← Chapters

ထွက်ပြေးခြင်း

Vol. 9 Ch. 113

ထွက်ပြေးခြင်း

Vol. 9 Ch. 113

ရေမျက်နှာပြင်နှင့် နီးကပ်လာသည်နှင့် ယဲ့ချန် အသက်ပြင်းပြင်းရှူလိုက်သည်။ 

လောကအမျက်..

ယဲ့ချန်သည် ထျန်းချီများကို တစုတည်းစုစည်းကာ ပြင်းထန်သော တိုက်ခိုက်မှုအား ထုတ်ဖော်သည်။ 

ရှီးလီ၊ ရှီးယန်နှင့် ရှီးဖုန့်တို့သည် ရေမျက်နှာပြင်အနှံ့သို့ အဆိပ်များ ပျံ့နှံ့သွားသည်အား စောင့်ကြည့်နေကြစဉ် ပေါက်ကွဲထွက်လာသော ရေစီးကြောင်းတစ်ခုသည် သူတို့ဘက်သို့ လွင့်ထွက်လာလေသည်။ သုံးယောက်လုံး၏ အမူအရာများ ရုတ်ခြည်း ပြောင်းလဲသွားရသည်။ 

ထိုရေများသည် ရိုးရိုးရေသက်သက် ဟုတ်မနေ၊ သောင်းပြောင်းထွေလာ နှစ်တထောင်အဆိပ်များ ရောနှောပါနေသောရေများ ဖြစ်ချေသည်။ 

“ဝေးဝေးကို ရှောင်ကြဟေ့”

ရှီးလီ၊ ရှီးယန်နှင့် ရှီးဖုန့်တို့သည် အော်ဟစ်လိုက်ကြရင်း လက်နှစ်ဖက်အား ဝဲကတော့သဏ္ဌာန် လှည့်ပတ်ကာ သန့်စင်သော ယန်ချီအကာအကွယ်ကို အလျင်အမြန် ဖန်တီးလိုက်ရ၏။ 

ကမ္ဘာမြေရန်အဆင့်များဖြစ်ကြသော အကြီးအကဲ ၃ ယောက်သည် အကာအကွယ်ဖန်တီးရန် အချိန်မီလိုက်သော်ငြား ကျန်တပည့်များမှာတော့ ထိုမျှ ကံမကောင်းကြပေ။ ရေကန်ထဲမှ လွင့်စင်လာသော ရေများသည် ထျန်းချီအဆင့် ၁၀ တပည့်များ၏ ကိုယ်သို့ ထိမှန်သွားပြီး အဖြူရောင်အခိုးအငွေ့များက ၎င်းတို့၏ ဝတ်ရုံများထံမှ တလိပ်လိပ်ထွက်လာကြသည်။ ထိုတပည့်များ၏ နာကျင်လွန်း၍ အော်ဟစ်နေသောအသံများက နောက်ဆက်တွဲ ထွက်ပေါ်လာ၏။ 

ယဲ့ချန်သည် အဆိပ် မပျံ့နှံ့သေးသော ရေမျက်နှာပြင်ဘက်ခြမ်းမှ အန္တရာယ်ကင်းကင်း ထွက်လာနိုင်ခဲ့သည်။ အဆိပ်ကြောင့် အလူးအလဲ ခံစားနေရသော ထျန်းရှင်းတောင်ဂိုဏ်း၊ တပည့်များကို ကြည့်ကာ ယဲ့ချန်ပင် ထိတ်လန့်သွားရသည်။ သောင်းပြောင်းထွေလာ နှစ်တထောင်အဆိပ်ကား သေစေနိုင်လောက်အောင် ပြင်းထန်ပုံရသည်။ သူသာ ခြေတလှမ်းနောက်ကျသွားပြီး ရေမျက်နှာပြင်အနှံ့တွင် အဆိပ်များပျံနှံ့သွားပါက မည်သို့သော အခြေအနေမျိုး ဖြစ်လာမည်ကို တွေးပင်မတွေးဝံ့ချေ။ 

ထျန်းရှင်းတောင်ဂိုဏ်း၊ အကြီးအကဲများသည် ဤမျှ အောက်တန်းကျသော အဆိပ်ကို အသုံးပြုနေကြပေသည်။ 

“ဟိုကောင်လေးက ပစ္စည်းကို ရသွားပြီ”

“သူ့ကိုမလွတ်စေနဲ့”

ရှီးလီ၊ ရှီးယန်နှင့် ရှီးဖုန့်တို့သည် ယဲ့ချန် ရေကန်ထဲမှ ထွက်လာသည်ကို မျက်မြင်ကြုံလိုက်ကြရာ အော်ဟစ်လျက် တိုက်ခိုက်ရန် ပြေးလာကြလေသည်။ 

“သူခိုးလေး.. မင်းက ထျန်းရှင်းတောင်ဂိုဏ်းရဲ့ တပည့်တွေကို ထိခိုက်စေရဲတဲ့အထိ သတ္တိကောင်းနေတယ်ပေါ့။ မင်း သေလူဖြစ်သွားပြီလို့သာ မှတ်လိုက်”

ရှီးယန်သည် ယန်ချီအကာအကွယ်အား တိုက်ခိုက်မှုအသွင် ပြောင်းလိုက်သည်။ ကမ္ဘာမြေရန်အဆင့် ကျင့်ကြံသူများသည် သန့်စင်သော ယန်ချီအကာအကွယ်ကို ဖန်တီးနိုင်ကြပြီး ၎င်းသည် ပုံမှန်ထျန်းချီအကာအကွယ်ထက် ပိုမို ကျစ်လျစ်ခိုင်ခံ့သည်။ သန့်စင်သော ယန်လက်ဝါးချက်တချက်က ယဲ့ချန်ထံ တိုးဝင်လာသည်။ 

ကမ္ဘာမြေရန်အဆင့် ၁ ယောက်ကပင် ယဲ့ချန်အား ခက်ခဲစေဖို့ လုံလောက်နေပြီဖြစ်ရာ ၃ ယောက်ဆိုလျှင် ပိုဆိုးရန်သာ ရှိသည်။ 

ကမ္ဘာမြေရန်အဆင့် ကျင့်ကြံသူနှင့် မျက်နှာချင်းဆိုင် တိုက်ခိုက်ပါက သေသွားရုံသာ ရှိမည်။ ထျန်းချီအဆင့် ၁၀ နှင့် ကမ္ဘာမြေရန်အဆင့် ကြားရှိ စွမ်းအင်ကွာဟမှုကား ကြီးမားလွန်းသည်။ 

“ကျွန်တော့်ကိုသတ်ချင်တယ်ပေါ့။ ဒါဖြင့် မိအောင် အရင်ဖမ်းကြည့်ပါဦး”

ယဲ့ချန်သည် မခံချိမခံသာ လှောင်ပြောင်သရော်လျက် လက်သီးချက်တချက်ဖြင့် ရေကန်မျက်နှာပြင်အား ထိုးချကာ ရေများကို ရှီးယန်တို့လူစုဘက်သို့ လွင့်စင်စေလိုက်သည်။ 

ရေများလွင့်စင်လာသည်ကို မြင်သည်နှင့် ယဲ့ချန်ထံ ပြေးလာနေကြသော ရှီးယန်တို့လူစု အလျင်အမြန် ရပ်လိုက်ကြရသည်။ သောင်းပြောင်းထွေလာ နှစ်တထောင်အဆိပ်သည် အမျိုးမျိုးသော မျက်နှာပြင်များနှင့် သာမန် ထျန်းချီအကာအကွယ်များကိုလည်း ဖောက်ထွင်းနိုင်စွမ်းရှိရာ ကမ္ဘာမြေရန်အဆင့်များပင် ပေါ့ပေါ့ဆဆ သဘောမထားဝံ့ချေ။ 

သူတို့လူစု ရပ်တန့်သွားတုန်း ယဲ့ချန်သည် လက်သီးချက်၏ တွန်းကန်အားဖြင့် လေထဲသို့ ၁၀ မီတာခန့် ခုန်တက်လိုက်သည်။ 

“ဒါကို ယူလိုက်.. မြေခွေးအိုကြီးတွေ”

ယဲ့ချန်သည် မရိုးသားစွာ ပြုံးလျက် လက်ပစ်ဗုံးများအား ရှီးယန်တို့ထံ ကျဲချသည်။ 

“ကလေးကွက်တွေ”

ရှီးယန်သည် နှာခေါင်းရှုံ့ကာ လက်ပစ်ဗုံးများအား ဝတ်ရုံလက်ဖြင့် ခတ်ထုတ်လိုက်လျှင် လက်ပစ်ဗုံးများသည် ရေကန်ထဲသို့ကျကာ ထပေါက်ကြလေသည်။ 

လက်ပစ်ဗုံးများ၏ ပေါက်ကွဲအားသည် ထျန်းချီအဆင့် ၉ ကျင့်ကြံသူ၏ စွမ်းအားခန့်သာရှိရာ ကမ္ဘာမြေရန်အဆင့်များအတွက် မှုစရာမဟုတ်သော်လည်း အနှီလက်ပစ်ဗုံးများ ရေထဲသို့ ကျသွားသော အခါတွင်မူ ရလဒ်မှာ ကိုင်တွယ်ရန် ခက်ခဲသွားလေပြီ။ လက်ပစ်ဗုံး၏ ပေါက်ကွဲမှုကြောင့် ကန်ရေများသည် အထက်သို့ မြင့်တက်လာကြကာ ပထမတကြိမ်ကထက် ပိုပြင်းသောအရှိန်ဖြင့် ရှီးယန်တို့ဘက်သို့ လွင့်စင်လာခဲ့သည်။ 

ရှီးယန်တို့သည် မျက်လုံးများ ပြူးကျယ်သွားရသည်။ သေရေးရှင်ရေး အနေအထားဖြစ်ရာ သူတို့သည် ဘာမှပင် မပြောနိုင်တော့ဘဲ ရေများနှင့် မထိတွေ့မိရန် ကတိုက်တရိုက် ခုန်ရှောင်လိုက်ကြရသည်။ 

ရှီးလီနှင့် ရှီးဖုန့်တို့သည် စွမ်းအင်မပြည့်ဝမှုကြောင့် ရေစက်အနည်းငယ် စဉ်သွားကြရာတွင် နှစ်ဦးသားသည် နာကျင်လွန်း၍ အော်ဟစ်လျက် ရှုံ့မဲ့သွားကြပြီး ဖြေဆေးကို အလျင်အမြန် ထုတ်သောက်ကြရသည်။ ကမ္ဘာမြေရန်အဆင့် ကျင့်ကြံသူများ၏ သန့်စင်သော ယန်ချီအကာအကွယ်သည်ပင် သောင်းပြောင်းထွေလာ နှစ်တထောင်အဆိပ်အား အပြည့်အဝ ကာကွယ်မပေးနိုင်သည်မှာ ထင်ရှားသည်။ 

ရေကန်ထဲသို့ အဆိပ်အား လောင်းချခြင်းဖြင့် ကိုယ့်ရှူးကိုယ်ပြန်ပတ်လိမ့်မည်ဟု သူတို့ မတွေးမိခဲ့ပေ။ ထိုကောင်စုတ်လေးသည် အဆိပ်ပါဝင်နေသော ရေများကိုသုံးကာ သူတို့အား ထပ်ကာထပ်ကာဖြင့် ပြန်တိုက်ခိုက်နေလေသည်။ 

အကြီးအကဲသုံးယောက်သည် ရေများအား ကာကွယ်ရင်းဖြင့် အလုပ်ရှုပ်နေကြစဉ် ငှက်အော်သံများ ထွက်ပေါ်လာသည်။ သိမ်းငှက်နက်နှင့် လင်းတနီတို့သည် ယဲ့ချန်အား လေပေါ်သို့ သယ်ဆောင်သွားကြ၏။ ယဲ့ချန်၏ လက်တစ်ဖက်သည် သိမ်းငှက်နက်၏ ခြေထောက်တစ်ဖက်အား ဖက်တွယ်ထားပြီး ကျန်လက်တစ်ဖက်ကမူ လင်းတနီ၏ ခြေထောက်တစ်ဖက်တွင် ဖက်တွယ်ထားသည်။ 

“ထျန်းရှင်းတောင်ဂိုဏ်းရဲ့ အကြီးအကဲတွေ.. ကျွန်တော်တို့ ကံမကုန်ရင် ပြန်ဆုံကြတာပေါ့ဗျာ”

ယဲ့ချန်၏ ရယ်သံစွက်သော စကားသံသည် လေထဲတွင် ပဲ့တင်ထပ်လာသည်။ 

ရှီးလီသည် ဒေါသတကြီးဖြင့် လေထဲသို့ ခုန်တက်ပြီး ဝတ်ရုံလက်ထဲမှ တစုံတရာကို ထုတ်ယူလိုက်သည်။ သူ၏ ညာလက်သည် မသိမသာ တုန်ခါလာကာ အရိပ်တရိပ်က ယဲ့ချန်နောက်သို့ ပြေးလိုက်လာလေသည်။ 

“ကောင်စုတ်လေး.. မီးမိုးကြိုးလွန်းပျံကို မင်း ဘယ်လိုဟန့်တားမလဲ ကြည့်ရသေးတာပေါ့”

တုန်ခါသံတစ်ခု လေထဲတွင် ထွက်ပေါ်လာသည်။ သတ္တုပြားတစ်ခုနှင့် မီးအကွင်းတစ်ခုသည် လျှပ်စီးလှိုင်းများ ထုတ်လွှတ်လျက် သူ့နောက်သို့ လိုက်လာကြသည်ကို ဝိညာဉ်အသိအမြင်ဖြင့် ယဲ့ချန် အာရုံခံမိသည်။ ရှီးလီသည် ထိုသို့အစွမ်းထက် လက်နက်ကိုပင် ထုတ်သုံးလာမည်ဟု သူ ထင်မထားခဲ့။ သူသည် ဘယ်ဘက်လက်ဖြင့် လင်းတနီ၏ ခြေထောက်အား မြဲမြံစွာ ကိုင်ထားရင်းဖြင့် ညာဘက်လက်တွင် ငရဲအက်ကွဲဓားအား စိတ်နှင့်ဆက်သွယ်ကာ ပေါ်လာစေလိုက်သည်။ ထို့နောက် ငရဲအက်ကွဲဓားဖြင့် မီးမိုးကြိုးလွန်းအား ခုတ်ပိုင်းချလိုက်၏။ 

“ချွင်..”

မီးမိုးကြိုးလွန်းပျံသည် အလယ်တည့်တည့်မှ နှစ်ပိုင်းပြတ်ထွက်သွားကာ အပိုင်းအစများသည် လေထုထဲတွင် လွင့်စင်သွားကြ၏။ ယဲ့ချန်၏ ညာလက်တစ်ခုလုံးလည်း ထုံကျင်သွားပြီး ငရဲအက်ကွဲဓား လွတ်မကျသွားရန်ပင် မနည်း ထိန်းထားရသည်။ မီးမိုးကြိုးလွန်းပျံတွင် ပါဝင်သော ထျန်းချီပမာဏကား ဟာသမဟုတ်ချေ။ ယဲ့ချန်၏ ရင်ဘတ်သည် နိမ့်ချည်မြင့်ချည်ဖြင့် မသက်မသာ ခံစားနေရသည်။ 

သိမ်းငှက်နက်နှင့် လင်းတနီတို့သည် ယဲ့ချန်အား သယ်ဆောင်လျက် အနက်ရောင်ကောင်းကင်တွင် တိုးဝင်ပျောက်ကွယ်သွားကြသည်။ 

မီးမိုးကြိုးလွန်းပျံအား ယဲ့ချန် နှစ်ပိုင်းဖြတ်လိုက်ကြောင်း မြင်ရသောအခါ ရှီးလီ ကြက်သေသေသွားရသည်။ မီးမိုးကြိုးလွန်းပျံသည် ရှားပါးသော ဝိညာဉ်လက်နက်တစ်ခု ဖြစ်ပြီး အနည်းဆုံး ချီစုဆောင်းဆေးလုံး ၈သန်း၊ ၉သန်းခန့် တန်ကြေးရှိသည်။ ရှီးလီသည် ထျန်းရှင်းတောင်ဂိုဏ်းမှ အကြီးအကဲတဦး ဖြစ်သည့်တိုင် ဤဆုံးရှုံးမှုက သူ့အား အထိနာသွားစေသည်။ ထိုကောင်လေး ကိုင်ဆောင်ထားသော ဓားသည် မီးမိုးကြိုးလွန်းပျံကိုပင် နှစ်ပိုင်းဖြတ်နိုင်လေရာ အဆင့် ၃ နှင့် အထက်ဆင့် ဝိညာဉ်လက်နက် ဖြစ်ရပေမည်။ ထျန်းချီတောင်ဂိုဏ်း ပိုင်ဆိုင်သော အစွမ်းအထက်ဆုံး ဝိညာဉ်လက်နက်သည်ပင် အဆင့် ၅ သာ ရှိသည်။ 

ထိုသို့အတွေးနှင့် ရှီးလီ ကျိန်ဆဲမိလုနီးနီး။

ရှီးယန်သည်လည်း ဒေါသကြောင့် မျက်နှာကြီး နီရဲနေလျက် လောဆော်လာသည်။ 

“မြန်မြန်.. အဲ့ကောင်စုတ်လေး ဘယ်သွားလဲဆိုတာ စစ်ဆေးကြည့်”

ရှီးလီသည် မျက်လုံးများမှိတ်ကာ ယဲ့ချန်၏တည်နေရာအား အာရုံခံကြည့်သည်။ တိုက်ပွဲဖြစ်နေစဉ်က သူ သတိမထားမိသော်လည်း ယခုတွင်တော့ တစုံတရာက မှားယွင်းနေကြောင်း သတိထားမိသွားရသည်။ သူ မျက်လုံးများ ပြန်ဖွင့်လာကာ ဆိုသည်။ 

“ထျန်းရှင်းခြေရာကောက်ပညာရဲ့ စွမ်းအင်က ဖျက်ဆီးခံလိုက်ရပြီ”

ရှီးယန်နှင့် ရှီးဖုန့်တို့ ကြက်သေသေသွားရပြန်သည်။ 

“ဘယ်လို..။ အဲ့ကောင်စုတ်လေးက သေချာပေါက် ထျန်းချီအဆင့် ၁၀ ပဲ ရှိသေးတာပါ။ ထျန်းရှင်းခြေရာကောက်ပညာရဲ့ စွမ်းအင်ကို ကောင်းကင်ရန်အဆင့် ကျင့်ကြံသူနဲ့ ကောင်းကင်အဆင့် သားရဲတွေကပဲ ဖျက်ဆီးပစ်နိုင်တာလေ”

“ဘယ်လိုကြောင့်လဲတော့ မသိပေမဲ့ အဲဒီစွမ်းအင်က ဖျက်ဆီးခံလိုက်ရပြီ။ ငါ သေချာတယ်”

ရှီးလီသည် မချင့်မရဲဖြင့် ထပ်ပြော၏။

“အဲဒီကောင်လေးက အသွင်ပြောင်းထားတဲ့ ကောင်းကင်သားရဲ ဖြစ်နိုင်တယ်။ သူ့ရဲ့ စိတ်ဝိညာဉ်ကိုသုံးပြီး ငါတို့စကားဝိုင်းကို ခိုးနားထောင်နေတာပဲ ဖြစ်ရမယ်”

“ဒါပေမဲ့ အဆင့် ၁၀ ကောင်းကင်သားရဲတစ်ကောင်ရဲ့ စိတ်ဝိညာဉ်ကို ငါတို့ အာရုံမခံမိခဲ့ဘူးလေ။ ကိစ္စတွေက ပိုထူးဆန်းလာပြီ”

ရှီးယန်သည် တစုံတရာကတော့ဖြင့် ထူးဆန်းနေကြောင်း သတိပြုမိသော်ငြား လုပ်နိုင်တာ ဘာမှမရှိပေ။ သောင်းပြောင်းထွေလာ နှစ်တထောင်အဆိပ် မိသွားသော ထျန်းရှင်းတောင်ဂိုဏ်း၊ တပည့်များအား အဆိပ်ဖြေပေးပြီးနောက် ယဲ့ချန် ထွက်ခွာသွားရာနောက်သို့ လိုက်ရုံသာ တတ်နိုင်တော့သည်။ 

ကျောက်စိမ်းမျှော်စင်ထဲတွင် အလင်းရောင်သည် မြင်နိုင်သည်ဆိုရုံ မှိန်ပျပျသာ ရှိသည့်အပြင် ငှက်နှစ်ကောင်သည် ယဲ့ချန်အား မည်းမှောင်နေသော ကောင်းကင်ယံဆီ သယ်ဆောင်သွားကြခြင်းဖြစ်ရာ ရှီးလီတို့လူစုသည် စမ်းတဝါးဝါးဖြင့် ယဲ့ချန်နောက်သို့ မှန်းဆကာ လိုက်လာခဲ့ကြရသည်။ 

သိမ်းငှက်နက်နှင့် လင်းတနီတို့သည် အလွန်လျင်မြန်စွာ ပျံသန်းသွားကြရာ မျက်စိတမှိတ်စာ အချိန်အတွင်း ၁၀ မိုင်အဝေးသို့ ရောက်လာခဲ့သည်။ ထျန်းရှင်းတောင်ဂိုဏ်း၊ တပည့်များသည် ယဲ့ချန်တို့အား ဘယ်တော့မှ ဖမ်းမိလိမ့်မည် မဟုတ်ချေ။ 

ကျောက်စိမ်းမျှော်စင်မှ ရရှိခဲ့သော အကျိုးရလဒ်များကား ယဲ့ချန် ခန့်မှန်းထားသည်ထက်ပင် ပိုနေသေးသည်။ ‘အခုက အိမ်ပြန်ဖို့ အချိန်ကျပြီ’ ဟု ယဲ့ချန် တွေးမိ၏။ နောက်တကြိမ် အခွင့်အရေးရသော အခါတွင်မှ ကျောက်စိမ်းမျှော်စင်သို့ တကျော့ပြန်လာရပေမည်။ 

ယဲ့ချန်သည် ထျန်းရှင်းတောင်ဂိုဏ်း၊ တပည့်များနှင့် နောက်တကြိမ် ထပ်ဆုံမိမည်စိုး၍ ဝိညာဉ်အသိအမြင်အား မရုတ်သိမ်းဝံ့ပေ။ ဖြည်းညှင်းစွာနှင့် ထွက်ပေါက်အား ရှာဖွေနေရသည်။ သိမ်းငှက်နက်နှင့် လင်းတနီတို့သည် သူ့ထက်ပင် ဒုတိယအလွှာ၏ ဖွဲ့စည်းပုံအား သိနေပုံပေါ်သည်။ 

***

All Chapters