သောင်းပြောင်းထွေလာ နှစ်တထောင်အဆိပ်
Vol. 8 Ch. 112
လက်မောင်းကာအတွင်းတွင် ထိုသို့နေရာလပ် အကျယ်ကြီး ရှိနေသောကြောင့် ကောင်းကင်ပထဝီအိတ်အတွင်း ထည့်၍ မဆံ့ခြင်းဖြစ်သည်။ ယဲ့ချန်သည် ချီစုဆောင်းဆေးလုံးကဲ့သို့ အသေးအမွှား ပစ္စည်းလေးများမှလွဲ၍ အခြားအဖိုးတန်ပစ္စည်းအားလုံးကို လက်မောင်းကာထဲရှိ နေရာလပ်အတွင်း ပြောင်းထည့်လိုက်သည်။ ဤနည်းဖြင့် ကောင်းကင်ပထဝီအိတ် အခိုးခံရလျှင်ပင် ပြဿနာမရှိတော့ပေ။
ယဲ့ချန် လက်မောင်းကာအား ညာလက်ဖြင့် ခပ်ဖွဖွ ထိကြည့်မိသည်။ ပါးလျသော အရေပြားလွှာတထပ်ကဲ့သို့ပင် ခံစားရပါ၏။ သူ ပြုံးကာ ခေါက်တင်ထားသော ဝတ်ရုံလက်စအား ပြန်ဆွဲချလိုက်သည်။ လက်မောင်းကာအား ဝတ်ရုံလက်စအောက်တွင် ဖုံးကွယ်ထားခြင်းဖြင့် သူ့တွင် ထိုလက်မောင်းကာရှိနေမှန်း ဘယ်သူမှ သိတော့မည်မဟုတ်။
လူတစုသည် ယဲ့ချန်ပုန်းအောင်းနေသော ရေကန်အား ဝိုင်းရံလာကြသည်။ ကမ္ဘာမြေရန်အဆင့် ၃ ယောက် ပါဝင်သော ထျန်းရှင်းတောင်ဂိုဏ်းမှ တပည့် အယောက် ၃၀ ကျော် ဖြစ်သည်။
"ဒီနေရာပဲ.. အထုပ်က ရေထဲမှာရှိနေတယ်"
ရှီးလီသည် မျက်လုံးများမှိတ်ကာ အာရုံခံလိုက်ပြီးမှ ပြောသည်။
"သားရဲတွေအချင်းချင်း တိုက်ခိုက်ကြရင်းနဲ့ အထုပ်က ရေထဲကို ပြုတ်ကျသွားတာများလား"
ရှီးယန်က မျက်မှောင်ကြုတ်ရင်း ပြောသည်။ သူသည် ရေကန်အနီးသို့ တိုးကပ်ကာ ကြည့်လိုက်သေးသည်။ ရေကန်ကား တော်တော်လေး နက်လေသည်။ ကျောက်စိမ်းမျှော်စင်အတွင်းရှိ စွမ်းအားကြီးမိစ္ဆာမှန်သမျှသည် ရေထဲတွင် နေရသည်ကို နှစ်ခြိုက်ကြရာ ရေကန်ဟူသမျှသည်ကား အန္တရာယ်များသောနေရာများ ဖြစ်သည်။ ကမ္ဘာမြေရန်အဆင့် ကျင့်ကြံသူများအတွက်ပင် စွန့်စားရန် ခက်ခဲလှသည်။
"ဖြစ်နိုင်တယ်။ ငါတို့ကိုတိုက်ခိုက်မဲ့ သားရဲတွေ မရှိဘူးဆိုရင် ရေထဲကအထုပ်ကို ယူဖို့က ပြဿနာတော့မဟုတ်ဘူး"
ရှီးလီက ရေရွတ်သည်။
"ရေကန်က ဘယ်လောက်နက်လဲဆိုတာ အတိအကျမသိရသေးဘူး။ တစ်ယောက်ယောက်လွှတ်ပြီး စစ်ဆေးကြည့်ရမယ်"
အားလုံး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိကြသည်။ ရေကန်ထဲတွင် မိစ္ဆာဝိညာဉ်များ ဘယ်လောက်များများ ရှိနေမည်မသိပေ။ အဆင့် ၉၊ အဆင့် ၁၀ မိစ္ဆာဝိညာဉ်များ၏ စုပေါင်းတိုက်ခိုက်မှုသည် သူတို့အား အိမ်မက်ဆိုးများ ရက်ဆက်မက်သွားစေဖို့ လုံလောက်ပေသည်။ အဆင့် ၁၀ ထက်ပိုမြင့်သည့် မိစ္ဆာဝိညာဉ်များသာ ရေအောက်တွင် ရှိနေပါက တခါတည်း ကိစ္စပြတ်သွားပေလိမ့်မည်။ ဘယ်သူမှ မစွန့်စားလိုကြပေ။
ထျန်းရှင်းတောင်ဂိုဏ်း၊ တပည့်များ အချင်းချင်း ဆွေးနွေးကြရလေပြီ။
၎င်းတို့ပြောသမျှကို ခိုးနားထောင်နေသော ယဲ့ချန် သံသယ ပွါးသွားရသည်။ ရေကန်ထဲတွင် အထုပ်ရှိနေသည်ကို ထျန်းရှင်းတောင်ဂိုဏ်းက မည်သို့ အတိအကျ သိနေရပါသနည်း။ သူ ရေကန်ထဲသို့ ခုန်ချစဉ်က ဝိညာဉ်အသိအမြင်ဖြင့် အသေအချာကို စစ်ဆေးခဲ့သည်။ ဘယ်သူမှ သူ့အား မမြင်ခဲ့ပေ။
ယဲ့ချန် ဖြစ်နိုင်ချေအရှိဆုံးကို တွေးကြည့်သည်။ ထျန်းရှင်းတောင်ဂိုဏ်းတွင် လက်မောင်းကာ၏ နေရာအတိအကျကို သိနိုင်သည့် ခြေရာကောက်ပညာရပ်တစ်ခုခုများ ရှိနေသည်လော။
သူသည် ညာဘက်လက်အား ဆန့်ထုတ်ကာ လက်မောင်းကာအား ဝိညာဉ်အသိအမြင်ဖြင့် စစ်ဆေးကြည့်လိုက်သည်။ လက်မောင်းကာ၏ အစွန်အဖျားနားလေးတွင် ပုံမှန်မဟုတ်သော တစုံတစ်ခုကို ယဲ့ချန် သတိထားမိသွားသည်။ ထိုအရာကား သစ်သားစွမ်းအင်ထျန်းချီ အစအနလေးတစ်ခု ဖြစ်သည်။ အနီးကပ် သေချာစွာ မကြည့်ပါက ၎င်းကို မြင်နိုင်ရန် ခဲယဉ်းသည်။
ထျန်းရှင်းတောင်ဂိုဏ်း၊ တပည့်များသည် ၎င်းကိုခြေရာကောက်ကာ ရောက်လာကြခြင်း ဖြစ်ပေသည်။
ယဲ့ချန်သည် အဆင်အခြင်မဲ့စွာ ပြုမူခဲ့မိသည့် ကိုယ့်ကိုကိုယ်သာ အပြစ်တင်မိတော့သည်။ တစုံတစ်ယောက်က လက်မောင်းကာပေါ်တွင် ခြေရာကောက်နိုင်သည့် စွမ်းအင်တစ်ခု ထားရစ်ခဲ့လိမ့်မည်ဟု သူ မတွေးခဲ့မိတာ ဖြစ်သည်။ စောစောစီးစီးသာ ရှာတွေ့ခဲ့ပါက ဖျက်ဆီးလိုက်၍ ရသေးသည်။ ယခုကဲ့သို့ ဖြစ်လာစရာအကြောင်း မရှိတော့ပေ။
အကယ်၍ ယဲ့ချန်သာ အခုချက်ချင်း ထိုသစ်သားစွမ်းအင်ထျန်းချီအား ဖျက်ဆီးလိုက်ပါက ရှီးလီတို့၏ အာရုံကို ဆွဲဆောင်လိုက်သကဲ့သို့ ဖြစ်သွားနိုင်သည်။
ထျန်းရှင်းတောင်ဂိုဏ်းမှ တပည့်များသည် ရေကန်ပတ်လည်၌ ဝိုင်းထားကြရာ ယဲ့ချန်အတွက် ပြေးစရာလမ်းကလည်း ရှိမနေ။ ရုတ်တရက် ရေအောက်ရှိ မိစ္ဆာဝိညာဉ်များအကြောင်း သူ သတိရသွားသည်။ ထျန်းရှင်းတောင်ဂိုဏ်း၊ တပည့်များသည် ရေအောက်သို့ ဆင်းမလာရဲကြကြောင်း သေချာသည်။
လွတ်မြောက်ရန် အကြံအစည်အတွက် ယဲ့ချန် အတော်လေး ဦးနှောက်ခြောက်လိုက်ရသည်။ ထျန်းရှင်းတောင်ဂိုဏ်း၊ တပည့်များသည် လူအင်အားများသည့်အပြင် ကမ္ဘာမြေရန်အဆင့် ၃ ယောက်လည်း ပါသေးသည်။ သူ ယဉ်ပါးထားသော သားရဲများ၏ အကူအညီနှင့်ပင် ထျန်းရှင်းတောင်ဂိုဏ်း၊ တပည့်များကို ရင်ဆိုင်ရန် မလုံလောက်ပေ။
ထိုစဉ်တွင် ရှီးလီသည် သူ့ဘေးနားရှိ လူသုံးယောက်ကို ရွေးချယ်လိုက်သည်။
"လင်းရီ၊ လင်းရွှီ၊ လင်းဖော့.. မင်းတို့ ၃ ယောက် အောက်ကိုဆင်းပြီး စစ်ဆေးကြည့်။ တစ်ခုခုတွေ့တာနဲ့ ချက်ချင်းပြန်လာပြီး သတင်းပို့"
လင်းရီ၊ လင်းရွှီနှင့် လင်းဖော့တို့သည် ရှီးလီ၏ အကြည့်က သူတို့ပေါ် ရောက်လာတည်းက မကောင်းသော ခံစားချက်ကြီး ရနေခဲ့သည်။ ရှီးလီ၏ အမိန့်ပေးသံကို ကြားသောအခါ ၃ ယောက်လုံး ဖြူဖျော့သွားကြရှာသည်။ သူတို့ ၃ ယောက်၏ ဆရာသည် ရှီးလီနှင့် ဆက်ဆံရေးမပြေလည်သော ဆဌမအကြီးအကဲ ဖြစ်သည်။ ထို့ကြောင့် ဆရာ မရှိခိုက် ရှီးလီသည် သူတို့အား နှိပ်ကွပ်ရန်ကြံနေခြင်း ဖြစ်ပေသည်။ ယခုအခြေအနေတွင် သူတို့သာ ငြင်းဆန်ခဲ့ပါက ဂိုဏ်းအပေါ် သစ္စာစောင့်သိခြင်းမရှိဟု သမုတ်ကာ ရှီးလီသည် သူတို့ ၃ ယောက်လုံးကို ခြွင်းချက်မရှိ သတ်ပစ်ပေလိမ့်မည်။
သုံးယောက်သားသည် မချိပြုံးပြုံးကာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိကြပြီးနောက် ရွေးချယ်စရာမရှိဘဲ ရေကန်ထဲသို့သာ ခုန်ဆင်းသွားကြရတော့သည်။
ကျန်လူများသည် ရေကန်ဘေးတွင်ရပ်လျက် စောင့်ကြည့်နေကြသည်။ လင်းရီနှင့် ကျန်နှစ်ဦးသည် ရေကန်ထဲသို့ ပို၍ နက်ရှိုင်းသည်အထိ ကူးခပ်သွားကြသည်။
ယဲ့ချန် မျက်မှောင်ကြုတ်မိသည်။ သူသည် ပို၍နက်သော ရေအောက်ထဲသို့ ကူးခပ်သွားပြီး ရေထဲရှိ မိစ္ဆာဝိညာဉ်များအား ထျန်းရှင်းတောင်ဂိုဏ်းမှ တပည့် ၃ ယောက်ထံ စုပြုံသွားစေရန် ဝိညာဉ်အသိအမြင်အား အသုံးပြုလိုက်သည်။
လင်းရီတို့ ၃ ယောက်သည် ရေအောက်သို့ ကူးခပ်လာနေရင်း မရေမတွက်နိုင်သော မိစ္ဆာဝိညာဉ်များ သူတို့ဆီသို့ ဦးတည်လာနေကြောင်း မြင်ရသည်တွင် ဆက်လက် မကူးခပ်ရဲတော့ဘဲ ရေပေါ်သို့ အသည်းအသန် ပြန်တက်ကြတော့သည်။
မိစ္ဆာဝိညာဉ်များသည် လင်းရွှီနှင့် လင်းဖော့တို့အား ဖမ်းမိသွားပြီး ရေအောက်သို့ တရွတ်ဆွဲခေါ်သွားလေသည်။
ဆရာတူညီအကို ၂ ယောက်၏ အဆုံးသတ်အား မျက်ဝါးထင်ထင် မြင်လိုက်ရ၍ လင်းရီသည် အလွန်ထိတ်လန့်သွားကာ ထျန်းချီစွမ်းအင်များကို တွန်းကန်အားအဖြစ် အသုံးပြုပြီး ရေပေါ်သို့ ပြန်တက်ရန် အစွမ်းကုန်ကြိုးပမ်းလိုက်သည်။
ကံမကောင်းစွာပင် မိစ္ဆာဝိညာဉ် ၂ ကောင်သည် လင်းရီ၏ ခြေထောက်အား ဖမ်းမိသွားကာ အတင်းဆွဲချကြသည်။
"အော့နှလုံးနာစရာတွေ.."
ရှီးယန်သည် ခပ်တိုးတိုးရေရွတ်ကာ မီးလက်ဝါးတချက်ဖြင့် မိစ္ဆာဝိညာဉ်များအား ရိုက်ထုတ်လိုက်သည်။ နောက်ဆုံးတွင် လင်းရီသည် ကမ်းခြေသို့ ပြန်ရောက်လာခဲ့သည်။ သူ့တကိုယ်လုံးသည် ထိတ်လန့်မှုကြောင့် တုန်ယင်နေဆဲဖြစ်ကာ မျက်လုံးများက ရှီးလီအား အငြိုးကြီးစွာ ကြည့်နေသည်။
ထျန်းရှင်းတောင်ဂိုဏ်း၊ တပည့်များ၏ အမူအရာများလည်း ပြောင်းလဲသွားကြသည်။ ၃ ယောက် ရေထဲသို့ ဆင်းသွားကြသော်ငြား ၁ ယောက်သာ အသက်ရှင်နိုင်ခဲ့သည်။
ရှီးလီသည် လင်းရီအား အဖက်မတန်စွာ တချက်သာကြည့်ပြီး နှာခေါင်းရှုံ့သည်။ ထို့နောက် အခြားသော တပည့်များဘက်သို့ လှည့်ကာ အမိန့်ပေး၏။
"ရေကန်ထဲမှာ အန္တရာယ်ကြီးကြီးမားမား ရှိနေပုံပဲ။ ဂိုဏ်းချုပ်ဆီကို ရှဉ့်တစ်ကောင်လွှတ်ပြီး သတင်းပို့လိုက်။ ဂိုဏ်းချုပ်ရောက်လာမှပဲ အဆင်ပြေမယ်"
"ချက်ချင်းလုပ်"
တပည့်တစ်ယောက်သည် ကျောက်စိုင်ကျောက်သားများကိုပင် ဖောက်ထွင်းကာ ပြေးလွှားနိုင်သည့် အဆင့် ၃ ရှဉ့်တစ်ကောင်အား ချက်ချင်း ထုတ်ယူကာ သတင်းပို့လိုက်သည်။
ထျန်းရှင်းတောင်ဂိုဏ်းက သူတို့ဂိုဏ်းချုပ်ကို ခေါ်နေပြီလား..။
ယဲ့ချန် အနည်းငယ်တော့ ထိတ်လန့်သွားရသည်။ မင်းသားရင်း၏ ပြောပြချက်များအရ ထျန်းရှင်းတောင်ဂိုဏ်း၊ ဂိုဏ်းချုပ်သည် ကောင်းကင်ရန်အဆင့် ဖြစ်သည်။ ယဲ့ချန်ကား ကမ္ဘာမြေရန်အဆင့်နှင့်ပင် မယှဉ်နိုင်သေးရာ ကောင်းကင်ရန်အဆင့် ဆိုပါက လွတ်မြောက်ရန်လမ်းပင် ရှိတော့မည်မဟုတ်။
ရေအောက်ရှိ မိစ္ဆာဝိညာဉ်များသည် ကမ္ဘာမြေရန်အဆင့်များအတွက် ခဏတာ အဟန့်အတား ဖြစ်နိုင်သော်ငြား ကောင်းကင်ရန်အဆင့်ပုဂ္ဂိုလ် ရောက်လာပါက ၎င်းတို့မှာ အသုံးမဝင်တော့ပေ။
ယဲ့ချန်သည် အဖြေတစ်ခု အမြန်ဆုံးရှာနေရင်း ကောင်းမွန်လှသည့် အကြံတစ်ခုအား ရုတ်တရက် ရလိုက်သည်။
ရေကန်စပ်တွင် ရှီးလီသည် မျက်မှောင်ကြုတ်ကာ ဆို၏။
"ထူးဆန်းတယ်.. အထုပ်က မကြာသေးခင်ကအထိ ငြိမ်နေခဲ့ပေမဲ့ အခု ၅ မီတာ၊ ၆ မီတာလောက်အကွာကို ရွေ့သွားတယ်"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ လူသားစားတဲ့ မိစ္ဆာဝိညာဉ်တွေက ဒီအထုပ်ကို ဘယ်လိုလုပ်စိတ်ဝင်စားမှာလဲ"
ရှီးယန်က ပြောသည်။
အကယ်၍ အထုပ်အား ရွေ့လျားစေခဲ့သူသည် မိစ္ဆာဝိညာဉ်များ မဟုတ်ခဲ့ပါလျှင် လူသားတစ်ယောက် ဖြစ်နေခြင်းလော။ သို့ဆိုလျှင် ထိုလူသားသည် ရေအောက်တွင် ပုန်းကွယ်ကာ သူတို့အား လှည့်စားနေခြင်းပေလော။
ထိုသို့ဆိုပါကလည်း မေးခွန်းတစ်ခု ထပ်ပေါ်လာသည်။ ထိုလူသည် ရေအောက်တွင် မိစ္ဆာဝိညာဉ်များ၏ တိုက်ခိုက်ခြင်းကို မခံရဘဲ မည်သို့ အန္တရာယ်ကင်းနေနိုင်ပါသနည်း။ ထိုလူတွင် မိစ္ဆာဝိညာဉ်များအား ရှောင်ရှားနိုင်သည့် ရတနာပစ္စည်းတစ်ခုခု ရှိနေတာလည်း ဖြစ်နိုင်သည်။
ရှီးလီနှင့် ရှီးယန်တို့သည် တစုံတရာကို နားလည်မှုရသွားကာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိကြသည်။ ရှီးလီသည် နှုတ်မှအသံမထွက်ဘဲ လက်ဟန်တစ်ခု လုပ်ပြသည်။
ရှီးယန်ကလည်း နားလည်ကြောင်း ခေါင်းညိတ်ပြသည်။ ရှီးယန်သည် ကောင်းကင်ပထဝီအိတ်ထဲမှ အိုးတအိုးအား ဂရုတစိုက်ဖြင့် ထုတ်ယူကာ အဖုံးဖွင့်လိုက်သည်။ အလွန်စူးရှကာ ဆိုးရွားပြင်းထန်လှပါသည့် အနံ့တစ်ခု ထွက်ပေါ်လာသည်။
ယဲ့ချန်သည် ဝိညာဉ်အသိအမြင်ဖြင့် ရှီးယန်ထုတ်ယူလိုက်သော အိုးအတွင်းရှိ စိမ်းရွှေရွှေအရည်များကို မြင်သော် ရုတ်ခြည်း ထိတ်ထိတ်ပျာပျာ ဖြစ်သွားရသည်။
အဆိပ်တွေ..
ဒီမကောင်းတဲ့ အဘိုးကြီးတွေကတော့ ကြံရာမရတာနဲ့ပဲ လက်သီးပုန်းထိုးဖို့ ပြင်ရတယ်တဲ့လား..။
ထိုအဆိပ်သည် မိစ္ဆာဝိညာဉ်များအပေါ် အကျိုးသက်ရောက်ခြင်း မရှိသော်ငြား လူသားများနှင့် သားရဲများအတွက်တော့ အကျိုးသက်ရောက်သည်။
ရှီးယန်သည် အစောပိုင်းတွင် တုံ့ဆိုင်းနေသော်ငြား နောက်တော့ အိုးထဲရှိ စိမ်းရွှေရွှေအရည်တို့အား ရေကန်ထဲသို့ လောင်းထည့်လိုက်တော့သည်။ စိမ်းရွှေရွှေအရည်များသည် ရေကန်ထဲရှိရေများနှင့် ရောနှောသွားပြီး သိပ်မကြာခင် ရေကန်မျက်နှာပြင် တစ်ခုလုံးသို့ ပျံ့နှံ့သွားမည် ဖြစ်သည်။
"သောင်းပြောင်းထွေလာ နှစ်တထောင်အဆိပ်ကို တချက်လောက် မြည်းစမ်းကြည့်လိုက်စမ်းပါ"
ရှီးယန်သည် ရက်စက်စွာပြုံးလျက် ရေရွတ်၏။
ရှီးယန် ရေထဲသို့ အဆိပ်အား လောင်းချနေသည့် အချိန်တွင်ပဲ ယဲ့ချန်သည် ရေနတ်ဘုရားကျင့်စဉ်အား လှည့်လည်လျက် ရေမျက်နှာပြင်ထက်သို့ ခုန်ထွက်လိုက်သည်။
ရေမျက်နှာပြင်အနှံ့သို့ အဆိပ် ပျံ့နှံ့မသွားခင် ယဲ့ချန်က လက်ဦးမှုယူလိုက်ခြင်း ဖြစ်သည်။
***