← Chapters

တျန်းဂျီဂိုဏ်း၏ အသက်ရှင်ကျန်ရစ်သူ

Vol. 39 Ch. 537

တျန်းဂျီဂိုဏ်း၏ အသက်ရှင်ကျန်ရစ်သူ

Vol. 39 Ch. 537

မိုဝူကျီက တိတ်ဆိတ် သွားလေ၏။ ယခင်စိတ်လှုပ်ရှားမှုများမှာ လေထုထဲ မျှောပါသွားကြောင်း သတိပြုမိလိုက်သည်။ သူ့အနေဖြင့် အဆင့်၉ မြေအောက် ကမ္ဘာ နှလုံးသားပန်းပွင်ကို မည်သို့ သွားရှာရမည်နည်း။

မြေအောက် ကမ္ဘာ နှလုံးသားပန်းပွင့် မပါရှိဘဲ သူက ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်သို့ သွားလျှင်ပင် ဘာလုပ်နိုင်မှာလဲ …

မိုဝူကျီ၏ တိတ်ဆိတ်နေမှုကို သတိပြုမိပြီး လင်းဂူ မပြောဘဲ မနေနိုင်တော့ချေ။

“တကယ်တော့ မြေအောက် ကမ္ဘာနှလုံးသား ပန်းပွင့်ကရှာလို့ မတွေ့နိုင်တာမျိုးတော့ မဟုတ်ဘူး”

မိုဝူကျီက လင်းဂူ စကားကို ကြားလိုက်သည်နှင့် ချက်ချင်း ဆိုသလို လင်းဂူ၏ ပခုံးကို ဆွဲကိုင်ကာ မေးလိုက်သည်။

“လင်းဂူ ... အဲဆိုရင် ဘယ်မှာ ရှာရမလဲ”

နူးညံ့ညံ့ ခံစားချက်က သူ့လက်အတွင်း ဝင်ရောက် လာသည့်အခါ သူအပြူအမူမှာ မသင့်တော်ကြောင်း သိ၍မြန်မြန် လက်လွတ်ကာ အားနာစွာ ပြောလိုက်သည် “တောင်းပန်ပါတယ်  ကျုပ်အရမ်း စိတ်လှုပ်ရှားမိသွားလို့ပါ”

လင်းဂူက နားရွက်ဖျား နီရဲနေသည့်အထိ အရှက်သည်း နေရာမှ ပြန်ပြောလိုက်သည်။

“ကိစ္စမရှိပါဘူး။ ကျွန်မလည်း နားလည်ပါတယ်။ ကျွန်မလည်း ရှင့်လိုမျိုး ခံစားချက် အတူတူပဲလေ”

မိုဝူကျီက မဆိုင်းမတွ ပြောလိုက်သည်။

“လင်းဂူ စိတ်ချနေပါ။ ကျုပ်မြေအောက် ကမ္ဘာနှလုံးသား ပန်းပွင့်ကို ရှာမတွေ့ရင်တောင် ခင်ဗျားနဲ့ အတူတူ နတ်ဆိုးစန္ဒာ အင်မော်တယ် ကျောင်းတော်ကို လိုက်ပေးမှာပါ။  ကုသနိုင်မလားတော့ ကျုပ်လည်း သေချာမသိပေမဲ့ အကောင်းဆုံး ကြိုးစားပေးပါ့မယ်”

“ကျေးဇူးတင်ပါတယ် အစ်ကိုမို ...” လင်းဂူက ဦးညွှတ်ကာ ဆက်ပြောလိုက်သည်။

“တကယ်တော့ မြေအောက် ကမ္ဘာ နှလုံးသားပန်းပွင့် ရနိုင်မဲ့ နှစ်နေရာကို သိထားတယ်။ ပထမနေရာက ရှင့်ရဲ့ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ … ”

“ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့မှာ မြေအောက် ကမ္ဘာနှလုံးသားပန်းပွင့် ရှိတာလား” မိုဝူကျီက တအံ့တဩ ရေရွတ်လိုက်သည်။

လင်းဂူက ခေါင်းညိတ်ကာ …

“ဟုတ်တယ်  ... ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့မှာ မြေအောက် ကမ္ဘာ နှလုံးသား ပန်းပွင့်ရှိတာက အမှန်ပဲ  ဒါပေမဲ့လည်း ဆေးလုံးတာအို အင်မော်တယ် မဟာမိတ် ဗဟိုချုပ်မှာ ဖြစ်လိမ့်မယ်။ အစ်ကိုမိုက  ဆေးလုံးတာအို အင်မော်တယ် မဟာမိတ် စူးခရာအဖွဲခွဲရဲ့ အကြီးအကဲ ဖြစ်နေရင်တောင်  အဲဒါကို ရဖို့က ခက်ခဲလိမ့်မယ်”

လင်းဂူက အမှန်အတိုင်း ပြောနေခြင်း ဖြစ်၏။ သူမက မြေအောက် ကမ္ဘာ နှလုံးသားပန်းပွင့်၏ တန်ဖိုးကိုလည်း သိပေသည်။ ထိုသို့မျိုး ရတနာမျိုးသည် သာမာန် အဖွဲ့ခွဲတစ်ခု၏ အကြီးအကဲအနေနှင့် လက်လှမ်းမမှီနိုင်သော အရာ ဖြစ်သည်။

မိုဝူကျီက ခေါင်းညိတ်ပြကာ “ဒုတိယနေရာကရော”

မိုဝူကျီက  ဆေးလုံးတာအို အင်မော်တယ် မဟာမိတ် ဗဟိုချုပ်ဆီမှ  မြေအောက် ကမ္ဘာ နှလုံသားပန်းပွင့် ရဖို့ရာ  လင်းဂူလောက် အဆိုးမြင်ဝါဒ မရှိပေ။ သူက အဖွဲ့ခွဲ တစ်ခု၏ အကြီးအကဲ ဖြစ်နေသည့်အပြင်  ဗဟိုချုပ်၏ ဂုဏ်သရေရှိ အကြီးအကဲ တစ်ယောက်လည်း ဖြစ်နေသေး၏။ ထိုရာထူးမှာ ဩဇာ တချို့တော့ ရှိသင့်သည် မဟုတ်ပါလော။ အများဆုံး သူက  လဲလှယ်ရုံမျှသာ ဖြစ်လိမ့်မည်။ သူ့တွင်တန်ဖိုးကြီး ပစ္စည်းများမ ရှိသော်လည်း လော့ကျွန်မ်းစာရွက် နှစ်ရွက်မှာ မြေအောက်ကမ္ဘာ နှလုံးသား ပန်းပွင့်များစွာ ထိုက်တန် ပေလိမ့်မည်။

“ဒုတိယနေရာက ယုံရင်အင်မော်တယ် နယ်မြေရဲ့ ယွင်ရှန့် တောင်ကြားမှာ ... အဲဒီမှာ ထိပ်တန်းအင်မော်တယ် ဆေးပင်တွေ အမျိုးမျိုး ရှိတယ်လေ။ ပြီးတော့ မြေအောက်ကမ္ဘာ နှလုံးသား ပန်းပွင့်အချို့လည်း အရင်က တွေ့ခဲ့ဖူးတယ်။ ပြီးတော့  ယွင်ရှန့်တောင်ကြားက မကြာခင် ဖွင့်တော့မှာလေ။ တကယ်လို့ အစ်ကိုမို စိတ်ဝင်စားတယ် ဆိုရင်  အဲကနေ မြေအောက်ကမ္ဘာ နှလုံးသားပန်းပွင့် ရနိုင်ခြေ မျှော်လင့်ချက် အသေးလေး ရှိတယ်”

လင်းဂူက မိုဝူကျီအနေဖြင့် မျှော်လင့်ချက် အသေးလေး ရရှိနိင်ကြောင်း ပြောလိုက်သော်လည်း ထိုမျှော်လင့်ချက်လေးမှာ မည်မျှ သေးငယ်ကြောင်း သူမစိတ်ထဲ၌ သိနေသည်။

ယွင်ရှန့်တောင်ကြားတွင် ထိုသို့မျိုး အင်မော်တယ်ဆေးပင် ရှိ၊ မရှိကို မဆိုထားနှင့် ဆေးလုံး တာအိုအင်မော်တယ် အဖွဲ့၏ အကြီးအကဲ ဖြစ်သော မိုဝူကျီ၌ပင် မြေအောက် ကမ္ဘာ နှလုံးသား ပန်းပွင့်ကဲ့သို့ ရတနာမျိုး အမှန်တကယ် လစ်ဟာ နေသည်။ ထို့အပြင်  မိုဝူကျီ၏ ကျင့်ကြံဆင့်မှာလည်း လိုအပ်နေသေး၏။

အကယ်၍ မြေအောက် ကမ္ဘာ နှလုံးသားပန်းပွင့်သာ ပေါ်လာလျှင် အင်မော်တယ် ဧကရာဇ်များက အရင်ဦးဆုံး လုယူကြလိမ့်မည် ဖြစ်ရာ မိုဝူကျီအနေနှင့် မည်သို့ အခွင့်အရေး ရရှိမည်နည်း။ ထိုစကားများကို မိုဝူကျီအား နှစ်သိမ့်ရန် ပြောလိုက်ခြင်းသာ ဖြစ်ပေ၏။

မိုဝူကျီက လင်းဂူထက် အတွေ့အကြုံ ပိုများသည့်အတွက် သူမ၏ အမူအယာကို တစ်ချက်တည်း ကြည့်ရုံဖြင့် လင်းဂူ ပြောနေစဉ် မည်မျှ စိတ်အားငယ်နေကြောင်း တွေ့နိုင်သည်။ သူမက အဘယ်ကြောင့် ထိုသို့ ခံစားနေရသည့် အကြောင်းအရင်းကို မိုဝူကျီက မမှန်းဆမိဘဲ ရှိမည်လား။ အကယ်၍ တစ်စုံတစ်ယောက်က မြေအောက် ကမ္ဘာ နှလုံးသား ပန်းပွင့်ကဲ့သို့သော ရတနာကို ရှာတွေ့သွားလျှင်ပင် သူ့အနေနှင့် ဝယ်ယူဖို့ အခွင့်အရေးပင် ရလာမည် မဟုတ်ပေ။

“ယွင်ရှန့်တောင်ကြားကို ဘယ်လို ဝင်ရမလဲ”

မိုဝူကျိက ထိုအတွေးဖြင့် သူ့အတွက် မြေအောက် ကမ္ဘာ နှလုံးသားပန်းပွင့် ရရှိနိုင်မည့် တစ်ခုတည်းသော အခွင့်အရေးမှာ ယွင်ရှန့်တောင်ကြားကို ဝင်ရန် ဖြစ်ကြောင်း သိလိုက်သည်။ ဝယ်ယူနိုင်မည့် အခွင့်အရေးမှာ အင်မတန် ရှားပါးကြောင်း သိထား၏။

လင်းဂူက ခဏတာ တွေဝေ သွားပြီးနောက် …

“အဲဒါက ခက်ခဲတယ်။ ယုံရင်အင်မော်တယ် နယ်မြေက ဆေးပညာပြိုင်ပွဲ ကျင်းပတော့မှာ  အဲဒီအထဲက ထိပ်တန်း ပညာရှင် အယောက် ၅၀ပဲ ယွင်ရှန့်တောင်ကြားကို ဝင်ခွင့်ရမှာ။ အစ်ကိုမိုက ထိပ်တန်း အယောက် ၅၀ထဲ ပါနိုင်တယ်ဆိုပေမဲ့  ပြိုင်ပွဲအတွက် ကန့်သတ်ချက်တွေ ရှိသေးတယ်။ ယုံရင်အင်မော်တယ် နယ်မြေက မဟုတ်တဲ့ ဆေးလုံးဆရာတွေ ပြိုင်ခွင့် မရှိဘူး”

“ကျုပ်က ယုံရင်အင်မော်တယ် နယ်မြေက ဆေးလုံးဆရာလေ ...” မိုဝူကျီက ပျော်ရွှင်မိသွားသည်။

သူက ယုံရင်အင်မော်တယ် နယ်မြေမှ ကျင့်ကြံသူများ ဖြစ်သည့် ချန်းဟန်နှင့် ကျိုးယီရှန်း တို့အကြောင်း ပြောပြချင်သော်လည်း  ကျိုးယီရှန်းတို့က ကျိုးပျက်ကမ္ဘာက ထွက်မလာသေးသည့် အကြောင်းကို တွေးမိပြီး  သူ့စကားကို ရပ်လိုက်သည်။ ထို့နောက် သူက မေးလိုက်သည်။

“အဲဆို ယုံရင်အင်မော်တယ် နယ်မြေရဲ့ ယွင်ရှန့်တောင်ကြား ဖွင့်ဖို့ ဘယ်လောက် ကြာသေးလဲ”

လင်းဂူက စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။

“နောက်သုံးနှစ်နေရင် ဖြစ်ရမှာ ... ဒါပေမဲ့ ယုံရင်အင်မော်တယ် နယ်မြေရဲ့ ကောင်းကင်ဧကရာဇ် ကွေ့ဖုန်းယွင်က ဖွင့်ပွဲကို ရှေ့တိုးဖို့ ပြောလိုက်တော့  နောက်တစ်နှစ်ဆိုရင် ဖွင့်လိမ့်မယ်”

မိုဝူကျီက လင်းဂူ၏ တွန့်ဆုတ် တွေဝေမှုကို ကြည့်ကာ အားနာစွာ ပြောလိုက်သည်။

“လင်းဂူ   ... မင်းက ကျုပ်ကို ကူညီပေးခဲ့တယ်။ ဒါပေမဲ့ ကျုပ်က နတ်ဆိုးစန္ဒာ အင်မော်တယ် ကျောင်းတော်ကို သွားမဲ့အချိန်ကို နောက်ဆုတ် ရတော့မယ်။ တကယ်လို့ ကျုပ် ဒီဆေးပညာပြိုင်ပွဲမှာ ဝင်မပါရရင် တစ်သက်လုံး နောင်တရမိ နေလိမ့်မယ်”

လင်းဂူက အားတင်းပြုံးလိုက်ရင်း …

“ကျွန်မသိပါတယ်။ အစ်ကိုမိုရဲ့ ခံစားချက်ကို ကျွန်မ နားလည်ပါတယ်။ ကျွန်မအမေရဲ့ ကျန်းမာရေးက နှစ်တစ်ရာနီးပါး  ဆိုးနေတာ ဆိုတော့ နည်းနည်းလေး နောက်ကျရုံနဲ့ ပြဿနာ မဖြစ်ပါဘူး”

မိုဝူကျီက လင်းဂူ၏ စိုးရိမ်နေသည့် ခံစားချက်များကို သိ၍ ခေါင်းစဉ် ပြောင်းပြောလိုက်သည်  “ယုံရင်အင်မော်တယ် နယ်မြေရဲ့ ကောင်းကင်ဧကရာဇ် ကွေ့ဖုန်းယွင်က ဘာလို့ ရက်ရှေ့ တိုးလိုက်တာလဲ”

လင်းဂူက အသံကို နိမ့်ကာ တီးတိုး ပြောလိုက်သည်။

“ကောလဟာလတွေ အရဆိုရင် ကွေ့ဖုန်းယွင်က ဒဏ်အရာ အပြင်းအထန် ရထားလို့  ယွင်ရှန့်တောင်ကြားကို စောဖွင့်တာတဲ့။ ဒါပေမဲ့ အဲသတင်းက အမှားမှန်း ကျွန်မ သိတယ်။

သူက အင်မော်တယ် ဧကရာဇ်တာအိုကို ခံစားမိလို့  အင်မော်တယ် ဧကရာဇ်အဆင့် တက်လှမ်းဖို့ ပြင်နေတာပဲ ဖြစ်လိမ့်မယ်။ အင်မော်တယ် ဧကရာဇ်တာအိုကို သတိပြုမိစေဖို့က အဆင့်၉ အင်မော်တယ် ဆေးပင်တွေ လိုအပ်တယ်။ အဲဒါကြောင့် သူက ယွင်ရှန့်တောင်ကြားကို စောဖွင့်ချင်နေတာပဲ”

မိုဝူကျီက ကြားလိုက်သည့်အခါ သူ့နှလုံးခုန်ပင် မြန်ဆန်လာကာ  …

“အရင်တစ်ခါ ယုံရင်အင်မော်တယ် နယ်မြေရဲ့ ကောင်းကင် ဧကရာဇ် ကွေ့ဖုန်းယွင်က  ခရမ်းရောင် ဘူးသီးခြောက်အတွက် တိုက်ရင်း ဒဏ်ရာအပြင်းအထန် ရခဲ့တယ်ဆို … သူက အဲကနေ ထိပ်တန်း ကုသရေး ဆေးပင်တချို့ လိုအပ်လို့ ဖြစ်နိုင်တယ်မလား”

လင်းဂူက နှာခေါင်းရှုံ့ကာ  …

“ဒဏ်ရာ ရတာတဲ့လား  … တခြားသူတွေကသာ သူ့ကို ကောင်းကောင်း မသိရင် မသိပဲ နေမယ် ကျွန်မကတော့ ကောင်းကောင်းကြီး သိထားတယ်။ ကွေ့ဖုန်းယွင်က  တည့်တိုးဆန်ပြီး သမာသမတ်ကျပြီး  လူတွေကို နွေးနွေးထွေးထွေး ဆက်ဆံတယ်ဆိုပြီး နာမည်ထွက်ပေမဲ့ တကယ်တမ်းကျ ဒီလူက ဉာဏ်များပြီးတော့ ကောက်ကျစ်တယ်။

သူ့ပါးနပ်မှုက သမုဒ္ဒရာလောက် ကျယ်ပြန့်တယ်။ သူ့နှလုံးသားကလည်း  ကင်းမြီးကောက်လိုမျိုး အဆိပ်ပြင်းတယ်။ သူက ဂူနဲ့တိုက်ခိုက်ခဲ့ပေမဲ့ တကယ်တမ်းကျ  ဂူက ဒဏ်ရာ အပြင်းအထန်နဲ့ ထွက်ပြေးသွားရတာ  ကွေ့ဖုန်းယွင်က ဒဏ်ရာ မရခဲ့ဘူး”

“ဒီကိစ္စကို ဘယ်လိုလုပ် ရှင်းရှင်းလင်းလင်း သိနေတာလဲ” မိုဝူကျီက လင်းဂူကို သတိထားကာ မေးလိုက်သည်။

လင်းဂူက အသက်ပြင်းပြင်း ရှုကာ လေးလေးနက်နက် ပြောလိုက်သည်။

“ဘာလို့လဲဆိုတော့ ဂူက ကျွန်မရဲ့ ဆရာလေ။ ကျွန်မ ဆရာ ပြန်ရောက်လာတော့ ဒဏ်ရာ အပြင်းအထန် ရလာတယ်။ အခုထိ တံခါးပိတ် ကျင့်ကြံပြီး ပြန်ကောင်းအောင် ကြိုးစားနေတုန်းပဲ …

အဲဒီခရမ်းရောင် ဘူးသီးခြောက်က ဟုန်မုန့်စွမ်းအင် ဖြစ်လိမ့်မယ်။ ကွေ့ဖုန်းယွင်က အဲဒီဟုန်မုန့် အသက်စွမ်းအင်ကို ရသွားလို့  မကြာခင် အင်မော်တယ် ဧကရာဇ်တာအိုကို ရှာဖွေနိုင်လိမ့်မယ် ဆိုပြီး ပြောဖူးတယ်။

ဒီတစ်ကြိမ် ယွင်ရှန့် တောင်ကြားဖွင့်တာက  တာအိုကို အသိပေါက်လာအောင် နည်းလမ်း လိုချင်လို့ပဲ ။ သူ့ကို ဒဏ်ရာရနေတယ်လို့ ထင်နေတဲ့သူတွေက သူအရူးလုပ်တာ ခံလိုက်ရတာပဲ”

မိုဝူကျီက အတော်လေး စိတ်ရှုပ်ထွေး နေမိသည်။ ဟုန်မုန့်စွမ်းအင် ပါဝင်နေသော ခရမ်းရောင် ဘူးသီးခြောက်မှာ သူ့ထာဝရ ကမ္ဘာလောကထဲ ရှိနေသေး၏။

မည်သို့များ ယုံရင်အင်မော်တယ် နယ်မြေ၏ ကောင်းကင်ဧကရာဇ် လက်ထဲ ရောက်နေရတာလဲ …

ဒုတိယမြောက် ဘူးသီးခြောက်က ဘယ်နေရာက ပေါ်လာတာလဲ …  ဘူးသီးခြောက် နှစ်ခု ရှိနေတာလား …

သူ့တွင် ရှိနေသည့် ဘူးသီးခြောက်မှာ ဟုန်မုန့်စွမ်းအင်မှန်း သေချာပေသည်။ ထို့သို့ဆိုလျှင် ကွေ့ဖုန်းယွင် ပိုင်ဆိုင်သော ဘူးသီးခြောက်မှာလည်း  ဟုန်မုန့်စွမ်းအင်သာ ဖြစ်နေရမည်။ မဟုတ်လျှင် ကွေ့ဖုန်းယွင်က  မဟာအင်မော်တယ် ဧကရာဇ်တာအိုကို ခံစားမိမည် မဟုတ်ပေ။

မိုဝူကျီက တွေးလေလေ သူက နည်းနည်း နားလည်လာလေလေ ဖြစ်၏။ ခဏတာ တွေဝေနေပြီးနောက် သူက မေးလိုက်သည်။

“လင်းဂူ … အဲဆို  ကွေ့ဖုန်းယွင်က အဲဒီဘူးသီးခြောက်ကို ဘယ်က ရလာတာလဲ သိလား”

လင်းဂူက နှာခေါင်းရှံ့ကာ …

“ကျွန်မ ကြားတာတော့ ဟုန်မုန့် အသက်စွမ်းအင် ဒီကမ္ဘာထဲ ရောက်လာတုန်းက ယုံရင်အင်မော်တယ် အစွန်းအဖျားရဲ့ ကောင်းကင်အင်မော်တယ် တစ်ယောက် ရရှိသွားတာတဲ့။ အဲဒီလူက အတော်လေး သတိကောင်းတယ်။

တခြားသူတွေက အသက်မဲ့မြစ်ပြင်ပေါ် ပြေးကြတဲ့အချိန်  သူက မြစ်ထဲမှာ ပုန်းနေခဲ့တာ။  အဲဒီကိစ္စတစ်ခုလုံး ပြီးတော့ သူက အင်မော်တယ်ဖွေရှာ လှေကားကနေ တစ်ဆင့် အင်မော်တယ်နယ်မြေထဲ ရောက်လာတယ်တဲ့”

မိုဝူကျီက ခေါင်းခါကာ …

“အဲလူက သေချင်နေတာပဲ။ သူအင်မော်တယ် လောကထဲ ထွက်လာတာနဲ့ ဟုန်မုန့်စွမ်းအင်ကို ဖုံးကွယ်ထားနိုင်မှာ မဟုတ်ဘူး”

လင်းဂူက ပြောလိုက်သည်။

“အဲလိုတော့ မဟုတ်ဘူး။ တကယ်တမ်းကျ သူ့မှာ ဟုန်မုန့်စွမ်းအင်ကို  ဖုံးကွယ် ပေးထားနိုင်တဲ့ ရတနာ ရှိနေသေးတယ်။ ဒါပေမဲ့လည်း  အဲလိုမျိုး ရတနာမျိုး ရပြီး ထုတ်မကြည့်ရဘူး ဆိုတော့ သူ့စိတ်ထဲလည်း နာကျင်ရမှာပဲ။

အဲဒီကျင့်ကြံသူက လူခြေပြတ်တဲ့ နေရာမျိုးကို ရှာပြီး ဖုံးကွယ်ရေး အစီအရင် အထပ်ထပ် ချပြီးမှ  ဘူးသီးခြောက်ကို ဖွင့်လိုက်တယ် ... သူဖွင့်လိုက်တာနဲ့  အဲဒီမှာ ပါရမီရှင် တစ်ယောက်က သတိပြု မိသွားတယ်။  ကျွန်မရဲ့ဆရာလည်း အဲဒီနေရာမှာ ပေါ်လာပြီးတော့ တိုက်ပွဲထဲ ပါသွားတော့တာပဲ”

မိုဝူကျီက စိတ်ထဲ ပျော်ရွှင်မိနေသည်။ သူက လင်းဂူကို ယုံရင်အင်မော်တယ် နယ်မြေဆီ သွားဖို့ရာ မဖိတ်ကြားခင် အောက်ထပ်၌ အသံဆူညံ ဆူညံကို ကြားလိုက်ရသည်။

မိုဝူကျီက စိတ်စွမ်းအားပို့လွတ်၍ စစ်ဆေး ကြည့်လိုက်သည့်အခါ ချက်ချင်း ဒေါသူပုန် ထသွားလေ၏။ ကျင့်ကြံသူ သုံးယောက်က သူ့ဆေးစံအိမ်တွင် ရုတ်ရုတ်သည်းသည်း လာလုပ်နေခြင်း ဖြစ်ပေသည်။ သူ့ဆိုင်ကို အတားအဆီး တစ်ခုမှ မခင်းကျင်းရသေး သည့်အတွက် တုံ့ဟွားလုံ စီရီပေးထားသော ဗီရိုထဲမှ ဆေးလုံးများမှ ကြမ်းပြင်ပေါ်တွင် ပွစာကြဲ နေလေသည်။

တစ်ချက်တည်းဖြင့် သူက အောက်ထပ်သို့ ရောက်ရှိသွားကာ သူ့အသံမှာ ရေခဲတမျှ အေးစက်နေပြီး …

“မင်းတို့တွေ ကျုပ်ဆိုင်ထဲမှာ တိုက်ရဲတယ်ဆိုတော့ သတ္တိရှိသားပဲ”

တိုက်ခိုက်နေသည့် သုံးယောက်မှာ အမျိုးသား နှစ်ယောက်နှင့်  ရွှေရောင် ဆံပင်ပိုင်ရှင် မိန်းကလေး တစ်ဦးတို့ ဖြစ်ပေသည်။

အမျိုးသား နှစ်ဦးအနက်  တစ်ယောက်၌  မျက်နှာပေါ်တွင် ဓားအမာရွတ်ကြီး ရှိနေပြီး နောက်တစ်ယောက်မှာ အနည်းငယ် ဝပေသည်။ သူတို့နှစ်ဦး၏ ကျင့်ကြံဆင့်ကို ကြည့်လိုက်ကာ ကျင်းရှန်း နောက်ပိုင်း အဆင့်တွင် ရှိနေကြောင်း သိလိုက်သည်။ ထိုရွှေရောင် ဆံပင်ပိုင်ရှင် မိန်းကလေးမှာ ချိနှဲ့နှဲ့ သွင်ပြင်ရှိကာ သူမ၏ ပုံပန်း သွင်ပြင်မှာလည်း သာမာန်မျှသာ ဖြစ်၏။ သူမ၏ ကျင့်ကြံဆင့်မှာ ကျင်းရှန်း အစောပိုင်း အဆင့်တွင်သာ ရှိသေးသည်။ အကြည့်နှင့်တင် ထိုလူနှစ်ယောက်က မိန်းကလေးကို ဝိုင်းတိုက်နေကြခြင်း ဖြစ်ပေသည်။

သို့သော်လည်း ရွှေရောင်ဆံပင် ပိုင်ရှင်မိန်းကလေးမှာ  ဆေးဗီရိုများနှင့် အရှိန်ပြင်းပြင်း တိုက်မိသွားလေသည်။ သူမက မိုဝူကျီ၏ အော်သံကို ကြားသည့်အခါ မျက်နှာမှာ သေလုမတတ် ဖြူဖျော့ သွားလေ၏။  ထို့အပြင် ပါးစပ်ထောင့်မှ သွေးများ စီးကျနေပြီး ခဏတာ စကားမပြောနိုင် ဖြစ်သွားရသည်။

ဓားအမာရွတ်ဖြင့် ကျင့်ကြံသူက  မိုဝူကျီ၏ လေသံကို ကြားသောအခါ ချက်ချင်း ဦးညွှတ်လိုက်ပြီး …

“ စီနီယာ ကျုပ်တို့ကို ခွင့်လွှတ်ပေးပါ။  ဒီဟာကို တမင်လုပ်တာ မဟုတ်ပါဘူး။

အခုလေးတင်  တျန်းဂျီဂိုဏ်းရဲ့ ကျန်ရှိနေတဲ့  လူယုတ်မာတွေကို လိုက်ဖမ်းနေတာပါ။  သူမက ဆိုင်ထဲ ဝင်ပြီးတော့ စီနီယာရဲ့ ဆေးလုံးတွေကို ကမောက်ကမ ဖြစ်အောင် လုပ်လိမ့်မယ်လို့ ထင်မထားမိလို့ပါ”

မိုဝူကျီက မည်သူပင် ဖြစ်နေပါစေ  ဆေးစံအိမ် ဖွင့်နိုင်သော သူမှာ ရိုးရှင်းသည့်သူ မဖြစ်နိုင်သည့်အတွက် အရင်ဦးစွာ တောင်းပန်ထားခြင်း ဖြစ်၏။

တျန်းဂျီဂိုဏ်းတဲ့လား ...

မိုဝူကျီက မိန်းကလေးကို ကြည့်လိုက်ရင်း အသံကား သိသိသာသာ နွေးထွေးနေကာ   “မင်းက တျန်းဂျီဂိုဏ်းကလား ”

ရွှေရောင်ဆံပင် ပိုင်ရှင် မိန်းကလေးက အသိပြန်ဝင်လာပြီး ရေရွတ်လိုက်သည်  “ဟုတ်ပါတယ် စီနီယာ ...”

မိုဝူကျီက ထိုမိန်းကလေးသည် လိုက်ဖမ်းခံနေရ၍ သွားစရာ မရှိတော့သည့်အချိန် တျန်းဂျီဆေးစံအိမ် ဆိုသည့် နာမည်ကို တွေ့၍ အကူအညီရလိုရငြား ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း နားလည်သွားသည်။

“စီနီယာ တျန်းဂျီဂိုဏ်းက  ပြစ်မှုတွေ ကျုးလွန်ခဲ့ပါတယ်။ ပြီးတော့  လုံးဝ အမြစ်ဖြတ် သုတ်သင်ပြီး သွားပါပြီ။ အခုက လက်ကျန် ကျန်ရှိနေတဲ့ လူတွေနောက် လိုက်နေတာပါ ”

“သောက်ရေး မပါတာတွေ” မိုဝူကျီက အမာရွတ်နှင့် လူစကား ဆုံးသည့်အထိပင် မစောင့်ဘဲ ပြောချလိုက်သည်။ သူက ဆက်ကာ ပြောလိုက်သည်  “ဒီလူအိုကြီးရဲ့ ဆေးစံအိမ် နာမည်ကလည်း တျန်းဂျီဆိုတော့   မင်းတို့တွေက ဖျက်စီးပစ်မှာလား”

ခပ်ဝဝ ကျင့်ကြံသူက ရှေထွက်လာကာ  လက်နှစ်ဖက် ဆုပ်လျက် ...

“စီနီယာ ... ကျုပ်တို့က  ဗလာနတ္ထိ  ကြေးမုံ တာအို ဂိုဏ်းသားတွေပါ။  စူးခရာအင်မော်တယ် မြို့ဟောင်းရဲ့ မြို့စားဆီကနေလည်း  ဒီတျန်းဂျီဂိုဏ်းရဲ့ လက်ကျန်တွေကို ရှင်းဖို့ခွင့်ပြုချက် ရထား …”

“ဖူး”

မိုဝူကျီက စကားဆုံးအောင်ပင် မစောင့်တော့ဘဲ တိုက်ရိုက် တစ်ချက်သာ ရိုက်လွှတ် လိုက်သည်။ ထိုရိုက်ချက်၌ သူ့အင်မော်တယ် သဘာဝ စွမ်းအားများ ပါဝင်နေလေရာ  ထိုလူမှာ လွင့်ထွက်သွားပြီး သွားများ အခွေလိုက် ကျွတ်လာတော့သည်။

***

All Chapters