"ကောင်းကင်မီးလျှံ" လက်မောင်းကာ
Vol. 8 Ch. 110
လွန်ခဲ့သော ၇ရက်က ထျန်းရှင်းတောင်ဂိုဏ်းမှ တပည့်များသည် ချော်ရည်ပူများကြားတွင် မျောနေသည့် ခန္ဓာကိုယ်အား စတွေ့ခဲ့ခြင်း ဖြစ်သည်။ ထိုခန္ဓာကိုယ်ရှိ အဝတ်အစားအားလုံးသည် ချော်ရည်ပူများကြောင့် လောင်ကျွမ်းပျော်ကျသွားပြီ ဖြစ်သည့်တိုင် ၎င်း၏ ဘယ်ဘက်လက်ကောက်ဝတ်ရှိ လက်မောင်းကာကမူ မပျက်မယွင်း ရှိနေသည်ကို တွေ့ရသည်။ လက်မောင်းကာအတွင်း ရှိနေသည့် ထျန်းချီစွမ်းအင်များကလည်း တမူထူးခြားကာ သိပ်သည်းသည်။ သို့သော် ထျန်းရှင်းတောင်ဂိုဏ်းမှ တပည့်များသည် ထိုလက်မောင်းကာ၏ တန်ဖိုးကို သေချာ နားမလည်ကြသည့်အပြင် ထျန်းရှင်းတောင်ဂိုဏ်း၊ ဂိုဏ်းချုပ်သည်လည်း ကျောက်စိမ်းမျှော်စင်၏ အောက်ပိုင်းအလွှာများသို့ ဝင်ရောက်သွားသည့်နောက် အဆက်အသွယ် ပြတ်တောက်နေသည်။
ကနဦးက ထျန်းရှင်းတောင်ဂိုဏ်း၊ တပည့်များသည် ချော်ရည်ပူများထဲမှ ခန္ဓာကိုယ်အား မ ယူလာကြဖို့ ဖြစ်သော်လည်း ချော်ရည်ပူများ၏ အပူချိန်သည် ပြင်းလွန်းသည့်အပြင် ခန္ဓာကိုယ်ကြီးကလည်း အလွန်လေးနေ၍ လက်လျှော့လိုက်ရသည်။ နောက်ဆုံးတွင် ခက်ခက်ခဲခဲ ကြိုးစားပြီးမှ ခန္ဓာကိုယ်ပေါ်ရှိ လက်မောင်းကာအား ဖြုတ်ယူလိုက်နိုင်သည်။ သို့သော် ထိုအချိန်တွင်ပဲ လေသဘာဝ သားရဲများ၏ အုပ်စုဖွဲ့တိုက်ခိုက်ခြင်းကို ခံလိုက်ရပြီး ထိုသတင်းမှာ ထိုက်ယီဓားဂိုဏ်းနှင့် မြစိမ်းတိမ်ဂိုဏ်းမှ တပည့်များထံ ရောက်ရှိသွားသည်။ နောက်ပိုင်းတွင် အဓိကဂိုဏ်းကြီးသုံးဂိုဏ်းမှ တပည့်များအပြင် သားရဲများပါ အုံလိုက်ကျင်းလိုက် ရောက်လာသောကြောင့် အခြေအနေမှာ ရှုပ်ယှက်ခတ်သွားသည်။ လက်မောင်းကာအား ဦးစွာရှာတွေ့ခဲ့သော ထျန်းရှင်းတောင်ဂိုဏ်းမှာလည်း ဆက်လက် ထိန်းသိမ်းမထားနိုင်တော့ဘဲ ဆုံးရှုံးရဖို့ ဖြစ်လာတော့သည်။
"မစိုးရိမ်နဲ့ တောက်ခွေ့ ငါ့မှာအကြံရှိတယ်"
လူအိုကြီးများထဲမှ တစ်ယောက်က ပြုံးကာ ပြောသည်။
ပြောလိုက်သူသည် ထျန်းရှင်းတောင်ဂိုဏ်း၊ အကြီးအကဲ သုံးယောက်ထဲမှ ရှီးလီ ဖြစ်သည်။ ရှီးလီ၏ ပုံပန်းသွင်ပြင်သည် အခြားသော ကမ္ဘာမြေရန်အဆင့် နှစ်ယောက်ထက် ပိုတည်ငြိမ်ပြီး ယုံကြည်စိတ်ချရမည့်ပုံ ပေါ်သည်။
ဒဏ်ရာဗရပွနှင့် ရောက်ရှိလာသော ခပ်ငယ်ငယ်လူ၏ အမည်က တောက်ခွေ့ ဖြစ်သည်။ သူသည် ခဏမျှ အံ့ဩသွားသော်လည်း အစောပိုင်းက ထိုပစ္စည်းအား နှစ်ကြိမ်တိတိ ဆုံးရှုံးရမလို ဖြစ်ခဲ့သည့်တိုင် အကြီးအကဲသုံးယောက်သည် ပြန်လည်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြောင်း သတိရသွားသည်။
"မဟုတ်မှလွဲ.. ထျန်းရှင်းတောင်ဂိုဏ်းရဲ့ အထင်ကရ.."
တောက်ခွေ့သည် အံ့ဩမှုကြောင့် စကားဆုံးအောင်ပင် မပြောလိုက်နိုင်ပေ။
အကြီးအကဲသုံးယောက်ကား ပြုံးလိုက်ကြသည်။ ထျန်းရှင်းတောင်ဂိုဏ်းသည် ၎င်းတို့၏ အမွေအနှစ်များအား နှစ်ထောင်ချီ လက်ဆင့်ကမ်းလာခဲ့ပြီး ထိုအထဲတွင် လျှို့ဝှက်ပညာရပ်များလည်း ပါဝင်သည်။ လျှို့ဝှက်ပညာရပ် တစ်ခုချင်းစီတိုင်းတွင် သီးသန့်အသုံးပြုနိုင်သည့် အစွမ်းတစ်ခုစီ ရှိပြီး ၎င်းတို့အနက် တစ်ခုမှာ ပစ္စည်းများကို ခြေရာကောက်သောပညာရပ် ဖြစ်သည်။
ထျန်းရှင်းတောင်ဂိုဏ်း၊ တပည့်များသည် ဒဏ်ရာရနေသော တောက်ခွေ့အား အနားယူရန် ခေါ်သွားကြပြီး အကြီးအကဲသုံးယောက်၏ ညွှန်ကြားမှုအောက်တွင် အစီအစဉ်ကို စတင် အကောင်အထည်ဖော်ကြသည်။
ထိုက်ယီဓားဂိုဏ်းနှင့် မြစိမ်းတိမ်ဂိုဏ်းသည်လည်း သားရဲများနှင့် တိုက်ပွဲတွင် ထိခိုက်ဆုံးရှုံးမှုများ ရှိခဲ့သည်။ နောက်ဆုံးတွင် အထုပ်အား သားရဲများဘက်မှ ရသွားသောအခါ သူတို့လည်း ဘာမှမတတ်နိုင်ကြပေ။
ယဲ့ချန်သည် အထုပ်အားရသွားသော သားရဲနောက်မှ လိုက်လာခဲ့ရင်း တစထက်တစ ပြင်းထန်လာနေသော သားရဲများကြားမှ တိုက်ပွဲကို မြင်နေရသည်။ နတ်ဆိုးဝံပုလွေများ၊ ခြင်္သေ့များနှင့် ကြံ့များ၏ အလောင်းတို့သည် လက်ညှိုးထိုးမလွဲ ပြန့်ကျဲလို့နေပြီး သွေးစီးကြောင်းများကလည်း နေရာအနှံ့တွင် ရှိနေသည်။ အလောင်းများထဲတွင် သားရဲမျိုးစိတ်မျိုးစုံ၏ အလောင်းတို့အား တွေ့ရသည်။
ရာချီသော နတ်ဆိုးဝံပုလွေများသည် အထုပ်အား တစ်ကောင်မှ နောက်တစ်ကောင်ထံသို့ ဆက်တိုက်လွှဲပြောင်းကာ သယ်ဆောင်နေကြရာ နောက်မှလိုက်လာသူ အများစုသည် မတတ်နိုင်တော့ဘဲ လက်လျှော့ လိုက်ကြရသည်။ နတ်ဆိုးဝံပုလွေများကမူ ဆက်ပြေးနေကြဆဲ။
အမွေးပွလေးသည်ကား နတ်ဆိုးဝံပုလွေအုပ်၏ နောက်တွင် ကပ်လျက်ရှိနေပြီး အလစ်ဝင်သုတ်နိုင်ရန် အခွင့်အခါကောင်းကို စောင့်ဆိုင်းနေပုံ ရသည်။
လက်ရှိတွင် အထုပ်အား ကိုက်ချီထားသော နတ်ဆိုးဝံပုလွေသည် အကောင်ကြီးကြီး သွေးနီရောင် နတ်ဆိုးဝံပုလွေကြီးဖြစ်ပြီး အပေါင်းအဖော်များ၏ ကာကွယ်ပေးမှုအောက်တွင် ၎င်းသည် အတတ်နိုင်ဆုံး မြန်ဆန်စွာ ပြေးလျက်ရှိသည်။ ရုတ်တရက် သွေးနီရောင်ဝံပုလွေကြီးသည် တစုံတရာကို အာရုံခံမိသွားကာ ပြေးနေသည်အား ရပ်လိုက်မိသည်။ ထိုစဉ်တွင်ပဲ ၎င်း၏ မျက်လုံးများသည် ညှို့ဓာတ်မိသွားသကဲ့သို့ ရီဝေဝေဖြစ်သွားကာ ပါးစပ်တွင် ကိုက်ချီထားသော အထုပ်မှာလည်း ဖုတ်ခနဲ ပြုတ်ကျသွားရသည်။
အဖြူရောင်အရိပ်တရိပ် ဘေးမှ ဖြတ်ပြေးသွားသည်။ ထိုအရိပ်သည် အလင်းအလျင်နှုန်းဖြင့် အထုပ်အား ဆတ်ခနဲ ကောက်ယူကာ ပြေးထွက်သွားလေသည်။
ယဲ့ချန် နှလုံးခုန်သံများပင် မြန်သွားရသည်။
အမွေးပွလေး..။
အနှီအကောင်ပေါက်လေး၏ လျင်မြန်လှပုံမှာ နတ်ဆိုးဝံပုလွေများခမျာ ဘာမှတောင် တုံ့ပြန်ချိန် မရလိုက်ရှာပေ။
အထုပ်အား တစုံတရာမှ အလစ်သုတ်သွားရကြောင်း သိရသောအခါ နတ်ဆိုးဝံပုလွေများသည် ကျယ်လောင်စွာ အော်ဟစ်မာန်ဖီလျက် အမွေးပွလေးနောက်သို့ စုပြုံကာ လိုက်ကြတော့သည်။
ယဲ့ချန်ကလည်း သေချာပေါက်ကို ဒီအတိုင်း ထိုင်ကြည့်နေရန် စိတ်ကူးမရှိ။ ဝိညာဉ်အသိအမြင်အား နတ်ဆိုးဝံပုလွေအုပ်ထံ စေလွှတ်ကာ တားဆီးလိုက်သည်။
ဝိညာဉ်အသိအမြင်အား အာရုံခံမိချိန်တွင် နတ်ဆိုးဝံပုလွေအုပ်ကြီးသည် ကြောက်လွန်း၍ သိမ့်သိမ့်တုန်သွားကြကာ စိတ်ချောက်ချားစွာ အော်ဟစ်လျက် နေရာအနှံ့အပြားသို့ ကစဉ့်ကလျား ထွက်ပြေးသွားကြသည်။
၎င်းတို့သည် ဝိညာဉ်အသိအမြင်အား နတ်သူငယ်အဆင့် အရှင်သခင်တပါး၏ စိတ်ဝိညာဉ်ဟု ထင်မှတ်သွားကြသည်ဖြစ်ရာ အမွေးပွလေးနောက်သို့ ဆက်လိုက်ဖို့ဝေးစွ၊ အသက်ဘေးမှ လွတ်မြောက်နိုင်ရန် အဆောတလျင် ထွက်ပြေးခြင်းဖြင့် အလုပ်ရှုပ်သွားကြသည်။
ဝိညာဉ်အသိအမြင်၏ ကာကွယ်ပေးထားမှုအောက်တွင် အမွေးပွလေးသည် ယဲ့ချန်ထံသို့ ပြန်လည်ရောက်ရှိလာပြီး ပခုံးထက်သို့ သက်တောင့်သက်သာ ခုန်တက်သည်။
ယဲ့ချန်သည် အထုပ်အား ကောင်းကင်ပထဝီအိတ်အတွင်း ထည့်ကြည့်ရန် ကြိုးပမ်းသည်။ သို့သော် မရပေ။ ကောင်းကင်ပထဝီအိတ်အတွင်း ထည့်မရသော ပစ္စည်းမှာ အလွန်ရှားသည်။ ထိုရှားရှားပါးပါး ပစ္စည်းများအတွင်း အထုပ်ထဲရှိ ပစ္စည်းက ပါနေပုံရသည်။ ဤနေရာပတ်ဝန်းကျင်တွင် များပြားလှသောသားရဲများ၊ လူသားများ ရှိနေသည်။ သားရဲများက ပြဿနာမဟုတ်သော်လည်း လူသားများကတော့ ယဲ့ချန်အတွက် ပြဿနာရှိသည်။ သူသည် အထုပ်ထဲတွင် ဘာရှိနေသည်ကိုပင် စစ်ဆေးမနေတော့ဘဲ အထုပ်အား ရင်ဘတ်တွင်ပွေ့ပိုက်လျက် တတ်နိုင်သမျှ အမြန်ဆုံးအရှိန်ဖြင့် ထွက်ပြေးတော့သည်။ သိမ်းငှက်နက်၊ လင်းတနီနှင့် နှင်းကျားသစ်တို့က ယဲ့ချန်နောက်မှ လိုက်ပါလာကြသည်။
ဝိညာဉ်အသိအမြင်ဖြင့် လူသားတစ်ယောက်ကို အာရုံခံမိတိုင်း ယဲ့ချန်တို့သည် ထိုနေရာအား ရှောင်ကွင်းကာ ပြေးကြသည်။ သားရဲအုပ်များနှင့်တွေ့လျှင်မူ ဝိညာဉ်အသိအမြင်ဖြင့် ခြောက်လှန့်ပြီး ကြားထဲမှဖြတ်ကာ ပြေးသည်။ ကျောက်စိမ်းမျှော်စင်၏ ဒုတိယအလွှာတွင် ဤသို့နှယ် ပြေးလွှားနေရခြင်းမှာ စွန့်စားရသော ကိစ္စရပ်တစ်ခုပါပင်။ အထူးသဖြင့် သားရဲများ၊ လူသားများသည် နေရာအနှံ့တွင် စုရုံးတိုက်ခိုက်နေကြရာ ရုတ်တရက်ပြုမိသော အမှားလေးတစ်ခုကပင် ဒုက္ခအကြီးကြီး ရောက်သွားစေနိုင်သည်။ ယဲ့ချန်တို့သည် အထုပ်အား ဘယ်သူမှမမြင်စေရန် ကွယ်ရင်းဝှက်ရင်းဖြင့် ပထမအလွှာသို့ ပြန်သွားနိုင်ရန် လမ်းစရှာနေကြသည်။
ရှေ့နားတွင် ရေကန်နက်နက်တစ်ခုရှိပြီး အထဲတွင် ရေနေသားရဲများလည်း ရှိကြပုံပေါ်သည်။ ဒုတိယတကြိမ်ပင် ထပ်မတွေးတော့ဘဲ ယဲ့ချန်သည် ရေကန်ထဲသို့ ခုန်ချကာ ရေနတ်ဘုရားကျင့်စဉ်အား လှည့်ပတ်လိုက်သည်။ ၁၀ မီတာအနက်ခန့်သို့ ရောက်သောအခါ ရေအောက်ကျောက်တုံးများကြားထဲ၌ သူ ပုန်းနေလိုက်သည်။
ရေနေသားရဲများသည် ယဲ့ချန်တို့ထံ ဝိုင်းအုံလာကြသော်လည်း ဝိညာဉ်အသိအမြင်ကို ဖြန့်ကြက်ထားသောကြောင့် အနီးသို့ တိုးမလာရဲကြ။ အမွေးပွလေးသည် ယဲ့ချန်ပခုံးထက်တွင် ကော်နှင့်ကပ်ထားသည့်နှယ် တုတ်တုတ်မျှမလှုပ်ရဲဘဲ ရှိသည်။
ထိုစဉ်တွင် သိမ်းငှက်နက်တို့အုပ်စု ရောက်ရှိလာကြရာ ရေနေသားရဲများသည် ဆက်လက်ကာ တဝဲလည်လည် လုပ်မနေရဲကြတော့ဘဲ ထွက်ခွာသွားကြ၏။
မှော်သားရဲများ၊ ကောင်းကင်သားရဲများသည် အထုပ်အား နေရာလပ်မကျန် လိုက်ရှာနေကြသော်ငြား ဘယ်သူ အလစ်သုတ်သွားမှန်းပင် မသိကြရပေ။
“အချိန်ကျတာနဲ့ ငါတို့ ရေပေါ်ပြန်တက်ပြီး ပထမအလွှာကို ပြေးကြတာပေါ့”
ယဲ့ချန်က ခပ်တိုးတိုး ရေရွတ်သည်။
ခပ်လှမ်းလှမ်းတနေရာတွင် ထျန်းရှင်းတောင်ဂိုဏ်း၊ တပည့်များ ရပ်တန့်လိုက်ကြသည်။
“ဘာဖြစ်လို့လဲ ရှီးလီ”
ဆံပင်ခပ်မြင့်မြင့်စီးထားသော ဒဏ်ရာများနှင့် လူအိုကြီးတစ်ယောက်က မေးသည်။ ထိုလူအိုကြီးကား ထျန်းရှင်းတောင်ဂိုဏ်း၏ ဒုတိယအကြီးအကဲ၊ ရှီးယန်ဖြစ်သည်။
"အလစ်သုတ်သွားတဲ့သူခိုးက လူလား၊ သားရဲလားဆိုတာ ငါလည်းမသေချာဘူး။ ဒါပေမဲ့ သူက ပြေးနေတာကိုရပ်ပြီး ဒီကနေ ၃မိုင်လောက်အကွာမှာ ပုန်းနေတယ်”
“ဘယ်လိုလုပ်ကြမလဲ”
"သူခိုးကပုန်းနေတယ်ဆိုမှတော့ ငါတို့ လောလောဆယ် မလှုပ်ရှားသင့်သေးဘူး။ တိုက်ပွဲဖြစ်ခဲ့ရင် တခြားသားရဲတွေကို ဆွဲဆောင်သလို ဖြစ်သွားလိမ့်မယ်။ သားရဲတွေနဲ့ ဂိုဏ်းနှစ်ဂိုဏ်းကလူတွေ လူစုကွဲသွားကာမှ ငါတို့ အစီအစဉ် ဆွဲကြတာပေါ့”
ရှီးလီက အကြံပြုသည်။ ၎င်းအကြံမှာ အလုံခြုံဆုံးသော အစီအစဉ် ဖြစ်သည်။
ကျန်သောဂိုဏ်းသားများကလည်း သဘောတူကြသည်။ လူစုခွဲလျက် သူခိုးထွက်ပေါ်လာမည့်အချိန်အား စောင့်ဆိုင်းနေကြ၏။
ယဲ့ချန်သည် ရေအောက်၌ ပုန်းအောင်းနေရင်းဖြင့် ဝိညာဉ်အသိအမြင်အား ဖြန့်ကြက်ကာ ပတ်ဝန်းကျင်တဝိုက်ကို စစ်ဆေးကြည့်သည်။ မှော်သားရဲများနှင့် ကောင်းကင်သားရဲများကား ထွက်ခွာသွားကြပြီဖြစ်သည်။ ထိုက်ယီဓားဂိုဏ်းနှင့် မြစိမ်းတိမ်ဂိုဏ်းမှ တပည့်များလည်း ထွက်ခွာသွားကြချေပြီ။ ကျန်ရစ်ခဲ့သည်မှာ ထျန်းရှင်းတောင်ဂိုဏ်းမှ တပည့်များဖြစ်ပြီး တစုံတရာကို စောင့်ဆိုင်းနေကြပုံ ပေါ်သည်။ ၎င်းတို့သည် အရေအတွက်အားဖြင့် ၁၀၀ ကျော်ပြီး ကမ္ဘာမြေရန်အဆင့် ၃ ယောက် ပါဝင်သည်။
ထိုလူများသည် မည်မျှအစွမ်းထက်ပါစေဦး၊ ရေထဲသို့တော့ ဆင်းလာရဲလိမ့်မည်မဟုတ်။ နောက်ထပ် မိနစ် ၃၀ အတွင်း ယဲ့ချန် ထွက်ပေါ်မလာပါက ထိုလူများ ထွက်ခွာသွားလောက်ပေသည်။
ယဲ့ချန်သည် ဝိညာဉ်အသိအမြင်အား ပြန်လည်သိမ်းဆည်းလိုက်ပြီး ရင်ဘတ်ထဲတွင် ပွေ့ပိုက်ထားသည့် အထုပ်ကို ကြည့်မိသည်။ အထဲတွင် ဘာရှိနေမည်မသိပေ။
သိလိုစိတ်ကို မထိန်းချုပ်နိုင်တော့သောကြောင့် ယဲ့ချန်သည် စိုစွတ်နေသော အထုပ်အား ဝိညာဉ်အသိအမြင်ဖြင့် ရစ်ပတ်လျက် အတွင်းသို့ စစ်ဆေးကြည့်လိုက်သည်တွင် လက်မောင်းကာတစ်ခုအား တွေ့ရလေသည်။ လက်မောင်းကာသည် အစုံလိုက်မဟုတ်ဘဲ တစ်ခုတည်းဖြစ်ကာ မည်သည့်သတ္တုဖြင့် ပြုလုပ်ထားမှန်း မသိရသည့်တိုင် အလွန်ပါးလှပ်ပြီး အလင်းရောင်ထိုးဖောက်နိုင်သကဲ့သို့ မျက်နှာပြင်မှာ ကြည်လင်နေသည်။ ဆန်းကြယ်သော အလင်းဖျော့ဖျော့လေးတစ်ခုက လက်မောင်းကာ၏ ထိပ်ဘက်ပိုင်းတွင် ထင်ဟပ်နေပြီး သိပ်သည်းလှသည့် ထျန်းချီစွမ်းအင်များကို ခံစားမိစေသည်။ တမူထူးခြားသော စာလုံးများနှင့် ရုပ်ပုံများကို လက်မောင်းကာ၏ ဘေးဘက်တွင် ရေးထွင်းထားသည်။ စာလုံးများမှာ မှုန်မှုန်မွှားမွှား ရေးရေးမျှသာ မြင်ရ၍ ယဲ့ချန်သည် စာလုံးနှစ်လုံးကိုသာ ဖတ်လိုက်နိုင်၏။ ၎င်းစာလုံးနှစ်လုံးမှာ “ထျန်း” (ကောင်းကင်) နှင့် “ဟော်” (မီးလျှံ) ဟူ၍ ဖြစ်ကြသည်။
***