← Chapters

ယဲ့ချန်ရဲ့ဒေါသ

Vol. 9 Ch. 118

ယဲ့ချန်ရဲ့ဒေါသ

Vol. 9 Ch. 118

ယဲ့ချန်သည် တတ်နိုင်သမျှအမြန်ဆုံး ပြေးနေခဲ့သည်။ စိုးရိမ်ပူပန်ခြင်း၊ ထိတ်လန့်ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့က သူ့စိတ်ထဲတွင် ရောထွေးနေသည်။ အကယ်၍ ရဲတိုက်သို့ ပြန်ရောက်သည့်အခါ မိသားစုဝင်များ၏ သေဆုံးနေပြီးသော ခန္ဓာကိုယ်အား တွေ့မြင်ရမည်ကို သူ ခံနိုင်ရည်မရှိပေ။

ယဲ့မိသားစုထဲမှ တစ်ယောက်တလေကိုမျှ သေဆုံးခွင့်မပြုနိုင်။

ယဲ့မိသားစုရဲတိုက်သို့ ပြန်သွားရသော် မိသားစုဝင် ၁၀ ယောက်ကျော်သည် လျိုရွှင်း၏ဆေးလုံးအား သောက်ခဲ့ကြသည်။ သူတို့အား ကြည့်ရသည်မှာ အညံ့ခံလိုက်ကြပုံ ပေါ်၏။ ဆေးလုံးအား သောက်ပြီးချိန်ကတည်းက သေခြင်းတရားကသာ စောင့်ကြိုနေသည်ကို သူတို့အားလုံး နားလည်ကြသည်။

ထိုစဉ် ငှက်နှစ်ကောင် ကောင်းကင်ထက်တွင် ထွက်ပေါ်လာသည်။ သိမ်းငှက်နက်နှင့် လင်းတနီတို့ ဖြစ်သည်။ သိမ်းငှက်နက်သည် အရွယ်အစားအားဖြင့် သိပ်မကြီးသောကြောင့် ထင်ထင်ပေါ်ပေါ် မရှိသော်ငြား လင်းတနီ၏ မီးလျှံများ တောက်လောင်နေ သကဲ့သို့သော နီရဲရဲအသွင်ကား သတိမပြုမိရန် ခဲယဉ်းလှသည်။

အနှီ သိမ်းငှက်နက်နှင့် လင်းတနီတို့သည် အဘယ့်ကြောင့် တစ်ချိန်တည်း၌ ထွက်ပေါ်လာကြသနည်း။

ယဲ့မိသားစုဝင်များသည် ခေါင်းခြောက်သွားကြသော်လည်း တစ်ချိန်တည်းတွင်ပဲ မျှော်လင့်ချက် သေးသေးလေး မရဲတရဲ ထားမိလာကြသည်။

လျိုရွှင်း မှင်တက်သွားရသည်။ ထိုသိမ်းငှက်နက်နှင့် လင်းတနီ နှစ်ကောင်လုံးသည် အဆင့် ၁၀ ထိပ်ဆုံးဆင့် မှော်သားရဲများ ဖြစ်ကြသည်။ မဟုတ်မှလွဲ ... ယဲ့မိသားစုအား ကူညီရန် စစ်ကူ ရောက်ရှိလာခြင်းပေလော။

“သံနက်တပ်ဖွဲ့ဝင်တွေ အားလုံး ယဲ့မိသားစုဝင်တွေကို ဝိုင်းထားကြ။ လှုပ်ရှားမှုတစ်ခုခု တွေ့တာနဲ့ သူတို့အားလုံးကို သတ်ပစ်”

လျိုရွှင်း အမိန့်ပေးလိုက်သည်။ အထူးသဖြင့် ယခုလို ယဲ့မိသားစုဝင်များအား ဓားစာခံအဖြစ် သုံးရတော့မည့်အချိန်၌ သူ ဂနာမငြိမ် ဖြစ်လာသည်။

သိမ်းငှက်နက်နှင့် လင်းတနီသည် ကောင်းကင်ထက်၌ ခဏမျှ စက်ဝိုင်းသဏ္ဌာန် ပျံသန်းနေပြီးနောက် အဝေးသို့ ပြန်လည်ထွက်ခွာ သွားကြသည်။

အဲဒီငှက်နှစ်ကောင်က ဒီတိုင်း ဖြတ်သွားကြရုံပဲလား ... ။

ယဲ့မိသားစုဝင်များသည် တစ်ဖန် စိတ်ပျက်လက်ပျက် ဖြစ်သွားကြရသည်။ နောက်တော့ သူတို့ဘာသာ ဖြေတွေးမိပါ၏။ သူတို့မိသားစုကို ဘယ်သူကများ လာကယ်ချင်ပါ့မလဲ။ ယဲ့မင်သည်လည်း ယဲ့လော့အား ခေါ်ဆောင်သွားပြီဖြစ်ရာ သူမစရိုက်အရ နောက်တစ်ကြိမ် ဘယ်တော့မှ ပြန်လာလိမ့်မည် မဟုတ်ပေ။ ယဲ့ချန်အတွက်ကတော့ မိသားစုဝင်များသည် တစ်သက်လုံး ပြန်မလာရန်သာ တညီတညွတ်တည်း ဆုတောင်းမိကြသည်။ လျိုရွှင်းသည် ထျန်းချီအဆင့် ၁၀ စဦးဆင့် ဖြစ်ပြီး လျိုခန်းကား ထျန်းချီအဆင့် ၁၀ အလယ်အလတ်ဆင့် ဖြစ်သည်။ ယဲ့ချန်အတွက် ယှဉ်နိုင်ရန် အလားအလာ မရှိပေ။ ယဲ့ချန် အပြင်လောကတွင် ဆက်ရှိနေခြင်းက မိသားစုဝင်များအား အနည်းနှင့်အများ စိတ်သက်သာရာ ရစေသည်။

ယဲ့ချန်သည် ရဲတိုက်ဆီသို့ ပြေးလာနေရင်း သိမ်းငှက်နက်နှင့် လင်းတနီတို့ထံမှ သတင်းရသောအခါ ဒေါသူပုန်ထ သွားရသည်။

ယဲ့မိသားစု ရဲတိုက်ကား ကျွင်းဝမ်နန်းတော်မှ စစ်သည်တော်များဖြင့် ဝိုင်းရံခံထားရပြီး မိသားစုဝင်များသည် လျိုရွှင်းလက်ထဲတွင် ဓားစာခံအဖြစ် ရှိနေသည်။

ဘိုးဘိုးကြီးနှင့် အဖေသည် ချုပ်နှောင်ခံ ထားရကာ သွေးကြောများလည်း ပိတ်ခံထားရသည်။ မိသားစုဝင်များ အားလုံး ပြင်းပြင်းထန်ထန် ဒဏ်ရာရထားကြပြီး မိသားစုမှ လူငယ်လေးများ ဆိုလျှင် သစ်သားတိုင်များ၌ ချည်လျက် ကျာပွတ်များဖြင့် နှိပ်စက်ရိုက်နှက် ခံထားရကြောင်း သိရသည်။

ယဲ့ချန်သည် ဒေါသစိတ်ဖြင့် လက်သီးအား တင်းကျပ်စွာ ဆုပ်လိုက်မိရာ လက်သည်းများက သူ့လက်ဝါးပြင်သို့ ထိုးစိုက်သွားကြပြီး သွေးတို့ပင် ထွက်လာကြသည်။ ယဲ့ချန်၏ ဦးနှောက် တစ်ခုလုံးသည် ပြင်းပြသော သတ်ဖြတ်လိုစိတ်တို့နှင့်သာ ပြည့်နှက် သွားသောကြောင့် ဖြောင့်ဖြောင့်တန်းတန်းပင် မတွေးနိုင်တော့သည် အထိ။

‘လျိုရွှင်း ... ငါ မင်းကို အပိုင်းပိုင်းအစစ ဖြစ်အောင် ဖျက်ဆီးပစ်မယ်’

ယဲ့ချန်၏ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းသည် မီးကဲ့သို့ ပူပြင်းလာသည်။ ထျန်းချီစွမ်းအင်များ ပေါက်ကွဲထွက် လာသည်နှင့်အတူ အားကောင်းလှသော ဖိအားတစ်ခုပါ ထွက်ပေါ်လာ၏။ သူသည် ကျွင်းဝမ်နန်းတော်ရှိ အလေအလွင့် ဝိညာဉ်တစ်စမျှကိုပင် အလွတ်မပေးဘဲ သတ်ပစ်ရန် ဆုံးဖြတ်ပြီး ဖြစ်သည်။

ယဲ့ချန်သည် သတ်ဖြတ်ရသည်ကို ပျော်မွေ့တတ်သောသူ ဘယ်တုန်းကမှ မဟုတ်ခဲ့ပေ။ ကိုယ့်ကိုကိုယ် ကာကွယ်သည့်အနေနှင့် မလွှဲသာသော အခြေအနေမျိုး မဟုတ်လျှင် သူတပါး၏ အသက်တိုင်းကို တန်ဖိုးထားသည်။ သို့သော် ယနေ့တွင်တော့ သူ၏ သည်းခံနိုင်သော အတိုင်းအတာသည် ကျော်လွန်သွားပြီဖြစ်ကာ အလွန်သွေးဆာသော စိတ်အခြေအနေတွင် ရောက်ရှိနေ၏။

အစတုန်းကတော့ ယဲ့ချန်သည် ထိုလူများနှင့် ရန်သူမဖြစ်ချင်ခဲ့။ ရှင်သန်ရန် ခက်ခဲသော ကျင့်ကြံခြင်း လောကကြီးတွင် တဖြည်းဖြည်း သန်မာလာအောင် ကြိုးစားပြီး မိသားစုနှင့် မခွဲမခွာ အတူတူ ရှင်သန်ချင်ခဲ့ ရုံလေးသာ။ အတိတ်ဘဝတွင် သူသည် မိဘမဲ့တစ်ယောက် ဖြစ်ခဲ့ပြီး ဤကမ္ဘာသို့ ရောက်ရှိလာချိန်၌ ယဲ့မိသားစုဝင် တစ်ယောက် ဖြစ်လာခဲ့သည်။ သို့သော်လည်း တစ်ချိန်လုံး သူ့ကိုယ်သူ အပြင်လူ တစ်ယောက်အဖြစ်သာ တွေးထားခဲ့ပြီး ဤနေရာနှင့် လုံးဝ မသက်ဆိုင်သူနှယ် ခံစားခဲ့ရသည်။ သူ့ဝိညာဉ်သည် အလွန်ဝေးကွာသော နေရာတစ်ခုမှ ဤနေရာသို့ ရောက်လာရသောကြောင့် အရာရာဟာ အသားတကျ ရှိမနေခဲ့။ နောက်ပိုင်း၌ ယွင်မိသားစု၏ ချောင်းမြောင်း လုပ်ကြံမှုကြောင့် သူ အဓိကသွေးကြောမများ ပျက်စီးသွားခဲ့ရသည်။ အဖေနှင့် ဦးလေးများသည် သူ့အား ကယ်တင်နိုင်ရန် အရာအားလုံးကို လုပ်ခဲ့ပြီး မိသားစုဝင်များ ကလည်း စိတ်ရင်းနှင့် ဝိုင်းဝန်းဂရုစိုက် ပေးခဲ့သည်။ တဖြည်းဖြည်းနှင့် မိသားစုမေတ္တာကို ဘယ်တုန်းကမှ မခံစားဖူးခဲ့သည့် သူ့နှလုံးသားသည် ယဲ့မိသားစုကပေးသော နွေးထွေးမှုများနှင့် ပြန်လည် အသက်ဝင်ခဲ့ရ၏။ ထို့နောက် သူ ကျိန်ဆိုခဲ့သည်။ ယဲ့မိသားစုသည် သူ့မိသားစု၊ သူ့အိမ်ဖြစ်ပြီး အနာဂတ်တွင် ဘာတွေပဲ ဖြစ်လာပါစေ ယဲ့မိသားစုအား ကာကွယ်ပါမည်ဟူ၍။

ဘိုးဘိုးကြီး၊ အဖေ၊ ဒုတိယဦးလေး၊ တတိယဦးလေး၊ အစ်ကိုကြီးနဲ့ အစ်ကိုလတ်၊ လော့အာ။ သူတို့အားလုံးသည် သူ့အား မိသားစုတစ်စု၏ နွေးထွေးမှုကို ခံစားရစေခဲ့သည်။ သူ့ဝိညာဉ်က ဝေးလံလှသော ကမ္ဘာတစ်ခုမှ မျောလွင့်လာခဲ့ခြင်း ဆိုလျှင်တောင် သူ့ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေသော သွေးများသည်တော့ ယဲ့မိသားစု၏ စစ်မှန်သောသွေးများ ဖြစ်သည်။ ထိုအရာက သူ့အား « သွေးက ရေထက်ပျစ်တယ် » ဟူသော အဓိပ္ပာယ်ကို နားလည်စေခဲ့သည်။ ထို့ပြင် အတိတ်ဘဝကကဲ့သို့ နောက်တစ်ကြိမ် ဘယ်တော့မှ သူတစ်ယောက်တည်း အထီးကျန်စရာ မလိုတော့ကြောင်း နားလည်စေခဲ့သည်။

ယဲ့ချန်အတွက် အတိတ်ဘဝက လုံးဝ မခံစားဖူးခဲ့သော မိသားစုဟူသော အငွေ့အသက်လေးအား စတင် ခံစားဖူးရုံ ရှိသေးသည်။ အခုတော့ တစ်စုံတစ်ယောက်က သူ့မိသားစုအား ဖျက်ဆီးရန် ကြံစည်နေသည်။ ထိုလူကား ယဲ့ချန် သည်းမခံနိုင်ဆုံးသော အရာကို လာထိပါးနေခြင်း ဖြစ်သည်။

ယဲ့ချန်၏ မျက်လုံးများမှာ ရုတ်ခြည်း အေးစက်သွားသည်။

သူ၏ ညံ့ဖျင်းမှုကြောင့် အတိတ်တုန်းကလည်း ယဲ့မိသားစုသည် ပြုတ်ပြုတ်ပြုန်းရ လုနီးနီး။ သည်တစ်ကြိမ်၌ ဘိုးဘိုးကြီး၊ အဖေနှင့် အခြားသော မိသားစုဝင်များ သေဆုံးခဲ့ရပါက သူ့ကိုယ်သူ ခွင့်လွှတ်နိုင်တော့မည် မဟုတ်။

တွေးကြည့်ရုံလေးနှင့်တင် ယဲ့ချန်အား ဆောက်တည်ရာ မရ ဖြစ်သွားစေသည်။

ယဲ့မိသားစုအား ဖျက်ဆီးလိုသည့် မည်သူမဆို သူ ခြွင်းချက်မရှိ သတ်ပစ်ပေမည်။ ယွင်မိသားစု၊ ကျွင်းဝမ်နန်းတော်၊ ချိုးယင်း၊ ယုတ်စွအဆုံး ဧကရာဇ်မင်ဝူ ဖြစ်နေလျှင်တောင် မရစေရပေ။

ယဲ့ချန်၏ ခန္ဓာကိုယ်သည် အရိပ်သဏ္ဌာန် ပါးပါးလေးသာ မြင်ရတော့သည်အထိ လျင်မြန်လှသော အရှိန်ဖြင့် ယဲ့မိသားစု ရဲတိုက်ဘက်သို့ ပြေးသွားတော့၏။

သူ့စိတ်ထဲတွင် ရည်ရွယ်ချက်တစ်ခုသာ ရှိသည်။ မိသားစုဝင်များကို ကယ်တင်ပြီး လျိုရွှင်း၊ လျိုခန်း၊ ချိုးယင်းနှင့် သူ့လမ်းတွင် လာပိတ်သမျှသော ဘယ်သူမဆိုအား သတ်ပစ်ရန် ဖြစ်သည်။

“ကွိ ... ကွိ ...”

ယဲ့ချန်၏ မကြုံစဖူး အလွန်ဒေါသ ထွက်နေပုံကြောင့် အမွေးပွလေးပင် ထိတ်လန့်ကာ အသံတိုးတိုးပြုသည်။ သို့သော်လည်း ၎င်းသည် ယဲ့ချန် ယခုချိန်၌ မည်သို့ ခံစားနေရမည်ကို ကောင်းကောင်း နားလည်သည်။ တစ်ချိန်တုန်းက ၎င်း၏ မျိုးနွယ်စု သုတ်သင်ခံရစဉ် ကလည်း ယဲ့ချန်နည်းတူ ခံစားခဲ့ရသည်။

ယဲ့ချန်သည် ပြေးနေရင်းဖြင့် ကြောင်နက်၊ သိမ်းငှက်နက်၊ လင်းတနီ၊ နှင်းကျားသစ်၊ လူဝံဖြူနှင့် ရွှေနီရောင် အမဲလိုက်ခွေးတို့အား ဘာအကြောင်းပဲ ရှိလာပါစေ ယဲ့မိသားစုဝင်များကို အစွမ်းကုန် ကာကွယ်ရန် အမိန့်ပေးလျက်ရှိသည်။

မှော်သားရဲ ၆ ကောင်သည် ယဲ့မိသားစုရဲတိုက်သို့ ဘက်ပေါင်းစုံမှ ဝင်ရောက်ရန် ဖြန့်ကြက်နေရာယူ လိုက်ကြသည်။

“ဘယ်သူလဲ။ ဒီနေရာက တုန်းလင်ပြည်နယ်၊ ဒုတိယမင်းသားရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတယ်။ ဘယ်သူမှ ဒီနေရာကို ဝင်ခွင့်မရှိဘူး”

ယဲ့မိသားစု ရဲတိုက်ဘက်သို့ ပြေးလာနေသော ယဲ့ချန်ကိုမြင်သော် သံနက် တပ်ဖွဲ့ဝင်များသည် ညဉ့်လေမြင်းများကို စီးနင်းလျက် ဟန့်တားလျက် ရောက်ရှိလာကြသည်။

မျက်တောင်တခတ်စာ အချိန်အတွင်း ယဲ့ချန် ထိုစစ်သည်တော်၏ ဘေးသို့ ရောက်ရှိသွားသည်။

နတ်ဆိုးဆန်ဆန် အမြန်နှုန်းကြောင့် ထိုစစ်သည်တော် မျက်လုံးများ ပြူးကျယ်သွားရ၏။

တိမ်နီကောင်းကင် ...

မီးနတ်ဘုရားနှယ် ယဲ့ချန်၏ တကိုယ်လုံးသည် နီရဲသော မီးလျှံများဖြင့် ဖုံးလွှမ်းသွားသည်။ ယဲ့ချန်၏ ဆိုးရွားနေသော စိတ်အခြေအနေနှင့် အမျက်ဒေါသများကြောင့် မီးလျှံများ၏ သွင်ပြင်မှာ ပို၍ ကြောက်မက်ဖွယ် ကောင်းနေသည်။

ဘန်း ...

ယဲ့ချန် မီးလျှံလက်ဝါးချက်ဖြင့် သံနက်တပ်ဖွဲ့ဝင်များထံ ရိုက်ထုတ်လိုက်သည်။ ထိုလူများသည် အချိန်မီ မတုံ့ပြန်နိုင်လိုက်၍ မြင်းများရော၊ လူများပါ အတူတကွ လွင့်ထွက်သွားကြသည်။ ၎င်းတို့ ဝတ်ဆင်ထားသော ရွှမ်သတ္တု ချပ်ဝတ်များသည် အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားကြကာ ခန္ဓာကိုယ်များကမူ လေထဲသို့ မြင့်မားစွာ လွင့်တက်သွားပြီးမှ မြေပြင်ပေါ်သို့ ပြန်ပြုတ်ကျလာကြ၏။

လူများသာမက ညဉ့်လေမြင်းများပါ လောင်ကျွမ်းမည်းတူး သွားကြသည်။

သံနက်တပ်ဖွဲ့ဝင်များသည် ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူနှင့် ယှဉ်နိုင်လောက်အောင် မသန်မာကြ။ ထို့ပြင် ယဲ့ချန်သည် ကျင့်ကြံဆင့်အရ ထျန်းချီအဆင့် ၁၀ စဦးအဆင့် ဆိုသော်ငြား တကယ့် စွမ်းအားအရာတွင် ထျန်းချီအဆင့် ၁၀ ထိပ်ဆုံးဆင့်ထက်ပင် သာကောင်း သာနေလောက်သည်။

ယဲ့ချန်သည် မကြာသေးခင်က “တိန်နီကောင်းကင်” အား အသုံးပြုရာတွင် ပီရှို့ထံမှ ထျန်းချီများကို အသုံးပြုခဲ့သောကြောင့် ရလဒ်အနေနှင့် ပိုလို့ အားပြင်းသွားခြင်း ဖြစ်သည်။

“ငါတို့ တိုက်ခိုက်ခံနေရပြီ”

“ငါတို့ တိုက်ခိုက်ခံနေရပြီ”

ကင်းလှည့်တပ်ဖွဲ့ အသတ်ခံလိုက်ရကြောင်း မြင်ရသည်တွင် ရဲတိုက်ဂိတ်ဝတွင် စောင့်ကြပ်နေသော အစောင့်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ ရဲတိုက်အတွင်းမှ ထောင်ချီသော သံနက်တပ်ဖွဲ့ဝင်များ အလုံးအရင်းလိုက် ထွက်လာကြသည်။

ယဲ့မိသားစုရဲတိုက်သည် ယဲ့ချန်၏ ရှေ့တည့်တည့်တွင် ရှိနေသော်ငြား ထောင်ချီသော ရန်သူများကို ကျော်ဖြတ်သွားရန် လိုနေသည်။

တောင်ခွဲခွင်းလွင် ...

ယဲ့ချန် လေထဲသို့ခုန်တက်ကာ ခြေတစ်ဖက်အား မြေပြင်ပေါ်သို့ ဆောင့်ချလိုက်သည်။ အဆုံးမရှိသော မီးစွမ်းအင်လှိုင်းနှင့် သတ္တုစွမ်းအင်လှိုင်းကြီးသည် သံနက်တပ်ဖွဲ့ဝင်များထံ ပြေးဝင်သွား၏။ ထိုလှိုင်းနှစ်ခုတွင် မီးစွမ်းအင်၏ ပြင်းပြမှုနှင့် သတ္တုစွမ်းအင်၏ ထက်ရှမှုတို့ ပါဝင်နေသည်။ တိုက်ခိုက်မှု၏ ပြင်းအားသည် ကောင်းကင်အမြင့်မှ ပိုင်းချလိုက်သော ကျယ်ပြန့်သည့် ဓားစွမ်းအင်ကဲ့သို့ အင်အားကြီးကာ ခန့်ထည်လှသည်။

ဘန်း ...

ကြီးမားသော တွင်းပေါက်ကြီးတစ်ခု မြေပြင်တွင် ပေါ်ထွက်လာသည်။ ၁၀ ယောက်ကျော်သော ခန္ဓာကိုယ်များ လေထဲသို့ ပျံတက်သွားကြပြီး သူတို့အားလုံး၏ ကိုယ်တွင် မီးများ စွဲလောင်နေကာ မကြာမီ၌ ဇီဝိန်ချုပ်သွားကြသည်။ တစ်ဖက်တွင်လည်း သတ္တုစွမ်းအင် လှိုင်းကြီးသည် သံနက်တပ်ဖွဲ့ဝင်များ၏ ခန္ဓာကိုယ်တို့အား အလယ်မှ ဟက်တက်ခွဲကာ ပိုင်းဖြတ်သွားသည်။

တောင်ခွဲခွင်းလွင်၏ တိုက်ခိုက်မှု တစ်ခုကပင် လူပေါင်းများစွာအား ဆိုးရွားလှသော နာကျင်မှုဖြင့် သေသွားစေနိုင်သည်။ အမှန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။

***

All Chapters