← Chapters

သံနက်တပ်ဖွဲ့၏ ခြိမ်းခြောက်မှု

Vol. 9 Ch. 114

သံနက်တပ်ဖွဲ့၏ ခြိမ်းခြောက်မှု

Vol. 9 Ch. 114

ယဲ့မိသားစုရဲတိုက်၌..။

သံနက်တပ်ဖွဲ့သည် လွန်ခဲ့သော ၁၂ ရက်လုံးလုံး ရဲတိုက်အား ဝိုင်းထားခဲ့သည်။ ယဲ့မိသားစုအား နောက်ကွယ်မှ ထောက်ပံ့ပေးနေသည်ဟု ယူဆရသော အစွမ်းထက်ပုဂ္ဂိုလ်ကြီးကား ယခုထက်ထိ ပေါ်မလာသေးပေ။ ရင်းမုန့်ထျန်းသည် ယဲ့မိသားစုအား ကယ်တင်ရန် တပ်သား ၃၀၀၀ နှင့် ရောက်ရှိလာသော်ငြား နောက်ကြောင်းပြန်လှည့်ရန် ဖိအားပေးခြင်းခံရသည်။ ကံကောင်းထောက်မစွာ ရင်းမုန့်ထျန်းသည် နန်းတွင်းဘက်တော်သားတဦး ဖြစ်နေ၍ လျိုခန်းနှင့် လျိုရွှင်းတို့သည် ပေါ်တင် ရန်မပြုဝံ့ကြဘဲ မောင်းထုတ်ရုံသာ လုပ်ကြသည်။ 

“လူအိုကြီးရင်းက တကယ်ကို စိတ်ရှုပ်စရာပဲ။ ဟိုကောင်လေးကဖြင့် ကျောက်စိမ်းမျှော်စင်ထဲမှာ သေတောင် သေနေလောက်ပြီ။ သူ ဒီလိုကာကွယ်ပေးနေတော့ရော ဘာထူးမှာလဲ”

လျိုခန်းက ပြောသည်။ ဧကရာဇ်မင်ဝူကြောင့်သာ မဟုတ်ပါက သူတို့သည် ရင်းမုန့်ထျန်းအား သတ်ပစ်လိုက်သည်မှာ ကြာလေပြီ။ 

ရင်းပေ့ပြည်နယ်၏ မင်းသားရင်းအိမ်တော်သည် မျိုးရိုးစဉ်ဆက် ဧကရာဇ်မင်ဝူထံတွင် အသက်အပ်နှင်းကာ သစ္စာစောင့်သိခဲ့သူများဖြစ်ပြီး တိုက်ပွဲပေါင်းများစွာတွင် ဧကရာဇ်နှင့် ရင်ဘောင်တန်းလျက် ဆင်နွှဲဖူးသည်။ ထို့ကြောင့် မင်းသားရင်းသည် ဧကရာဇ်မင်ဝူ ယုံကြည်ရဆုံးသော အမှုထမ်းများထဲမှ တစ်ယောက်ဖြစ်သည်။ မင်းသားရင်းအား ကျောက်စိမ်းမျှော်စင်ထဲတွင် သတ်ပစ်ခြင်းက ပြဿနာမရှိသော်လည်း ယခုကဲ့သို့ မျက်မြင်သက်သေများရှေ့တွင် ပေါ်တင် သတ်ပစ်လိုက်ပါက ဧကရာဇ်မင်ဝူ စစ်ဆေးလာသောအခါ ကျွင်းဝမ်နန်းတော် အဆုံးသတ်သွားရနိုင်သည်။ 

“၁၂ ရက်တောင်ရှိပြီ။ ယဲ့မိသားစုဘက်က ဘာမှ မထူးခြားလာဘူး။ ကျုပ်တို့ ဒုတိယအစီအစဉ်ကို စသင့်ပြီလား။ အဖေ ယဲ့မိသားစုရဲတိုက်ကို တိုက်ကြရအောင်”

လျိုရွှင်းက အကြံပြုသည်။ အကျိုးအပြစ်များကို သေချာနှိုင်းဆပြီးသည့်နောက် လျိုရွှင်းသည် နောက်ဆက်တွဲ အကြံအစည်တို့ကို အကောင်အထည်ဖော်ရန် ကြံနေခြင်း ဖြစ်သည်။ 

“မင်းက ဆုံးဖြတ်ပြီးပြီလား”

လျိုခန်းက မေးသည်။ သူသည် ကိစ္စတို့အား သေသေချာချာ မသိရသေး၍ စတင်လှုပ်ရှားရန် အနည်းငယ် တွန့်ဆုတ်နေသည်။ 

လွန်ခဲ့သောရက်များအတွင်း ယဲ့မိသားစုမှ လူများသည် ပစ္စည်းပစ္စယများ ဝယ်ယူရန်ပင် အပြင်မထွက်ကြရ၊ သံနက်တပ်ဖွဲ့က တားဆီးပိတ်ပင်ထားသည်။ ထိုကိစ္စကြောင့် ယဲ့မိသားစုဝင်အချို့သည် သံနက်တပ်ဖွဲ့နှင့် ပြဿနာဖြစ်ကြပြီး ၃ ယောက်မှာ အကြီးအကျယ် ဒဏ်ရာရကာ ၁၁ ယောက်က အသေးအမွှားဒဏ်ရာများ ရခဲ့သည်။ 

ဤရက်ပိုင်းအတွင်း စောင့်ကြည့်ထားသော အနေအထားအရ ယဲ့မိသားစုနောက်ကွယ်မှ ပုဂ္ဂိုလ်ကြီးသည် ယဲ့မိသားစုအား ဆက်လက်ကာကွယ်ပေးရန် ဆန္ဒမရှိတော့ခြင်း ဖြစ်နိုင်သည်ဟု လျိုရွှင်းက ယူဆသည်။ ယဲ့မိသားစုအား အချိန်ထပ်ပေးထားခြင်းသည် သူတို့အား ဆက်လက်ကြီးထွားခွင့် ပေးထားသလို ဖြစ်နေမည်လည်း စိုးရသဖြင့် လျိုရွှင်းသည် ရူးမိုက်သော ဆုံးဖြတ်ချက်တစ်ခု ဖြစ်စေဦးတော့၊ ယဲ့မိသားစုအား တိုက်ခိုက်ရန် တွေးလိုက်ခြင်းဖြစ်သည်။ 

“ယဲ့မိသားစုကို အပြတ် မရှင်းရမချင်း ကျုပ် အေးအေးဆေးဆေး နေနိုင်မယ်မထင်ဘူး”

လျိုရွှင်းက အကျောက်အကန်ဆိုသည်။ 

ယဲ့မိသားစု ရုတ်တရက် အင်အားကြီးမားလာခြင်းကြောင့်သာ မဟုတ်ပါက ယွင်မိသားစုသည် လျန်ယွင်အိမ်တော် ဆယ့်ရှစ်ဆောင်အား ဆက်လက် ထိန်းချုပ်ထားနိုင်ဦးမည် ဖြစ်ကာ ကျွင်းဝမ်နန်းတော်၏ အာဏာသည်လည်း မယိမ်းမယိုင် တည်မြဲနေမည် ဖြစ်သည်။ သို့ဆိုလျှင် လျိုရွှင်းသည် သူ၏ ဒုတိယအကြံအစည်အား လမ်းဖောက်ရန် အလွယ်လေး လုပ်နိုင်မှာပင်။ သို့သော် မထင်မှတ်ပါဘဲ ယဲ့မိသားစုကြောင့် တုန်းလင်ပြည်နယ်သည် ရှုပ်ထွေးသွားပြီဖြစ်ကာ အချို့မိသားစုများသည် ကျွင်းဝမ်နန်းတော်၏ အမိန့်ကိုပင် ဖီဆန်ရန် ကြိုးစားလာကြသည်။ 

“တကယ်လို့ ငါတို့က ယဲ့မိသားစုရဲတိုက်ကို ဝင်စီးနင်းလိုက်ပါပြီတဲ့ အဲ့အချိန်ရောက်မှ ယဲ့မိသားစုနောက်ကွယ်က အစွမ်းထက်ပုဂ္ဂိုလ်ကြီး ရောက်လာရင် ငါတို့ကို လုံးဝ အလွတ်ပေးမှာမဟုတ်ဘူး”

လျိုခန်းက တွေးတောကောက်ချက်ချသည်။ ကျင့်ကြံခြင်းလောကကြီးကား အင်အားကြီးသူနိုင်စားသည့် လောကကြီးဖြစ်သည်။ ရန်မစသင့်သူကို ရန်စမိ၍ မျက်စိတမှိတ်စာ အချိန်အတွင်း ပျက်စီးသွားရသော မိသားစုများ မနည်းလှပေ။ ယဲ့မိသားစုနောက်ကွယ်ရှိ ပုဂ္ဂိုလ်ကြီးသည် အမှန်ပင် အစွမ်းထက်နေပါက ကျွင်းဝမ်နန်းတော်တစ်ခုလုံး ပြားပြားဝပ်သွားနိုင်သည်။ 

“အရမ်းမစိုးရိမ်ပါနဲ့ ဘာလုပ်ရမလဲဆိုတာ ကျုပ်သိပါတယ်”

လျိုရွှင်းက စိတ်ချနေရန်ပြောသည်။ မည်သို့ပင်ဆိုစေ သူသည် ပြည်နယ်တစ်ခုကို အပိုင်စားရထားသော မင်းသားတပါး ဖြစ်သည်။ ကြုံတွေ့လာရသည့် ပြဿနာများကို ဖြေရှင်းရန်နည်းလမ်း တစ်ခုထက်မက ရှိပေသည်။ 

“ဒါဆိုလည်း ကောင်းပြီလေ”

မတတ်သာသည့်အဆုံး လျိုခန်း သဘောတူလိုက်သည်။ 

လျိုရွှင်းနှင့် လျိုခန်းတို့သည် သံနက်တပ်ဖွဲ့ထဲမှ အသန်မာဆုံးသူများကို စုစည်းကာ ယဲ့မိသားစုရဲတိုက်၏ ပင်မဂိတ်ဝသို့ သွားကြသည်။ လျိုရွှင်းသည် ထျန်းချီများကို စုစည်းကာ တံခါးကြီးအား အားပြင်းသောခြေကန်ချက်ဖြင့် ကန်ထုတ်လိုက်သည်။ ပင်မဂိတ်ဝရှိ တံခါးကြီး ပျက်စီးသွားသောအခါ လျိုရွှင်းသည် ခေါင်းမော့လျက် ယဲ့မိသားစုရဲတိုက်ထဲသို့ ခပ်တည်တည်ဖြင့် ဝင်လာခဲ့သည်။ 

လျိုခန်းသည် သားဖြစ်သူ၏လုပ်ရပ်ကြောင့် ထိတ်လန့်သွားသော်လည်း ဘာမှမပြောဖြစ်တော့ဘဲ သက်ပြင်းချကာသာ နောက်မှ လိုက်လာရသည်။ 

ယဲ့မိသားစုရဲတိုက်၊ မိသားစုခေါင်းဆောင် ခြံဝင်းထဲ၌ ယဲ့ချိန်ရွှမ်း၊ ယဲ့ကျန့်ထျန်းနှင့် ကျန်လူများသည် အပြင်းအထန် လေ့ကျင့်နေကြသည်။ မြွေနဂါးသစ်သီး၏ အကူအညီဖြင့် နာရီပေါင်းများစွာ လေ့ကျင့်ခဲ့ပြီးနောက် ယဲ့ချိန်ရွှမ်းသည် ထျန်းချီအဆင့် ၁၀ သို့ ရောက်ရှိနိုင်ခဲ့၏။ အလားတူပင် ယဲ့ကျန့်ထျန်းသည်လည်း အဆင့်တက်ရန် အရေးကြီးသော အချိန်အခိုက်အတန့်သို့ ရောက်ရှိနေလေပြီ။ 

သူတို့အားလုံး အားသွန်ခွန်စိုက် လေ့ကျင့်နေကြစဉ် ရဲတိုက်၏ ပင်မဂိတ်ဝဆီမှ ဆူဆူညံညံအသံများ ထွက်ပေါ်လာသည်။ ယဲ့ချိန်ရွှမ်းနှင့် ကျန်လူများ၏ အမူအရာသည် အဆိုးဘက်သို့ ပြောင်းလဲသွားသည်။ 

အချိန်ကျလာချေပြီ။ 

ရဲတိုက်အလယ်ဗဟိုတွင် ယဲ့မိသားစုဝင်များ စုဝေးရောက်ရှိလာကြသည်။ အားလုံးသည် ပင်မဂိတ်ဝတွင် ဖြစ်ပျက်ခဲ့သည်နှင့် ပတ်သက်၍ ဒေါသတကြီး ဖြစ်နေကြ၏။ လျိုရွှင်းနှင့်လျိုခန်းတို့ ဦးဆောင်သော သံနက်တပ်ဖွဲ့ဝင်များသည် ရဲတိုက်အလယ်ဗဟိုရှိ ယဲ့မိသားစုဝင်များအား ဝိုင်းရံလိုက်ကြသည်။ 

ယဲ့ချိန်ရွှမ်းသည် ခံပြင်းစွာဖြင့် လက်သီးဆုပ်၏။ မကြာခင်၌ လျိုရွှင်း ထိုသို့ပြုမူလာလိမ့်မည်မှန်း သူ ခန့်မှန်းမိခဲ့သည်။ 

ယဲ့ကျန့်ထျန်းနှင့် ကျန်လူများကမူ တိတ်ဆိတ်နေကြသည်။ ဤအခိုက်အတန့်ကား ယဲ့မိသားစုအတွက် သေရေးရှင်ရေးအား အဆုံးအဖြတ်ပေးမည့် ကာလ ဖြစ်သည်။ ဝမ်းနည်းစရာကောင်းစွာပင် ယဲ့ကျန့်ထျန်းသည် ထျန်းချီအဆင့် ၁၀ သို့ အဆင့်မတက်နိုင်ခဲ့။ ဖြစ်အံ့ဆဲဆဲ ကံတရားအား မရှောင်လွှဲနိုင်လျှင်တောင် သူသည် ဂုဏ်တင့်စွာသာ သေဆုံးလိုသည်။ ယဲ့မိသားစု၏ နာမည်အား အနည်းငယ်မျှပင် မသိမ်ငယ်စေရ။ 

လျိုရွှင်းသည် ယဲ့မိသားစုဝင်များအား တချက် အကဲခတ်ပြီးနောက် ယဲ့ချိန်ရွှမ်းအား ကြည့်သည်။ အမှန်အတိုင်းဆိုရလျှင် လျိုရွှင်း အနည်းငယ်တော့ စိတ်ပျက်မိသည်။ လူတိုင်း ကြောက်ရွံ့ရသော သံနက်တပ်ဖွဲ့နှင့် ကြုံတွေ့နေရသည့်တိုင် မည်သည့်ယဲ့မိသားစုဝင်ကမှ ထိတ်လန့်နေဟန် မပြပေ။ လက်ထဲတွင် ဓားရှည်များကို ကိုင်ဆွဲလျက် မဖြုံစတမ်းရှိနေကြသော ဟန်ပန်တို့က သေခြင်းတရားအတွက် ကြိုတင်ပြင်ဆင်ထားပြီးကြသည့်အလား။

လျိုရွှင်းသည် တိုက်ပွဲပေါင်းများစွာကို ဆင်နွှဲဖူးသည့် အတွေ့အကြုံရှိသူ ဖြစ်သည်။ သူသည် မရေမတွက်နိုင်သော မိသားစုကြီးများကိုလည်း သုတ်သင်ခဲ့ဖူးသည်။ သို့သော် အတိတ်တွင် သူ ကြုံတွေ့ဖူးသမျှသော မိသားစုတိုင်းသည် သံနက်တပ်ဖွဲ့ကြီးနှင့် ရင်ဆိုင်လာရသည်နှင့် ကြောက်ရွံ့ထိတ်လန့်ကာ အသိစိတ်လွတ်လျက် အော်ဟစ်မြည်တမ်းကြသည်ကိုပင် ကြုံဖူးသည်။ ဘယ်မိသားစုကမှ ယဲ့မိသားစုလောက် တည်ငြိမ်မနေပေ။ 

ယွင်မိသားစုသည် ယဲ့မိသားစုလက်ထဲ၌ ရှုံးနိမ့်ခဲ့ရသည်မှာ အံ့ဩစရာမရှိတော့ပါချေ။ 

လျိုရွှင်းသည် အနည်းငယ် နောင်တရမိသလိုပင် ခံစားရ၏။ သူသည် ခပ်လှမ်းလှမ်းရှိ ယဲ့ကျန့်ထျန်းအားကြည့်ကာ တချိန်က ဖြစ်ရပ်ကို ပြန်မြင်ယောင်မိသည်။ ထိုစဉ်က ယဲ့ကျန့်ထျန်းသည် ကျွင်းဝမ်နန်းတော်၏ ကျက်သရေဆောင်ခန်းမထဲတွင် ဒူးထောက်ကာ ကွမ်းရှီဆေးလုံးအား တောင်းခံခဲ့သည်။ ကွမ်းရှီဆေးလုံးတလုံးမျှကို ပေးသနားပါက ယဲ့မိသားစုသည် ဘဝတလျှောက်လုံး ကျွင်းဝမ်နန်းတော်အပေါ် သစ္စာစောင့်သိပါမည်ဟုလည်း ဆိုခဲ့သည်။ အချိန်ကိုသာ နောက်ပြန်လှည့်နိုင်မည် ဆိုပါက လျိုရွှင်းသည် ယဲ့ကျန့်ထျန်းအား ကွမ်းရှီဆေးလုံးတလုံး ဝမ်းမြောက်ဝမ်းသာစွာနှင့် ပေးမိမှာဖြစ်သည်။ သို့သော် ဤလောကတွင် နောင်တတရားကို ဖြေသိမ့်နိုင်သည့် ဆေးလုံးဟူ၍ ရှိမနေပေ။ နောင်မှရသော နောင်တသည် အချိန်နှောင်းခဲ့လေပြီ။ 

“ယဲ့မိသားစုဝင်တွေအားလုံး နားထောင်ကြ”

လျိုရွှင်းသည် မြင်းဇက်ကြိုးအား ထိန်းကိုင်လျက် လက်တစ်ဖက်တွင် လှံပုဆိန်ကြီးအား ကိုင်ထားရင်းဖြင့် ကျယ်လောင်စွာ ပြောသည်။ 

“ဒီနေ့၊ ဒီနေရာမှာ သွေးချောင်းစီးမဲ့တိုက်ပွဲတွေ မဖြစ်စေချင်ဘူး။ တကယ်လို့ မင်းတို့ကသာ ငါ့အမိန့်ကိုနာခံပြီး ပူးပေါင်းဆောင်ရွက်ပေးရင် ငါအာမခံတယ်၊ မင်းတို့အားလုံးရဲ့ အသက်တွေကို ချမ်းသာပေးမယ်။ ငါ့ကိုဆန့်ကျင်ဖို့ ကြိုးစားလာရင်တော့ မင်းတို့အသက်ကိုနုတ်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူး”

လျိုရွှင်းသည် ယဲ့မိသားစုဝင်များအား မျက်နှာထားတင်းတင်းဖြင့် ကြည့်ကာ ခြိမ်းခြောက်သည်။ ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူ၏ ဖိနှိပ်မှုကြောင့် ယဲ့မိသားစုဝင်များသည် အသက်ရှုဖို့ပင် ခက်ခဲလာကြသည်။ သို့သော်ငြား သူတို့သည် အံ့တင်းတင်းကြိတ်ကာ တောင့်ခံထားလျက် ခေါင်းမော့နေကြဆဲဖြစ်ပြီး လျိုရွှင်းအား ဦးညွတ်အရိုအသေပေးမည့်အစား အသေသာ ခံကြမည့်ဟန်ရသည်။ 

“လုပ်ကြည့်လေ လျိုရွှင်း။ မင်းလိုချင်တာက တိုက်ပွဲတစ်ခုဆိုရင် ခုချက်ချင်း မင်းကို ဖြည့်ဆည်းပေးလို့ရတယ်။ ငါတို့ ယဲ့မိသားစုက သူရဲဘောကြောင်တဲ့သူတွေ မဟုတ်ဘူး”

ယဲ့ကျန့်ထျန်း၏ မျက်လုံးများသည် ထိန်းမနိုင်သိမ်းမရ ဒေါသထွက်ရမှုကြောင့် အနီရောင်ပြောင်းလုနီးနီး။ သူသည် မိသားစုဝင်များ၏ ရှေ့တွင် ယဲ့ချိန်ရွှမ်းနှင့် ရင်ဘောင်တန်းကာ ရပ်နေသည်။ သူတို့နှစ်ဦးလုံးက ယနေ့တွင် သေဆုံးရန်အတွက် ပြင်ဆင်ထားပြီး ဖြစ်သည်။ 

ယဲ့မိသားစု၏အင်အားသည် ကျွင်းဝမ်နန်းတော်နှင့် မယှဉ်သာသေးပေ။ လျိုရွှင်းနှင့် လျိုခန်းတို့သည် ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူများ ဖြစ်နေကြသည့်အပြင် နောက်ဘက်မှ သံနက်တပ်ဖွဲ့၏ ပံ့ပိုးပေးမှုနှင့်ဆိုပါက ယဲ့မိသားစုဝင်များ၏ သေကျေပျက်စီးမှုကား ရှောင်လွှဲမရနိုင်တာ သေချာသည်။ 

“ငါကလည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်တာမျိုး မလုပ်ချင်ပါဘူး။ မင်းတို့သာ ကျွင်းဝမ်နန်းတော်ကို အညံ့ခံမယ်ဆိုရင် မင်းတို့ရဲ့ကျင့်ကြံဆင့်ကို အသိအမှတ်ပြုပေးပြီး အသက်ကိုလည်း ချမ်းသာပေးမယ်။ ဒါ့ပြင် မင်းတို့မိသားစုရဲ့ အနာဂတ်က ကျိန်းသေ တောက်ပနေစေရမယ်လို့ ကတိပေးတယ်။ ယဲ့ချိိန်ရွှမ်း၊ ယဲ့ကျန့်ထျန်း မင်းတို့ ဒီအခွင့်အရေးကို မဖျက်ဆီးဖို့ မျှော်လင့်တယ်”

လျိုရွှင်းသည် ပြောနေရင်းဖြင့် ညာဘက်လက်အား ဆန့်ထုတ်လိုက်လျှင် အနက်ရောင်ဆေးလုံးလေးများက သူ့လက်ဝါးပေါ်တွင် ရှိနေ၏။ 

“ဒီဆေးလုံးတွေကို တစ်ယောက်တလုံးစီ သောက်ပြီးတာနဲ့ မင်းတို့မိသားစု လုံခြုံသွားပြီ”

ထိုအနက်ရောင်ဆေးလုံးများသည်ကား ဒုတိယမင်းသားမှ သူ၏ သံနက်တပ်ဖွဲ့အား ထိန်းချုပ်ရာတွင် သုံးသော ဆေးလုံးများအဖြစ် ကျော်ကြားသည်။ 

“လျိုရွှင်း ငါတို့ယဲ့မိသားစုက ဘယ်တော့မှ မင်းရဲ့ အထိန်းချုပ်ခံ နယ်ရုပ်လေးတွေ ဖြစ်လာမှာမဟုတ်ဘူး။ ဘယ်တော့မှပဲ။ မင်းဆေးလုံးတွေကို ပြန်သိမ်းပြီး အိမ်မက်သာ ဆက်မက်နေလိုက်”

ယဲ့ကျန့်ထျန်းက ကြုံးဝါးသည်။ ထိုဆေးလုံးများအား သောက်လိုက်မိသည်နှင့် သူတို့တသက်လုံး လျိုရွှင်းလက်မှ လွတ်ဖို့မဖြစ်နိုင်တော့သည့်အပြင် လစဉ်လတိုင်း နောက်ထပ် ဆေးတလုံးကို ပုံမှန်မသောက်ရပါက သေတာထက်ဆိုးသော ဝေဒနာမျိုးကို ခံစားရမှာ ဖြစ်သည်။

လျိုရွှင်း၏ အမူအရာမှာ တောင့်တင်းသွားသည်။ သူက အေးစက်စွာ လှောင်ပြောင်၏။ 

“မင်း ဒီစကားကိုမပြောခင် အနည်းဆုံး ၂ ခါလောက် စဉ်းစားသင့်တယ်။ ငါ့မှာလည်း သည်းခံနိုင်တဲ့ အတိုင်းအတာဆိုတာ ရှိတယ်။ မင်းတို့ရဲ့ သေရေးရှင်ရေးက မင်းတို့ရဲ့ ဆုံးဖြတ်ချက်ပေါ်မှာ မူတည်နေတယ်ဆိုတာ မမေ့နဲ့။ ကောင်းကောင်းဆုံးဖြတ်”

နောက်ဆုံးတော့ လျိုခန်းသည် သားဖြစ်သူ ဘာကြံနေသည်ကို ခန့်မှန်းနိုင်သွားသည်။ လျိုရွှင်းသည် ယဲ့မိသားစုအား အပြတ်ရှင်းရမည့်အစား ကျွင်းဝမ်နန်းတော်၏ အသေခံလက်ပါးစေများ ဖြစ်လာစေရန် ရည်ရွယ်နေခြင်း ဖြစ်သည်။ ယဲ့မိသားစုနောက်ကွယ်မှ အစွမ်းထက်ပုဂ္ဂိုလ်ကြီး ရောက်လာသောအခါတွင် ကျွင်းဝမ်နန်းတော်မှ ချုပ်ကိုင်ထားသော ဓားစာခံ ယဲ့မိသားစုဝင်များကြောင့် လက်လွတ်စပယ် ပြုမူရဲလိမ့်မည် မဟုတ်တော့။ တစ်ဖက်တွင်လည်း ချိုးယင်းအတွက် ဧကရာဇ်မင်ဝူအား ယဲ့မိသားစုအကြောင်း လျှောက်တင်ရန် အချိန်ဆွဲပေးထားပြီးသား ဖြစ်သွားသည်။ 

***

All Chapters