လက်မောင်းကာထဲက နေရာလပ်
Vol. 8 Ch. 111
လက်မောင်းကာသည် ရှေးကျသောနှစ်များတည်းက ရှိခဲ့သည့် အရာတစ်ခုနှင့် တူသည်။
ယဲ့ချန်သည် လက်မောင်းကာအား တစ်စစီဆွဲဖြုတ်ရန် ကြံရွယ်လိုက်သော်လည်း စိတ်ဝင်စားစရာကောင်းလှစွာ လက်မောင်းကာသည် ကြည့်တော့သာ ပါးပါးလှပ်လှပ်နှင့် တကယ်တမ်းတွင် အလွန်ခိုင်ခံ့သည်။ ယဲ့ချန် ရုတ်တရက် အကြံတစ်ခုရသွားကာ ငရဲအက်ကွဲဓားအား ထုတ်ယူပြီး လက်မောင်းကာကို ထိုးစိုက်လိုက်သည်။ လက်မောင်းကာသည်ကား ဖြုံပင်မဖြုံဘဲ ယဲ့ချန်၏ ဓားကိုင်ထားသောလက်သာ ကျဉ်တက်သွားရသည်။
ကောင်းလိုက်တဲ့ပစ္စည်း..
မထင်မှတ်ပါဘဲ လက်မောင်းကာသည် အနက်ရောင်ပုတီးစေ့နှင့် ငရဲအက်ကွဲဓားထက်ပင် ပို၍ အစွမ်းထက်နေသည်။
ယဲ့ချန် အပျော်လွန်သွားရသည်။ လက်မောင်းကာသည် အဆင့်မြင့် ဝိညာဉ်လက်နက်ဖြစ်နေပြီး အကာအကွယ် ရတနာအမျိုးအစားဖြစ်မည်ဟု ခန့်မှန်းရသည်။ ထို့ပြင် လက်မောင်းကာတွင် အခြားသောစွမ်းရည်များ ရှိနေဦးမည်ဟု ယဲ့ချန် မသိစိတ်က တွေးမိနေသည်။
ဤလက်မောင်းကာကိုသာ သူ ဝတ်နိုင်ပါက မည်သို့ရှိမည်နည်း။
ယဲ့ချန်သည် လက်မောင်းကာအား ဘယ်ဘက်လက်၌ ဝတ်ဆင်လိုက်သည်တွင် လက်မောင်းကာထံမှ သွေးနီရောင်အလင်းများ ဖြာထွက်လာသည်။ အပ်တချောင်းက ယဲ့ချန်ဦးခေါင်းထဲသို့ ထိုးစိုက်လာသည့်အလား တဆစ်ဆစ် နာကျင်ကိုက်ခဲလာ၏။ လက်မောင်းကာတွင် ကိုယ်ပိုင်အသိစိတ်ရှိနေပြီး ယဲ့ချန်၏လက်တွင် တပ်ဆင်ခြင်းအား ဆန့်ကျင်လိုစွာ ရုန်းကန်နေလေသည်။
ထိုအသိစိတ်ကား ရတနာဝိညာဉ်၏ ကိုယ်ပိုင်အသိစိတ် ဖြစ်သည်။
များသောအားဖြင့် အဆင့် ၁ မှ ၃ အထိ ဝိညာဉ်လက်နက်တို့၏ ရတနာဝိညာဉ်များတွင် ကိုယ်ပိုင်အသိစိတ် မရှိကြပေ။ အဆင့် ၃ ၏ အထက်ဆင့် ရတနာဝိညာဉ်များတွင် ကိုယ်ပိုင်အသိစိတ် ရှိလာကြသော်လည်း ထိုမျှမပြင်းထန်။ အဆင့် ၅ ၏ အထက်ဆင့် ရတနာဝိညာဉ်များတွင်သာ ထက်သန်သော ကိုယ်ပိုင်အသိစိတ် ရှိကြပြီး ခြယ်လှယ်စိုးမိုးလိုစိတ်လည်း ပြင်းထန်ကြသည်။
သို့ဆိုလျှင် လက်မောင်းကာသည် အဆင့် ၅ ဝိညာဉ်လက်နက် ဖြစ်နေသည်လော။
ကျင့်ကြံခြင်းလောကကြီးတွင် ဝိညာဉ်လက်နက်များသည် ရှားပါးသောရတနာများ ဖြစ်ကြပြီး ချီစုဆောင်းဆေးလုံး သန်းနှင့်ချီ၍ တန်ကြေးရှိသည်။ ယဲ့မိသားစုကဲ့သို့ မိသားစုသေးသေးလေးသည် ဘယ်တုန်းကမှ ဝိညာဉ်လက်နက်အား မပိုင်ဆိုင်ဖူးခဲ့ပေ။ အင်အားကြီးမိသားစုများ၏ အရေးပါသော မျိုးဆက်များသည်သာ ဝိညာဉ်လက်နက်ကို ပိုင်ဆိုင်နိုင်ကြပြီး ထိုဝိညာဉ်လက်နက်များ၏ အဆင့်သည်ပင် အလွန်ဆုံးမှ အဆင့် ၁၊ အဆင့် ၂ မျှသာ ဖြစ်ကြသည်။
ယဲ့ချန်သည် မြစ်အောက်ခြေမှ အဆင့် ၁ ဝိညာဉ်လက်နက်၊ ချပ်ဝတ်တစ်ခု ရရှိခဲ့သော်ငြား ထိုချပ်ဝတ်သည် ဤလက်မောင်းကာနှင့် နှိုင်းယှဉ်ပါက ဘာမှမဟုတ်တော့ပေ။
လက်မောင်းကာသည် ရုန်းကန်နေခြင်းအား မရပ်တန့်ပေ။ ယဲ့ချန်၏ ခေါင်းတစ်ခုလုံးမှာ မခံမရပ်နိုင်လောက်အောင် ထိုးကိုက်လာသည်မှာ သတိလက်လွတ်ဖြင့် လက်ထဲရှိ လက်မောင်းကာအား လွှတ်ပစ်လိုက်မိလုနီးနီး။ ဝိညာဉ်အသိအမြင်ကြောင့်သာ မဟုတ်ပါက ယခုလောက်ဆိုလျှင် ယဲ့ချန်သည် ရတနာဝိညာဉ်၏ တိုက်ခိုက်မှုကို သည်းမခံနိုင်တော့ဘဲ စိတ်မနှံ့သူတစ်ယောက်ပင် ဖြစ်သွားလောက်ချေပြီ။
“ကွိ.. ကွိ..”
နာကျင်မှုကြောင့် ရှုံ့မဲ့နေသော ယဲ့ချန်ကိုမြင်သော် အမွေးပွလေးသည် စိုးရိမ်စွာဖြင့် အော်ဟစ်ကာ ၎င်း၏ စိတ်ဝိညာဉ်ဖြင့် ရတနာဝိညာဉ်အား တိုက်ခိုက်ရန် ကြိုးပမ်းလေသည်။ ရတနာဝိညာဉ်၏ တန်ပြန်တိုက်ခိုက်မှုကြောင့် အမွေးပွလေးသည် မူးမေ့ကာ နောက်သို့ လန်ကျမတတ်ပင် ဖြစ်သွားရသည်။
“တနည်းမရရင် နောက်တစ်နည်းနဲ့ ငါ မင်းကို ကျိန်းသေပေါက် ငါ့အပိုင်ဖြစ်လာအောင်လုပ်မှာ..”
ယဲ့ချန်သည် အမျက်ခြောင်းခြောင်း ထွက်စွာဖြင့် ရေရွတ်လျက် ပီရှို့အား နှိုးဆွလိုက်သည်။ ပီရှို့ ထွက်ပေါ်လာသည်နှင့် ရတနာဝိညာဉ်သည် ကြောက်မက်ဖွယ် တည်ရှိမှုတစ်ခုကို အာရုံခံမိသည့်အလား ထိတ်လန့်စွာ မြည်တမ်းသည်။ ဖြည်းညှင်းစွာနှင့် ယဲ့ချန်ခေါင်းထဲရှိ သေလုမျောပါး နာကျင်မှုမှာ တော်တော်လေး သက်သာသွားသည်။
လက်မောင်းကာသည် တစုံတရာကို ကြောက်ရွံ့နေသည့်နှယ် တုန်ယင်နေသည်ကို ယဲ့ချန် အာရုံခံမိသည်။ လက်မောင်းကာသည် အစွမ်းထက်သည်ဆိုသော်ငြား ပီရှို့နှင့်တော့ မယှဉ်နိုင်ဟန်ရသည်။ ပီရှို့သည် လက်မောင်းကာထက်ပင် များစွာ အဆင့်မြင့်သည်မှာ သေချာပါသော်လည်း အဘယ့်ကြောင့် ရတနာဝိညာဉ်ကဲ့သို့ အရာမျိုး မရှိရသည်ကို ယဲ့ချန် မတွေးတတ်အောင် ရှိသည်။
ထိုကိစ္စအား ခဏတာနောက်ပို့ထားလိုက်ပြီး ယဲ့ချန် ဝိညာဉ်အသိအမြင်ဖြင့် လက်မောင်းကာအား ရစ်ပတ်ကာ လက်မောင်းကာအတွင်း တဖြည်းဖြည်း တိုးဝင်သွားလိုက်သည်။ အထဲတွင် စူးရှတောက်ပသော အရောင်အဝါနှင့် ကခုန်နေသည့်နှယ် ထင်မှတ်ရသော မီးလျှံလေးတစကို တွေ့ရသည်။ ထိုမီးလျှံစလေးတွင် ကိုယ်ပိုင်အသိစိတ် ရှိနေပုံ ပေါ်သည်။ ၎င်းကား လက်မောင်းကာ၏ ရတနာဝိညာဉ် ဖြစ်နိုင်ပေသည်။
ဝိညာဉ်အသိအမြင်သည် ထိုမီးလျှံစလေးအား ထိန်းချုပ်ရန် ကြိုးပမ်းသည်။ မီးလျှံစလေးသည် လက်သင့်မခံလိုဟန်ဖြင့် ရုန်းကန်တိုက်ခိုက်လေသည်။ ဝိညာဉ်အသိအမြင်နှင့် မီးလျှံစလေးတို့ အကြိမ်အနည်းငယ် တိုက်ခိုက်ပြီးသည်တွင် ယဲ့ချန်သည် ဒဏ်မခံနိုင်တော့ဘဲ သူ့မျက်နှာမှာ တဖန် ဖြူဖျော့သွားရ၏။
ဝိညာဉ်အသိအမြင်နှင့် မီးလျှံစလေးအကြားရှိ တိုက်ခိုက်မှုမှာ လက်တွေ့တိုက်ပွဲများထက်ပင် ပြင်းထန်ကာ ပို၍ ကြောက်မက်ဖွယ်ကောင်းသေးသည်။ ယဲ့ချန်ဘက်မှ တကွက်မှားသွားသည်နှင့် ဝိညာဉ်အသိအမြင်အား ထိခိုက်သွားနိုင်ပြီး အကျိုးဆက်ကား အလွန်ကြီးမားမည် ဖြစ်သည်။
ယဲ့ချန် ခြေကုန်လက်ပန်း ကျနေလေပြီ။ လက်မောင်းကာ၏ ရတနာဝိညာဉ်သည် သန်မာအားကောင်းလွန်းသည်။ ပီရှို့တစ်ခုတည်းကသာ ၎င်းအား ဖိနှိပ်နိုင်မည့်ပုံ ပေါ်သည်။
ယဲ့ချန်လည်း မတတ်သာတော့ဘဲ ပီရှို့၏ အသိစိတ် အပိုင်းအစတစ်ခုအား လက်မောင်းကာထဲသို့ ထည့်လိုက်ရသည်။ ပီရှို့၏ အရှိန်အဝါအား အာရုံခံမိသည်နှင့် မကြာသေးခင်ကအထိ မာန်ဝင့်ထည်နေသော မီးလျှံစသည် ကြောက်လွန်း၍ နေစရာနေရာ မရှိသည့်နှယ် ဖြစ်သွားတော့သည်။
အခွင့်အခါသင့်တုန်း ယဲ့ချန်သည် မီးလျှံစအား ဝိညာဉ်အသိအမြင်ဖြင့် အလျင်အမြန် ဖိနှိပ်လိုက်ရသည်။ အချိန်အတော်ကြာ ရုန်းကန်ခဲ့ရ၍ ဝိညာဉ်အသိအမြင်သည် ပြိုလဲသွားတော့မလိုပင် ယဲ့ချန် ခံစားနေရ၏။ ပီရှို့၏ အရှိန်အဝါကြောင့် မီးလျှံစသည် တွန်းထိုးရုန်းကန်ခြင်းငှါ မစွမ်းသာတော့ဘဲ လုံးလုံးလျားလျား မလှုပ်ရှားတော့သည့် အနေအထားသို့ပင် ရောက်သွားလေသည်။
ယဲ့ချန် စိတ်ကျေနပ်စွာဖြင့် ဘယ်ဘက်လက်မောင်းအား လှုပ်ရှားကြည့်သည်။ ရတနာဝိညာဉ်၏ ဆန့်ကျင်မှု မရှိတော့သောကြောင့် လှုပ်ရှားရသည်မှာ ပေါ့ပေါ့ပါးပါးနှင့် သက်တောင့်သက်သာ ရှိလှသည်။ မူလတည်းက လက်မောင်းကာသည် အလင်းဖောက်ထွင်းနိုင်လောက်အောင် ပါးပါးလျလျသာ ဖြစ်ရာ အနီးကပ် သေချာမကြည့်ပါက ယဲ့ချန်၏ ဘယ်ဘက်လက်မောင်းတွင် လက်မောင်းကာတစ်ခု ဝတ်ဆင်ထားကြောင်း ဘယ်သူမှ သတိထားမိလိမ့်မည် မဟုတ်ချေ။ ထို့ပြင် ငရဲအက်ကွဲဓား၏ ဓားသွားသည်ပင် လက်မောင်းကာအား ခြစ်ရာတစ်ခု မထင်စေနိုင်ရာ သာမန်တိုက်ခိုက်မှုများ ဆိုပါက ယား၍ ကုတ်ပေးနေသလောက် အနေအထားသာ ရှိပေလိမ့်မည်။
သွေးနီရောင်အလင်းတချက် ဖြာသွားသည်။ လူ့ခန္ဓာကိုယ်ရှိ သွေးကြောများတွင် သွေးများ စီးဆင်းနေသည့်အလား ၎င်းသွေးနီရောင်အလင်းသည် ယဲ့ချန်၏ ညာဘက်လက်မောင်းအနှံ့ ပျံ့နှံ့သွားကာ လုံးလုံးလျားလျား တွယ်ဆက်သွားလေသည်။ လက်မောင်းကာ၏ အစွမ်းအစအား လက်တွေ့တိုက်ပွဲများတွင် အသုံးချရန် ယဲ့ချန် မစောင့်နိုင်တော့သလိုပင် ခံစားရသည်။
ယဲ့ချန်သည် စူးစမ်းလိုစိတ်ကလေးဖြင့် အသိစိတ်အား လက်မောင်းကာအတွင်းသို့ ပို့လွှတ်ကာ စစ်ဆေးကြည့်မိသည်။ လက်မောင်းကာအတွင်းတွင် ပေရာပေါင်းများစွာ ကျယ်ဝန်းသော နေရာလပ်တစ်ခု ရှိနေပြီး သတ္တုစင်ကြီးများ ၁၀ ခုခန့် ရှိနေသည်။ ထိုသတ္တုစင်ကြီးများပေါ်တွင် ဆေးဖက်ဝင် ပစ္စည်းများ၊ ဆေးမြစ်များနှင့် ပြည့်နှက်နေသည်။ အချို့မှာ ရှားပါးပစ္စည်းများဖြစ်ပြီး အချို့ကတော့ တွေ့မြင်နေကျများ ဖြစ်သည်။ အမျိုးအစားပေါင်း ၁ သန်းခန့် ရှိမည်ဟု ယဲ့ချန် ခန့်မှန်းမိသည်။ ဆေးမြစ်များ၏ လတ်ဆတ်သင်းပျံ့သော အနံ့တို့နှင့်တင် ယဲ့ချန် စိတ်လှုပ်ရှားလာရသည်။ နေရာလပ်၏ အလယ်တည့်တည့်တွင် ကြီးမားသော ဆေးဖော်စပ်သည့် မီးပြင်းဖိုကြီးတစ်ခု ရှိနေသည်။ မီးပြင်းဖိုကြီးသည် လူနှစ်ရပ်စာခန့် မြင့်မားပြီး ပတ်လည်တွင် မီးစွမ်းအင်သုံး သားရဲများ၏ ရုပ်ပုံတို့ကို ဆေးခြယ်ထားသည်။ ၎င်းမီးပြင်းဖိုကြီးသည် လက်မောင်းကာအတွင်းတွင် သီးသန့်ထားရန် ပြုလုပ်ထားပုံပေါ်ပြီး သယ်ယူရွှေ့ပြောင်း၍ မရလောက်ပေ။
နေရာလပ်၏ ထောင့်စွန်းနားတွင် စာအုပ်စင်တစ်ခု ရှိနေသေးသည်။ စာအုပ်စင်ပေါ်တွင် စာအုပ်အမျိုးအစား ၁၀ မျိုးခန့်ကို အတူတကွ စီရီထားသည်။ ယဲ့ချန် ထိုအထဲမှ တအုပ်အား သတိထားကာ လှန်လှောကြည့်လိုက်သည်။ ထိုစာအုပ်ထဲတွင် ဆေးဝါးဖော်စပ်ခြင်းအကြောင်း အသေးစိတ် ရှင်းလင်းရေးသားထားသည်။ ဆေးမြစ်အမျိုးမျိုး၏ အသုံးပြုပုံများ၊ စိုက်ပျိုးနည်းများလည်း ပါဝင်သည်။ လက်မောင်းကာ၏ မူလပိုင်ရှင် ဘဝသက်တမ်းတလျှောက် ဖြစ်ပျက်ခဲ့သည်တို့ကို ရေးသားထားသော ခရီးသွားမှတ်တမ်းသဖွယ် စာအုပ်များလည်း ရှိသည်။ အချို့စာအုပ်များကို ယဲ့ချန် လှန်လှောကြည့်သည့်တိုင် ဘာတွေရေးထားမှန်း နားမလည်ပေ။ “မဟာအဂ္ဂိရတ်ပညာ” စာအုပ်ထက်ပင် နားလည်ရခက်နေသေးသည်။ အဂ္ဂိရတ်ပညာအား ထဲထဲဝင်ဝင် နားလည်ဖို့ရန် စာအုပ်ဖတ်ရုံနှင့် မရနိုင်ပေ၊ လက်တွေ့လေ့ကျင့်ရန် လိုသေးသည်။ အလားတူပင် ယဲ့ချန်သည်လည်း တခါမျှ ဆေးဝါးဖော်စပ်ဖူးခြင်း မရှိရာ အဂ္ဂိရတ်ပညာစာအုပ်များကို ဟိုလှန်သည်လှန်သာ လှန်နေရသည်၊ လုံးစေ့ပတ်စေ့ နားမလည်နိုင်သည်က သဘာဝကျပေသည်။
လက်မောင်းကာ၏ မူလပိုင်ရှင်သည် ဆေးဝါးပညာရှင်တဦး ဖြစ်ခဲ့ဟန်ရသည်။
ယဲ့ချန်သည် ဆေးဝါးပညာရှင်တစ်ယောက် မဟုတ်သေးလျှင်ပင် လက်မောင်းကာအတွင်းရှိ ဆေးမြစ်များသည် သူ့အတွက် အလွန် အဖိုးတန်နေသေးသည်။ ကျင့်ကြံခြင်းလောကတွင် ဆေးဘက်ဆိုင်ရာပစ္စည်းများ၏ ဈေးကွက်သည် ကျယ်ပြန့်လှပြီး လက်မောင်းကာထဲရှိ ဆေးမြစ်များသည် ယဲ့ချန်အား သူဌေးကြီးတစ်ယောက် ဖြစ်သွားစေဖို့ လုံလောက်သည်။ မရောင်းချလျှင်တောင် အနာဂတ်တွင် ယဲ့ချန် ဆေးဝါးပညာရှင်လမ်းစဉ်အား လျှောက်လှမ်းရာတွင် ကောင်းကောင်း အသုံးချနိုင်ပေမည်။
ယဲ့ချန်၏ လက်ရှိပျော်ရွှင်နေမှုအား စကားလုံးများနှင့် ဖော်ပြ၍ပင် မရပေ။ ကျောက်စိမ်းမျှော်စင်အတွင်း ဝင်ရောက်ခဲ့ခြင်းက ဤသို့သောပစ္စည်းများ ပိုင်ဆိုင်နိုင်ရန် အကြောင်းဖန်လာလိမ့်မည်ဟု ယဲ့ချန် မထင်ခဲ့မိ။ ထိုအကြောင်းကိုသိလျှင် အဓိကဂိုဏ်းကြီးသုံးဂိုဏ်းမှ လူများ၏ အမူအရာတို့ မည်သို့မည်ပုံ ဖြစ်သွားမည်ကို ယဲ့ချန် တွေးကြည့်မိသည်။
***