← Chapters

တုံ့ဆိုင်းခြင်းမဲ့ သတ်ဖြတ်မှု

Vol. 9 Ch. 119

တုံ့ဆိုင်းခြင်းမဲ့ သတ်ဖြတ်မှု

Vol. 9 Ch. 119

သံနက်တပ်ဖွဲ့ဝင်များသည် ကြောက်ရွံ့ထိတ်လန့်စွာဖြင့် နောက်သို့ ပြန်ဆုတ်သွားကြသည်။ ထိုလူကား သတ်ဖြတ်ခြင်း နတ်ဘုရားနှင့်ပင် တူလှသည့်အပြင် အလွန်သန်မာသော ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူ ဖြစ်နေသည်။ ထိုလူ့အား ဘယ်သူမှ မခုခံနိုင်ပေ။ ထိုလူသွားရာလမ်းတွင် ပိတ်ဆို့နေရန်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသည့်နှယ်သာ ဖြစ်နေပေလိမ့်မည်။

သံနက်တပ်ဖွဲ့ဝင်များ အတွက် ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူ ဟူသည်မှာ နတ်ဘုရားကဲ့သို့ တည်ရှိမှုမျိုး ဖြစ်သည်။ သူတို့ဘက်တွင် လူအရေအတွက် မည်မျှများနေပါစေ၊ ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူကိုတော့ ဖိနှိပ်နိုင်လိမ့်မည် မဟုတ်ဟု မှတ်ယူထားကြသည်။

ယဲ့ချန်သည် တိုက်ခိုက်နေမှုများ မရပ်တန့်ဘဲ တောင်ခွဲခွင်းလွင်အား တွန်းကန်အားအဖြစ် အသုံးပြုကာ ရဲတိုက်နံရံထက်သို့ ခုန်တက်လိုက်၏။

လျိုခန်းနှင့် လျိုရွှင်းတို့သည် အပြင်ဘက်မှ ဆူညံသံများ ကြားလိုက်ရသောအခါ အံ့ဩသွားရသည်နှင့် အတူ အနည်းငယ် တုံ့ဆိုင်းသွားကြသည်။

"ရွှီကျုံး ဓားစာခံတွေကို သေချာ စောင့်ကြည့်ထား။ တကယ်လို့ အခြေအနေက အဆိုးဆုံးဖြစ်လာခဲ့ရင် သင့်တော်တဲ့ ဆုံးဖြတ်ချက်ကို မင်းကိုယ်တိုင် ချနိုင်တယ်"

လျိုရွှင်းသည် တုတ်ခိုင်သန်မာသော နောက်လိုက်တစ်ယောက်အား အမိန့်ပေးလိုက်သည်။

"နားလည်ပါပြီ အရှင်မင်းသား"

ရွှီကျုံးသည် တည်တည်တံ့တံ့ ဟန်ပန်နှင့် အခိုင်အမာ ပြန်ဖြေသည်။ ကျွင်းဝမ်နန်းတော်၏ ဒုတိယအစွမ်းထက်ဆုံး ကျင့်ကြံသူအနေနှင့် ရွှီကျုံးသည် ဆရာချင်ထက် ပို၍ စွမ်းဆောင်နိုင်စွမ်း ရှိသည်။ ထို့ပြင် ရွှီကျုံးသည် လျိုရွှင်း၏ အယုံကြည်ရဆုံး နောက်လိုက်လည်း ဖြစ်ရာ လျိုရွှင်း ဆိုလိုသည်ကို သူက ကောင်းစွာ နားလည်သည်။

လျိုရွှင်းနှင့် လျိုခန်းတို့သည် ယဲ့မိသားစုရဲတိုက်၏ နံရံများထက်သို့ ခုန်တက်လိုက်လျှင် သူတို့ဘက်သို့လာနေသော လူရိပ်တစ်ရိပ်အား တွေ့လိုက်ရသည်။ ပို၍ နီးလာသောအခါတွင်မှ သူတို့နှစ်ယောက် သေချာ မြင်ရတော့သည်။ ထိုလူရိပ်မှာ ယဲ့ချန် ဖြစ်နေလေသည်။

ထိုကောင်လေးသည် ကျောက်စိမ်းမျှော်စင်ထဲတွင် မသေခဲ့သည့်အပြင် စွမ်းရည်များပင် ပိုတိုးတက်လာဟန် ရသည်။

ယဲ့ချန်သည် နံရံထက်သို့ တက်လာနေရင်း ခေါင်းမော့ကြည့်မိသည့်အခါ လျိုခန်းနှင့် လျိုရွှင်းတို့အား မြင်လိုက်ရသည်။ နှစ်ဖက်စလုံး၏ မျက်လုံးများသည် လေထုအလယ်တွင် အကြည့်ချင်း ပွတ်တိုက်မိကြပြီး မီးပွားများ လွင့်စဉ်လာသယောင်ပင် ထင်မှတ်ရသည်။

ယဲ့ချန်၏ မျက်လုံးများထဲ၌ သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ရုတ်ခြည်း ထင်ဟပ်လာသည်။

"လက်စသတ်တော့ မင်းပဲ။ မင်းက အခုထိ မသေသေးဘူးပေါ့"

လျိုခန်းက အေးစက်စွာ နှာမှုတ်သည်။ ဤလူငယ်လေးသည် ကံကောင်းထောက်မ၍ မသေသေးတာ ဖြစ်နိုင်သော်လည်း အချိန်တိုအတွင်း ထျန်းချီအဆင့် ၁၀ သို့ မရောက်နိုင်လောက်သေးပေ။ ထို့ကြောင့် ယဲ့ချန်အား သတ်ရန်မှာ သူတို့သားအဖအတွက် အလွန် လွယ်ကူနေသေးသည်။

ယဲ့ချန်နောက်၌ ဘယ်သူမှ လိုက်ပါမလာကြောင်း သေချာသွားတော့မှ လျိုခန်း စိတ်သက်ရာရစွာဖြင့် သက်ပြင်းချမိသည်။ အစက သူ ထင်ခဲ့သည်မှာ အလွန် အစွမ်းထက်သော ပုဂ္ဂိုလ်ကြီး ရောက်လာပြီလောဟူ၍ ထိတ်လန့်ခဲ့ ရသော်လည်း အဆုံးသတ်၌ ကောင်စုတ်လေးယဲ့ချန် ပြန်လာခြင်း ဖြစ်နေသည်။ သည်တစ်ကြိမ်တွင်တော့ ထိုကောင်စုတ်လေးအား အသက်ရှင်လျက် လွတ်မြောက်ခွင့် ပေးတော့မည် မဟုတ်ပေ။

လျိုခန်းသည် ကျောက်စိမ်းမျှော်စင်ထဲတွင် ယဲ့ချန် ပြသခဲ့သော စွမ်းရည်များကို ပြန်သတိရသွားသဖြင့် အလွန်ပြင်းထန်သော "အေးခဲသေမင်း" လက်ဝါးချက်ဖြင့် လက်ဦးမှုရယူကာ စတင် တိုက်ခိုက်လိုက်သည်။

အေးစက်ကာ သေစေနိုင်သော စွမ်းအင်လှိုင်းများသည် ရိုးတွင်းခြင်ဆီထဲထိ တုန်ခါသွားစေသည့် လေအေးများသဖွယ် လျိုခန်း၏ လက်ဝါးချက်မှ ထွက်ပေါ်လာသည်။

"အေးခဲသေမင်း" သည် အဆင့် ၆ ပညာရပ်တစ်ခုဖြစ်ပြီး ၎င်းကို အောင်မြင်ရန် လျိုခန်း ၁၀ နှစ်ခန့် အချိန်ပေးခဲ့ရသည်။ ၎င်းသည် ရေခဲစွမ်းအင် ပညာရပ်ဖြစ်ပြီး စတင်အသုံးပြု လိုက်သည်နှင့် ရေခဲစွမ်းအင်များသည် ပြိုင်ဘက်၏ ခန္ဓာကိုယ်ထဲ တိုးဝင်သွားပြီး အဓိက သွေးကြောမများကို အေးခဲပျက်စီးစေသည်။ နန်းမြို့တော်၌ ရှိစဉ်က လျိုခန်းသည် ထိုပညာရပ်ကို အသုံးပြုကာ အဆင့်တူအတွင်းရှိ ပြိုင်ဘက်များစွာကို အနိုင်ယူနိုင်ခဲ့သည်။

"သေလိုက်တော့ ... ကောင်စုတ်လေး"

လျိုခန်းသည် ရှေ့သို့တစ်လှမ်းတိုးပြီး ယဲ့ချန်အား တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။

လျိုခန်း၏လက်ဝါးက ယဲ့ချန်အား ထိတော့မည့်အချိန်တွင် အေးစက်လှသော အလင်းတစ်ချက်က ယဲ့ချန် မျက်လုံးများထဲ လက်သွားသည်။ ထိုအလင်းသည် ဓားတချောင်းကဲ့သို့ အလွန်ထက်ရှကာ ထိုးဖောက်နိုင်စွမ်း ရှိသည့်အလား လျိုခန်း ခံစားလိုက်ရပြီး စိတ်မသက်မသာ ဖြစ်ရမှုနှင့်အတူ ကြောက်ရွံ့စိတ် အနည်းငယ် ဖြစ်ပေါ်လာသည်။

လျိုခန်း ဘာမှ ဆက်မလုပ်နိုင်သေးခင် ယဲ့ချန် မာန်သွင်းလိုက်သည်။

နေမင်းဖြိုခွင်း ...

ယဲ့ချန်သည် ဤတိုက်ခိုက်မှုအတွက် ထျန်းချီများကို ကြိုတင်စုဆောင်း ထားခဲ့ပြီး အိတ်သွန်ဖာမှောက် ထုတ်သုံးလိုက်ရာ စွမ်းအင်များသည် ဆူနာမီ လှိုင်းလုံးများသဖွယ် ပေါက်ကွဲထွက်လာကာ ယဲ့ချန်၏ ခန္ဓာကိုယ်သည် မီးဘောလုံး တစ်လုံးနှယ် ပူပြင်းနေတော့သည်။

ထိုအချိန်၌ ယဲ့ချန်အတွေးထဲတွင် လျိုခန်းအား သတ်ရန် ဆန္ဒတစ်ခုသာ ရှိနေသည်။ နေမင်းဖြိုခွင်းအား အသုံးပြုရန် မြောက်မြားလှစွာသော ထျန်းချီစွမ်းအင်များကို လိုအပ်သော်လည်း သူ့ဘေးတွင် အမွေးပွလေး ရှိနေသည့်အတွက် အနည်းငယ်မျှပင် စိတ်ပူခြင်း မရှိပေ။

အေးခဲသေမင်း၏ အရိုးခဲမတတ် ရေခဲစွမ်းအင်များသည် သဲလွန်စပင် မကျန်အောင် ပျောက်ကွယ်သွားရပြီး မိုးထိုးလုနီးနီး အနီရောင် မီးအလင်းတန်းကြီးသည်သာ ထီးထီး ကျန်ရှိနေသည်။

"ဘာဖြစ်သွားတာလဲ။ အဲဒါ ဘာသိုင်းပညာရပ်လဲ"

လျိုခန်းသည် ထိုမျှ အစွမ်းထက်သော သိုင်းပညာရပ်အား လုံးဝ မမြင်ဖူးခဲ့ပေ။ ရှီဝူအင်ပါယာ၊ ဘုရင့်ဘဏ္ဍာတိုက် ထဲတွင်ပင် အဆင့်အမြင့်ဆုံး သိုင်းပညာရပ်ဟူ၍ အဆင့် ၆ ပညာရပ်သာ ရှိသည်။ သို့သော် ယခုတွင် အေးခဲသေမင်း ပညာရပ်သည်ပင် ယဲ့ချန် အသုံးပြုနေသော ပညာရပ်အား လုံးဝ မယှဉ်သာ ဖြစ်နေသည်။

၁၇ နှစ်၊ ၁၈ နှစ်အရွယ် ကောင်လေးတစ်ယောက်က ထိုမျှ အစွမ်းထက်သော ပညာရပ်အား မည်သို့ တတ်မြောက်နေရပါ သနည်း။

လျိုခန်းသည် ယဲ့ချန်၏ ကြောက်မက်ဖွယ် မီးစွမ်းအင်တိုက်ခိုက်မှုက သူ့ထံ ဦးတည်လာသည်ကို မြင်သော် ထိတ်လန့်သွားပြီး ရှောင်တိမ်းရန် ပြင်လိုက်သော်ငြား သူ့လှုပ်ရှားမှုများသည် အလွန် နှေးကွေးနေခဲ့သည်။

ယဲ့ချန်ကား လျိုခန်းအား လွယ်လွယ်ကူကူနှင့် လွတ်မြောက်ခွင့်ပေးဖို့ လုံးဝစိတ်ကူးမရှိ။ သူ၏ လက်ဝါးချက်က လျိုခန်းရင်ဘတ်သို့ ထိမှန်သွားသောအခါ လျိုခန်း၏ ယန်ချီအကာအကွယ်မှာ လုံးဝ ပျက်ပြယ်သွားသည်။ ကြောက်မက်ဖွယ် မီးစွမ်းအင်လှိုင်းသည် လျိုခန်းကိုယ်ထဲသို့ တိုးဝင်သွားပြီး မွှေနှောက်ဖျက်ဆီးလျက် ကျောဘက်မှ ပြန်လည်ဖောက်ထွက် လာသည်။ နေမင်းဖြိုခွင်းသည် လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲရှိ အသက်သွေးကြောများကို တစ်ခဏအတွင်း ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။

“မင်း ... မင်းက ... ထျန်းချီအဆင့် ၁၀ အလယ်အလတ်ဆင့်ကို ရောက်နေပြီလား”

လျိုခန်း ကြက်သေသေသွားကာ ဒေါသ၊ မယုံကြည်နိုင်မှုနှင့် ကြောက်ရွံ့မှုတို့က သူ့မျက်နှာထက် ဖြတ်ပြေးသွားသည်။ ယဲ့ချန်ထံတွင် တစ်ကွက်တည်းနှင့် ရှုံးနိမ့်သွားခဲ့ကြောင်း လက်ခံရန် လျိုခန်းအတွက် အလွန်ခက်ခဲနေဆဲ။ ဤမျှ အချိန်တိုလေးအတွင်း ယဲ့ချန်သည် စွမ်းအားအရာ၌ သူ့ထက် သာလွန်သွားခဲ့ပြီ ဟူသော အချက်အား ယုံကြည်ရန် ကြိုးစားနေချိန်တွင်ပဲ လျိုခန်း၏ ခန္ဓာကိုယ်သည် အဝေးသို့ ပြင်းထန်စွာ လွင့်စဉ်ထွက်သွားသည်။

နေမင်းဖြိုခွင်းသည် တစ်ချက်တည်းနှင့် လူတစ်ယောက်အား သတ်ရန် လုံလောက်သော ပညာရပ်ဖြစ်သည်။ လျိုခန်းကား သေတော့မည့်ဆဲဆဲပင်။

လျိုရွှင်းသည် လျိုခန်းနောက်တွင် ခြေတစ်လှမ်း ဆုတ်ကာ ရပ်နေရင်း ခုခံကာကွယ်ရန် ထျန်းချီစွမ်းအင်များကို လှည့်လည်ထားသည်။ ရုတ်တရက် လျိုခန်း၏ ခန္ဓာကိုယ်သည် သူ့ဘက်သို့ လွင့်စဉ်လာသည်ကိုမြင်သော် အလျင်အမြန် လေထဲခုန်တက်ကာ ဖမ်းယူလိုက်သည်။ လျိုခန်း၏ ခန္ဓာကိုယ်ထဲတွင် အနည်းငယ် ကြွင်းကျန်ရစ်သော ပူပြင်း တောက်လောင်နေသည့် မီးစွမ်းအင်များသည် လျိုခန်းအား ဆုပ်ကိုင်ထားသော လက်နှစ်ဖက်မှတစ်ဆင့် လျိုရွှင်းထံ စီးဆင်းလာသည်။ အထိတ်တလန့်ဖြင့် လျိုရွှင်း နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်မိ၏။ လျိုခန်း၏ ခန္ဓာကိုယ် အတွင်းဘက်၌ ကြေမွပျက်စီးနေပြီး အဓိက သွေးကြောမများပင် အပိုင်းပိုင်းအစစ ဖြစ်နေကြောင်း လျိုရွှင်း ချက်ချင်း သိလိုက်ရသည်။

လျိုခန်းကား တစ်ချက်တည်းနှင့် အပြီးသတ် ခြေမွှခံလိုက်ရခြင်း ဖြစ်သည်။ လျိုရွှင်း၏ အကြည့်များသည် အရှေ့ရှိ လူငယ်လေးထံ ပြန်ရောက်သွားချိန်တွင် သူ့မျက်လုံးများထဲ၌ နက်ရှိုင်းသော အကြောက်တရားတို့ဖြင့် ပြည့်နှက်နေသည်ကို မထိန်းချုပ်နိုင်ခဲ့။

ထိုကောင်စုတ်လေးသည် အချိန်တိုအတွင်း ထိုမျှ တိုးတက်လာစေရန် မည်သို့ ကျင့်ကြံခဲ့သည် မသိပေ။

လျိုရွှင်း စိတ်ထဲတွင် မသက်သာစွာ ညည်းတွားလိုက်မိသည်။ လျိုခန်းသည် ထျန်းချီအဆင့် ၁၀ အလယ်အလတ်ဆင့် ကျင့်ကြံသူ ဖြစ်သော်ငြား ယဲ့ချန်ထံ၌ တစ်ချက်တည်းနှင့် ရှုံးနိမ့်ခဲ့ရသည်။ လျိုရွှင်းအဖို့ ယဲ့ချန်အား မယှဉ်နိုင်သည်မှာ ထင်ရှားသည်။

နေမင်းဖြိုခွင်းအား တစ်ကြိမ် အသုံးပြုပြီးနောက် ယဲ့ချန်ကိုယ်ထဲတွင် ထျန်းချီစွမ်းအင် ၁၀ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်းခန့်သာ ကျန်ရှိတော့သည်။ လျိုရွှင်းအား အေးစက်စွာ စိုက်ကြည့်နေရင်းဖြင့် ထျန်းချီများအား အလျင်အမြန် တိတ်တဆိတ် ပြန်လည်ဖြည့်တင်း နေလိုက်သည်။

လျိုရွှင်းသည် သေလုနီးပါးဖြစ်နေသော လျိုခန်းအား လက်ထဲတွင် ကိုင်ထားရင်းဖြင့် အကွာအဝေး တစ်ခုသို့ ဆုတ်သွားသည်။ မျက်နှာအမူအရာမှာ မည်းမှောင်နေပြီး ယဲ့ချန်အား ပြောလာသည်။

“ငါတို့သားအဖကို မင်း ဒီလိုမျိုး အနိုင်ယူနိုင်လိမ့်မယ်လို့ လုံးဝမတွေးခဲ့မိဘူး။ ဒါပေမဲ့ အပျော်စော မနေနဲ့ဦး၊ ယဲ့မိသားစုက လူတွေအကုန်လုံး ငါ့လက်ထဲမှာ ရှိနေတယ်။ မင်း ရှေ့ကို ခြေတစ်လှမ်းတိုးလာတာနဲ့ အားလုံးကို ငါ သတ်ပစ်လိုက်နိုင်တယ်”

“ခင်ဗျားမှာ လုပ်နိုင်စွမ်းရှိတာ သေချာပြီလား။ အနောက်မှာ ဘာတွေဖြစ်နေလဲ ဆိုတာ ခင်ဗျား တစ်ချက်လောက် လှည့်ကြည့်သင့်တယ်”

ယဲ့ချန်သည် အေးစက်စက် လှောင်ရယ်ကာ ဒေါသအား ချုပ်တည်းထားရသော လေသံဖြင့် ဆို၏။

"ငါက အနောက်ကို လှည့်ကြည့် ရမယ်တဲ့လား။ မင်းရဲ့ လှည့်ကွက်ထဲကို ငါ ဝင်မယ်များ မှတ်နေလား”

လျိုရွှင်းသည် အရာအားလုံးကို ကြိုသိနေဟန်ဖြင့် နှာရှုံ့သည်။ သို့သော် ရုတ်တရက်ဆိုသလို အနောက်ဘက်မှ အော်ဟစ်သံများနှင့် တိုက်ခိုက်သံများကို ကြားလိုက်ရသည်။ သူသည် မျက်လုံးထောင့်စွန်းမှ တစ်ဆင့် မှော်သားရဲများ ထွက်ပေါ်လာကာ သံနက်တပ်ဖွဲ့အား ဖိအားပေးနေသည်ကို မြင်လိုက်သလို ရှိသည်။ ရွှီကျုံးပင်လျှင် အရေးနိမ့်နေပြီး နောက်ဆုံး၌ သိမ်းငှက်နက် တစ်ကောင်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

မှော်သားရဲများသည် အဆင့် ၁၀ ထိပ်ဆုံးဆင့်များ ဖြစ်ကြပြီး စုစုပေါင်း ၆ ကောင် ရှိသည်။ လျိုရွှင်း၏ မျက်နှာထက်တွင် မျှော်လင့်ချက်မဲ့သော အရိပ်အယောင်များ ထွက်ပေါ်လာသည်။ ယဲ့ချန် ထိုမှော်သားရဲများအား ဘယ်နေရာမှ ရှာလာသည်ကို သူ မတွေးတတ်တော့ပေ။ ထို့ပြင် မှော်သားရဲ ၆ ကောင်လုံး၏ အစွမ်းအစကလည်း ဩချလောက်အောင် မြင့်မားနေသေးသည်။

“ယဲ့ချန် အရင်တုန်းက ငါတို့ကြားမှာ မဖြေရှင်းရသေးတဲ့ နားလည်မှုလွဲတာတွေ ရှိခဲ့တယ်။ တကယ်လို့ မင်းက အရင်က ကိစ္စတွေအားလုံးကို မရှိခဲ့သလို သဘောထားပေးမယ် ဆိုရင် ငါ မင်းကို ကျွင်းဝမ်နန်းတော်မှာ ရာထူးမြင့်မြင့်တစ်ခု ပေးထားနိုင်တယ်။ ဒီလိုဆိုရင် ယဲ့မိသားစုကလည်း တုန်းလင်ပြည်နယ်မှာ အဆင့်အတန်းမြင့်ပြီး လူလေးစားခံရတဲ့ မိသားစုကြီးတစ်ခု ဖြစ်လာလိမ့်မယ်”

အခြေအနေမှာ သူ ကြိုတင်ပြင်ဆင် ထားသည်နှင့် လွဲချော်သွားကြောင်း သိရသည်တွင် လျိုရွှင်း၏ လေသံမှာ အထူးကို ပျော့ပျောင်းနေတော့သည်။

"အဆင့်အတန်းမြင့်ပြီး လူလေးစားခံရမယ် ဟုတ်လား။ ယဲ့မိသားစုက အရေးမပါတဲ့ အရာတွေကို ဂရုမစိုက်ဘူး”

ယဲ့ချန် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ သူ့ကိုယ်ထဲရှိ ထျန်းချီစွမ်းအင်များမှာ ပြန်လည် ပြည့်နှက်လာပြီး လျိုရွှင်းအား ရင်ဆိုင်ရန် လုံလောက်နေချေပြီ။

“ယဲ့ချန် မင်းငါ့ကို သတ်လို့မရဘူး”

အနားသို့ တဖြည်းဖြည်း တိုးလာသော ယဲ့ချန်အားမြင်သော် ကြောက်ရွံ့စိတ်က နှလုံးသားတစ်ခုလုံး၌ မွှန်ထူသွားပြီး လျိုရွှင်း အော်လိုက်သည်။

"ဘာလို့ ကျွန်တော်က ခင်ဗျားကို သတ်လို့မရရမှာလဲ။ ယဲ့မိသားစုကို အနိုင်ကျင့် စော်ကားပြီး အရှက်ရစေတဲ့သူက သေချာပေါက်ကို အသတ်ခံရသင့်တယ်”

ယဲ့ချန်သည် အဖက်မတန်ဟန်ဖြင့် ရေရွတ်ရင်း ရှေ့သို့ ဆက်လျှောက်လာသည်။ ခြေတစ်လှမ်းမျှသာ ကျန်တော့သည်။

“ဧကရာဇ်မင်ဝူ ကိုယ်တိုင် ငါ့ကို ဒုတိယမင်းသားဘွဲ့ ပေးအပ်ထားတာ။ ငါ့အဖေကလည်း ရှီဝူအင်ပါယာရဲ့ စစ်ရေးစစ်ရာဝန်ကြီးပဲ။ ယဲ့ချန် မင်းက နန်းတွင်းရဲ့ အထက်ဆင့် အမှုထမ်းနှစ်ယောက်ကို တပြိုင်နက်သတ်ပြီး ဧကရာဇ်ကို ပုန်ကန်ဖို့ ကြံစည်နေတာလား”

လျိုရွှင်းသည် သွေးရူးသွေးတန်းဖြင့် အော်ဟစ်နေခဲ့ပြီး သူ့ကြည့်ရသည်မှာ မရူးရုံတမယ်သာ ရှိတော့သည်။

***

All Chapters