သေလိုက်တော့ လျိုရွှင်း
Vol. 9 Ch. 120
ယဲ့ချန် တစ်ခဏတော့ အရှိန်လျော့သွားသည်။ လျိုရွှင်းနှင့် လျိုခန်းတို့သည် အမှန်ပင် နန်းတွင်းမှ အထက်ဆင့် အမှုထမ်းများ ဖြစ်နေသည်။ ၎င်းတို့၏ မြင့်မားသော အဆင့်အတန်းနှင့် ယှဉ်ပါက ယဲ့မိသားစုသည် လုံးဝ မပြောပလောက်သော ပါမွှားလေးသာ ဖြစ်၏။
“ယဲ့ချန် မင်း ကြောက်သွားပြီမလား။ တကယ်လို့ မင်း ငါတို့သားအဖကို သတ်ရဲရင် ဧကရာဇ်မင်ဝူက သူ့စစ်တပ်ကို လွှတ်ပြီး ယဲ့မိသားစု တစ်ခုလုံးကို သုတ်သင်ပစ်လိမ့်မယ်။ ယဲ့ချန် မင်း ငါ့ကို အခုနေ တောင်းပန်မယ်ဆိုရင် နောက်မကျသေးဘူးနော်။ မဟုတ်ရင်တော့ မင်း အရမ်းကို သနားစရာ ကောင်းလောက်အောင် အဆုံးသတ်ရလိမ့်မယ်”
ယဲ့ချန် တုံ့ဆိုင်းနေသည်ကိုမြင်သော် လျိုရွှင်း၏ ကြောက်ရွံ့မှုမှာ လျော့ပါးသွားပြီး မောက်မာစွာ ပြောလာတော့၏။
“ယဲ့မိသားစုကို အနိုင်ကျင့်ရဲတဲ့ ဘယ်သူမဆို ကျိန်းသေသေရမယ်။ ဧကရာဇ်မင်ဝူကိုယ်တိုင် ရောက်လာတော့ရော ဘာဖြစ်လဲ၊ သူက ကောင်းကင်ရန်အဆင့် လေးပဲလေ။ တကယ်လို့ သူကပါ ယဲ့မိသားစုကို ရှင်းပစ်ချင်ရင် သူလည်း သေရမယ်။ အခုကတော့ ခင်ဗျား သေဖို့အချိန်ပဲ လျိုရွှင်း”
ယဲ့ချန်သည် သေသေချာချာ စဉ်းစားခဲ့ပြီး ဖြစ်သည်။ အကယ်၍ ဧကရာဇ်မင်ဝူက လျိုသားအဖဘက်မှ ရပ်တည်မည်ဆိုပါက ယဲ့မိသားစုသည် ရှီဝူအင်ပါယာကို ပုန်ကန်ကာ အခြားတနေရာသို့ ရွှေ့ပြောင်းသွားလို့ ရသည်။ ကောင်းကင်ရန်အဆင့် ကျင့်ကြံသူ တစ်ယောက်သည် အမှန်တော့ အလွန် အစွမ်းထက်သော်လည်း ယဲ့ချန်သည် နတ်သူငယ်အဆင့် အရှင်သခင်များကိုပင် ကြုံခဲ့ဖူးလေရာ ထူးပြီး ကြောက်မနေတော့ပေ။
ယဲ့ချန် လက်ချောင်းများအား ကွေးလျက် ဆန့်ထုတ်ကာ လေအရိပ် လက်သည်းဖြင့် လျိုရွှင်း၏ လည်ပင်းအား ဖမ်းဆုပ်ရန် ဦးတည်လိုက်သည်။
လျိုရွှင်းသည် နီးကပ်လာနေသော လက်သည်းချက်ကို ကြည့်ကာ အလွန် ထိတ်လန့်သွားသည်။ ယဲ့ချန်သည် ဧကရာဇ်မင်ဝူကိုပင် ကြောက်ရွံ့ဟန် မရပေ။ မဖြစ်နိုင်ဟု ထင်ရသော်လည်း အခု တကယ်ဖြစ်နေသည်။ ထိုအခိုက်အတန့်တွင် လျိုရွှင်း၏ အတွေးထဲ၌ ပြင်းပြထက်သန်သော အသက်ရှင်သန် လိုစိတ်သာ ကျန်ရစ်ပြီး တခြား ဘာမှမရှိတော့။ သူသည် တုံ့ဆိုင်းမနေတော့ဘဲ လက်ထဲရှိ တစ်ဝက်သေနေပြီး ဖြစ်သော လျိုခန်း၏ ခန္ဓာကိုယ်အား ယဲ့ချန်ဘက်သို့ ပစ်လိုက်ရင်း ထွက်ပြေးရန် ပြင်၏။
ယဲ့ချန် လျိုခန်း၏ မလှုပ်မယှက် ခန္ဓာကိုယ်အား လက်တစ်ဖက်ဖြင့် ခတ်ထုတ်လိုက်ရင်း အမူအရာမှာလည်း မည်းမှောင်သွားသည်။
လျိုရွှင်းသည် လျိုခန်း၏ သားအရင်းခေါက်ခေါက် ဖြစ်သော်လည်း သေရေးရှင်ရေး အခြေအနေတွင် ဖခင်ဖြစ်သူကို ခုတုံးလုပ်ကာ ထွက်ပြေးရန် ကြိုးစားနေသည်။ ထိုသို့ လူမဆန်သော လူ့တိရစ္ဆာန်ကောင်ကား အမှန်ပင် သေသင့်သည်။
“လျိုရွှင်း ခင်ဗျား အခု သေလို့ရပြီ”
လျိုခန်းအား ဘေးသို့ဖယ်ထုတ်ပြီးနောက် ယဲ့ချန်သည် သိမ်းငှက်တစ်ကောင်ကဲ့သို့ အမြန်နှုန်းဖြင့် လျိုရွှင်းကို လိုက်မီသွားပြီး လေအရိပ် လက်သည်းဖြင့် အညှာအတာမဲ့စွာ ဖမ်းဆုပ်ထားလိုက်သည်။
လျိုရွှင်း အောက်ဘက်သို့ လှမ်းကြည့်လိုက်ရာ သံနက် တပ်ဖွဲ့ဝင်များသည် မှော်သားရဲများ၏ လက်အောက်တွင် အပြတ်အသတ်ကို ရှုံးနိမ့်နေပြီး သိမ်းငှက်နက်နှင့် လင်းတနီတို့သည် ကောင်းကင်တွင် အရန်သင့် ဝဲပျံနေကြသည်။ သူ့အတွက် လွတ်လမ်း မရှိတော့သည်ကို လျိုရွှင်း နားလည်လိုက်သည်။
"ငါ ... လျိုရွှင်းက ဘဝတစ်လျှောက်လုံး အင်အားကြီးပြီး အထင်ကြီးရလောက်တဲ့လူ အဖြစ်နဲ့ပဲ ရှိခဲ့တာ။ မနူးမနပ် ကလေးတစ်ယောက်ရဲ့ လက်ထဲမှာ သေရလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး။ ကံတရားက သိပ်ကိုမတရားလွန်းတာ မဟုတ်ဘူးလား။ ငါ လက်မခံနိုင်ဘူး။ ငါ ဒါကို လက်မခံနိုင်ဘူး”
လျိုရွှင်းသည် သွက်သွက်ခါအောင် ရူးသွားသည့်အလား အဆက်မပြတ် အော်ဟစ်နေခဲ့သည်။ သူသည် တုန်းလင်ပြည်နယ် တစ်ခုလုံးအား စိတ်တိုင်းကျ ထိန်းချုပ်နိုင်ရန် အဆင့်ဆင့် ကြိုးစားအားထုတ်ခဲ့ ရသည်။ အရာအားလုံးက သူ စီစဉ်ထားသည့်အတိုင်း စနစ်တကျ ရှိနေခဲ့ပြီးမှ ဘာမဟုတ်တဲ့ ယဲ့မိသားစုကြောင့် အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားခဲ့ ရလေပြီ။
လူတိုင်းအတွက် ကြိုတင် သတ်မှတ်ထားပြီးသား ကံကြမ္မာနှင့် အကြောင်းတရားများ ရှိသည်။ ကောင်းကင်ဘုံသည် နတ်ဆိုးကဲ့သို့ ဆိုးယုတ်သည့် လူများအတွက် သင့်လျော်သော အဆုံးသတ်တို့ကို စီမံထားပြီး ဖြစ်ဟန်ရသည်။
ယဲ့ချန် ခဏတာ အတွေးထဲ မျောလွင့်သွားပြီး တာအိုသဘောတရား အချို့ကို နားလည်သဘောပေါက် သွားခဲ့သလို ရှိသည်။ လူတစ်ယောက်သည် သက်ရှိလောကတွင် ရှင်သန် နေထိုင်နေသေးသ၍ တာအို သဘောတရားများမှ ကင်းလွတ်နိုင်မည် မဟုတ်။ ဘဝအား အထိန်းအကွပ်မဲ့စွာ ရှင်သန် နေထိုင်သူသည် ကံကြမ္မာ အလှည့်အပြောင်းတွင် ခံစားရခြင်းမှ ကျိန်းသေ မလွတ်မြောက်နိုင်ပေ။
“သေလိုက်တော့”
ယဲ့ချန်၏ တစ်ရှိန်ထိုး မြင့်မားလာသော အရှိန်အဝါနှင့် ဖိအားတို့အောက်တွင် လျိုရွှင်းသည် အနည်းငယ်မျှပင် မလှုပ်ရှားနိုင်တော့။
ထျန်းချီလှိုင်း တစ်ခုသည် ယဲ့ချန်၏ လက်ဝါးမှတစ်ဆင့် လျိုရွှင်း၏ လည်ချောင်းထဲသို့ စီးဆင်းကာ အသံအိုးအား ဖိနှိပ်ဖျက်ဆီးပစ်သည်။ ထို့နောက် ယဲ့ချန်သည် လျိုရွှင်းအား ကောင်းကင်ထက်သို့ ပစ်ပေါက်လိုက်ပြီး လျိုရွှင်း လေထဲ၌ ကျွမ်းပြန်နေစဉ် တောင်းခွဲခွင်းလွင်ကို ထုတ်ဖော်လိုက်သည်။ တောင်ခွဲခွင်းလွင်သည် လျိုရွှင်း၏ ဝမ်းဗိုက်အား ထိုးခွဲသွားသဖြင့် သူ၏ ထျန်းချီ အကာအကွယ်မှာလည်း ပျက်စီးသွားရပြီး ကြွေလွင့်သွားသော ကြယ်ပျံ ဥက္ကာခဲကဲ့သို့ မြေပြင်ထက်သို့ ပြုတ်ကျလာလေသည်။
သံနက် တပ်ဖွဲ့ဝင်များသည် မှော်သားရဲ ၆ ကောင်၏ ဖိနှပ်မှုအား ခံထားကြရရာမှ လျိုခန်းနှင့် လျိုရွှင်းတို့ နှစ်ယောက်လုံး ယဲ့ချန်လက်အောက်တွင် မည်သို့မည်ပုံ ရှုံးနိမ့်သွားကြောင်း မြင်ရသည်တွင် ကြောက်ရွံ့ ထိတ်လန့်စွာဖြင့် ထွက်ပြေးကြတော့သည်။
အစပိုင်း၌ ယဲ့မိသားစုဝင်များသည် မျှော်လင့်ချက်များ ပျက်သုဉ်း နေကြသော်လည်း ဘယ်ကမှန်းမသိသော မှော်သားရဲ ၆ ကောင် ရုတ်တရက်ထွက်ပေါ်လာကာ သံနက်တပ်ဖွဲ့အား အပြတ်အသတ် အနိုင်ယူလိုက်သည်ကို မြင်သော် စိတ်လှုပ်ရှားမိ သွားကြသည်။ ထိုအဆင့် ၁၀ သားရဲများသည် ရိုးရှင်းစွာပင် အလွန် အစွမ်းထက်ကြသည်။ ၎င်းတို့အနက်မှ ကြောင်နက်တစ်ကောင်သည် သံနက်တပ်ဖွဲ့ဝင်များစွာကို သတ်ပစ်နိုင်စွမ်းရှိပြီး ထူလှပါသည်ဆိုသော ရွှမ်သတ္တုချပ်ဝတ်များသည် ကြောင်နက်၏ လက်သည်းချက်အောက်တွင် တိုဟူးများသဖွယ် တိခနဲ၊ ရိခနဲ ပြတ်တောက်ကုန်ကြ၏။ ထို့ပြင် ဓားလှံလက်နက်များ ကြောင်နက်၏ ကိုယ်ပေါ် ကျရောက်သွားချိန်တိုင်း သံမဏိကိုယ်ထည်ကို ပိုင်းဖြတ်မိသည့်နှယ် လိမ်ကောက် တွန့်ကွေးကာ ကျိုးပဲ့သွားကြသည်။ မည်သို့ပင်ဆိုစေ ထိုကြောင်နက်သည် အုပ်စုထဲ၌ အားအနည်းဆုံး ဖြစ်ဟန်ရကာ ရွှေနီရောင် အမဲလိုက်ခွေးနှင့် နှင်းကျားသစ်တို့ဆိုလျှင် ပို၍လျင်မြန်စွာနှင့် သံနက်တပ်ဖွဲ့ဝင်များကို သုတ်သင်နေကြသည်။ သိမ်းငှက်နက်နှင့် လင်းတနီတို့သည်ကား ကောင်းကင်တွင် ဝဲပျံလျက် မြေပြင်ထက်ရှိ စွမ်းအားအကြီးဆုံး သံနက်တပ်ဖွဲ့ဝင်များအား ထိုးသုတ်ကာ တစ်ချီတည်းနှင့် သတ်ဖြတ်နိုင်ကြသည်ကို တွေ့ရသည်။ နှင်းလူဝံသည်လည်း အလွန်သန်မာ ရက်စက်ပုံပေါ်ကာ သံနက်တပ်ဖွဲ့ဝင် တစ်ယောက်အား လေထဲသို့ ဆွဲမြှောက်လျက် လက်နှစ်ဖက်ဖြင့် နှစ်ပိုင်းဆွဲဖြဲနိုင်သည်အထိ အင်အားကြီးသည်။
မှော်သားရဲ ၆ ကောင်နှင့် သံနက်တပ်ဖွဲ့အကြားရှိ တိုက်ပွဲကား တစ်ဖက်စောင်းနင်း သတ်ဖြတ်ပွဲကြီး ဟူ၍ပင် ထင်မှတ်ရလောက်သည်။
ရွှီကျုံးကဲ့သို့ ထျန်းချီအဆင့် ၉ ထိပ်ဆုံးဆင့် ကျင့်ကြံသူသည်ပင် သိမ်းငှက်နက်၏ တိုက်ခိုက်မှုအား မတွန်းလှန်နိုင်ခဲ့။ အခြားသော ထျန်းချီအဆင့် ၉ ကျင့်ကြံသူများသည် လွတ်မြောက်ရန် ကြိုးစားကြသော်လည်း အဆုံးသတ်တွင်တော့ ရွှီကျုံးကဲ့သို့ တူညီသော ကံကြမ္မာနှင့်သာ အဆုံးသတ်သွားခဲ့ ရသည်။ သွေးလွှမ်းသော အော်ဟစ်သံများကား နေရာအနှံ့မှ ကြားနေရသည်။
မှော်သားရဲ ၆ ကောင်၏ အံ့မခန်းအစွမ်းအစကို မြင်သော် ယဲ့မိသားစုဝင်များသည် အဆိုးဆုံး အခြေအနေအတွက် ပြင်ဆင်ထားသော်လည်း အံ့ဩစရာကောင်းစွာပင် ၎င်းမှော်သားရဲ ၆ ကောင်သည် ယဲ့မိသားစုဝင် တစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေခြင်း မရှိပေ။ သူတို့အားလုံး ဇဝေဇဝါ ဖြစ်သွားကြရသည်။ ရုတ်တရက် ယဲ့မိသားစုဝင် တစ်ယောက်မှ စိတ်လှုပ်ရှားစွာဖြင့် ထအော်လိုက်သည်။
“အဲဒါ ... ချန်အာပဲ။ ချန်အာ ပြန်လာပြီ”
မိသားစုဝင်များအားလုံး ခေါင်းမော့လျက် ကြည့်မိကြသည်တွင် ရဲတိုက်နံရံများထက်၌ ရဲရဲနီနေသော မီးအလင်းတန်းတစ်ခုကို တွေ့လိုက်ကြရသည်။ တစ်ခဏကြာသော် လူရိပ်တရိပ် နံရံထက်မှ ပြုတ်ကျလာသည်။ လျိုခန်း ဖြစ်သည်။ သိပ်မကြာမီ နောက်ဘက်သို့ ထွက်ပြေးလာသော ဒုတိယမင်းသား၊ လျိုရွှင်းကို တွေ့ရသည်။ သို့သော် လူရိပ်တစ်ရိပ်သည် အလင်းအလျင်နှုန်းဖြင့် သူ့နောက်မှ လိုက်လာပြီး လည်မျိုအား ချုပ်ကိုင်လိုက်၏။ ထို့နောက် ထိုလူရိပ်သည် လက်ဝါးချက်တစ်ချက်ဖြင့် လျိုရွှင်းအား ရုပ်ပျက်ဆင်းပျက် လွင့်စဉ်သွားစေသည်။
မိုးကြိုးပစ်ချသကဲ့သို့ အသံကျယ်ကြီးဖြင့် လျိုရွှင်း ပြန်ပြုတ်ကျလာသည်။ အရှိန်ပြင်းလွန်းသောကြောင့် ဖုန်မှုန့်များက ကောင်းကင်တွင် ဖုံးလွှမ်းသွားပြီး ကြီးမားသော ချိုင့်တွင်းကြီး တစ်ခုလည်း မြေပြင်တွင် ရှိနေသည်။
အချို့သော ယဲ့မိသားစုဝင်များသည် လျိုရွှင်း မသေသေးမည်ကို စိုးရိမ်သောကြောင့် သံခြေချင်းများ အခတ်ခံထားရသည့်ကြားမှ တွင်းကြီးအနီးသို့ သွားကြည့်မိကြသည်။
အစောပိုင်းက စိတ်ဓာတ်ကျနေကြသော ယဲ့မိသားစုဝင်များသည် ပြန်လည် တက်ကြွလာကြပြီး ပျော်ရွှင်မှုကြောင့် မျက်ရည်များ ဝဲလာကြသည်။ ယဲ့ချန်သည် နတ်ဘုရား တစ်ပါးကဲ့သို့ ရုတ်တရက် ထွက်ပေါ်လာကာ ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူ နှစ်ယောက်အား သတ်ပစ်လိမ့်မည်ဟု သူတို့ လုံးဝ မတွေးကြည့်ခဲ့ဖူးချေ။ ထို့ပြင် ယဲ့ချန်နှင့်အတူ မှော်သားရဲ ၆ ကောင်လည်း ပါလာသေးသည်။
ရောထွေးနေသော စိတ်ခံစားချက်များကြောင့် ယဲ့မိသားစုဝင်များ စတင်၍ ငိုကြွေးမိကြတော့သည်။ နောက်ဆုံးတော့ ယဲ့မိသားစု ဆက်လက် ရှင်သန်နိုင်ဖို့အတွက် မျှော်လင့်ချက် ရှိလာခဲ့လေပြီ။
ယဲ့ချိန်ရွှမ်း၊ ယဲ့ကျန့်ထျန်းနှင့် အခြား အကြီးအကဲများသည် တုန်တုန်ယင်ယင်ဖြင့် မြေပြင်ပေါ်သို့ ပြိုလဲသွားကြ၏။ ပြီးခဲ့သော ရက်များအတွင်း သူတို့သည် မိသားစု၏ အဓိကဒေါက်တိုင်များ အနေနှင့် ဆုံးဖြတ်ချက်မှန်သမျှကို မှန်မှန်ကန်ကန် ချမှတ်နိုင်ရန် အလွန်ကို ဖိအားများခဲ့ပြီး ဆင်းရဲဒုက္ခများကို တောင့်ခံထားခဲ့ရသည်။ ယခုအခါ ယဲ့ချန် ပြန်ရောက်လာပြီး မိသားစုအား အကျပ်အတည်းထဲမှ ကယ်တင်ခဲ့သည်ကို မြင်သောအခါ ကြီးစွာသော စိတ်မကောင်းဖြစ်မှုနှင့် ပျော်ရွှင်မှုတို့ကို တစ်ပြိုင်နက် ခံစားလိုက်ရပြီး ဆက်လက်၍ တောင့်ခံမထားနိုင်တော့ဘဲ တစ်ယောက်ပြီးတစ်ယောက် လဲပြိုသွားခဲ့ရခြင်း ဖြစ်သည်။
“အဖေ ... ဘိုးဘိုးကြီး ...”
ယဲ့ချန်သည် စိုးရိမ်တကြီး ရေရွတ်ကာ အလျင်အမြန် ပြေးသွားခဲ့၏။
“ခေါင်းဆောင် နောက်ဆုံးတော့ ... ခေါင်းဆောင် ပြန်လာခဲ့ပြီ”
ယဲ့ပင်းသည် ငိုရှိုက်လျက် ဆို၏။ အခြားသော လူငယ်လေးများသည်လည်း စတင်၍ ငိုကြတော့သည်။ ဤလူငယ်လေးများသည် သံနက်တပ်ဖွဲ့၏ အမျိုးမျိုးသော နှိပ်စက်မှုများ အောက်၌ပင် မျက်ရည်တစ်စက် မကျခဲ့သော်ငြား ယဲ့ချန် ပြန်ရောက်လာသည်ကို မြင်သောအခါ စိတ်မထိန်းနိုင်ဘဲ ငိုမိကြတော့သည်။
မိသားစုထဲမှ လှုပ်ရှားနိုင်သေးသော အသက်ကြီးကြီး အမျိုးသမီးများနှင့် ကလေးများသည် အပြေးအလွှား ရောက်လာကြကာ ချည်နှောင်ခံထားရသော မိသားစုဝင်များကို ကြိုးဖြေပေးရန် ကူညီကြသည်။
ယဲ့ချန်သည် ယဲ့ကျန့်ထျန်းအနီးသို့ အပြေးသွားကာ စစ်ဆေးကြည့်မိသည်။ ယဲ့ကျန့်ထျန်း လဲကျသွားသည်မှာ ပင်ပန်းနွမ်းနယ်မှုကြောင့်သာ ဖြစ်ကြောင်း သိရတော့မှ စိတ်သက်ရာရကာ ထျန်းချီစွမ်းအင်များ လွှဲပြောင်းပေးလိုက်သည်။ ရုတ်တရက် ယဲ့ချန်၏ အကြည့်တို့က သူ့ဖခင်၏ ပခုံးနှစ်ဖက်သို့ ရောက်ရှိသွားသည်။ လက်မအရွယ်ခန့်ရှိသည့် သံချောင်းထူထူ နှစ်ချောင်းအား ယဲ့ကျန်ထျန်း၏ ညှပ်ရိုးနှစ်ဖက်အထက် အသားထဲတွင် ထိုးစိုက်ထားကြောင်း မြင်လိုက်ရသည်။ ထိုမြင်ကွင်းအား ကြည့်ကာ ယဲ့ချန်၏ နှလုံးသားသည် ဆွဲလှုပ်ခံရသည့်နှယ် တုန်ယင်ကာ တဆစ်ဆစ် နာကျင်လာ ရတော့သည်။
ယဲ့ကျန့်ထျန်းသာမက ထျန်းချီအဆင့် ၉ နှင့်အထက် ယဲ့မိသားစုဝင်များ အားလုံး ထိုနည်းဖြင့် အကြောပိတ်ခံထား ရလေသည်။
“လျိုရွှင်း”
ယဲ့ချန်သည် မကျေချမ်းနိုင်သော ဒေါသတို့ဖြင့် အံကြိတ်ကာ ရေရွတ်ရင်း လျိုရွှင်းအား တစ်ချက်တည်းနှင့် သေစေနိုင်အောင် တိုက်ခိုက်လိုက်မိသည်ကိုပင် နောင်တရသွားသည်။ သူ လျိုရွှင်းအား ထိုမျှလွယ်လွယ်နှင့် မသေခိုင်းလိုက်သင့်ပေ။ လျိုရွှင်းသာ အသက်ရှင်နေသေးပါက ယဲ့ချန် ထိုလူအား ရှင်လျက်နှင့် ငရဲကျနေသည့် ဘဝမျိုးကို ခံစားဖူးအောင် လုပ်ပေးမှာဖြစ်သည်။ ညာဘက်လက်တွင် ထျန်းချီများအား စုစည်းလျက် သံချောင်းနှစ်ချောင်းကို ဆွဲထုတ်ကာ အစိတ်စိတ်အမြွှာမြွှာ ခြေမွှပစ်လိုက်သည်။
ယဲ့ကျန့်ထျန်းပြီးနောက် ယဲ့ချိန်ရွှမ်းနှင့် အခြားသူများ၏ ညှပ်ရိုးအထက်တွင် စိုက်ထားသော သံချောင်းများကိုလည်း ယဲ့ချန် တစ်ယောက်ချင်း ဖယ်ရှားပေးလိုက်သည်။
"ခေါင်းဆောင် ... မြန်မြန်လေးလာပြီး အစ်ကိုမုန့်ကို တစ်ချက်လောက် ကြည့်ပေးပါဦး။ အစ်ကိုမုန့်က ...”
ယဲ့မေ့သည် မြေပြင်ထက်၌ လဲကျနေသော ယဲ့မုန့်အား ရင်ခွင်ထဲတွင် ပွေ့ပိုက်လျက် အသက်ရှူရပ်မတတ် ငိုကြွေးနေလေသည်။
ယဲ့ချန်လည်း ထိုနေရာသို့ အမြန်ပြေးသွားကာ ယဲ့မုန့်၏ လက်ကောက်ဝတ်ကို စမ်းသပ်ပြီး ခန္ဓာကိုယ် တစ်ခုလုံး၏ အခြေအနေအား သုံးသပ်ကြည့်မိသည်။ ယဲ့မုန့်၏ နှလုံးအနီး တစ်ဝိုက်ရှိ အဓိက သွေးကြောမများမှာ ဆိုးဆိုးရွားရွားကို ထိခိုက်ပျက်စီးသွားပြီး ထျန်းချီ အမြောက်အမြားကိုလည်း ဆုံးရှုံးထားရသည်။ ယဲ့ချန် လက်တစ်ဖက်မှတစ်ဆင့် ယဲ့မုန့်ကိုယ်ထဲသို့ ထျန်းချီစွမ်းအင်များ လွှဲပြောင်းပေးလိုက်သည်။ ထိုအခါတွင် ယဲ့မုန့်ကိုယ်ထဲရှိ ထျန်းချီများထဲတွင် ထူးဆန်းသော စွမ်းအင်တစ်မျိုး ပါဝင်နေသည်ကို ယဲ့ချန် သတိပြုမိလိုက်၏။
***