ယဲ့ချန်ရဲ့ အိမ်အပြန်ခရီး
Vol. 9 Ch. 117
ယဲ့ချိန်ရွှမ်း၊ ယဲ့ကျန့်ထျန်းနှင့် ကျန်လူများသည် မတ်တတ်ထရပ်နိုင်ရန် မကြာခဏ ကြိုးစားကြသော်လည်း သံနက်တပ်ဖွဲ့ဝင်များ၏ ကန်ချမှုကြောင့် နောက်သို့သာ ပြန်လဲကျနေကြသည်။
“လျိုရွှင်း ငါသေရင်တောင် မင်းကို အလွတ်မပေးဘူး”
ဒေါသနှင့် ဝမ်းနည်းမှုတို့ ပေါင်းစပ်ကာ ယဲ့ကျန့်ထျန်းသည် အော်လေတော့သည်။
ကြည့်နေရင်းဖြင့် လျိုခန်း အတန်ငယ် တုန်ယင်လာရသည်။ သူသည် များသောအားဖြင့် နေ့ရက်တိုင်းအား သက်သောင့်သက်သာ ပျော်ပျော်ရွှင်ရွှင်သာ ကျော်ဖြတ်လေ့ရှိပြီး အခြားသူများကို နိုင်လိုမင်းထက် အာဏာရှင်ဆန်ဆန် မပြုမူခဲ့ဖူးပေ။ ထို့ကြောင့် ယဲ့မိသားစုဝင်များ အတွက် စိတ်မကောင်းသလို ခံစားနေရသည်။
“ရွှင်းအာ ... ဒီနေ့အတွက် နှိပ်စက်တာကို ရပ်လိုက်ပြီးတော့ မနက်ဖြန်မှ ဆက်ရင်ရော ဘယ်လိုလဲ။ မဟုတ်ရင် သူတို့တွေ သေကုန်ကြလိမ့်မယ်”
လျိုခန်းသည် လျိုရွှင်းအား ဖျောင်းဖျပြောဆိုသည်။
“အဖေက အရမ်း ညင်သာလွန်းနေပြီ။ ကျုပ်က သူတို့ ဘယ်အချိန်ထိ ဆက်ပြီး ခေါင်းမာနိုင်မလဲ ဆိုတာကို ကြည့်ချင်သေးတယ်”
လျိုရွှင်းက လျိုခန်း၏ အကြံပြုချက်ကို လက်မခံပေ။ သူ၏ မျက်လုံးများက အန္တရာယ်ရှိစွာ အရောင်လက်သွားပြီး ယဲ့မိသားစုဝင်၊ အမျိုးသမီးများကို ချုပ်နှောင်ထားရာ ဘက်သို့ လှမ်းကြည့်၏။
အမျိုးသမီးများနှင့် အမျိုးသားများကို သပ်သပ်စီခွဲကာ ချုပ်နှောင်ထားခြင်း ဖြစ်သည်။
“မင်းတို့ လိမ်လိမ်မာမာနဲ့ ဆေးသောက်မလား ဒါမှမဟုတ် ဘယ်လိုလဲ”
လျိုရွှင်းက ဆိုသည်။ သူသည် တိုက်ပွဲများစွာတွင် လူပေါင်းများစွာ၏ အသက်ကို ခြွေလာခဲ့သူ ဖြစ်သည်။ ယဲ့မိသားစု၏ ဤကဲ့သို့ မနာခံမှုသည် သူ့အတွက် အသားမကျဘဲ အလွန်ကို စိတ်မသက်မသာ ဖြစ်စေသည်။ ထို့ကြောင့် ယဲ့မိသားစုမှ စွမ်းအားမြင့် ကျင့်ကြံသူများ၏ ဒေါသကို ဆွပေးခြင်းဖြင့် နည်းလမ်းပြောင်းရန် ကြံလျက်ရှိသည်။
ယဲ့မိသားစုဝင်များသည် သူ့အား ဒေါသထွက်စွာ ကြည့်နေကြပြီး အညံ့ခံရန် ငြင်းဆန်နေဆဲ ဖြစ်ကြောင်း သိရသည့်အခါ လျိုရွှင်းသည် ပို၍ မချင့်မရဲ ဖြစ်လာရသည်။
“ယဲ့မိသားစုက အမျိုးသမီးတွေကို ခေါ်လာခဲ့”
လျိုရွှင်း အမိန့်ပေးလိုက်သည်။
“မင်း ဘာလုပ်ဖို့ ကြံနေတာလဲ လျိုရွှင်း”
ယဲ့ချိန်ရွှမ်းတို့သည် လျိုရွှင်း၏ အမူအရာကိုကြည့်ကာ မကောင်းသော ခံစားချက်များ ရုတ်တရက် ရလာတော့သည်။
“ဟားဟား ... မင်းတို့မြင်ရမှာပါ ငါ ဘာလုပ်မှာလဲဆိုတာ”
လှည့်ဖြားမှု အရိပ်အငွေ့တို့ဖြင့် အပြုံးတစ်ခုက လျိုရွှင်း မျက်နှာပေါ်တွင် ထွက်ပေါ်လာသည်။
ယဲ့မေ့ အမည်ရသည့် မိန်းကလေး တစ်ဦးသည် ရှေ့သို့ ဆွဲခေါ်လာခြင်း ခံရသည်။ သူမသည် လူငယ်မျိုးဆက်တွင် ပါရမီရှိသူများထဲမှ တစ်ယောက်ဖြစ်ပြီး ထျန်းချီအဆင့် ၈ ကျင့်ကြံဆင့် ရှိသည်။ ယဲ့မေ့သည်လည်း ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိထား၍ ထျန်းချီ မစုဆောင်းနိုင်ရာ ပြန်လည်ခုခံနိုင်ခြင်း မရှိပေ။
ကြောက်ရွံ့မှု တစ်စွန်းတစ်စက ယဲ့မေ့မျက်နှာပေါ်တွင် ထွက်ပေါ်လာသည်။ အဝတ်အစားများက စုတ်ပြဲနေပြီး မျက်နှာမှာလည်း ညစ်ပတ်နေသော်ငြား သူမ၏ ဆွဲဆောင်မှုရှိသော ကိုယ်ဟန်ကိုတော့ မထိခိုက်စေပေ။ ထို့ပြင် သူမမျက်နှာလေးကလည်း ကျက်သရေရှိသည်။
သတ်မိန့်ကို စောင့်ဆိုင်းနေသည့်နှယ် ဘေးတွင်ရပ်နေသော သံနက်တပ်ဖွဲ့ဝင်ကြောင့် ယဲ့မေ့သည် အကူအညီမဲ့မှုကိုသာ ခံစားလာရတော့သည်။
လျိုရွှင်းသည် ယဲ့ချိန်ရွှမ်း၊ ယဲ့ကျန့်ထျန်းနှင့် ကျန်လူများကို တစ်ချက်ကြည့်ပြီးမှ ယဲ့မေ့၏ မေးစေ့အား ညာလက်ဖြင့် ပင့်မသည်။ သူ့မျက်နှာထက်၌ ညစ်ညမ်းသော အပြုံးတစ်ခု ပေါ်ထွက်လာ၏။
“ကျွတ် ... ကျွတ် ... တကယ့်အလှလေးပဲ။ ယဲ့မိသားစုမှာ ဒီလို အလှလေးတွေ ရှိနေတာပဲ။ ဒီလို မိန်းမလှလေးက ကောင်းမွန်တဲ့ ယောက်ျားနဲ့ လက်ထပ်ပြီး မိသားစုတစ်ခု တည်ဆောက်သင့်တယ်။ အနာဂတ်မှာ ဒီအလှလေးက ကောင်းမွန်တဲ့ မိသားစုတစ်ခု ပိုင်ဆိုင်နိုင်လိမ့်မယ် ဆိုတာ ငါ သေချာပေါက် ပြောရဲတယ်။ ဒါပေမဲ့ ငါ့လူတွေအကုန်လုံးက တောင့်တင်း သန်မာကြတော့ ဒီအလှလေး သည်းခံနိုင်ပါ့မလား ဆိုတာကိုတော့ သိချင်မိတယ်”
“လျိုရွှင်း မင်း ရိုင်းစိုင်း ယုတ်မာတဲ့ကောင်။ မင်း သေသင့်တယ်”
ဖမ်းချုပ်ခံထား ရသူများထဲမှ ယဲ့မိသားစု၊ ယဲ့ကျန့်အိမ်ထောင်စု အခွဲမှ လူတစ်ယောက်သည် ဒေါသတကြီးဖြင့် ထအော်သည်။ ယဲ့မေ့သည် သူ့သမီးလေး ဖြစ်သည်။
“ဟားဟား ... မင်းတို့ပဲ ဒီလမ်းကို ရွေးခဲ့တာလေ”
လျိုရွှင်းက အေးစက်စွာဆိုသည်။
“ငါက မင်းတို့အတွက် မျက်စိပွင့်၊ နားပွင့်စေမဲ့ တချို့အရာလေးတွေ လုပ်ပြချင်ရုံပါ။ ပြီးရင်တော့ မင်းတို့အလှည့် လာမယ်။ ဘာပဲဖြစ်ဖြစ်ပါ ... ယဲ့မိသားစုမှာ အလှလေးတွေ တော်တော်များတာတော့ ဝန်ခံရမယ်”
သံနက်တပ်ဖွဲ့ဝင်များ ရှေ့ထွက်လာပြီး ယဲ့မေ့၏ လက်များ၊ ခြေထောက်များကို ချုပ်ကိုင်ထားကြသည်။ လျိုရွှင်းကမူ သူ၏ အဝတ်အစားများကို စတင်ကာ ချွတ်နေပြီ ဖြစ်သည်။
သံနက်တပ်ဖွဲ့ဝင်များသည် ယဲ့မေ့အား မနှစ်မြို့ဖွယ် အကြည့်တို့ဖြင့် ကြည့်လျက် ပြီတီတီ ပြုံးနေကြသည်။
ယဲ့မေ့သည် ပို၍ ထိတ်လန့်လာရပြီး ငိုယိုကာ တောင်းပန်တော့သည်။
“မလုပ်ပါနဲ့ ... တောင်းပန်ပါတယ်”
လျိုရွှင်းသည် တဖြည်းဖြည်း အနားသို့ တိုးကပ်လာသည်။ တွေးပင်မတွေးရဲသော ကိစ္စရပ်များ ဖြစ်လာတော့မည်ကို နားလည်လိုက်သော ယဲ့မေ့သည် ပို၍ ပြင်းထန်စွာ ရုန်းကန်ပါသော်လည်း ထျန်းချီစွမ်းအင် စုဆောင်းနိုင်ခြင်း မရှိသည့် မိန်းမပျိုလေး တစ်ယောက်၏ အင်အားသည် ထျန်းချီအဆင့် ၇ သံနက်တပ်ဖွဲ့ဝင်များလက်မှ မည်သို့ လွတ်နိုင်ပါမည်နည်း။
“မလုပ်နဲ့”
ယဲ့မုန့် ကျယ်လောင်စွာဖြင့် အော်လိုက်မိသည်။ သူ့အသံမှာ နာကျင်မှုကြောင့် အက်ကွဲလို့နေသည်။ သွေးစတို့ ရောနေပါသည့် မျက်ရည်စများက သူ့မျက်လုံးနှစ်ဖက်မှ စီးကျလာကြသည်။
“ကျွန်တော် သောက်မယ် လျိုရွှင်း ... ကျွန်တော် အဲဒီဆေးကို သောက်မှာမလို့ သူ့ကို လွှတ်ပေးလိုက်ပါ”
ယဲ့မေ့အနီးသို့ပင် ရောက်နေပြီဖြစ်သော လျိုရွှင်း၏ခြေလှမ်းများ ရပ်တန့်သွားပြီး ကျေနပ်စွာပြုံးသည်။
“နောက်ဆုံးတော့ ... တစ်ယောက်က လက်ခံလာပြီပဲ”
လျိုရွှင်းသည် ယဲ့မုန့်နှင့် ယဲ့မေ့အား တစ်လှည့်စီကြည့်ပြီးနောက် တွေးဆဆဖြင့် ယဲ့မေ့ကို ပြောသည်။
“ကြည့်ရတာ အဲဒီကောင်လေးမှာ မင်းအတွက် နက်နဲတဲ့ခံစားချက်တွေ ရှိနေပုံပဲ”
လျိုရွှင်း ယဲ့မေ့ကို ချုပ်ထားကြသော သံနက် တပ်ဖွဲ့ဝင်များအား အမိန့်ပေးလိုက်သည်။
“လွှတ်ပေးလိုက်”
မိန်းမများကို အသုံးချခြင်းသည် ခေါင်းမာလှပါသည် ဟူသော ယဲ့မိသားစုဝင်များအား အညံ့ခံလာစေဖို့ လုံလောက်သည်။ ထိုလူများအား ထိန်းချုပ်နိုင်နေသေး သ၍ လျိုရွှင်းအတွက် အဆင်ပြေနေမည်သာ။
“မသောက်ပါနဲ့ ... အစ်ကိုမုန့် သောက်လိုက်လို့ မဖြစ်ဘူးလေ”
ယဲ့မေ့သည် အဆုတ်များ ကွဲလုမတတ် အော်ဟစ် ငိုယိုနေသော်ငြား သံနက်တပ်ဖွဲ့ဝင်များ ရှေ့တွင် သူမ လုပ်နိုင်တာ ဘာမှမရှိပေ။
“သူ့ကို ကြိုးဖြေပေးလိုက်”
လျိုရွှင်းသည် ယဲ့မုန့်အားကြည့်ကာ ဆိုသည်။
ကြိုးဖြေပြီးသည့် အချိန်တွင်ပဲ နှိပ်စက်မှု ဒဏ်ရာများကြောင့် ယဲ့မုန့်သည် မြေပြင်ပေါ်သို့ ပြိုလဲကျသွားရသည်။
“ငါ့ဆီကို တွားသွားပြီးလာခဲ့၊ ဒါဆိုရင် မင်းကို ဆုချတဲ့အနေနဲ့ ဆေးလုံးပေးမယ်။ တကယ်လို့ မင်းမလုပ်ဘူးဆိုရင်တော့ ဘာဖြစ်လာမလဲဆိုတာ သိရမှာပါ”
ယဲ့မုန့် တစ်ကိုယ်လုံးသည် ဒဏ်ရာအပြည့်နှင့် နာကျင်နေသည့်အပြင် အတွင်းစိတ်ထဲတွင်လည်း လွန်ဆွဲနေရသည်။ အကယ်၍ သူသာ လျိုရွှင်းထံ ဒူးထောက်ပြီး တွားသွားခဲ့ပါက ကျန်ရှိနေသည့် ဘဝတစ်လျှောက်လုံး၌ ရှက်ရွံ့စွာ ရှင်သန်သွားရလိမ့်မည်။ ထိုသို့ မလုပ်ပြန်လျှင်လည်း ယဲ့မေ့၏ ဖြူစင်မှုနှင့် သိက္ခာတရားက နင်းခြေခံရမည် ဖြစ်သည်။
"ဒူးထောက်စမ်း”
သံနက်တပ်ဖွဲ့ဝင် တစ်ယောက်သည် ယဲ့မုန့်အား ကန်လိုက်ကာ ကြိမ်းမောင်းသည်။
နောက်ဆုံးတွင်တော့ ယဲ့မုန့်သည် မျက်လုံးများမှိတ်ကာ ဒူးထောက်ချ လိုက်ရသည်။ ဒူးနှစ်ဖက်က မြေပြင်အား ထိမိသွားသည့် ထိုအခိုက်အတန့်၌ သူသည် မျှော်လင့်ချက်များ ပျက်သုဉ်းသွားရ သကဲ့သို့ ခံစားချက်မျိုးကို ရလိုက်သည်။ သူ၏ စိတ်ဝိညာဉ်က သေဆုံးသွား သကဲ့သို့ပင်။
"ကျွန်တော် တောင်းပန်ပါတယ် အဖေ။ ဒီသားမိုက်က မိသားစုရဲ့ ဘိုးဘေးတွေကို သိမ်ငယ်စေမိပြီ”
ယဲ့မုန့်သည် အက်ကွဲ ပြတ်ရှနေသော အသံဖြင့် ငိုကြွေး၏။
“ယဲ့မုန့်”
ယဲ့ချိန်ရွှမ်း၊ ယဲ့ကျန့်ထျန်းနှင့် အခြားလူများထံမှ ဝမ်းနည်းတပန်း အော်သံများ ထွက်ပေါ်လာသည်။ ယဲ့မုန့်သည် ထိုအသံများအား မကြားတော့ဟန် ရသည်။ ဒူးထောက်လျက်ကပဲ လျိုရွှင်းထံသို့ တစ်လှမ်းချင်း သွားနေခဲ့သည်။ သူ့ခန္ဓာကိုယ် တစ်ချက် လှုပ်လိုက်တိုင်း ကိုယ်တွင်းရှိ ဒဏ်ရာများက ပို၍ဆိုးရွားလာကာ များပြားလှစွာသော သွေးတို့သည် သူ့ပါးစပ်ထဲမှ မနည်းမနောကို စီးကျလာတော့သည်။
“အစ်ကိုမုန့်”
ယဲ့မေ့သည်လည်း မြေပြင်ပေါ်၌ လူးလှိမ့်လျက်ကို ငိုကြွေးနေခဲ့သည်။ သူမအဖို့ ယဲ့မုန့်၏ ထိုသို့သော ဆိုးဆိုးရွားရွား အခြေအနေမျိုးကို ဆက်ကြည့်နေရန် ခံနိုင်ရည် မရှိတော့ပါချေ။
ယဲ့မုန့်၏ မျက်လုံးနှစ်ဖက်မှ သွေးစတို့ရောပါနေသော မျက်ရည်များသည် ရပ်တန့်မသွားသေး။
တကယ်လို့ ရွေးချယ်စရာသာ ရှိဦးမယ်ဆိုရင် သူလည်းပဲ ဂုဏ်သရေရှိရှိနဲ့ပဲ သေဆုံးချင်ခဲ့ပါတယ်။ သူ့နှလုံးသားထဲမှာ နှစ်နှစ်ကာကာ မြတ်နိုးနေခဲ့ရတဲ့ မိန်းကလေးကို ဖွင့်တောင် မပြောရသေးဘဲနဲ့ ဒီလိုအရှက်မဲ့တဲ့ ပုံစံမျိုးနဲ့ ဘယ်သူကရော ရှင်သန်ချင်ပါ့မလဲ။ ဒါပေမဲ့လည်း သူကိုယ်တိုင်ရဲ့ အရှက်သိက္ခာနဲ့ ဂုဏ်သရေတွေအားလုံး ညှိုးနွမ်းရမယ် ဆိုရင်တောင် သူမြတ်နိုးရတဲ့ မိန်းကလေးကိုတော့ ကာကွယ်ရဦးမယ်။ သူရဲ့သေဆုံးမှုက သူမဘဝလေး လုံခြုံသွားစေနိုင်ဖို့သာ ရည်ရွယ်ပါတယ်။
ယဲ့မုန့်သည် တုံ့ဆိုင်းခြင်း ကင်းမဲ့စွာဖြင့် လျိုရွှင်းလက်ထဲရှိ ဆေးလုံးကိုယူကာ တစ်ဆက်တည်း မျိုချလိုက်တော့သည်။
ကျန်သော ယဲ့မိသားစုဝင်များ အားလုံးသည် အော်ဟစ်ငိုယိုကြလေသည်။
“ငါ ဆေးလုံးသောက်မယ် လျိုရွှင်း။ သူတို့ကိုတော့ လွှတ်ပေးလိုက်ပါ”
ယဲ့ကျန့်လုံသည် သားဖြစ်သူ၊ ယဲ့မုန့်၏ သနားဖွယ်ကောင်းလှသော အခြေအနေအား ဆက်ကြည့်နေနိုင် လောက်အောင် အသည်းမမာနိုင်တော့ပေ။ နှလုံးသားတစ်ခုလုံး ကွဲကြေသွားသလို ခံစားနေရပြီး ဖြစ်နိုင်လျှင် သားဖြစ်သူနှင့် မိသားစုအစား သူသာ သေပေးလိုက်ချင်တော့သည်။
“သိပ်ကောင်းတယ် ဟားဟားဟား”
လျိုရွှင်းသည် ကျေနပ်လွန်သွားကာ တဟားဟား အော်ရယ်မိတော့သည်။ ယဲ့ကျန့်လုံသည်တော့ အမူအရာမဲ့စွာဖြင့်သာ ဆေးလုံးကို သောက်ခဲ့သည်။
“မင်းတို့တွေ ငါ့စကားကို နာခံနေသေးသ၍တော့ ငါ မင်းတို့ကို ခက်ခဲအောင် မလုပ်ပါဘူး”
ယဲ့ကျန့်လုံတို့သည် အရှက်ခွဲခံရသည့်နှယ် ခံစားနေကြရသည့်တိုင် သူတို့တတ်နိုင်တာ ဘာမှမရှိပေ။
ယဲ့မိသားစု၊ သတ္တုတွင်းများ အောက်ခြေရှိ လမ်းကြောင်းထဲတွင် ယဲ့ချန်သည် ဝိညာဉ်အသိအမြင်၏ ခြေရာကောက်နိုင်စွမ်းကို မှီခိုကာ ထွက်ပေါက်အား ရှာဖွေတွေ့ရှိ သွားခဲ့သည်။ မြေအောက်ကမ္ဘာ လောကမှ ပြန်ထွက်လာပြီးနောက် ပထမဆုံးအချိန် နေရောင်အား ပြန်မြင်ရခြင်းသည် ယဲ့ချန်အား အနည်းငယ်ပင် စိတ်လှုပ်ရှား သွားစေသည်။
ထိုခံစားချက်မှာ အကျဉ်းထောင်ထဲတွင် နှစ်ပေါင်းများစွာ နေခဲ့ရပြီး ပထမဦးဆုံး ပြန်လွတ်လာခဲ့သူ၏ ခံစားချက်နှင့် ဆင်တူသည်။
“ကွိ ... ကွိ ...”
အမွေးပွလေးသည်လည်း ပျော်ရွှင်နေဟန် ရသည်။ နှင်းကျားသစ်၊ လူဝံဖြူ၊ ရွှေနီရောင် အမဲလိုက်ခွေး၊ သိမ်းငှက်နင်၊ လင်းတနီနှင့် ကြောင်နက်တို့ထံမှ စိတ်လှုပ်ရှားနေသော အသံများ အသီးသီး ထွက်ပေါ်လာကြ၏။
"ထူးဆန်းတယ်။ သတ္တုတွင်းထဲမှာ ဘာလို့ လူတစ်ယောက်မှတောင် ရှိမနေတာလဲ”
ဟာလာဟင်းလင်း ဖြစ်နေသော သတ္တုတွင်းကိုကြည့်ကာ ယဲ့ချန် မကောင်းသော ခံစားချက်များ ရလာတော့သည်။ သတ္တုတွင်း လုပ်ငန်းသည် ယဲ့မိသားစု လည်ပတ်ရန် အဓိကအကျဆုံး လုပ်ငန်း ဖြစ်သည်။ ဘာအကြောင်းနဲ့မှ ယခုကဲ့သို့ သတ္တုတွင်းလုပ်ငန်းအား ရပ်ထားစရာ မလိုပေ။ ယဲ့မိသားစုရဲတိုက်တွင် ဆိုးရွားသော တစ်ခုခု ဖြစ်ခဲ့ခြင်းပေလော။
ထိုသို့အတွေးနှင့် ယဲ့ချန် စိတ်ပူသွားသည်။
သိမ်းငှက်နက်နှင့် လင်းတနီတို့သည် ကောင်းကင်ထက်သို့ ထိုးတက်သွားကြပြီး ယဲ့မိသားစု ရဲတိုက်ဘက်သို့ ပျံသန်းသွားကြသည်။
ယဲ့ချန်လည်း နောက်မှ ပြေးလိုက်သွားခဲ့၏။ သူ့နှလုံးသား တစ်ခုလုံးသည် အဆက်မပြတ် ခုန်လှုပ်နေပြီး အချိန်မရွေး ပေါက်ကွဲ သွားတော့မည့်နှယ်ပင်။
ဘိုးဘိုးကြီး၊ အဖေနဲ့ ဦးလေးတို့ ... ကျေးဇူးပြုပြီး လုံခြုံနေပေးပါ။
***