← Chapters

နောင်တမရှိစွာ သေဆုံးခြင်း

Vol. 9 Ch. 115

နောင်တမရှိစွာ သေဆုံးခြင်း

Vol. 9 Ch. 115

“ယဲ့မိသားစုထဲက ဘယ်သူကမှ သေဆုံးခြင်းအစား စည်းစိမ်အာဏာကို ရွေးမှာမဟုတ်ဘူး။ မင်းရဲ့အစီအစဉ်ကို မေ့ထားလိုက်တော့”

ယဲ့ချိန်ရွှမ်းက ပြင်းထန်စွာ တုံ့ပြန်သည်။ သူသည် စွမ်းအားများအား တိတ်တဆိတ် ဖုံးကွယ်ထားကာ တိုက်ပွဲစဖြစ်သည်နှင့် လျိုရွှင်းကို သတ်နိုင်ရန် ကြံစည်ထားသည်။ လျိုရွှင်းသေသွားပြီးပါက ယဲ့မိသားစုအတွက် နောက်ပိုင်းကိစ္စများမှာ ပိုလွယ်သွားနိုင်သည်။

“ယဲ့မိသားစုတစ်ခုလုံး အကြောက်အလန့် ကင်းလိမ့်မယ်လို့ မယုံဘူး။ ယဲ့မိသားစုဝင်တွေ နားထောင်ကြ။ မင်းတို့ ငါ့လက်ထဲက ဆေးလုံးကိုယူပြီး ကျွင်းဝမ်နန်းတော်ကို အညံ့ခံရင် မင်းတို့အသက်ကို ချမ်းသာပေးမဲ့ အပြင် အနာဂတ်မှာလည်း ကောင်းကောင်း ထောက်ပံ့ပေးမယ်။ မဟုတ်ရင်တော့ မင်းတို့အားလုံး အဆုံးသတ်ပြီသာမှတ်။ သံနက်တပ်ဖွဲ့ စလှုပ်ရှားတာနဲ့ ယဲ့မိသားစုထဲက ဘယ်သူမှ မလွတ်မြောက်နိုင်ဘူး”

လျိုရွှင်းသည် ဆေးလုံးများ ရှိနေသည့် ညာလက်အား ဖြန့်ထားဆဲကပဲ ယဲ့မိသားစုဝင်များကို ကြည့်ကာ ပြောသည်။

“မင်းတို့ထဲက တစ်ယောက်ယောက် သစ္စာဖောက်ပြီး လျိုရွှင်းကို အညံ့ခံချင်ရင် ငါ တားမှာမဟုတ်ဘူး။ ဒါပေမဲ့ မင်းတို့သိထားရမှာက အဲဒီဆေးကို ယူပြီးတာနဲ့ မင်းတို့ဟာ ယဲ့မိသားစုဝင် ဖြစ်ခဲ့ဖူးတယ်ဆိုတာ မေ့လိုက်တော့။ ငါတို့ယဲ့မိသားစုမှာ စိတ်ဓာတ်ကြံ့ခိုင်မှု အားနည်းတဲ့သူတွေ အလိုမရှိဘူး”

ယဲ့ချိန်ရွှမ်းသည် အသံကိုမြှင့်ကာ ယဲ့မိသားစုဝင်များ အပေါ် လွှမ်းမိုးရန် ကြိုးပမ်းနေသော လျိုရွှင်းအား ရင်ဆိုင်သည်။

တစ်စက္ကန့်၊ နှစ်စက္ကန့်၊ သုံးစက္ကန့် …။

ယဲ့မိသားစုဝင်များ၏ မျက်နှာတို့သည် သံနက်တပ်ဖွဲ့၊ စစ်သည်တော်များ၏ အေးစက်စက် ချပ်ဝတ်များပေါ်တွင် အလင်းပြန်နေသည်။ မိသားစုဝင်များအနက် တချို့သည် သေခြင်းတရားနှင့် ရင်ဆိုင်လာရသော အခါ အတန်ငယ် တုန်လှုပ်မိသော်ငြား ယဲ့မိသားစုဘက်တွင်သာ ရပ်တည်ရန် ရွေးချယ်ထားကြသည်။ သူတို့၏ ဇနီးမယားများ၊ သားသမီးများ အားလုံးသည် ဤမိသားစုတွင် ရပ်တည်ကာ နေထိုင်နေကြခြင်း ဖြစ်သည်။ ယဲ့မိသားစုနှင့် သွေးချင်း ဆက်သွယ်မှုအား တစ်ကြိမ်ဖြတ်တောက်ပြီးပါက နောက်တစ်ကြိမ် ပြန်လည်သင့်မြတ်ရန် မဖြစ်နိုင်တော့ပေ။

အတိတ်ကာလများတွင်လည်း ယဲ့မိသားစုသည် များစွာသော အခက်အခဲများ၊ ဘေးဒုက္ခများ၊ အသက်ချင်း ထပ်ရသည့် တိုက်ပွဲများကို ကျော်ဖြတ်ပြီးခဲ့လေပြီ။ ထိုအခိုက်အတန့်များတွင် စိတ်ဓာတ်ခိုင်မာခြင်း မရှိဘဲ တစ်ဖက် အင်အားစု အပေါ် မှီခိုသွားကြသော မိသားစုဝင်တချို့ ရှိခဲ့ဖူးသည်။ သေရမည်ကို စိုးရွံ့ကာ မိသားစုခေါင်းဆောင်၏ ခွင့်ပြုချက်မပါဘဲ မိသားစုအား စွန့်ခွာသွားကြသော မိသားစုဝင်များလည်း ရှိခဲ့သည်။ ယခု ယဲ့မိသားစုတွင် ကျန်ရစ်ခဲ့သူများကား မိသားစုအတွက် အသက်စွန့်ရန် ဝန်မလေးကြသူများ ဖြစ်ကြသည်။

ယဲ့မိသားစု၏ မိသားစုဝင်များစွာ အနက် ဘယ်သူကမှ ဆေးလုံးယူရန် ရှေ့သို့ ထွက်မလာကြပေ။ အချိန်ကြာလာသည်နှင့်အမျှ လျိုရွှင်း ဒေါသထွက် လာရတော့သည်။

ယဲ့ကျန့်ထျန်းသည် မိသားစုဝင်များ၏ မယိမ်းယိုင်မှုကြောင့် ရင်ထဲတွင် လှုပ်ရှားသွားရပြီး ဂုဏ်ယူစွာဖြင့် အော်ရယ်လိုက်၏။

“တကယ်လို့ ဒီနေ့၊ ဒီနေရာမှာ သေသွားရမယ် ဆိုရင်တောင် ငါ ယဲ့ကျန့်ထျန်း ဝမ်းမြောက်ဝမ်းသာနဲ့ သေမိမှာပဲ”

ထိုသို့ သစ္စာစောင့်သိသော မိသားစုဝင်များကြောင့် ယဲ့မိသားစု တိုးတက်ကြီးပွားရန် သူ အားထုတ်ခဲ့ရသော သွေး၊ ချွေး၊ မျက်ရည်များသည် အလဟဿ မဖြစ်ခဲ့ပေ။ အရာအားလုံးက ထိုက်ထန်ပေသည်။

ယဲ့ကျန့်ထျန်း၏ စကားများကြောင့် လျိုရွှင်း လက်သီးတင်းတင်း ဆုပ်မိသည်။

“အကောင်းအဆိုးကို မခွဲခြားနိုင်တဲ့ သောက်ရူးတစ်သိုက်ပဲ။ သံနက်တပ်ဖွဲ့ဝင်တွေ ... ယဲ့မိသားစုကို ဖျက်ဆီးပစ်ကြ”

သံနက်တပ်ဖွဲ့ကြီးသည် တစ်ခဲနက် ဟစ်ကြွေးလျက် ရှေ့သို့ ချီတက်လာကြသည်။ ၎င်းတို့၏ ပိန်းပိန်းနက်မှောင်သော ချပ်ဝတ်များမှ ရက်စက်သော အရှိန်အဝါများ ထုတ်လွှတ်နေကြသည်။

“သေကြစမ်း”

ယဲ့မိသားစုဝင်များ သည်လည်း သံနက်တပ်ဖွဲ့နှင့် တိုက်ခိုက်ရန် မာန်သွင်းလျက် ပြေးတက်လာကြသည်။

ဤတိုက်ပွဲကား ယဲ့မိသားစုအတွက် နောက်ဆုံးတိုက်ပွဲ ဖြစ်သွားနိုင်သည်။ ထို့ကြောင့် မိသားစု၏ ပိုင်နက်မြေပေါ်တွင် ရန်သူများ၏ အလောင်းများဖြင့် ပြည့်နှက်သွားစေမည်။

သေသေရှင်ရှင်၊ နောင်တအလျှင်း ကင်းမဲ့ပေသည်။

တိုက်ပွဲ စတင်လေပြီ။

တိုက်ခိုက်သံများက နေရာအနှံ့ ပျံ့လွင့်သွားသည်။ လူအများ သေဆုံးသွားကြသံ များကိုလည်း စက္ကန့်မလပ် ကြားနေရသည်။

ယဲ့မိသားစုတွင် အဆင့်မြင့်ကျင့်ကြံသူ အရေအတွက် များပြားသော်လည်း စုပေါင်း အင်အားတွင်မူ ကောင်းမွန်စွာ လေ့ကျင့်ထားသော သံနက်တပ်ဖွဲ့နှင့် မယှဉ်သာပေ။

ယဲ့မုန့်သည် မျက်လုံးများထဲတွင် မျက်ရည်များ ပြည့်နှက်နေရင်း ကျယ်လောင်စွာ မာန်သွင်းလျက် သံနက်တပ်ဖွဲ့ဝင် တစ်ယောက်အား တိုက်ခိုက်လိုက်သည်။

ဘန်း ...

သံနက်တပ်ဖွဲ့ဝင်သည် အနောက်ဘက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရရုံသာရှိကာ ထူထဲလှသော ချပ်ဝတ်ကြောင့် ဒဏ်ရာ ပြင်းပြင်းထန်ထန် မရခဲ့ပေ။ မျက်တောင်တစ်ခတ်စာ အချိန်အတွင်း ယဲ့မုန့်သည် သံနက် တပ်ဖွဲ့ဝင်များ၏ ဝိုင်းရံခြင်းအား ခံလိုက်ရသည်။

“တော်တော်မာတဲ့ ချပ်ဝတ်ပဲ”

ယဲ့မုန့်၏ အမူအရာ ပြောင်းလဲသွားရသည်။ သူသည် ထျန်းချီအဆင့် ၈ ကျင့်ကြံသူ ဖြစ်သည့်တိုင် သူ့ရိုက်ချက်သည် ရွှမ်သတ္တုဖြင့် သွန်းလုပ်ထားသော သံနက်တပ်ဖွဲ့ဝင်များ၏ ချပ်ဝတ်အား အနည်းငယ် ချိုင့်သွားရုံသာ လုပ်နိုင်ခဲ့သည်။

ယဲ့မုန့်ကဲ့သို့ အခြားသော မိသားစုဝင်များသည်လည်း ထိုချပ်ဝတ်၏ ခုခံနိုင်စွမ်းကြောင့် အံ့အားသင့်ကာ အခက်တွေ့နေရသည်။

ဘန်း ...

သံနက်တပ်ဖွဲ့ဝင် တစ်ယောက်၏ တိုက်ခိုက်မှုသည် ယဲ့ပင်း၏ ဝမ်းဗိုက်သို့ ထိမှန်သွားကာ သွေးများအန်ထွက်လာပြီး မြေပြင်ပေါ် လဲကျသွား၏။ ထိုသံနက်တပ်ဖွဲ့ဝင်သည် ယဲ့ပင်း၏ ခေါင်းအား ခြေထောက်တစ်ဖက်ဖြင့် ဖိနင်းထားရာ ယဲ့ပင်း၏ ပါးစပ်ထဲမှ သွေးများ အဆက်မပြတ် စီးကျလာလေသည်။ နောက်ထပ် တိုက်ခိုက်မှုများ ကျရောက်လာသောကြောင့် ယဲ့ပင်း၏ မျက်နှာမှာ ဖြူဖျော့လာတော့သည်။

“ယဲ့ပင်း ...”

ယဲ့မုန့် အလွန် ဒေါသထွက်သွားရသည်။ သူ့ပတ်လည်ရှိ သံနက် တပ်ဖွဲ့ဝင်များအား ထိုးဖောက်ကာ ယဲ့ပင်းထံ ပြေးသွားခဲ့သည်။

ဘန်း ...

သံနက်တပ်ဖွဲ့ဝင် တစ်ယောက်သည် ယဲ့မုန့်အား အနောက်ဘက်မှ အလစ်တိုက်ခိုက်လာသည်။ အင်အားမှာ ပြင်းလွန်း၍ ယဲ့မုန့် ခေါင်းတစ်ခုလုံး နှစ်ခြမ်းကွဲသွားလု မတတ် ခံစားလိုက်ရသည်။ ယဲ့မုန့်သည် ထိုတစ်ယောက်အား ပြန်တိုက်ခိုက်ရန် လှည့်လိုက်သော်လည်း သူ့ဒူးအား လှံရိုးဖြင့် ရိုက်ချခြင်း ခံရသဖြင့် မြေပြင်ပေါ်သို့ ဒူးထောက်လျက်သား လဲကျလုနီးနီး။ အရိုက်ခံလိုက်ရသော ညာဘက်ခြေထောက်မှာ မခံမရပ်နိုင်အောင် နာကျင်လာသည်။

“ယဲ့မိသားစုထဲက ဘယ်သူကမှ ... မင်းတို့ကို ဒူးမထောက်ဘူး။ သေရင်တောင်မှ မထောက်ဘူး”

ဒေါသနှင့် နာကျင်မှုကြောင့် ယဲ့မုန့်၏ မျက်လုံးအစုံမှာ နီရဲလာကြသည်။ ဒေါသထွက်နေသော သားရဲ တစ်ကောင်ကဲ့သို့ သူသည် အံကြိတ်လျက် မတ်မတ်ပြန်ရပ်ကာ မိုးကြိုးလက်ဝါးဖြင့် သံနက်တပ်ဖွဲ့ဝင်အား ရိုက်ထုတ်လိုက်သည်။

ရွှပ် ...

အခြားသော သံနက်တပ်ဖွဲ့ဝင် တစ်ယောက်၏ လှံသွားသည် ယဲ့မုန့်၏ ဝမ်းဗိုက်အား ထိုးဖောက်သွားသည်။ ယဲ့မုန့်သည် စတင်၍ ချောင်းဆိုးလာရကာ နှုတ်ခမ်းကြားမှ သွေးများ အဆက်မပြတ် စီးကျလာလျက် မြေပြင်ပေါ်သို့ လဲကျသွားရတော့သည်။

သံနက်တပ်ဖွဲ့ဝင်များ၏ လှံသွားသည် ရွှမ်သတ္တုဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ယဲ့မုန့်ကဲ့သို့ ထျန်းချီအဆင့် ၈ ကျင့်ကြံသူပင် ရွှမ်သတ္တုဖြင့် ပြုလုပ်ထားသော လှံသွားအား တောင့်မခံနိုင်ပေ။

ယဲ့မုန့်အား တိုက်ခိုက်ခဲ့သူသည် ဒုတိယမင်းသား၏ ကျွင်းဝမ်နန်းတော်မှ အားကောင်းသော ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ တဖြည်းဖြည်းနှင့် ယဲ့မုန့်၏ တန့်ထျန်သည် စတင် ပြိုကွဲလာပြီး ခန္ဓာကိုယ်ထဲရှိ ကိုယ်အင်္ဂါများလည်း ကမောက်ကမ ဖြစ်လာတော့၏။

တစ်ယောက်ပြီး တစ်ယောက်ဖြင့် ... ယဲ့မိသားစုဝင်များ လဲကျသွားကြသည်။

လူငယ်မျိုးဆက်မှ ကလေးများ တစ်ယောက်ပြီး တစ်ယောက် လဲကျနေကြသည်ကို မြင်ရသောအခါ ယဲ့ကျန့်လုံ၊ ယဲ့ကျန့်ရှုံးနှင့် ကျန်လူများသည် ပို၍ ဒေါသထွက် လာကြသည်။ ဒေါသထန်နေသော ခြင်္သေ့များကဲ့သို့ ပိုမို ပြင်းထန်စွာ တိုက်ခိုက်ကြသော်လည်း သံနက်တပ်ဖွဲ့များမှာ တစ်သုတ်ကျသွားလျှင် နောက်တသုတ်က ချက်ချင်းရောက်လာပြီး မကုန်နိုင်တော့သလို ရှိသည်။ စင်စစ်အားဖြင့် သံနက်တပ်ဖွဲ့သည် စုပေါင်း တိုက်ခိုက်ရာတွင် အထူးကျွမ်းကျင်ပြီး မရေမတွက်နိုင်သော ထျန်းချီအဆင့် ၉ ကျင့်ကြံသူများ သူတို့လက်ထဲတွင် အသက်ပေးခဲ့ကြ ရသည်။

ယဲ့ကျန့်လုံတို့အား ဝိုင်းရံထားသော လူစက်ဝိုင်းမှာ ကျဉ်းမြောင်းသထက် ကျဉ်းမြောင်းလာသည်။

အခြား တစ်ဖက်တွင် ကြက်သွေးရောင် ကောင်းကင်ကျားနှင့် မိုးကြိုးတစ္ဆေ သစ်နက်တို့သည် ဒေါသတကြီး တိုက်ခိုက်နေကြသည်။ ၎င်းတို့နှစ်ကောင်လုံးသည် အဆင့် ၉ ထိပ်ဆုံးဆင့် စွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း သံနက်တပ်ဖွဲ့ဝင်များမှာ အရေအတွက်အားဖြင့် များလွန်းနေသည်။ ထို့ပြင် ၎င်းတို့သည် အနည်းဆုံး အယောက် ၁၀၀ စီ စုဝေးလျက် တိုက်ပွဲအစီအရင်များ ဖန်တီးကာ လှံသွားများဖြင့် အဝေးမှ တိုက်ခိုက်နေလေရာ သားရဲနှစ်ကောင်မှာ ကြံရာမရ ဖြစ်နေရတော့သည်။

ရွှပ် ... ရွှပ် ... ရွှပ် ...

လှံချက်များ မရေမတွက်နိုင်အောင် ထိုးသွင်းခံရပြီးနောက် သားရဲနှစ်ကောင်မှာ မြေပြင်ပေါ် လဲကျသွားကြသည်။  ၎င်းတို့၏ ခန္ဓာကိုယ်များမှာ သွေးခြင်းခြင်းနီနေလျက် အသက်မျှဉ်းမျှဉ်းသာ ရှူနိုင်ကြတော့၏။

“သားရဲတွေကိုမသတ်နဲ့။ လှောင်အိမ်ထဲမှာ ပိတ်ထားလိုက်”

လျိုရွှင်းက အမိန့်ပေးသည်။ သူသည် ယဲ့မိသားစုမှ ဤသားရဲနှစ်ကောင်အား မည်ကဲ့သို့ ယဉ်ပါးစေခဲ့သည်ကို ကိုယ်တိုင် ဆန်းစစ် ကြည့်ချင်သေးသည်။

သံနက်တပ်ဖွဲ့၏ လှုပ်ရှားမှုများသည် လျင်မြန်တိကျပြီး ပူးပေါင်း ဆောင်ရွက်နိုင်ခြင်းက ၎င်းတို့၏ အဓိက အားသာချက် ဖြစ်သည်။ ၎င်းတို့သည် တိုက်ပွဲ၏ အစောပိုင်းကာလတွင် ယဲ့မိသားစုထဲမှ အားအနည်းဆုံး ကျင့်ကြံသူများကို ဦးစွာရှင်းထုတ်ခဲ့ပြီး ယခုအခါ ကျန်ရှိသော ထျန်းချီအဆင့် ၉ ကျင့်ကြံသူများကို ဝိုင်းရံကာ တဖြည်းဖြည်းချင်း အနိုင်ယူလိုက်ရုံသာ လိုတော့သည်။

“လျိုရွှင်း နောက်ဆုံးမှာ ငါတစ်ယောက်တည်း ကျန်ခဲ့ရရင်တောင် မင်းကိုသတ်မယ်ကွ”

ယဲ့ချိန်ရွှမ်းက အော်ဟစ်သည်။ ယဲ့မိသားစုဝင်များ တစ်ယောက်ပြီးတစ်ယောက် လဲကျနေကြသည်ကို ကြည့်ကာ သူ့နှလုံးသားက မချိမဆံ့ နာကျင်လာသော်လည်း သံနက်တပ်ဖွဲ့ဘက်မှ အကျအဆုံးကား စာမဖွဲ့လောက်အောင် နည်းနေသေးသည်။ ယဲ့ချိန်ရွှမ်းသည် ထပ်မစောင့်နိုင်တော့ပဲ ခန္ဓာကိုယ်ထဲရှိ ထျန်းချီများအား နှိုးဆွလိုက်၏။

"ရမယ်ထင်ရင် ကြိုးစားကြည့်လေ”

လျိုရွှင်းသည် မျက်ခုံးတစ်ဖက်အား ပင့်လျက် ရေရွတ်သည်။

ယဲ့ချိန်ရွှမ်းထံမှ ပေါက်ကွဲထွက်လာသော ထျန်းချီအဆင့် ၁၀ စွမ်းအားများကို မြင်သော် လျိုရွှင်း အနည်းငယ်တော့ ထိတ်လန့်သွားသည်။ ကုန်လွန်ခဲ့သော ရက်များအတွင်း ယဲ့ချိန်ရွှမ်းသည် ထျန်းချီအဆင့် ၁၀ သို့ တက်နိုင်ခဲ့ဟန် ရသည်။ သူတို့နှစ်ဦးလုံးသည် ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူများ ဖြစ်ကြသည့်တိုင် လျိုရွှင်းတွင် ပို၍ခိုင်မာသော အခြေခံ ရှိသည်။ ယဲ့ချိန်ရွှမ်း သူ့ထံသို့ ခုန်ပျံလာကြောင်း မြင်ရသောအခါ လျိုရွှင်းသည် သံလက်သီးချက်ဖြင့် တန်ပြန်တိုက်ခိုက်၏။

“အချိန်ကောင်းပဲ”

ဘန်း ...

လျိုရွှင်း စီးနင်းထားသော မြင်းသည် တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသည့် ပြင်းအားကို ထိန်းမထားနိုင်ဘဲ လဲကျသွားရာ လျိုရွှင်းသည်လည်း မြင်းနှင့်အတူ ရုပ်ပျက်ဆင်းပျက် ပြိုလဲသွားရ၏။ တစ်ဖက်တွင် ယဲ့ချိန်ရွှမ်းသည် နောက်ဘက်သို့ ဦးခေါင်းဖြင့် လန်ကျသွားသည်။

ယဲ့မိသားစု၏ မိုးကြိုးလက်ဝါး ထျန်းချီကျင့်စဉ်က ထိုမျှအစွမ်းထက် နေလိမ့်မည်ဟု ဘယ်သူမှ ထင်မထားခဲ့ပေ။

လျိုခန်းသည် ဖြစ်ရပ်အလုံးစုံအား ဘေးမှ ရပ်ကြည့်နေခဲ့သည်။ ယဲ့မိသားစုဝင်များသည် သံနက်တပ်ဖွဲ့အား အပြင်းအထန် ခုခံနေကြပြီး အထူးသဖြင့် ယဲ့ကျန့်ထျန်းနှင့် ယဲ့ကျန့်လုံတို့အား သံနက် တပ်ဖွဲ့ဝင်များအဖို့ အနိုင် မယူနိုင်ကြသေးပဲ ရှိသည်။ လျိုခန်း တွေးမိသည်။ သူ၏သားဖြစ်သူ လျိုရွှင်းတစ်ယောက် ယဲ့မိသားစု အင်အား ကြီးထွားမလာခင် အပြတ်ရှင်းပစ်ရန် ကြံရွယ်နေခြင်းမှာ အံ့ဩစရာ မရှိတော့ပေ။

လျိုရွှင်းသည် ခြေတစ်ဖက်ကျိုးသွားသော ညဉ့်လေမြင်းပေါ်မှ ဖယ်ခွာလိုက်ကာ ရယ်လျက် ယဲ့ချိန်ရွှမ်းထံ ပြေးဝင်လာသည်။

ယဲ့ချိန်ရွှမ်းသည် လျိုရွှင်း၏ သေစေနိုင်သော ခြေကန်ချက်အား အာရုံခံမိ၍ အလျင်အမြန် လက်နှစ်ဖက်ဖြင့် ကာကွယ်ဟန့်တား လိုက်သော်ငြား သက်ရောက်မှုမှာ ပြင်းထန်လွန်းသည်။

ဘန်း ...

ယဲ့ချိန်ရွှမ်း၏ ထျန်းချီအကာအကွယ် ပျက်စီးသွားသည်။ သူသည်လည်း လေထဲသို့ လွင့်စဉ်ကာ အနောက်ဘက်ရှိ အုတ်နံရံနှင့် ဆောင့်မိသည်။ ခြေကန်ချက် တစ်ချက်တည်းနှင့် သူ၏ ထျန်းချီအကာအကွယ်မှာ ပျက်စီးသွားရကာ နောက်ထပ် ထျန်းချီများကို မလှည့်ပတ်နိုင်တော့ပေ။ သွေးများက နှုတ်ခမ်းထောင့်မှ စီးကျလာကာ ယဲ့ချိန်ရွှမ်း၏ အမြင်အာရုံမှာ ဝေဝါးလာတော့သည်။

လျိုရွှင်းသည် နောက်ထပ် လေလက်ဝါး ရိုက်ချက်များ ထုတ်လွှတ်လိုက်သည်။

ယဲ့ကျန့်ထျန်း၊ ယဲ့ကျန့်လုံနှင့် ကျန်လူများ အဝေးသို့ လွင့်ပျံထွက် သွားကြသည်။

ယဲ့ကျန့်ထျန်းသည် ခြေနှစ်ချောင်းဖြင့် မတ်မတ်ပြန်ရပ်နိုင်ရန် မနည်းရုန်းကန် နေရသည်။ သူ့ခန္ဓာကိုယ်ထဲရှိ ထျန်းချီများသည် ယိုယွင်းပုံပျက်ကာ အတွင်းအင်္ဂါများသို့ပင် ထိခိုက်သွားခဲ့သည်။ ထျန်းချီအဆင့် ၁၀ စဦးဆင့် ကျင့်ကြံသူ၏ အစွမ်းသည် ကြီးမားလှပြီး လေလက်ဝါးချက်များကပင် သူတို့အတွက် ထိခိုက်ဒဏ်ရာ ရစေဖို့ လုံလောက်နေသည်။

ယဲ့ကျန့်ထျန်း ပြန်ထလာသည့် အချိန်တွင်ပဲ သံနက် တပ်ဖွဲ့ဝင်များသည် သူ့အနီးသို့ ဝိုင်းရံလာကြကာ လှံတံများဖြင့် ထိုးလာကြ၏။ လှံသွားများသည် ယဲ့ကျန့်ထျန်း၏ ဝမ်းဗိုက်အတွင်း စိုက်ဝင်သွားကြသည်။

ယဲ့မိသားစု ရဲတိုက်အတွင်းရှိ အခြေအနေ အရပ်ရပ်မှာ ရှုပ်ယှက်ခတ် နေတော့သည်။

ကျောက်စိမ်း မျှော်စင်ထဲ၌ ယဲ့ချန်သည် သိမ်းငှက်နက်နှင့် လင်းတနီတို့ ဦးဆောင်ရာလမ်း အတိုင်း လိုက်ပါလာရင်း အဓိကဂိုဏ်းကြီး သုံးဂိုဏ်းမှ တပည့်များကိုလည်း ဝိညာဉ်အသိအမြင်ဖြင့် ထောက်လှမ်းနေခဲ့သည်။ ဒုတိယအလွှာတွင် ၂ ရက်ခန့် အချိန်ကုန်ပြီးနောက် သူတို့သည် ပထမအလွှာသို့ ပြန်နိုင်မည့်လမ်းအား ရှာတွေ့ခဲ့ကြသည်။ ပထမအလွှာသို့ ပြန်ရောက်သည်နှင့် ယဲ့ချန်သည် ထွက်ပေါက်အား ဦးစွာ ရှာဖွေခဲ့သည်။

လူတိုင်းသည် ကျောက်စိမ်း မျှော်စင်ထဲသို့ နှစ် ၅၀ နေမှ တစ်ကြိမ်သာ ဝင်ရောက်နိုင်ကြသည်။ ယဲ့ချန်ကမူ မတူပေ၊ သူ့တွင် အကြီးအကဲထျန်းယွမ်၏ ခွင့်ပြုချက်ရှိထားရာ ဆန္ဒရှိသည့် အချိန်တိုင်း လိုသလို ဝင်ထွက်သွားလာနိုင်သည်။ သို့ဖြစ်၍ လောစရာမလိုအပ်။

သူ အိမ်ကထွက်လာသည်မှာ အတော်လေး ကြာနေပြီဖြစ်ရာ ဘိုးဘိုးကြီး၊ အဖေနှင့် မိသားစုဝင်များအားလုံး လွမ်းနေကြလောက်လေပြီ။

ယခုတွင် ယဲ့ချန်သည် ထျန်းချီအဆင့် ၁၀ သို့ တက်လှမ်းခဲ့ပြီးသည့် အပြင် သားရဲများစွာကိုလည်း ယဉ်ပါးနိုင်ခဲ့သည်။ နောင်တစ်ကြိမ် ချိုးယင်းနှင့် ထပ်ဆုံတွေ့ပါက သူ လွယ်လွယ်နှင့် လွှတ်ပေးလိမ့်မည် မဟုတ်။ ကောင်းကောင်း ရိုက်နှက်၍ ပညာပေးရပေမည်။

***

All Chapters