မျက်နှာပျက်ကာ အရှက်ရခြင်း
Vol. 9 Ch. 116
ယဲ့ချန်သည် ရဲတိုက်မှထွက်ခွာ လာခဲ့သည်မှာ ၁၀ ရက်မျှသာ ရှိဦးမည်ဟု ထင်နေခဲ့သော်လည်း တကယ်တမ်းတွင် တစ်လခွဲကျော် ကြာမြင့်ခဲ့သည်။
ကျောက်စိမ်းမျှော်စင်၊ ပထမအလွှာသည် ကျောက်တုံးများ၊ သစ်ပင်မာများ၊ ကန့်သတ်ထားသော ဧရိယာများဖြင့် ပြည့်နှက်နေသည်။ အချို့သော ကန့်သတ်ဧရိယာများ ဘေးတွင် ဖြတ်သန်းသွားလာရန် လမ်းကျဉ်းလေးများ ပါရှိသည်။ ယဲ့ချန်သည် ဝိညာဉ်အသိအမြင်၏ နောက်ကြောင်းပြန် ခြေရာခံနိုင်သော စွမ်းအင်ဖြင့် ထွက်ပေါက်အား စတင် ရှာဖွေသည်။
လမ်းတလျှောက်တွင် သူသည် မရေမတွက်နိုင်သော အလောင်းပင်လယ်ကြီးကို ဖြတ်သန်းခဲ့ရပြီး ကျော်ဖြတ်သွားလာရန် မြေကြီးအစွန်းလေးကို မြင်ရရုံသာ ရှိသည်။ လူသားများသည် စည်းစိမ်ဥစ္စာကြောင့် သေကျေပျက်စီးရပြီး သားရဲများကတော့ အစားအစာကြောင့် သေကျေပျက်စီး ရတတ်သည် ဟူသော ဆိုရိုးစကား အတိုင်းပါပင်။ ကျောက်စိမ်းမျှော်စင်ထဲသို့ ဝင်ရောက်ခဲ့ကြသော ကျင့်ကြံသူအများစုသည် သေလျှင်သေ၊ မသေလျှင်လည်း လက်ဗလာဖြင့် ပြန်ထွက်သွားကြ ရတာက များသည်။ အဖိုးတန်ရတနာ တစ်ခုခုကို လက်ဆုပ်လက်ကိုင် ရရှိနိုင်ရန် အခွင့်အရေးမှာ တော်တော်လေးကို နည်းပါးလွန်းတာ ဖြစ်သည်။
ယဲ့ချန် ကျောက်စိမ်းမျှော်စင်၏ အပြင်ဘက်သို့ ပြန်ထွက်နိုင်ခဲ့ချိန်တွင် အချိန် ၃ ရက် ထပ်မံ ကုန်ဆုံးခဲ့လေပြီ။ ရဲတိုက်သို့ ပြန်ရောက်နိုင်ရန် နောက်ထပ် ရက်အနည်းငယ် အချိန်ယူရပေဦးမည်။
မိစ္ဆာဝိညာဉ်များ၊ နတ်ဆိုးများနှင့် ဝေးရာ၊ ညစ်နွမ်းသော မြေအောက်လောက၏ အထက်သို့ ပြန်လည်ရောက်ရှိ လာခဲ့သဖြင့် ယဲ့ချန်သည် လတ်ဆတ်သော သဘာဝလေအား တစ်ဝကြီး ရှူရှိုက်လိုက်မိသည်။
ထို့နောက်တွင် ယဲ့ချန်သည် စတင်၍ အိမ်အား လွမ်းဆွတ်လာသယောင် ခံစားလိုက်ရသည်။
ဘိုးဘိုးကြီး၊ အဖေ၊ လော့အာ၊ အစ်ကိုကြီး၊ အစ်ကိုလတ်၊ ဒုတိယဦးလေး၊ တတိယဦးလေးနှင့် အခြားလူများကိုလည်း သူ သတိရပေသည်။
"ငါ ... ယဲ့ချန် အိမ်ပြန်လာပြီ"
ယဲ့ချန်သည် ပြုံးရွှင်နှစ်ခြိုက်စွာဖြင့် ရေရွတ်ရင်း သည်တစ်ကြိမ်ခရီးတွင် ရရှိခဲ့သော အကျိုးအမြတ်တို့အား မိသားစုဝင်များထံ ခွဲဝေပေးရန် မစောင့်နိုင်တော့ပေ။
အမွေးပွလေးသည်လည်း နှုတ်ခမ်းလေးများ တွန့်ကွေးလျက် ယဲ့ချန်နည်းတူ ပျော်ရွှင်နေဟန် ရသည်။ သို့သော် တစ်ခဏအကြာ၌ အမွေးပွလေး၏ အမူအရာမှာ ရုတ်ခြည်း မှိုင်းပျသွားရသည်။ ယဲ့ချန်တွင် ပြန်စရာအိမ် ရှိနေသော်လည်း သူ့တွင်တော့ ရှိမနေတော့သည်ကို သတိရသွားခြင်းကြောင့် ဖြစ်ပေသည်။
"ဝမ်းမနည်းပါနဲ့ ... အခုကစပြီး ယဲ့မိသားစုရဲတိုက်က မင်းရဲ့အိမ်ပဲ"
ယဲ့ချန်၏ စိတ်ခံစားမှုသည် အမွေးပွလေးနှင့် တစ်နည်းနည်းဖြင့် ဆက်စပ်နေရာ သူသည် အကောင်ပေါက်လေး ဝမ်းမနည်းရစေရန် နှစ်သိမ့်ပေးမိသည်။
"ကွိ ... ကွိ ..."
အမွေးပွလေးသည် ဝမ်းပန်းတသာ လက်ခံဟန်ဖြင့် အသံပြုလာသည်။
တစ်ခဏ ကြာပြီးနောက် နှင်းကျားသစ်၊ လူဝံဖြူနှင့် ရွှေနီရောင် အမဲလိုက်ခွေးတို့လည်း ထွက်ပေါ်လာကြသည်။ သိမ်းငှက်နက်နှင့် လင်းတနီတို့ကမူ ကောင်းကင်တွင် စက်ဝိုင်းသဏ္ဌာန် ပတ်ကာ ပျံသန်းနေကြသည်။
ထျန်းချီအဆင့် ၁၀ မှော်သားရဲများ ခြံရံလျက်ရှိစဉ် ယဲ့ချန်သည် သူကိုယ်တိုင်လည်း ထျန်းချီအဆင့် ၁၀ သို့ တက်လှမ်းနိုင်ခဲ့ကြောင်း အမှတ်ရသွားရသည်။ ပျော်ရွှင်မှု တစ်စွန်းတစ်စက ယဲ့ချန်မျက်လုံးများထဲ တစ်ချက် ဖြတ်ပြေးသွားသည်။ သူ အိမ်ပြန်ရောက်ပြီးနောက် ယဲ့မိသားစုသည် တုန်းလင်ပြည်နယ်၌ လွှမ်းမိုးနိုင်တော့ပေမည်။ ယဲ့မိသားစုအား ဆန့်ကျင်လာမည့် ဘယ်သူ့ကိုမဆို သူကိုယ်တိုင် ရှင်းပစ်မှာ ဖြစ်သည်။
တုန်းလင်ပြည်နယ်ထဲရှိ မိသားစုတိုင်းသည် အဆင့် ၁၀ သားရဲများဖြစ်သော နှင်းကျားသစ်၊ လူဝံဖြူ၊ ရွှေနီရောင် အမဲလိုက်ခွေး၊ သိမ်းငှက်နက်နှင့် လင်းတနီတို့အား တွေ့လိုက်ရသည်နှင့် အသိစိတ် ကင်းလွတ်လုနီးနီး ထိတ်လန့်သွားကြမှာ သေချာသည်။
ယဲ့ချန် အတွေးကမ္ဘာလေးထဲ ကျရောက်နေစဉ် အမည်းရောင် အရိပ်တစ်ရိပ်သည် သူ့ထံသို့ လျင်မြန်စွာ ပြေးလာနေသည်။ ယဲ့ချန် သတိပြုမိသွားပြီး ဝိညာဉ် အသိအမြင်ဖြင့် စစ်ဆေးကြည့် လိုက်သည်တွင် သူ ပြုံးမိသွား၏။ ထိုအရိပ်မှာ တခြားမဟုတ်၊ ကြောင်နက် ဖြစ်သည်။
ယဲ့ချန် ကျောက်စိမ်းမျှော်စင်အတွင်း ဝင်သွားကတည်းက ကြောင်နက်သည် ဝင်ပေါက်အနီးနားတွင် ပုန်းအောင်းရင်း ဒဏ်ရာများကို ကုစားကာ ယဲ့ချန် ပြန်အလာကို စောင့်ဆိုင်းနေခဲ့သည်။
မတိုင်မီက ကြုံတွေ့ခဲ့ရသော တိုက်ပွဲအတွေ့အကြုံနှင့် ယဲ့ချန် ကျွေးထားသော ဝိညာဉ်ဆေးလုံး၏ အစွမ်းတို့ ပေါင်းစပ်ကာ ကြောင်နက် အဆင့်တက်နိုင်ခဲ့သည်။ ယခုဆိုလျှင် ၎င်း၏ စွမ်းအားမှာ ချိုးယင်းနှင့်ပင် တန်းတူရှိနေလေပြီ။
ဘိုးဘိုးကြီးနှင့် အဖေတို့သာ ဤမှော်သားရဲ အုပ်စုကို မြင်တွေ့ရပါက စိတ်လှုပ်ရှားသွားကြမှာ သေချာသည်။ နောက်ပိုင်းတွင် ယဲ့မိသားစုအား ဘယ်သူမှ လာရှုပ်ရဲတော့မည် မဟုတ်ပေ။
လမ်းတစ်လျှောက်၌ လူသားကျင့်ကြံသူများနှင့် သားရဲများသည် အဆင့် ၁၀ မှော်သားရဲများ ခြံရံထားသော ယဲ့ချန်အား အံ့ဩတကြီးဖြင့် ဝိုင်းကြည့်နေကြသည်။ အဓိကဂိုဏ်းကြီး သုံးဂိုဏ်းမှလွဲ၍ ဘယ်သူမှ ယဲ့ချန်အား လာမရှုပ်ရဲကြချေ။
ယဲ့ချန်သည် သွားနေရင်းဖြင့် မသိစိတ်ကြောင့် အရှိန်အား တဖြည်းဖြည်း မြှင့်တင်နေမိသည်။ သူ့တွင် အတောင်ပံ တစ်စုံသာ ရှိပါက ယဲ့မိသားစုရဲတိုက်သို့ အလျင်မြန်ဆုံးနှုန်းဖြင့် ပျံသန်းသွားလိုမိသည်။
ယဲ့မိသားစု ရဲတိုက်၌ ... ။
ယဲ့မိသားစု ရဲတိုက်သည် လုံးလုံးလျားလျားကို ဖျက်ဆီးခံလိုက်ရပြီး နေရာအနှံ့၌ အုပ်စုဖွဲ့ သွားလာနေကြသော သံနက် တပ်ဖွဲ့ဝင်များကို မြင်နိုင်သည်။ ရဲတိုက် အပြင်ဘက်၌ ကျွင်းဝမ်နန်းတော်၏ ကြီးမားသောတပ်စု တစ်စုကလည်း ခံတပ်သဖွယ် စောင့်ကြပ်လျက်ရှိသည်။
အတွင်းဘက်ရှိ စင်မြင့်ထက်တွင် ယဲ့ချိန်ရွှမ်း၊ ယဲ့ကျန့်ထျန်းနှင့် ကျန်လူများသည် လက်ထိပ်များ၊ သံခြေချင်းများဖြင့် ချုပ်နှောင်ခံထားရ သည်။ ပခုံးညှပ်ရိုး နှစ်ဖက်ရှိ အကြောများကိုလည်း သံချောင်းဖြင့် ရိုက်သွင်းကာ ပိတ်ဆို့ခံထား ရသောကြောင့် ထျန်းချီကိုလည်း အသုံးမပြုနိုင်ကြပေ။ ၎င်းတို့၏ အနေအထားမှာ မြင်ရရုံနှင့်တင် သွေးအလိမ်းလိမ်းဖြင့် တစ်ကိုယ်လုံး ပွန်းပဲ့နေလျက် စိတ်ဓာတ်ကျဆင်းဖွယ် ဖြစ်သကဲ့သို့ အကူအညီ မဲ့နေကြပုံလည်း ပေါ်ပေသည်။ ထိုအချိန်တွင် ယဲ့ဖုန်း၊ ယဲ့မူ၊ ယဲ့မုန့်တို့ကဲ့သို့ မိသားစုထဲတွင် အတန်ငယ် ရာထူးနိမ့်သူများသည် ခြေလက်များ၌ သံကြိုးများဖြင့် ချည်နှောင်လျက်သား အတိုင်း အကျဉ်းသား အုပ်စုထဲတွင် ရှိနေကြသည်။
တိုက်ပွဲ ပြီးဆုံးခဲ့သည်မှာ ရက်အနည်းငယ် ကြာလေပြီ။ ယဲ့မိသားစုဝင်များအား မသေရုံတမယ် အစားအစာနှင့် ရေ အနည်းငယ်စီ ကျွေးထားရန် လျိုရွှင်းက သူ့လူများကို အမိန့်ပေးထားသည်။
ရက်များသာ တရွေ့ရွေ့ ကုန်ဆုံးလာသည်။ မည်သည့် အစွမ်းထက် ပုဂ္ဂိုလ်ကြီးမှ ထွက်ပေါ်မလာခဲ့။
“ထစမ်း ... အရှင်မင်းသား လာနေတယ်။ ငါ မင်းကို ထလို့ပြောနေတယ် လူအိုကြီး”
ယဲ့ချိန်ရွှမ်းနောက်၌ ရပ်နေသော သံနက် တပ်ဖွဲ့ဝင်သည် ယဲ့ချိန်ရွှမ်းအား ကန့်ထည့်လိုက်ကာ ပြောသည်။
ယဲ့ချိန်ရွှမ်း ဒေါသ ထွက်သွားရပြီး ထိုလူအား ခက်ထန်စွာ မော့ကြည့်သည်။
“သောက်အဘိုးကြီး။ ကျွင်းဝမ်နန်းတော်ရဲ့ အမှုထမ်းကိုများ ခင်ဗျားက မကျေမနပ် ဖြစ်ရဲတယ်ပေါ့။ ခင်ဗျားကို မှတ်လောက် သားလောက်အောင် ထပ်ကန်မယ်”
သံနက်တပ်ဖွဲ့ဝင်သည် နှုတ်ကလည်း ထိုသို့ရေရွတ်ရင်းဖြင့် ယဲ့ချိန်ရွှမ်းအား လဲကျသည်အထိ ထပ်ကာထပ်ကာ ကန်နေတော့သည်။
ကန်ချက်များသည် ညှပ်ရိုးနှစ်ဖက်ရှိ ရိုက်သွင်းထားသော သံချောင်းများကို ထိမိလေရာ အလွန်နာကျင်မှုကို ဖြစ်ပေါ်စေသည်။ နာကျင်ရလွန်း၍ ယဲ့ချိန်ရွှမ်း၏ မျက်နှာ တစ်ပြင်လုံးတွင် ချွေးအေးများ စီးကျလာကြသည်။ သို့သော် ယဲ့ချိန်ရွှမ်းသည် ညည်းညူသံ တစ်သံမျှပင် ထွက်လာခွင့်မပြုဘဲ နာကျင်မှုအား တောင့်ခံထား၏။
“ဦးလေး ...”
“ဦးလေး ...”
ယဲ့ကျန့်ထျန်းတို့ထံမှ စိုးရိမ်တကြီး ခေါ်သံများ ထွက်ပေါ်လာသည်။
“ချီးပဲ မင်းတို့အားလုံးကို သတ်မယ်”
သံနက်တပ်ဖွဲ့ဝင် တစ်ယောက်သည် ထအော်လိုက်သော ယဲ့မုန့်၏ မျက်နှာအား ရိုက်ချလိုက်သည်။ ခံတွင်း တစ်ခုလုံး၌ သွေးတို့ဖြင့် ပြည့်နှက်သွားပြီး ဒေါသမွှန်နေသော သားရဲရိုင်း တစ်ကောင်ကဲ့သို့ ယဲ့မုန့်သည် ထိုသံနက် တပ်ဖွဲ့ဝင်အား ပြန်မော့ကြည့်သည်။
နောက်ထပ် သံနက်တပ်ဖွဲ့ဝင်သည် ယဲ့ကျန့်လုံအား ကန်လိုက်ပြန်သည်။ ထို့နောက် တစ်စုံတစ်ရာကို ခံစားမိ၍ နောက်ဘက်သို့ လှည့်ကြည့်မိရာ ယဲ့မုန့်၏ ဝါးစားမတတ် ကြောက်မက်ဖွယ် အကြည့်ကြောင့် ထိတ်လန့်ကာ ခြေတစ်လှမ်း ဆုတ်မိသွားရသည်။
ပြီးမှ သတိပြန်ဝင်လာပြီး ကျိန်ဆဲတော့၏။
“ငါက စစ်မြေပြင်မှာ မရေမတွက်နိုင်တဲ့ လူတွေကို သတ်ခဲ့ပြီးပြီ။ မင်းလို ကလေးတစ်ယောက်ကို သတ်ဖို့ စနိုးစနောင့်ဖြစ်ပြီး နှစ်ခါပြန် စဉ်းစားနေစရာတောင် မလိုဘူးကွ။ နားလည်လား”
သံနက်တပ်ဖွဲ့ဝင်များသည် ယဲ့မုန့်အား ဝိုင်းဝန်းကန်ကျောက် ကြသည်။ ၎င်းတို့သည် အလွန် မောက်မာသော စိတ်သဘောထား ရှိသော်လည်း ယဲ့မိသားစုဝင် တစ်ယောက်ကိုမျှ မသတ်ရန် ဒုတိယမင်းသားက အထူး မှာကြားထားသည်။ ထို့ကြောင့် ၎င်းတို့၏ ကန်ချက်များထဲ၌ ထျန်းချီစွမ်းအင်ကို မထည့်ရဲကြဘဲ ခန္ဓာကိုယ်ခွန်အား သက်သက်ဖြင့်သာ ကန်နိုင်ကြသည်။
“ဒီယဲ့မိသားစုဝင်တွေ အကုန်လုံးက အကြောက်တရားကို နားမလည်တဲ့ အရူးတစ်စု သာသာပါပဲ”
သံနက် တပ်ဖွဲ့ဝင်များသည် ထွက်ခွာမသွားခင် လှောင်ပြောင်သွားခဲ့သေးသည်။
တစ်ခဏကြာသော် လျိုခန်း၊ လျိုရွှင်းနှင့် လူတစ်စု လျှောက်လာကြသည်။ လူအရေအတွက် ၁၀ ယောက်ကျော်ခန့် ရှိသည်။ ထိုလူများသည် ယဲ့မိသားစုဝင်များကို ကြည့်ကာ အနည်းငယ်သော စိတ်မကောင်းဖြစ်မှုကို ခံစားမိကြသည်။
“အရှင်မင်းသား ... ဘယ်လိုပဲ နှိပ်စက်ပြီး အပြစ်ပေးပါစေ၊ ယဲ့မိသားစုဝင်တွေရဲ့ သဘောထားက မပြောင်းလဲဘူး”
သံနက် တပ်ဖွဲ့ဝင်များသည် လျိုရွှင်းအား အစီရင်ခံကြသည်။
“သုံးစားမရတဲ့ အမှိုက်တွေ။ ဒီလောက်ရိုးရှင်းတဲ့ တာဝန်ကိုတောင် ဖြစ်မြောက်အောင် မလုပ်နိုင်ကြဘူး”
လျိုရွှင်းသည် ထိုသံနက် တပ်ဖွဲ့ဝင်များ၏ မျက်နှာတို့အား ရိုက်ချလိုက်ရာ တစ်ယောက်ပြီးတစ်ယောက် လွင့်ထွက်သွားကြသည်။
နေ့ရက်များက ဆက်၍သာ ကုန်ဆုံးနေသည်။ မည်မျှပင် နှိပ်စက်ညှဉ်းပန်းပါစေ၊ ယဲ့မိသားစုဝင် တစ်ယောက်တလေကမျှ အညံ့ခံလာခြင်း မရှိပေ။ အစောပိုင်းက လျိုရွှင်းသည် ယဲ့မိသားစုဝင်များထဲမှ တစ်ယောက်အား အတင်းအကျပ် ဆေးလုံး တိုက်ကျွေးခဲ့သော်လည်း ဆေးလုံး လည်ချောင်းအတွင်းသို့ ဝင်သွားသည်နှင့် ထိုလူသည် နံရံကို ခေါင်းဖြင့်ဆောင့်ကာ အဆုံးစီရင် သွားခဲ့သည်။ အဆုံးတွင်တော့ လျိုရွှင်း လက်လျှော့လိုက်ရသည်။ ဆေးလုံးကို အတင်းအကျပ် သောက်စေပါက ယဲ့မိသားစုဝင်များသည် အသက်ကိုသာ အသေခံသွားကြမည့်ပုံ ပေါ်သည်။ ထို့ကြောင့် လျိုရွှင်းသည် ထိုပြဿနာအား ပြေလည်စေရန် နောက်ထပ်နည်းလမ်း တစ်ခုကို စဉ်းစားနေရသည်။
အခြေအနေတွေက ယခုလောက်ထိ ဆိုးရွားနေသည့်တိုင် ယဲ့မိသားစု နောက်ကွယ်ရှိ အစွမ်းထက် ပုဂ္ဂိုလ်ကြီးကား ပေါ်မလာသေး။ သို့သော် လျိုရွှင်းသည် ယဲ့မိသားစုအား အပြီးတိုင် ချေမှုန်းပစ်ရန် အထိတော့ မလုပ်ရဲသေးပေ။ ထို့အစား သူသည် ယဲ့မိသားစု၊ ရတနာတိုက်အား အိတ်သွန်ဖာမှောက် မွှေနှောက်ကာ ကျင့်စဉ်ကျမ်းများ၊ မှတ်တမ်းများကို စစ်ဆေးခဲ့သည်။ ပို၍ စစ်ဆေးမိလေလေ၊ လျိုရွှင်းသည် ပို၍ တုံ့ဆိုင်းလာမိ လေလေပါပင်။ လွန်ခဲ့သောနှစ် ၁၀၀၀ ကျော်က ယဲ့မိသားစုသည် အလွန်ကြီးမားသော အစွမ်းထက် ကျင့်ကြံသူများဖြင့် ပြည့်နှက်နေသည့် မိသားစုကြီး ဖြစ်ခဲ့သည်။ ယခုအခါ ဂုဏ်သရေကျဆင်း သွားသော်ငြား ယဲ့မိသားစု၏ အခွဲများ၊ ဂိုဏ်းများသည် ဗဟိုအင်ပါယာတွင် ရှိနေသေးကြောင်း တွေ့ရသည်။
ယဲ့ချန်၏ ပျက်စီးနေသော အဓိကသွေးကြောမများ ပြန်ကောင်းလာခြင်း၊ အဆင့်မြင့် သိုင်းပညာရပ်များကို လေ့ကျင့်နိုင်ခြင်းအပြင် သားရဲများကို ယဉ်ပါးစေ နိုင်ခြင်းတို့ကြောင့် ယဲ့မိသားစု နောက်ကွယ်၌ အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး ရှိနေသည်မှာ ဖြစ်နိုင်ချေရှိသည်။
ယဲ့မိသားစု၏ ကျင့်စဉ်များကိုမူ လျိုရွှင်းသည် အားနည်းသော ကျင့်စဉ်များဟု ယူဆကာ စိတ်ဝင်စားခြင်း မရှိပေ။
အရာအားလုံးကို ဆက်စပ် တွေးတောပြီးနောက် လျိုရွှင်းသည် တွင်းနက်နက် တစ်ခုထဲသို့ ပြုတ်ကျသွားသည့်နှယ် ခံစားနေရပြီး ကြောက်ရွံ့စိတ်ကြောင့် တွန့်ဆုတ်နေမိသည်။ ပြဿနာအလုံးစုံအား ဖြေရှင်းရန် တစ်ခုတည်းသော နည်းလမ်းမှာ ယဲ့မိသားစုဝင်များအား ဆေးလုံးတိုက်ပြီး သူ့ထိန်းချုပ်မှုအောက်သို့ ရောက်စေခြင်း ဖြစ်သည်။ သို့ဆိုလျှင် အစွမ်းထက်ပုဂ္ဂိုလ်ကြီး ရောက်လာလျှင်တောင် ဘာမှ လုပ်နိုင်တော့မည်မဟုတ်။
“ငါ မင်းတို့ကို ကောင်းကောင်းအကြံပေးဖို့ ကြိုးစားခဲ့ပြီးပြီ။ ဒါတောင် မင်းတို့က ခေါင်းမာချင်နေတုန်း။ နောက်မှ ငါ့ကို အညှာအတာမဲ့တယ်လို့ အပြစ်မတင်နဲ့”
လျိုရွှင်းသည် ယဲ့မိသားစုဝင်များ၏ အပြုအမူတို့ကြောင့် ဒေါကန်ကာ ဆိုသည်။
ယဲ့ကျန့်ထျန်းသည် ရွံရှာဟန်ဖြင့် ထွီခနဲ တံတွေးထွေးသည်။ တံတွေးထဲတွင် သွေးစများက ကပ်ပါလာသည်။
“မင်း ကြိုက်သလို ဆက်နှိပ်စက်လုပ်လို့ ရတယ် လျိုရွှင်း။ မျက်မှောင်တစ်ချက် ကြုတ်မိရင်တောင် ငါ ယဲ့ကျန့်ထျန်းက ငကြောက်ပါလို့ ဝန်ခံလိုက်မယ်”
"ဆက်လုပ်လေ ... ဆန္ဒရှိရင် ငါတို့ကို သတ်လိုက်လို့လည်း ရတယ်။ ယဲ့မိသားစုကတော့ ဘယ်တော့မှ အညံ့ခံဦးညွှတ်မှာ မဟုတ်ဘူး”
ယဲ့ချိန်ရွှမ်းက ဆိုသည်။
အမှန်တကယ်လည်း ယဲ့ချိန်ရွှမ်းတို့သည် ဘာကိုမှ မကြောက်ကြ၊ ယဲ့ချန်အတွက် စိတ်ပူနေမိတာ တစ်ခုပဲ ရှိသည်။ သူတို့သည် တိတ်တဆိတ်ဖြင့် ယဲ့ချန် ယဲ့မိသားစုရဲတိုက်သို့ ဘယ်တော့မှ ပြန်မလာရန် ဆန္ဒပြုမိကြသည်။ ဤနေရာသို့ ပြန်မလာသ၍ အပြင်လောကတွင် ယဲ့ချန် အချိန်အတိုင်းအတာ တစ်ခုထိ လုံခြုံနိုင်မည်ဟု သူတို့က မျှော်လင့်ချက် ရေးရေးလေး ထားမိကြသည်။
“သိပ်ကောင်းတယ် ... ငါ့ကို ခြိမ်းခြောက်ဝံ့တယ်ပေါ့”
လျိုရွှင်း၏ မျက်နှာထက်၌ နတ်ဆိုးဆန်လှသော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
“ယဲ့ချိန်ရွှမ်း မင်းကတော့ အိုနေပြီမို့ သေချိန်ရောက်နေပြီပဲ ထားပါတော့။ ယဲ့မိသားစုရဲ့ လူငယ်မျိုးဆက် အတွက်ရော မတွေးမိဘူးလား။ သူတို့မှာ တောက်ပတဲ့ အနာဂတ်လေးတွေ ရှိနေပါလျက်နဲ့ မင်းက သူတို့ကို ဒီကိစ္စထဲ ပါဝင်ပတ်သက် စေရက်တယ်ပေါ့”
"ယဲ့မိသားစုရဲ့ သားတွေအနေနဲ့ ငါတို့က နောင်တမရှိဘဲ ဝမ်းမြောက်ဝမ်းသာ သေပေးနိုင်တယ်။ ငါတို့ကို အသုံးချပြီး ဘိုးဘိုးကြီးကို ခြိမ်းခြောက်ဖို့ မစဉ်းစားနဲ့”
ယဲ့ဖုန်းသည် ယတိပြတ် ဆုံးဖြတ်ပြီးသော လေသံဖြင့် ဆိုသည်။
ယဲ့မူ၊ ယဲ့မုန့်နှင့် ကျန်လူငယ်လေးများသည် ခန္ဓာကိုယ်ထဲတွင် သူသေကိုယ်သေ တိုက်ခိုက်လိုက်ချင်စိတ်များ ယခုထက်ထိ တောက်လောင်နေသေးဆဲ ဖြစ်သည်။
ဖရိုဖရဲဖြစ်နေသော လောကကြီးတွင် သားရဲများက ဆူပူထကြွနေပြီး သေဆုံးမှုများကလည်း နေ့စဉ်နေ့တိုင်း နေရာအနှံ့တွင် ရှိနေသည်။ ရက်စက်သော လောကကြီး၏ အမှန်တရားများကို သိမြင်နားလည်ပြီးနောက် လူငယ်လေးများ၏ နှလုံးသားတို့သည် မာကျောသွားခဲ့ပြီး ဖြစ်ကာ သေခြင်းတရားအား အနည်းငယ်မျှပင် မကြောက်ရွံ့တော့ပေ။
“ဟမ့် ... မင်းက ငါ့ကို တွန်းအားပေးစေချင်နေတာလား ယဲ့ချိန်ရွှမ်း”
လျိုရွှင်းသည် ထိန်းမနိုင်သိမ်းမရ ဒေါသထွက်လာရပြီး အော်ခေါ်၏။
“အစောင့်တွေ”
“အမိန့်ရှိပါ အရှင်မင်းသား”
သံနက်တပ်ဖွဲ့ဝင်တစ်စု ချက်ချင်း ရောက်ရှိလာသည်။
“သူတို့ကို တိုင်မှာချည်လိုက်”
လျိုရွှင်း၏ အမူအရာသည် အလွန် ရက်စက်ပြင်းထန် နေခဲ့သည်။
“ဘယ်လောက်ထိ တောင့်ခံနိုင်မလဲဆိုတာ ငါ ကြည့်နေဦးမယ်”
သံနက်တပ်ဖွဲ့ဝင်များသည် ယဲ့ဖုန်း၊ ယဲ့မူနှင့် ယဲ့မုန့်တို့အား ဆွဲခေါ်ကာ သစ်သားတိုင်များ၌ သံကြိုးဖြင့် ကပ်ချည်လိုက်ကြသည်။
“ကောင်းကောင်းလေး ရိုက်ပေးလိုက်”
လျိုရွှင်းက အမိန့်ပေးသည်။
“လျိုရွှင်း မင်း သတ္တိရှိရင် ဘာလို့ ငါတို့ကို လာမရိုက်တာလဲ ... ဟမ်။ သူတို့က ကလေးတွေပဲ ရှိသေးတယ်ကွ”
ယဲ့ကျန့်ထျန်းနှင့် ယဲ့ကျန့်လုံတို့သည် မကျေမချမ်း အော်ဟစ်ရင်း မတ်တတ်ထရပ်ရန် ကြိုးပမ်းကြသော်ငြား သံနက်တပ်ဖွဲ့ဝင်တို့က နောက်ဘက်မှ ကန်ချလိုက်ရာ ထမလာနိုင်ကြဘဲ ရှိနေသည်။
“ဟမ့် ... မင်းတို့ပဲ အခုလိုဖြစ်စေချင်တာ မဟုတ်ဘူးလား။ နောက်မကျခင် ငါပေးတဲ့ဆေးလုံးကို သောက်မယ်ဆိုရင် ပြန်လွှတ်ပေးမယ်။ မဟုတ်လို့ကတော့ ဒီနှိပ်စက်မှုက အစပဲ ရှိသေးတယ်လို့မှတ်လိုက်”
လျိုရွှင်းသည် သတ်ဖြတ်လိုစိတ်များ ကိန်းဝပ်နေသော အမူအရာဖြင့် ဆိုသည်။ သူ့မျက်လုံးများမှာ မကောင်းသော အကြံအစည်တို့ဖြင့် မည်းနက်နေခဲ့၏။ စစ်ပွဲပေါင်းများစွာ ဆင်နွှဲခဲ့သော အတွေ့အကြုံတို့အရ လျိုရွှင်း၏ နှလုံးသားမှာ မာကျောခဲ့ပြီး ဖြစ်သည်။ အခြေအနေများက ယခုထိ ရောက်လာပြီးမှတော့ သူ့အဖို့ နောက်ပြန်ဆုတ်ရန် မဖြစ်နိုင်တော့ပါချေ။
ယဲ့ဖုန်းနှင့် အခြားသောလူငယ် အယောက် ၃၀ သည် သစ်သားတိုင်များတွင် အစဉ်လိုက် ချည်နှောင်ခံထားရသည်။ ဘေးဘက်၌ရပ်နေသော သံနက်တပ်ဖွဲ့ဝင် တစ်ယောက်သည် ဆူးချွန်လေးများ နှစ်မြှုပ်ထားသည့် ကျာပွတ်တစ်ချောင်းအား ထုတ်ယူလိုက်၏။
ထိုလူသည် ကျာပွတ်ဖြင့် အနီးဆုံးတွင်ရှိနေသော ယဲ့မုန့်၏ ရင်ဘတ်အား ရိုက်ချလိုက်ရာ သွေးစများ ဖွာခနဲ လွင့်စဉ်လာသည်။
ယဲ့မုန့်သည် နာကျင်လွန်း လှသော်လည်း မအော်မိစေရန် ထိန်းချုပ်ထား၏။ အံကြိတ်ထားရသောကြောင့် သူ၏ ပါးနှစ်ဖက်၌ပင် သွေးကြောများ ထင်းထင်းကြီး ပေါ်လာကြသည်။ ကျာပွတ်ရိုက်ချက်သည် သာမန်လူ တစ်ယောက်အား သတိလစ်မေ့မြော သွားလောက်အောင် အားပြင်းသော်လည်း ယဲ့မုန့်သည် နေ့စဉ်ရက်ဆက် ပြင်းထန်သော လေ့ကျင့်မှုများကို ပြုလုပ်ခဲ့သူဖြစ်၍ ယခုထက်ထိ သတိရှိနေသေးခြင်း ဖြစ်သည်။
နောက်ထပ် ကျာပွတ်ရိုက်ချက် ကျရောက်လာသောအခါ ယဲ့မုန့်သည် ကိုယ့်ကိုယ်ကိုယ် အတတ်နိုင်ဆုံး ထိန်းချုပ်ကာ ခံယူခဲ့သည်။
ယဲ့မုန့်၏ အမြင်အာရုံမှာ ဝေဝါးစပြုလာကာ သတိလက်လွတ် ဖြစ်သွားလုနီးနီး ... ။
ရွှပ် ... ရွှပ် ... ရွှပ် ...
ကျာပွတ်သည် လေထဲတွင် အဆက်မပြတ် လူးလွန့်လှုပ်ရှား သွားခဲ့ကာ ယဲ့မုန့်နှင့် ကျန်သော လူငယ်လေးများ၏ အဝတ်အစားများ၌ သွေးအလိမ်းလိမ်း ဖြစ်လို့လာတော့သည်။
***