိုက်ခိုက်နေကြသည်နှင့်ပင် တူသေး၏။ တိုက်ပွဲအတွင်းတွင် အနည်းဆုံး သက်ရှိ ၁၀၀၀ ခန့် ပါဝင်တိုက်ခိုက်နေကြပြီး ၎င်းတို့တိုက်ခိုက်နေရသည့် အကြောင်းအရင်းကို ယဲ့ချန် ယခုထက်ထိ မမှန်းဆနိုင်သေးပေ။ တိုက်ပွဲဖြစ်ရာနေရာ၏ တစ်ဖက်တွင် ကြီးမားသော ပပ်ကြားအက်ကွဲကြောင်းကြီးတစ်ခု ရှိကာ ထိုအထဲတွင် ပွက်ပွက်ဆူနေသည့် အနီရောင်ချော်ရည်ပူကြီးများ စီးဆင်းနေသည်။ ထူးဆန်းသည်မှာ ထိုအထဲတွင် ပေါလောမျောနေသော အမျိုးသားခန္ဓာကိုယ်တစ်ခု ရှိနေခြင်းပင်။ ထိုခန္ဓာကိုယ်၏ အရွယ်အစားသည် သုံးမီတာခန့် ရှည်သော်ငြား ပုံသဏ္ဌာန်အရ လူသားခန္ဓာကိုယ်ဟု ယူဆရသည်။ ၎င်းခန္ဓာကိုယ် တည်ရှိနေခဲ့သည်မှာ အလွန်ကြာမြင့်ခဲ့ပုံပေါ်ကာ ခန္ဓာကိုယ်ပိုင်ရှင် သေဆုံးစဉ်က အသက်အရွယ်ကို ခန့်မှန်းရန်ပင် ခက်ခဲလှသည်။ ခန္ဓာကိုယ်ထက်ရှိ အဝတ်အစားများသည် ချော်ရည်ပူများကြောင့် လောင်ကျွမ်းပျော်ကျသွားခဲ့ဟန် ရသော်လည်း ခန္ဓာကိုယ်ကမူ ပကတိအတိုင်း ခြေရာလက်ရာမပျက် ကျန်ရှိနေလေသည်။
အနှီခန္ဓာကိုယ်သည် မီးစွမ်းအင်များ ပြည့်ဝစွာပါဝင်နေသည့် ချော်ရည်ပူများကို ခံနိုင်ရည်ရှိနေသည်။
ထိုအချက်ဖြင့် ချင့်ချိန်နှိုင်းဆရသော် ခန္ဓာကိုယ်ပိုင်ရှင်သည် မသေဆုံးမီက အလွန်အစွမ်းထက်သော ကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့ပုံရသည်။ သို့သော် ထိုမျှအစွမ်းထက်သူက မည်သုံမည်ပုံ သေဆုံးခဲ့ရသည် မသိပေ။
လူသားများ၊ မှော်သားရဲများနှင့် ကောင်းကင်သားရဲများသည် ထိုခန္ဓာကိုယ်အား ပိုင်ဆိုင်နိုင်ရန် အချင်းချင်း တိုက်ခိုက်နေကြခြင်းပေလော။
များပြားလှစွာသော လူသားနှင့် သားရဲတို့အား ဤသို့ တိုက်ပွဲကြီး ဖြစ်ပွါးစေပုံအရ အနှီခန္ဓာကိုယ်သည် နှယ်နှယ်ရရတော့ မဟုတ်နိုင်ပေ။
ယဲ့ချန်သည် ထိုခန္ဓာကိုယ်အား ဆက်လက်စူးစမ်းနေစဉ်တွင်ပဲ တိုက်ပွဲအတွင်းရှိ တစုံတစ်ယောက်ကို သတိထားမိသွားရသည်။ အဖြူရောင်ဝတ်ရုံဖြင့် အသက်ကြီးကြီး လူအိုကြီးတစ်ယောက်သည် အသက် ၃၀ အရွယ်ခန့်ရှိသည့် လူတစ်ယောက်အား အထုပ်တထုပ်ကို ကမ်းပေးကာ ပြောနေခြင်းဖြစ်သည်။
"ဒီနေရာကထွက်သွား.. ဒီဟာကို ဂိုဏ်းချုပ်ဆီ ရောက်အောင် လွှဲပေးလိုက်"
လူအိုကြီးသည် ခန္ဓာကိုယ်တစ်ခုလုံးရှိ ထျန်းချီစွမ်းအင်အလုံးစုံကို စုစည်းကာ အယောက် ၃၀ သော ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူများအား တားဆီးသည်။
စွမ်းအင်အနေအထားအရ လူအိုကြီးကား ကမ္ဘာမြေရန်အဆင့် ဖြစ်ဟန်ရသည်။ ယဲ့ချန် ခေါင်းယမ်းမိသည်၊ သူပင်လျှင် ထိုလူအိုကြီးနှင့် ယှဉ်ရပါက မရှုမလှ ရှုံးသွားနိုင်သည်။
"သွားတော့ !"
အသက် ၃၀ အရွယ်လူအား ဂိုဏ်းတူကျင့်ကြံသူ ၁၀ယောက်ခန့်က ဝိုင်းဝန်းကာကွယ်ပေးထားပြီး လွတ်လမ်းဖောက်ပေးသည်။
အသက် ၃၀အရွယ်လူ အပါအဝင် ဝိုင်းဝန်းကာကွယ်ပေးနေကြသူ ၁၀ယောက်လုံးသည် ထျန်းချီအဆင့် ၁၀ များ ဖြစ်ကြသည်။ ၎င်းတို့အားလုံးသည် ဝတ်ရုံလက်ဖျားတွင် ရွှေရောင်ကြယ်များ ချည်ထိုးထားသည့် အဖြူရောင်ဝတ်ရုံများကို ဆင်တူဝတ်ဆင်ထားကြပြီး ရွှေရောင်ကြယ်များက ၎င်းတို့၏ ကျင့်ကြံဆင့်ကို ကိုယ်စားပြုဖော်ပြထားသည်။
ထိုအုပ်စုသည် ထျန်းရှင်းတောင်ဂိုဏ်းမှ တပည့်များ ဖြစ်ကြပေသည်။
ယဲ့ချန်သည် ထိုလူများနောက်မှ လိုက်သွားရန် ဆုံးဖြတ်လိုက်၏။ သိမ်းငှက်နက်သည် အထုပ်အား ကိုင်ဆောင်ထားသော အသက် ၃၀အရွယ်လူကို မျက်ခြည်မပြတ် စောင့်ကြည့်ထားသည်။
ထိုလူများသည် အထုပ်အား ကောင်းကင်ပထဝီအိတ်ထဲသို့ မထည့်ဘဲ အဘယ့်ကြောင့် ဤကဲ့သို့ ထင်ထင်ပေါ်ပေါ် သယ်ယူသွားသည်ကို ယဲ့ချန် တွေးမရပေ။
မဟုတ်မှလွဲ.. ထိုအထုပ်သည် ကောင်းကင်ပထဝီအိတ်နှင့် မဆံ့ပေ၍လော။
ထျန်းရှင်းတောင်ဂိုဏ်းမှ တပည့်များသည် ဝေးဝေးလံလံသို့ပင် မပြေးလိုက်နိုင်။ အုပ်စုတစုသည် ထျန်းရှင်းတောင်ဂိုဏ်း၊ တပည့်များအား ဝိုင်းရံလိုက်သည်ကို ယဲ့ချန် လှမ်းမြင်နေရသည်။ ဝိုင်းရံလိုက်သော အုပ်စုထဲ၌ ကမ္ဘာမြေရန်အဆင့် ကျင့်ကြံသူတစ်ယောက်ပင် ပါဝင်သည်။ ကြည့်ရသည်မှာ ဤနေရာရှိလူတိုင်းသည် အသက် ၃၀ အရွယ်လူ၏ လက်ထဲရှိ အထုပ်အား လိုချင်နေကြပုံပေါ်သည်။
ထိုအထုပ်သည် ချော်ရည်ပူများကြားရှိ ခန္ဓာကိုယ်ပိုင်ရှင် ထားရစ်ခဲ့သောပစ္စည်းများ ဖြစ်နိုင်သည်ဟု ယဲ့ချန် တွေးမိသည်။
ချော်ရည်ပူများကြားရှိ ခန္ဓာကိုယ်ပိုင်ရှင်သည် ကောင်းကင်ရန်အဆင့် သို့မဟုတ် ထို့ထက်မြင့်သော ကျင့်ကြံဆင့်ရှိသူပင် ဖြစ်နိုင်သည်။ သို့ဖြစ်၍ ထိုလူပိုင်ဆိုင်ခဲ့ဖူးသော ပစ္စည်းများသည်လည်း ကျိန်းသေ အစွမ်းထက်မည်သာ။
ထျန်းရှင်းတောင်ဂိုဏ်းမှ တပည့်များနှင့် တစ်ဖက်အုပ်စုတို့ စတင်တိုက်ခိုက်ကြသည်။ ကမ္ဘာမြေရန်အဆင့် ကျင့်ကြံသူသည် အသက် ၃၀ အရွယ် လူအား ရုတ်တရက် တိုက်ခိုက်ကာ အထုပ်အား ညာလက်ဖြင့် လုယူသည်။ သို့နှင့် အထုပ်သည် တိုက်ခိုက်လိုက်သော ကမ္ဘာမြေရန်အဆင့် ကျင့်ကြံသူ၏ လက်ထဲသို့ ရောက်ရှိသွားသည်။
အသက် ၃၀ အရွယ်လူသည် ကမ္ဘာမြေရန်အဆင့် ကျင့်ကြံသူ၏ တိုက်ခိုက်မှုကြောင့် သွေးတပွက်အန်လိုက်ရပြီး ဒေါသတကြီး အော်လေသည်။
"ထိုက်ယီဓားဂိုဏ်းက မကောင်းတဲ့ကောင်တွေ။ ငါတို့ ထျန်းရှင်းတောင်ဂိုဏ်းက ဒီနေ့ကိစ္စကို မေ့လိုက်မယ်မထင်နဲ့"
ထိုက်ယီဓားဂိုဏ်းမှ ကမ္ဘာမြေရန်အဆင့်ကျင့်ကြံသူသည် မဲ့ပြုံးပြုံးကာ တုံ့ပြန်၏။
"ရအောင်ယူနိုင်တဲ့သူက အပိုင်ပဲ၊ မင်းတို့အရှုံးသမားတွေကတော့ ငိုပဲနေလိုက်ပေါ့။ အစတည်းက အဖိုးတန်တဲ့ရတနာတွေက အသန်မာဆုံးလူအတွက်ပဲ။ မင်းက သိပ်လိုချင်နေသေးရင် ရအောင် ပြန်လာလုလေ"
ထိုက်ယီဓားဂိုဏ်းမှ ကမ္ဘာမြေရန်အဆင့် ကျင့်ကြံသူ၏ စကားအဆုံးတွင် ကျယ်လောင်လှသော မာန်ဟိန်းသံတစ်ခု ထွက်ပေါ်လာသည်။
အဆင့် ၁၀ နတ်ဆိုးဝံပုလွေများနှင့် သွေးနီရောင် ဝံပုလွေအုပ်သည် ထိုအုပ်စုအား ဝိုင်းထားကြသည်။ ထိုက်ယီဓားဂိုဏ်းမှ ကျင့်ကြံသူများ မျက်နှာပျက်သွားကြသည်။ အဓိကဂိုဏ်းကြီးသုံးဂိုဏ်းသည် စွမ်းအားအရာတွင် မတိမ်းမယိမ်း ရှိကြသောကြောင့် အချင်းချင်းတိုက်ခိုက်ရာတွင် အလွန်ဆုံးမှ အပြင်းအထန်ဒဏ်ရာရရုံသာ ရှိပြီး အသေမသတ်နိုင်ကြ။ သားရဲများ ပါဝင်ပတ်သက်လာသော အခါတွင်မူ ရလဒ်မှာ ကွဲပြားသွားလေပြီ။ အထူးသဖြင့် အုပ်စုဖွဲ့တိုက်ခိုက်ရာတွင် အလွန်အချိတ်အဆက်မိစွာ ရက်ရက်စက်စက် တိုက်ခိုက်နိုင်ကြသည့် နတ်ဆိုးဝံပုလွေများနှင့် ကြုံလာရချိန်တွင် ဖြစ်သည်။
“ထိုက်ယီဓားဂိုဏ်းက အလကားကောင်တွေ။ ငါတို့ထျန်းရှင်းတောင်ဂိုဏ်းကမှ မရနိုင်ရင် မင်းတို့လည်းမရစေရဘူး”
ထျန်းရှင်းတောင်ဂိုဏ်းမှ ဒဏ်ရာရထားသော ဂိုဏ်းသားခမျာ စကားဆုံးရုံ ရှိသေးသည်၊ နတ်ဆိုးဝံပုလွေတအုပ်သည် သူ့အား ခုန်အုပ်လာကြရာ အခြားသော ထျန်းရှင်းတောင်ဂိုဏ်းမှတပည့်များ ကပျာကယာ ကူညီတိုက်ခိုက်ပေးလိုက်ရသည်။
“ထိုက်ယီဓားဂိုဏ်းတပည့်တွေ တိုက်ကြ”
ကမ္ဘာမြေရန်အဆင့် ကျင့်ကြံသူက အော်လိုက်သည်။ သူသည် ၁၀ ယောက်ကျော်သော ဂိုဏ်းသားများကို ဦးဆောင်ကာ နတ်ဆိုးဝံပုလွေများ၏ ဝိုင်းထားမှုအား ဖောက်ထွက်နိုင်ရန် ကြိုးပမ်း၏။ မကြာခင်တွင်ပဲ ထိုနေရာတဝိုက်၌ သွေးစသွေးနများဖြင့် ပြည့်နှက်သွားသည်။ အခြားသော လူသားကျင့်ကြံသူများ၊ သားရဲများပါ ရောက်ရှိလာပြီး တိုက်ပွဲအတွင်း ပါဝင်လာကြရာ မြင်ကွင်းမှာ အလွန်ကို ရုန်းရင်းဆန်ခတ် ဖြစ်နေတော့သည်။
တိုက်ပွဲ၏ အလယ်ဗဟိုတွင် ထိုက်ယီဓားဂိုဏ်းမှ ကမ္ဘာမြေရန်အဆင့် ကျင့်ကြံသူ၏ လက်ထဲရှိအထုပ်သည် ချော်ထွက်ကာ လေထဲသို့ လွင့်ထွက်သွားသည်။ သွေးနီရောင် နတ်ဆိုးဝံပုလွေတစ်ကောင်သည် လျင်မြန်စွာဖြင့် အထုပ်အား ပါးစပ်ဖြင့် ခုန်ကိုက်လျက် ထွက်ပြေးလေသည်။
“အထုပ်ကိုပြန်ပေးစမ်း အရိုင်းအစိုင်း တိရစ္ဆာန်ကောင်”
ကမ္ဘာမြေရန်အဆင့် ကျင့်ကြံသူသည် ဒေါသတကြီး အော်ဟစ်ရင်း လမ်းကြောင်းတွင်ပိတ်နေသမျှအား တွန်းတိုးတိုက်ခိုက်ကာ သွေးနီရောင် နတ်ဆိုးဝံပုလွေနောက်သို့ လိုက်သည်။
“ဘန်း.. ဘန်း.. ဘန်း”
ကမ္ဘာမြေရန်အဆင့် ကျင့်ကြံသူအား ဝိုင်းရံလာသည့် နတ်ဆိုးဝံပုလွေများ တစ်ကောင်ပြီးတစ်ကောင် လွင့်ပျံထွက်သွားကြသည်။ သို့သော် နတ်ဆိုးဝံပုလွေများသည် သေရမှာမကြောက်သကဲ့သို့ ကမ္ဘာမြေရန်အဆင့် ကျင့်ကြသူအား အသည်းအသန် တားဆီးပိတ်ပင်ကြသည်။ နောက်ဆုံးတွင် ကမ္ဘာမြေရန်အဆင့် ကျင့်ကြံသူလည်း ဘာမှမတတ်နိုင်တော့ဘဲ အထုပ်အားကိုက်ချီထားသော သွေးနီရောင်ဝံပုလွေ ထွက်ပြေးလွတ်မြောက်သွားသည်ကို တွေ့လိုက်ရသည်။
ယဲ့ချန်သည် ဝိညာဉ်အသိအမြင်ဖြင့် လေထဲတွင် တိုက်ပွဲတပွဲ ဖြစ်နေသည်ကို သတိထားမိသည်။ ထိုတိုက်ပွဲသည် မြေပေါ်ရှိတိုက်ပွဲများထက်ပင် ပိုပြင်းထန်ပြီး လူသားကျင့်ကြံသူများ၊ ကြံ့များနှင့် ခြင်္သေ့များ တိုက်ခိုက်နေကြခြင်း ဖြစ်သည်။ သားရဲမျိုးနွယ်စုတွင်လည်း ဂိုဏ်းဂဏအသီးသီး ခွဲခြားထားပုံရပြီး ၎င်းတို့သည် မျိုးတူသားရဲအချင်းချင်း ပြန်သတ်ရန်ပင် ဝန်မလေးကြ။ လူသားများထက်ပင် အကြောင်းဆိုးနေသေးသည်။
ကနဦးတွင် အဓိကဂိုဏ်းကြီးသုံးဂိုဏ်းမှ လူသားကျင့်ကြံသူများသည် အင်အားသာနေသော်ငြား မှော်သားရဲများ၊ ကောင်းကင်သားရဲများ အစုလိုက်အပြုံလိုက် ရောက်ရှိလာသောအခါတွင်မူ ရတနာပစ္စည်းများ သားရဲများလက်ဝယ်သို့ ရောက်ရှိသွားသည်ကို ကြည့်နေရုံသာ တတ်နိုင်ကြတော့သည်။ လုပ်နိုင်တာ ဘာမှမရှိကြတော့ပေ။
ထိုအပြောင်းအလဲကိုကြည့်ကာ ယဲ့ချန် ပြုံးမိသည်။ ရတနာပစ္စည်းများ အဓိကဂိုဏ်းကြီးသုံးဂိုဏ်း လက်ထဲသို့သာ ရောက်သွားခဲ့ပါက သူ့အနေနှင့် တစိုးတစိမျှပင် ရနိုင်လိမ့်မည်မဟုတ်။ သို့သော် သားရဲများလက်ထဲသို့ ရောက်သွားခဲ့လျှင်တော့ အခြေအနေမှာ ကွဲပြားသွားလေပြီ။ ယဲ့ချန်သည် သိမ်းငှက်နက်နှင့် လင်းတနီတို့အား အထုပ်ကို သေချာစောင့်ကြည့်စေပြီး သူက အနောက်မှ မထင်မရှား လိုက်လာခဲ့သည်။
“ကွိ.. ကွိ”
အမွေးပွလေးသည် အကြိမ်အနည်းငယ်မျှ တကွိကွိအသံပြုလိုက်ပြီးနောက် ယဲ့ချန်ပခုံးပေါ်မှ ခုန်ဆင်းကာ လူများ၊ သားရဲများကြားထဲ လျင်မြန်စွာ တိုးဝင်ပျောက်ကွယ်သွားသည်။ မြန်လွန်း၍ ယဲ့ချန်သည် ၎င်း၏ အမြီးများကိုပင် ဖမ်းမမိလိုက်ပေ။
အမွေးပွလေးသည်လည်း အထုပ်အား သွားလုခြင်းပေလော..။
ယဲ့ချန် တွေးကြည့်မိသည်။ အမွေးပွလေးသည် အဆင့် ၁၀ ကောင်းကင်သားရဲ ဖြစ်သည်။ တိုက်ခိုက်နိုင်စွမ်းမှာ မမြင့်မားသေးသော်ငြား အမြန်နှုန်းတွင်တော့ အခြားသော မှော်သားရဲ၊ ကောင်းကင်သားရဲများထက်ပင် သာလွန်ကာ လျှပ်လက်သည့်နှယ် ရှိသည်။ ထို့ပြင် အမွေးပွလေးသည် နဂိုကမှ အရွယ်အစား ခပ်သေးသေးဖြစ်ရာ မိုင်ကုန်ပြေးသည့်အခါမျိုးတွင် မြန်လွန်းသောကြောင့် သေသေချာချာပင် မမြင်နိုင်တော့ပေ။ ဆိုလိုသည်က အမွေးပွလေးသည် တိုက်ခိုက်နိုင်စွမ်းမြင့်မားသည့် မှော်သားရဲ၊ ကောင်းကင်သားရဲများနှင့် ရင်ဆိုင်ကြုံတွေ့လျှင်ပင် လွတ်မြောက်အောင် ပြေးနိုင်စွမ်း ရှိပေသည်။ ခဏတဖြုတ်တော့ ယဲ့ချန်သည် အမွေးပွလေးအား စောင့်ကြည့်ရုံသာ ကြည့်နေလိုက်သည်။
သားရဲများ ပြင်းထန်စွာဖြင့် တိုက်ခိုက်နေကြချိန်၌ ယဲ့ချန်သည် စိတ်ရှည်စွာဖြင့် အခွင့်ကောင်းကို စောင့်၍သာ နေသည်။
ကျောက်ကလိုင်တွင်းချိုင့်ကြီး၏ အပေါ်ဘက်တွင် ထျန်းရှင်းတောင်ဂိုဏ်းမှ အယောက် ၁၀၀ ခန့်ရှိသော တပည့်များသည် တိုးဝှေ့ပူးကပ်လျက် ရပ်နေကြသည်။ ၎င်းတို့အနက် လူ ၂၀ ခန့်သည် အရေးပါအရာရောက်သော ပုဂ္ဂိုလ်များ ဖြစ်ကြဟန်ရသည်။ ထိုအထဲတွင်မှ ၃ ယောက်သည် အသက်ကြီးကြီး လူအိုကြီးများဖြစ်ကြပြီး မုတ်ဆိတ်ဖြူ၊ ဆံပင်ဖြူများဖြင့် လှပစွာ လှုပ်ခတ်နေသည့် လက်အိုးရှည်ရှည် အဖြူရောင်ဝတ်ရုံတို့ကို ဝတ်ဆင်ထားကြသည်။ ၎င်းတို့ ၃ယောက်မှာ ကမ္ဘာမြေရန်အဆင့် ကျင့်ကြံသူများ ဖြစ်ကြပေသည်။
“အကြီးအကဲတို့.. ကျုပ်တို့ ပစ္စည်းကို ဆုံးရှုံးလိုက်ရပြီ”
ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားသော တပည့်တစ်ယောက် ရောက်ရှိလာကာ အစီရင်ခံသည်။ ထိုလူ၏ ဒဏ်ရာမှာ ပြင်းထန်လွန်း၍ အခြား ဂိုဏ်းတူတပည့်များက ထိန်းကူတွဲပေးထားရရှာသည်။ ထိုလူ၏ ရင်ဘတ်တွင် ဒဏ်ရာကြီးတစ်ခု ရရှိထားသည့်အပြင် တကိုယ်လုံးတွင်လည်း သွေးထွက်သံယို ကိုက်ရာများ အပြည့်နေရာယူထားသည်။ အဆင့် ၇ ဆေးလုံးကို သောက်ထားခြင်းကြောင့်သာ မဟုတ်ပါက ထိုလူသည် ဤမျှပင် သက်ဆိုးရှည်နိုင်မည် မဟုတ်ချေ။
***