မှော်သားရဲများ မြို့တော်အား တိုက်ခိုက်ခြင်း
Vol. 9 Ch. 121
“ယဲ့မုန့်မှာ အသက်အန္တရာယ်တော့ မရှိတော့ဘူး။ နည်းနည်းထူးဆန်းတဲ့ အရာတစ်ခု သူ့ကိုယ်ထဲမှာ ရှိနေတာ။ ယဲ့မေ့ ... ယဲ့မုန့်ကို ဂရုစိုက်ပေးဖို့ နင့်ကိုလွှဲလိုက်ပြီ”
ယဲ့ချန် ယဲ့မေ့အား လှမ်းကြည့်ကာ ပြောသည်။
“ကောင်းပါပြီ”
ယဲ့မေ့သည် သူမမျက်နှာပေါ်ရှိ မျက်ရည်စများအား ကပျာကယာ သုတ်ပစ်လိုက်ရင်း ခေါင်းညိတ်ရှာသည်။
သံနက်တပ်ဖွဲ့အား ရှင်းထုတ်ပြီးနောက် မှော်သားရဲ ၆ ကောင်သည် ရဲတိုက်အပြင်ဘက်သို့ ချီတက်ကာ ဒုတိယမင်းသား၏ စစ်တပ်အား ချေမှုန်းဖို့ပြင်သည်။ သံနက်တပ်ဖွဲ့ပင် မှော်သားရဲများအား မယှဉ်နိုင်သည်ကို သိရပြီးနောက် ထျန်းချီအဆင့် ၃၊ အဆင့် ၄ မျှသာရှိသော ဒုတိယမင်းသား၏ စစ်တပ်သည် ကြောက်လန့်တကြား စိတ်ကစဉ့်ကလျား ဖြစ်ကာ မကြာမီတွင်ပဲ ချေမှုန်းခံလိုက်ရသည်။
ယဲ့မိသားစုဝင်များလည်း အပျက်အစီးများကို ပြုပြင်ရှင်းလင်း ရသည်နှင့် တော်တော်လေး အလုပ်ရှုပ်သွားသည်။
“ချန်အာ ... လျိုရွှင်းက မုန့်အာနဲ့ ကျန့်လုံကို ဖိအားပေးပြီး အဆိပ်တစ်မျိုး တိုက်ထားတယ်။ မြန်မြန်လေး ... ကျွင်းဝမ်နန်းတော်က လူတွေ ဖြေဆေးကို ဖျက်ဆီးမပစ်ခင် ရှာတွေ့မှရမယ်”
ယဲ့ချိန်ရွှမ်းသည် လက်ရှိတွင် အလွန် အားနည်းနေသေး၍ ယဲ့ချန်အား ထိုစကားတို့ ပြောရန်ပင် မနည်းအားယူ လိုက်ရသည်။
နောက်ဆုံးတော့ ယဲ့မုန့်၏ ခန္ဓာကိုယ်ထဲရှိ ထူးဆန်းသောစွမ်းအင် ဘယ်ကလာသည်ကို ယဲ့ချန် နားလည်လိုက်သည်။ ထိုအဆိပ်၏ ပြင်းအားကို သေချာ မသိရသောကြောင့် ယဲ့ချန် မနှောင့်နှေးရဲပါချေ။ သိမ်းငှက်နက်၏ ကျောပေါ်သို့ အမွေးပွလေးနှင့်အတူ ခုန်တက်လိုက်သည်။ လင်းတနီနှင့် လူဝံဖြူတို့ကိုလည်း ခေါ်ဆောင်ကာ တုန်းလင်ပြည်နယ်၊ ကျွင်းဝမ်နန်းတော်သို့ ဦးတည်လိုက်၏။
သိမ်းငှက်နက်နှင့် လင်းတနီတို့သည် ဝေဟင်ထက်တွင် အလွန်လျင်မြန်စွာ ပျံသန်းနေကြပြီး မြေပြင်၌မူ လူဝံဖြူသည် ငှက်နှစ်ကောင်၏ အမြန်နှုန်းအောက် မလျော့သောအရှိန်ဖြင့် လမ်းတွင် ပိတ်ဆို့နေသမျှသော သစ်ပင်များကို ဂျိုးဂျိုးဂျွတ်ဂျွတ် နင်းခြေကာ ပြေးလွှားနေ၏။
ယခုတစ်ကြိမ် ကျွင်းဝမ်နန်းတော်သို့ ခရီးသည် ယဲ့မိသားစု၏ အစစ်အမှန်စွမ်းအားကို လူတိုင်းထံ ချပြရာလည်း ရောက်သည်။ သို့သော် ယဲ့ချန်ကား မကြောက်ပေ။ ယဲ့မိသားစုအား အနိုင်ကျင့်လိုသည့် မည်သူမဆိုကို သူက သတ်ပစ်မည်ဖြစ်ကြောင်း တစ်လောကလုံးရှိ လူများအား ကြေညာလိုခြင်း ဖြစ်သည်။
ရှီဝူအင်ပါယာ၊ နန်းတွင်း၏ အထက်ဆင့် အမှုထမ်းနှစ်ဦးအား သတ်ဖြတ်ခြင်းဖြင့် ပြစ်ဒဏ်ခံရနိုင်ကြောင်း ယဲ့ချန် နားလည်သည်။ ဧကရာဇ်မင်ဝူသည် ယဲ့ချန်အား ဤကိစ္စအတွက် အရေးယူလာတာလည်း ဖြစ်နိုင်သည်။ နန်းတွင်းစစ်တပ်က ယဲ့မိသားစုအား ဖြိုခွင်းရန် ရောက်လာလျှင်ပင် ယဲ့ချန်သည် ၎င်းတို့ကိုပါ သတ်ပစ်ရန် ဆုံးဖြတ်ထားသည်။
ခရီးသွားနေရင်းဖြင့် ယဲ့ချန်သည် ဤအခြေအနေအား ဂရုတစိုက် သုံးသပ်ခဲ့သည်။ လက်ရှိ အနေအထားအရ သူသည် ဧကရာဇ်မင်ဝူ၏ ပြိုင်ဘက် လုံးဝမဟုတ်ပေ။ ဧကရာဇ်မင်ဝူက ယဲ့မိသားစုအား ဘာမှ လုပ်မလာခဲ့လျှင်တော့ အဆင်ပြေသည်။ အကယ်၍ ဧကရာဇ်မင်ဝူသည် ယဲ့မိသားစုအား ကိုင်တွယ်ဖြေရှင်းရန် စစ်တပ်ကို လွှတ်လာပါက ယဲ့ချန်က အဓိကဂိုဏ်းကြီး သုံးဂိုဏ်းထံမှ အကူအညီတောင်းရန် တွေးထားသည်။ အဆင်မပြေခဲ့ပါလျှင်မူ သူသည် ယဲ့မိသားစုကို ဦးဆောင်ကာ ရှီဝူအင်ပါယာထဲမှ ထွက်သွားမည် ဖြစ်သည်။
နန်းမြို့တော်မှ တုန်းလင်ပြည်နယ်သို့ သွားလာရန် အချိန်တစ်လခန့် ပေးရသည်။ ဧကရာဇ်မင်ဝူဘက်မှ တုံ့ပြန်မှုကို မသိရသေးခင် ယဲ့မိသားစုအတွက် ပြင်ဆင်ချိန်တစ်လ ကျန်ရှိသေးသည်။ အဆိုးဆုံး အခြေအနေ၌ပင် တစ်ချိန်က အမွေးပွလေး၏ အိမ် ဖြစ်ခဲ့သော တောင်ကြားဒေသတွင် သွားရောက်ပုန်းအောင်းပြီး လွတ်မြောက်ရန် လမ်းစအား ရှာဖွေနိုင်ပေသည်။
တောင်ကြားဒေသသည် လျန်ယွင်တောင်တန်း အတွင်းဘက် ချောင်ကျကျနေရာ၌ တည်ရှိပြီး တသီးတခြား ဖြစ်နေသည်။ နန်းတွင်းစစ်တပ်အဖို့ လျန်ယွင်တောင်တန်းထဲသို့ တိုးဝင်ကာ ယဲ့မိသားစုအား မရှာဖွေရဲလောက်ပေ။ ထို့ကြောင့် တောင်ကြားဒေသသည် ပုန်းခိုရန် သင့်တော်သောနေရာ ဖြစ်သည်။
ထိုသို့အတွေးနှင့် ယဲ့ချန် စိတ်သက်သာရာရသွားသည်။
‘ငါ ကောင်းကင်ရန်အဆင့်ကို ရောက်တဲ့အခါ ရှီဝူအင်ပါယာထဲက ဘယ်သူကများ ငါ့ကို အနိုင်ယူနိုင်မလဲ ကြည့်ချင်သေးတယ်။ အဲဒီ အချိန်ရောက်ရင် ယဲ့မိသားစုကို အနိုင်ကျင့်ရဲတဲ့ ဘယ်သူ့ကိုမှ ညှာတာထောက်ထားစရာ မလိုတော့ဘူး’
လျိုရွှင်း၏ စကားများကြောင့် စတင်ဖြစ်ပေါ်လာသည့် ညှိုးမှိုင်သော စိတ်ခံစားချက်များကို ပျံ့လွင့်သွားစေရန် ယဲ့ချန် ကောင်းကင်ယံသို့ ခေါင်းမော့ကာ အကျယ်ကြီး အော်လိုက်၏။ သူ့အော်သံသည် တုန်ခါလျက် ပဲ့တင်ထပ်ကာ လျန်ယွင် တောင်တန်းဘက်သို့ ရောက်ရှိသွားသည်တွင် သားရဲငယ်များသည် ရုတ်တရက် လန့်ဖျပ်ပြီး အဝေးသို့ ထွက်ပြေးသွားကြသည်။
ကျွင်းဝမ်နန်းတော်၌ ချိုးယင်းပါ ရှိနေမလား မပြောတတ်ပေ။ အကယ်၍ ရှိနေပါက ယဲ့ချန်သည် အပိုဆုအနေနှင့် ချိုးယင်းကိုပါ သတ်ပေးလိုက်ရန် တွေးမိသည်။ သူ့အနေနှင့် တုန်းလင်ပြည်နယ်၏ ဒုတိယမင်းသားနှင့် စစ်ရေးစစ်ရာ ဝန်ကြီးအား သတ်ပြီးနေမှတော့ ဝန်ကြီးချုပ် တစ်ယောက်လောက်ကို ပိုသတ်လိုက်၍လည်း သိပ်တော့ မထူးတော့ပေ။
ကျွင်းဝမ်နန်းတော် တည်ရှိသော တုန်းလင်မြို့သည် တုန်းလင်ပြည်နယ်တွင် ဖြစ်ထွန်းစည်ပင်ဆုံး မြို့တစ်မြို့ဖြစ်သည်။ လူအများစုသည် ဤနေရာ၌ စီးပွားရေး လုပ်ငန်းများအတွက် ပျားပန်းခပ်မျှ သွားလာနေကြသည်။ ထို့ပြင် တုန်းလင်ပြည်နယ် အစွန်အဖျားတွင် နေထိုင်ကြသော မိသားစုကြီးများသည် ၎င်းတို့၏ တွင်းထွက်ပစ္စည်းများ၊ ထုတ်ကုန်များကို ရောင်းချရန် တုန်းလင်မြို့၌ ဈေးဆိုင်များ ဖွင့်လှစ်ထားကြ၏။
တုန်းလင်မြို့တွင် နေထိုင်ကြသူဦးရေသည် ၅ သန်းမှ ၆ သန်းအထိ ရှိသည်။ တုန်းလင်မြို့အား မြို့တွင်းပိုင်းနှင့် မြို့ပြင်ပိုင်းဟူ၍ နှစ်ပိုင်း ခွဲခြားထားပြီး တစ်မြို့လုံးကို မြင့်မားသော မြို့နံရံများနှင့် ကာရံထားကာ မြို့တွင်းရှိ လမ်းမကြီးများမှာလည်း အလွန် ကျယ်ပေသည်။ တုန်းလင်မြို့တွင် တပ်စွဲထားသော စစ်သည် ၁၀၀၀၀ ပါဝင်သည့် တပ်တစ်တပ် ရှိပြီး ထိုစစ်တပ်ကို ဖွဲ့စည်းနိုင်ဖို့အရေး လျိုရွှင်းခမျာ တော်တော်လေး အားစိုက်ထုတ်ခဲ့ ရကြောင်း သိရသည်။
ဤရက်ပိုင်းအတွင်း မြို့ထဲတွင် ကောလာဟလတစ်ခု ပျံ့နှံ့နေသည်။
“ငါကြားမိတာ ... ဒုတိယမင်းသားက သံနက်တပ်ဖွဲ့နဲ့ ကျွင်းဝမ်နန်းတော်ရဲ့ စစ်သည် ၅၀၀၀ ကျော်ကို ခေါ်ပြီး ယဲ့မိသားစုရဲတိုက်ကို ဝိုင်းထားတယ်တဲ့။ အဲဒီမှာ ဝိုင်းထားတာ ၁၀ ရက်ကျော်ပြီဆိုပဲ။ ငါ့အထင်ပြောရရင် မကြာခင်မှာ ယဲ့မိသားစု ချေမှုန်းခံရနိုင်တယ်”
“ယဲ့မိသားစုမှာ နောက်ခံကောင်းကောင်း ရှိလို့လား။ ဒုတိယမင်းသားက ဘာလို့ စစ်သည်တွေအများကြီး ခေါ်သွားတာလဲ။ ဒီတိုင်း ယဲ့မိသားစုက သေးသေးလေးပဲလေ။ သံနက်တပ်ဖွဲ့ကို ယှဉ်နိုင်မှာမလို့လား။ ငါတော့ နားလည်ဖို့ ခက်နေတယ်”
“မင်း မကြားမိဘူးလား။ မကြာခင်ကပဲ ယဲ့မိသားစုကနေ သိပ်ကိုထူးချွန်တဲ့ ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာတယ်လေ”
"အဲဒီ ပါရမီရှင်ဆိုတာမျိုးက တကယ်တမ်းတော့ မိသားစုကို ဘေးဖြစ်စေတဲ့ အဓိက အကြောင်းအရင်းပဲကွ။ တုန်းလင်ပြည်နယ်မှာ အမြင့်ဆုံးအာဏာကို ပိုင်ဆိုင်ထားတာ ဘယ်သူမို့လို့လဲ။ သေချာတာပေါ့၊ ဒုတိယမင်းသားပဲလေ။ ဘယ်မိသားစုကနေ ထူးချွန်တဲ့ ပါရမီရှင် ထွက်ပေါ်လာတာပဲဖြစ်ဖြစ် အဲဒါက ဒုတိယမင်းသားရဲ့ အာဏာကို ခြိမ်းခြောက်လိုက်သလိုပဲ ရှိမှာ။ ဒီတော့ ဒုတိယမင်းသားက အခုလို ပြင်းပြင်းထန်ထန် တုံ့ပြန်ပြီး ဖိနှိပ်ဖို့ ကြိုးစားတော့တာပေါ့”
“ယဲ့မိသားစုက အဲဒီပါရမီရှင်က တော်တော်လေး ထူးခြားတယ်။ သူက အသက် ၁၇ နှစ် မှာတင် ထျန်းချီအဆင့် ၈ ကို ရောက်နိုင်ခဲ့တဲ့အပြင် လျန်ယွင်အိမ်တော် ဆယ့်ရှစ်ဆောင်ရဲ့ မဟာမိတ် သိုင်းပြိုင်ပွဲမှာလည်း အနိုင်ရခဲ့သေးတယ်။ ဆေးဝါးပညာရှင် ဆရာရွှမ်းယီရဲ့ တပည့်အဖြစ်လည်း ရွေးချယ်ခံခဲ့ရတယ်။ ပုံမှန်ဆိုရင်တော့ အဲဒီလူငယ်လေးက ဆရာရွှမ်းယီလို အဆင့်အတန်းမြင့်တဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်လာရမှာ။ အခုတော့ သူ့ခမျာ ဆရာရွှမ်းယီနဲ့တောင် မတွေ့လိုက်ရရှာဘူး”
"မင်းပြောသလိုဆို အဲဒီပါရမီရှင်က အထင်ကြီးစရာပဲ။ တုန်းလင်ပြည်နယ်လို နေရာ သေးသေးလေးနဲ့တောင် မတန်ဘူး။ ဒုတိယ မင်းသားကရော ဘာလို့ ယဲ့မိသားစုနဲ့ ရန်သူတွေ ဖြစ်သွားရတယ်မသိဘူး”
“အခြေအနေတွေက မင်းတွေးထားတာထက် ပိုရှုပ်ထွေးတယ်လေ။ အဲဒီ ယဲ့မိသားစုရဲ့ ပါရမီရှင် ခပ်ငယ်ငယ်တုန်းက ချောင်းမြောင်း လုပ်ကြံခံရလို့ အဓိကသွေးကြောမတွေ ပျက်စီးသွားဖူးတယ်။ အဲဒီအချိန်တုန်းက ယဲ့မိသားစုခေါင်းဆောင်၊ ယဲ့ကျန့်ထျန်းက ဒုတိယမင်းသားရဲ့ ကျွင်းဝမ်နန်းတော်ရှေ့မှာ ဒူးထောက်တောင်းပန်ပြီး ကွမ်းရှီဆေးလုံး တစ်လုံးလောက် ပေးဖို့ တောင်းပန်ခဲ့တယ်။ ဒါပေမဲ့ ရိုက်နှက်ခံရတဲ့ အပြင် ကျွင်းဝမ်နန်းတော်ကနေ မောင်းထုတ်ခံလိုက်တယ်လေ။ မင်းပြောကြည့် ... သူတို့ ရန်သူတွေ မဖြစ်လာဘဲ နေပါတော့မလား”
"ဒုတိယမင်းသားက အမြော်အမြင် မရှိတာပဲ။ သူသာ ကွမ်းရှီဆေးလုံးတစ်လုံး ပေးခဲ့ရင် အကျိုးကျေးဇူး အများကြီး ပြန်ရမဲ့ဟာကို။ အဲဒီ ယဲ့မိသားစုက ပါရမီရှင်သာ အဆင့်မြင့် ဆေးဝါးပညာရှင် တစ်ယောက် ဖြစ်သွားခဲ့ရင် ဒုတိယမင်းသား ပြန်ရမဲ့အရာတွေက ကွမ်းရှီဆေးလုံးထက် အပြတ်အသာကို သာနေမှာ”
“ဒုတိယ မင်းသားဘက်က ကြည့်တော့လည်း သူက နတ်ဆရာဂိုဏ်းက နတ်ဆရာတွေလို အနာဂတ်ကို ကြိုမှမမြင်နိုင်တာ။ အဓိကသွေးကြောမတွေ ပျက်စီးနေတဲ့ ကောင်လေးတစ်ယောက်က အချိန်တိုအတွင်း ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ တွေးမိခဲ့မှာ မဟုတ်ဘူးပေါ့”
စကားဝိုင်းအတွင်းရှိ လူများသည် အသီးသီး သက်ပြင်းချမိကြ၏။ မှန်ပေသည်၊ အနာဂတ်၌ မည်သည့်အရာများ ဖြစ်ပျက်လာမည်ကို ဘယ်သူမှ ကြိုမသိနိုင်ပေ။ ယခုကိစ္စ၌ ဒုတိယမင်းသားသည် ယဲ့မိသားစုအား သုတ်သင်ရှင်းလင်းရန် ရွေးချယ်ခဲ့သည့်တိုင် အဆုံးတွင်တော့ ဆေးဝါးပညာရှင် ဆရာရွှမ်းယီအပေါ် အပြစ်ပြုမိခြင်းကို မရှောင်လွှဲနိုင်ခဲ့ချေ။
ထိုလူများသည် စားသောက်ဆိုင်ထဲ၌ ဆက်လက်၍ စကားပြောနေကြစဉ် ငှက်အော်သံများနှင့်အတူ အရိပ်နှစ်ရိပ်က ကောင်းကင်မှ ဖြတ်ပြေးသွားသည်။ ချက်ချင်းဆိုသလို လမ်းမကြီးထက်တွင်လည်း အရာအားလုံး ရုန်းရင်းဆန်ခတ်နှင့် ဖရိုဖရဲ ဖြစ်ကုန်တော့၏။
“အဲဒါ ဘာကြီးတွေတုန်း”
လူအများသည် ကောင်းကင်ထက်တွင် ပျံသန်းနေသော သိမ်းငှက်နက်နှင့် လင်းတနီတို့ကို ကြည့်ကာ ဆူညံပွက်လောရိုက် နေကြသည်။
“အဲဒါ ... မှော်သားရဲတွေ။ သိမ်းငှက်နက်နဲ့ လင်းတနီပဲ”
“မှော်သားရဲအုပ်က မြို့ထဲကို ဝင်စီးဖို့ ကြံနေတာများလား”
တုန်းလင်မြို့ရှိ မြို့သူ၊ မြို့သားများသည် ကစဉ့်ကလျားနှင့် ကြောက်ရွံ့ထိတ်လန့် နေကြသော်လည်း ကောင်းကင်ပေါ်ရှိ သားရဲနှစ်ကောင်ကမူ သူတို့အား တိုက်ခိုက်ဖို့ဝေးစွ၊ အဖက်ပင်မလုပ်ဘဲ ကျွင်းဝမ်နန်းတော်သို့ ဦးတည်ကာ ဆက်လက် ပျံသန်းသွားကြသည်။ မြို့သူ၊ မြို့သားများလည်း ဖြစ်ပျက်နေသည်တို့ကို နားမလည်နိုင်ကြတော့ပေ။
တုန်းလင်မြို့၏ မြို့အဝင်ဂိတ်တွင် အစောင့် စစ်သည်များသည် အချင်းချင်း စကားစမြည် ပြောနေကြစဉ် သူတို့ဘက်သို့ ပြေးလာနေသော ဧရာမအဖြူရောင် ပုံရိပ်ကြီးတစ်ခုကို သတိပြုမိသွား၏။ အဖြူရောင်လူဝံသားရဲကြီး ဖြစ်ပေသည်။ ထိုသားရဲကြီး ပြေးလာရာလမ်း တစ်လျှောက် အနောက်ဘက်တွင် သစ်ပင်များသည် တဝုန်းဝုန်း လဲပြိုလျက် ဝရုန်းသုန်းကား ကျန်ရစ်ခဲ့ပြီး မဟာပထဝီ မြေပြင်သည် သားရဲကြီး၏ ဧရာမခြေအစုံအောက်တွင် မြေပြိုသည့်နှယ် တသိမ့်သိမ့် တုန်နေခဲ့သည်။ အစောင့်စစ်သည်တို့၏ မျက်လုံးများ ပြူးကျယ်သွားကာ အမူအရာများမှာလည်း ရုတ်ခြည်း ပြောင်းလဲသွားရသည်။
သောက်ကျိုးနည်း ... ဘာတွေဖြစ်နေတာတုန်း ... ။
တဖြည်းဖြည်းနှင့် နီးကပ်လာသောအခါ အစောင့်စစ်သည်များသည် လူဝံကြီး၏ အရွယ်အစားအား ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ၎င်း၏ အမြင့်မှာ ၄ မီတာ၊ ၅ မီတာခန့် မြင့်ကြောင်း မြင်ရသည်တွင် အစောင့်စစ်သည်များသည် ကြောက်ရွံ့မှုကြောင့် ရင်ဘတ်များ ပေါက်ထွက်တော့မတတ် တုန်ယင်လာကြပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းပင် မသိကြတော့ပေ။
“မှော်သားရဲတွေ မြို့ကို တိုက်ခိုက်နေပြီ”
“မှော်သားရဲတွေ မြို့ကို တိုက်ခိုက်နေပြီ”
အစောင့်စစ်သည်များသည် ချွေးအေးများဖြင့် တစ်ကိုယ်လုံး ရွှဲစိုနေသောကြောင့် အချက်ပြမီးကိုပင် မနည်း ညှိလိုက်ရရှာသည်။ လူဝံဖြူကြီး၏ အရွယ်အစားမှာ အလွန်ကြီးမားလှရာ မည်သည့်အဆင့်ရှိ သားရဲဖြစ်မည်ကိုပင် သူတို့ မသေချာကြပေ။
ကြီးမားသော ဒူးလေးများ၊ ကျောက်တုံးပစ် အမြောက်များနှင့် အစောင့်စစ်သည်များသည် လူဝံဖြူကြီးထံ ဦးတည်ကာ စတင် ပစ်ခတ်ကြသည်။
“ဂါး ...”
လူဝံဖြူကြီးသည် စိတ်တို ဒေါသကြီးသွားဟန်ဖြင့် ရင်ဘတ်အား တဖုန်းဖုန်းထုလျက် ကျယ်လောင်စွာ အော်လေသည်။ ထို့နောက် လက်မောင်းတစ်ဖက်ကို မြှောက်ကာ ဝဲပျံရောက်ရှိလာသော ကျောက်တုံးများအား လာရာလမ်းအတိုင်း ပြန်လည်ပုတ်ထုတ် လိုက်လျှင် ကျောက်တုံးပစ် အမြောက်မှ ပစ်လွှတ်လိုက်သော ကျောက်တုံးများနှင့် လူဝံဖြူကြီး ပုတ်ထုတ်လိုက်သော ကျောက်တုံးသည် လေထုအလယ် လမ်းခုလတ်တွင် ထိပ်တိုက်တွေ့ကာ အဆင့်ဆင့် ပေါက်ကွဲသွားသည်။ ကျောက်တုံး အစအနများမှာတော့ ဘေးနှစ်ဖက်သို့ တစစီ လွင့်စဉ်သွားကြ၏။
ပေါက်ကွဲမှုမှ လွင့်စဉ်လာသော ကျောက်တုံး အစအနများသည် လူဝံဖြူကြီးအား တချို့တလေ ထိမှန်ကြသော်လည်း သံမဏိကိုယ်ထည်ကို ရိုက်ခတ်မိသကဲ့သို့သာ ရှိပြီး လူဝံဖြူကြီးကို အနည်းငယ်မျှပင် အနာတရဖြစ်စေဟန် မရပေ။
လူဝံဖြူကြီးသည် ရုတ်တရက် အရှိန်မြှင့်တင်ကာ မြို့ဂိတ်ဝဆီသို့ တစ်ဟုန်ထိုး ပြေးလာလေသည်။
ဝှစ် ... ဝှစ် ... ဝှစ် ...
မြှားတံများသည် မိုးရွာချသည့်အလား အဆက်မပြတ် ကျရောက်လာသော်ငြား လူဝံဖြူကြီးသည် ပြန်လည်ခုခံခြင်းမရှိဘဲ ခန္ဓာကိုယ်ချည်း သက်သက်ဖြင့် အလုံးစုံ ခံယူသည်။ သို့ရာတွင် သေချာပါသည်၊ ထိုမြားတံများသည် လူဝံဖြူကြီး၏ ကိုယ်၌ ခြစ်ရာတစ်ခုတလေတောင် ချန်ထားခဲ့နိုင်စွမ်း မရှိကြပေ။
ပုံမှန်ဆိုလျှင် ကြီးမားသော ဒူးလေးများနှင့် ကျောက်တုံးပစ် အမြောက်များသည် ထျန်းချီအဆင့် ၉ မှော်သားရဲများကို သတ်ရန် လုံလောက်သည်။ ယခုမူ ထိုအရာများက လူဝံဖြူကြီးအား အယားပြေ ကျီစယ်နေသည့်နှယ်သာ ရှိပုံပေါ်သည်။ အနှစ်ချုပ်ရသော် လူဝံဖြူကြီးကား အလွန်သန်မာသည့် ထျန်းချီအဆင့် ၁၀ မှော်သားရဲကြီး ဖြစ်လောက်ပေသည်။
ထိုသို့အတွေးနှင့် အစောင့်စစ်သည်များသည် ထိတ်လန့်လွန်ကာ မျက်နှာများ ဖြူဖျော့သွားကြတော့သည်။
***