ခြိမ်းခြောက်မှု
Vol. 39 Ch. 538
တုံ့ဟွားလုံက ထိုအခါမှ သူ့ထောင့်နေရာလေးမှ ထွက်လာ ရဲတော့သည်။ သူ့ကျင့်ကြံဆင့်မှာ နိမ့်ကျနေပြီး အားကောင်းသော ကျင်းရှန်းအဆင့် ကျင့်ကြံသူ နှစ်ဦး ဝင်ရောက် လာသည့်အတွက် သူ့အနေဖြင့် ပုန်းနေရန်သာ တတ်နိုင်လေသည်။
“ဒါက ဘာအဓိပ္ပာယ်လဲ”
ဓားအမာရွတ်နှင့် ကျင့်ကြံသူက သူ့တွဲဖက် ဒဏ်ရာ ရသွားသည်ကို မြင်လိုက်၍ သူ့အမူအယာမှာ ပျက်ယွင်းလာပြီး မိုဝူကျီကို “ စီနီယာအစ်ကို” ဟုပင် မခေါ်ဝေါ်တော့ပေ။
“ဖူး” မိုဝူကျီက နောက်တစ်ချက် ရိုက်လွတ် လိုက်ပြန်သည်။ ဓားအမာရွတ်နှင့် ကျင့်ကြံသူလည်း အရိုက်ခံလိုက်ရပြီး သူ့မျက်နှာတစ်ဝက်မှာ ရှုံ့တွသွားကာ ဘယ်ဘက်အခြမ်းရှိ သွားတစ်ချောင်းမျှ မကျန်တော့ပေ။
“မင်းတို့ ဗလာနတ္ထိကြေးမုံ အင်မော်တယ် တာအိုဂိုဏ်းက အဲလောက် အံ့ဩစရာ ကောင်းတယ်လို့များ ထင်နေတာလား။ တကယ်လို့ ကျုပ်ဆေးစံအိမ်ကို ဖျက်စီးပစ်ရင် ကျုပ်ကိုလည်း ကျန်နေတဲ့ လူယုတ်မာ အနေနဲ့ပဲ ယူဆရမှာပဲ” မိုဝူကျီက သူရိုက်လွတ်ထားသည့် ကျင့်ကြံသူ နှစ်ဦးဆီ လက်နောက် ပစ်ထားရင်း လျှောက်လှမ်းလာသည်။
“စီနီယာ ... ဒီနေရာမှာ ဆေးစံအိမ်ဖွင့်နိုင်ဖို့ ဆိုတာ သေချာပေါက် မရိုးရှင်းမှန်း သိပါတယ်။ ဒါပေမဲ့ နည်းနည်း အကျိုးသင့်အကြောင်းသင့် မဖြစ်သင့်ဘူးလား။
ကျုပ်တို့က စီနီယာရဲ့ ဆေးစံအိမ်ကို ဖျက်စီးတဲ့သူလည်း မဟုတ်ဘူး။ ကျုပ်တို့က တျန်းဂျီဂိုဏ်းရဲ့ လက်ကျန်တွေကို လိုက်ဖမ်းနေရုံပါ။ စီနီယာနဲ့ ဘာမှ မသက်ဆိုင်ပါဘူး ”
ဓားအမာရွတ်နှင့် ကျင့်ကြံသူက နည်းနည်း ဒေါသထွက်လာသည်။ သို့သော်လည်း သူက မိုဝူကျီအနေဖြင့် ဤနေရာတွင် လူမသတ်ရဲကြောင်း သိထား၏။
မိုဝူကျီက ကျိတ်ရယ်ကာ …
“ကျုပ်က အကျိုးအကြောင်း မသင့်တာလား။ တစ်ခု ပြောပြရဦးမယ်။ ကျုပ်ကလည်း တျန်းဂျီဂိုဏ်းကပဲ။ တကယ်လို့ သတ္တိရှိရင် လာဖျက်ဆီး ကြည့်စမ်းပါ။
တကယ်လို့ ကျုပ်ဆေးစံအိမ်ကို မဖျက်စီးနိုင်ရင်တော့ အားနာနာနဲ့ ခင်ဗျားတို့ ဗလာနတ္တိ ကြေးမုံ အင်မော်တယ် တာအိုဂိုဏ်းကိုတော့ ဖျက်စီးပစ်ရမှာပဲ”
မိုဝူကျီက ဗလာနတ္ထိ ကြေးမုံ အင်မော်တယ် တာအိုဂိုဏ်း မည်မျှ အားကောင်းသည်ကို လုံးဝ မသိသော်ငြား ထိုအရာမှာ အရေးမပါပေ။ သူက တျန်းဂျီဂိုဏ်းမှ ဖြစ်ကြောင်း ပြောလျှင်ပင် သူကိုယ်တိုင်မှလွဲ၍ မည်သူကမှ ယုံကြည်မည် မဟုတ်ပေ။
“ဟားဟား .. ဒီမိတ်ဆွေက ကျုပ်တို့ ဗလာနတ္ထိ ကြေးမုံ အင်မော်တယ် တာအိုဂိုဏ်းကို ဖျက်စီး ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ရဲတဲ့အထိ သတ္တိရှိသား။
ကျုပ်က ဗလာနတ္ထိ ကြေးမုံ အင်မော်တယ် တာအိုဂိုဏ်းရဲ့ ရောင်းဝယ်ရေး စီမံခန့်ခွဲရေးမှူး တစ်ယောက်ဆိုပေမဲ့ ခင်ဗျားက ကျုပ်တို့ကို ဘယ်လိုများ ဖျက်စီးပစ်မှာတုန်း မြင်ချင်မိသား”
အညိုရောင်ဝတ်ရုံနှင့် ပိန်ပါးပါး အမျိုးသားက အားရပါးရ ရယ်မောရင်း ထွက်ပေါ်လာသည်။
မိုဝူကျီက ရွမ်ရှန်း အစောပိုင်း အဆင့်မျှသာ ဖြစ်သော်လည်း ထိုလူမှာ မဟာယီရှန်း အဆင့်ဖြစ်ကြောင်း တစ်ချက်တည်း ကြည့်ရုံဖြင့် သိလိုက်သည်။
မိုဝူကျီ ပြန်မဖြေခင် နောက်ထပ် ရယ်မောသံ တစ်သံကို ကြားလိုက်ရသည်။
“အကြီးအကဲမို ... ခင်ဗျားပြန်လာပြီ ကြားလို့ ကျုပ်လာတွေ့တာ … တော်သေးတယ် ကျုပ်အရမ်း နောက်မကျသွားလို့”
အညိုရောင်ဝတ်ရုံနှင့် အမျိုးသားက အသစ်ရောက်ရှိ လာသူကို မြင်လိုက်ပြီး ထိုသူ၏ လေသံ၌ လေးစားသည့် အရိပ်အယောင်များ ပါဝင်နေသောအခါ ချက်ချင်း တုန်လှုပ် မိသွားသည်။ သူက ထိုလူမှာ အာကာပြင် စူးစိုက် ရတနာခန်းမမှ တူကျူ ဖြစ်ကြောင်း မှတ်မိပေသည်။ ဗလာနတ္ထိ ကြေးမုံ အင်မော်တယ် တာအိုဂိုဏ်းမှာ အလယ်အလတ် အဆင့်ဂိုဏ်းမျှသာ ဖြစ်ပြီး အာကာပြင် စူးစိုက် ရတနာခန်းမနှင့် နှိုင်းယှဉ်လျှင် အရမ်းကွာဝေး လွန်းလှ၏။
အကယ်၍ တူကျူက ဤလူငယ်လေးကို လေးလေးစားစား ဆက်ဆံ နေသည်ဆိုလျှင် ဤလူငယ်လေး၌ အားကောင်းသော နောက်ခံ ရှိနေခြင်း မဟုတ်ပါလော။ ဤမျှငယ်ငယ်ရွယ်ရွယ်ဖြင့် အကြီးအကဲ တစ်ယောက် ဖြစ်နေခြင်းမှာ မည်သည့် ဂိုဏ်းကများ ဖြစ်နေမည်နည်း။
“ဆိုင်ရှင်တူ ... မတွေ့တာ ကြာပြီနော်”
အညိုရောင်ဝတ်ရုံနှင့် အမျိုးသားက လက်နှစ်ဖက် ဆုပ်ကာ မြန်မြန် နှုတ်ဆက် လိုက်သည်။ သူ့အဆင့်အတန်းမှာ တူကျူနှင့် အလှမ်းကွာနေမှန်း သိသည့်အပြင် တူကျူက ဤစူးခရာ အင်မော်တယ် မြို့ဟောင်း၌ သူ့ထက်စာလျှင် ပို၍ အခြေခိုင်ပေသည်။
တူကျူက အခြေအနေကို မသိသော်လည်း အညိုရောင်ဝတ်ရုံနှင့် အမျိုးသားကို မြင်သောအခါ ခေါင်းညိတ်ပြရင်း …
“ အင်မော်တယ် ရောင်းရင်းဖူကိုး ... အင်မော်တယ် ရောင်းရင်းဖူက ... ”
တူကျူက စကားပြော ရပ်လိုက်ပြီးနောက် ဗလာနတ္ထိ ကြေးမုံ အင်မော်တယ် တာအိုဂိုဏ်းမှ ကျင့်ကြံသူ နှစ်ယောက်က မြေပြင်ပေါ်တွင် ဒဏ်ရာရကာ လဲလျောင်းနေကြောင်း သတိထား မိလိုက်သည်။ အကြီးအကဲမို၏ ဒေါသကို တွေးမိပြီး တူကျူက ထိုလူနှစ်ယောက်မှာ မိုဝူကျီ လက်ချက်ဖြစ်ကြောင်း မည်သို့ မသိဘဲ နေမည်နည်း။
အကြီးအကဲမိုနှင့် ဗလာနတ္ထိ ကြေးမုံအင်မော်တယ် တာအိုဂိုဏ်းနှင့် ရန်ကြွေးရှိပုံ ပေါ်ပေသည်။ ထို့သို့ဆိုလျှင် သူက ဤဖူကျန်းဆောင်နှင့် အဘယ်ကြောင့် စကားဖက် ပြောနေရမည်နည်း။
ဖူကျန်းဆောင်က အကင်းမပါးသည့်သူ မဟုတ်ပေ။ ဗလာနတ္ထိ ကြေးမုံအင်မော်တယ် တာအိုဂိုဏ်းကို ဖျက်စီးပစ်မည် ဆိုသော မိုဝူကျီ၏ စကားမှာ ကြွားလုံး ထုတ်သလို ဖြစ်နေသော်လည်း မိုဝူကျီက မရိုးရှင်းကြောင်း သိလိုက်သည်။ မဟုတ်လျှင် တူကျူက ထိုသို့ လေးစား ရိုသေပြနေမည် မဟုတ်ပေ။ ထို့ကြောင့်သာ သူ့ကို စကားဆက်မပြောခြင်း ဖြစ်ပေလိမ့်မည်။
ထိုစဉ် ဓားအမာရွတ်နှင့် ကျင့်ကြံသူက ထရပ်လာကာ အခြေအနေကို ရှင်းပြလိုက်လေ၏။
“အကြီးအကဲမို … ကျုပ်တပည့် နှစ်ယောက်ရဲ့ကိုင်တွယ်ပုံ မှားနေတာပါ။
တျန်းဂျီဂိုဏ်းရဲ့ ရှင်ကျန်သူက အကြီးအကဲရဲ့ ဆေးလုံးတွေကို ရှုပ်ယှက်ခတ် သွားစေတယ် ဆိုပေမဲ့ ကျုပ်တို့ ဗလာနတ္ထိကြေးမုံ အင်မော်တယ် တာအိုဂိုဏ်းက ပြန်လျော်ပေးပါ့မယ်။ အကြီးအကဲမို ဈေးသာပြောလိုက်ပါ။ ကျုပ်တို့တွေ ပေးချေပြီးတာနဲ့ ဒီတျန်းဂျီ ဂိုဏ်းသားကို ခေါ်ပြီး တိတ်တဆိတ် ထွက်သွားပါ့မယ်”
ဖူကျန်းဆောင်၏ လေသံမှာ ပို၍ယဉ်ကျေးစွာ ပြောလိုက်သည်။ သူ့စကားများကို မိုဝူကျီက ရန်စမှု တစ်ခုအဖြစ် ယူဆထားသည်ကို မသိလိုက်ပေ။ မိုဝူကျီက သူ့အား ပြန်မဖြေဘဲ တူကျူဘက် လှည့်ကာ …
“ဆိုင်ရှင်တူ … ဗလာနတ္တိ ကြေးမုံ အင်မော်တယ် တာအိုဂိုဏ်းရဲ့ အားအကောင်းဆုံးက ဘယ်သူလဲ”
တူကျူက မိုဝူကျီနှင့် ဆက်ဆံရေး တိုးတက်လိုရန် ရောက်လာသည် ဖြစ်ရာ ဤမေးခွန်းကို ပြန်ဖြေလိုက်ခြင်းက သူ့အပေါ် သက်ရောက်မှု မရှိသည့်အတွက် တွန့်ဆုတ်မနေဘဲ ဖြေလိုက်သည်။
“ကျုပ်ကြားတာတော့ ဗလာနတ္ထိ ကြေးမုံ အင်မော်တယ် ဂိုဏ်းရဲ့ ပထမအကြီးအကဲ ဝေယွင်က အင်မော်တယ်ဘုရင် အလယ်အလတ်အဆင့် ရောက်နေပြီတဲ့။ ဂိုဏ်းချုပ် မိုဖေးလည်း မကြာခင် အင်မော်တယ်ဘုရင် အဆင့် တက်လှမ်း နိုင်တော့မယ်လို့တော့ ကြားထားတယ်”
မိုဝူကျီက မျက်မှောင်ကြုတ်ကာ ဆက်ပြောလိုက်သည် “ကြည့်ရတာ ဗလာနတ္ထိ ကြေးမုံ အင်မော်တယ် ဂိုဏ်းကို ရှင်းဖို့ အတော်လေး အလုပ်ရှုပ်မဲ့ပုံပဲ”
တူကျူပင် ထိုစကားများမှာ ဖြစ်နိုင်ဖွယ် မရှိသည့်အတွက် အံ့အားသင့် မိသွားသည်။ မိုဝူကျီက ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ အကြီးအကဲ ဖြစ်နေလျှင်ပင် သူစိတ်ကူး တစ်ခုတည်းဖြင့် ဂိုဏ်းတစ်ခုလုံးကို သုတ်သင် ပစ်နိုင်မည်တော့ မဟုတ်ပေ။
အကယ်၍ ထိုစကားလုံးများမှာ ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေလျင်ပင် သူတို့အနေဖြင့် ထိုသို့တော့ မပြောနိုင်ကြပေ။
သို့သော်လည်း သူက မိုဝူကျီသည် ဗလာနတ္ထိ ကြေးမုံ အင်မော်တယ် တာအိုဂိုဏ်းကို ဖျက်စီးပစ်ဖို့ရာ အဘယ်ကြောင့် စိတ်အား ထက်သန်နေမှန်း မသိပေ။ မိုဝူကျီက လက်ရှိ အနေအထားအရ လုပ်နိုင်စွမ်း မရှိသေးပြီး ဆေးလုံးတာအို အင်မော်တယ် မဟာမိတ် အဖွဲ့ချုပ်၏ ဂုဏ်ထူးဆောင် အကြီးအကဲ ဖြစ်နေလျှင်ပင် ထိုသို့ လုပ်နိုင်စွမ်း မရှိကြောင်း သိနေလျှင်ပင် သူ့စကားကို ပြန်လည် ရုပ်သိမ်းမည်ဟု ဆိုလိုခြင်း မဟုတ်ပေ။
သူက ဗလာနတ္ထိ ကြေးမုံ အင်မော်တယ် ဂိုဏ်းကို ဖျက်စီးဖို့ရာ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ဆီ အားထား ထားရသည်။ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့က သူ့ကြံရွယ်ချက်အတိုင်း လိုက်မလုပ်မှန်း သိနေသော်လည်း သူသာ မလုပ်ရပါက စိတ်မသက်မသာ ဖြစ်နေရလိမ့်မည်။
“အကြီးအကဲမို … စကားတွေကို သတိထားပြောပါ။ ပထမတစ်ခွန်းကို နားလည်မှု လွဲတာလို့ ယူဆလို့ ရပေမဲ့ ခင်ဗျားက ကျုပ်တို့ ဂိုဏ်းကို ဆက်ခြိမ်းခြောက် နေတာပဲ။
အကြီးအကဲမိုရဲ့ အဆင့်အတန်းက မနိမ့်ကျွန်မှန်း ကျုပ် သိပါတယ်။ ဒါပေမဲ့ ခင်ဗျား အဲလို ဆက်လုပ်နေလို့ ရမယ်လို့ ဆိုလိုတာ မဟုတ်ဘူး” ဘေးမှ ဖူကျန်းဆောင်က သည်းမခံနိုင်တော့ဘဲ အေးစက်စွာ ဝင်ပြောလိုက်သည်။
မိုဝူကျီက ကျောက်စိမ်းပြားကို ထုတ်ကာ တုံ့ဟွားလုံဆီ ပေးလိုက်ပြီး …
“ဟွားလုံ ... ဆေးလုံးတာအို အင်မော်တယ် မဟာမိတ် စူးခရာအဖွဲ့ခွဲဆီ သွားပေးဦး ... ပြီးတော့ မဟာယီရှန်းအဆင့်နဲ့ အထက်ကို ဒီလူရမ်းကားတွေကို လာဖမ်းခိုင်းလိုက် ...
ပြီးတော့ ဗလာနတ္ထိ ကြေးမုံ အင်မော်တယ်ဂိုဏ်းက ကျုပ်ဆိုင်ကို ဖျက်စီးပစ်ခဲ့တယ်။ ကျုပ်နာမည် သုံးပြီးတော့ ဒီဂိုဏ်းကို ဖျက်စီးပစ်ဖို့ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ် အဖွဲ့ချုပ်ရဲ့ အကူအညီ လှမ်းတောင်းလိုက် …”
“ဟုတ်ကဲ့ အစ်ကိုကြီး” တုံ့ဟွားလုံက ကျောက်စိမ်းပြား နှစ်ခုကို လက်ခံကာ ထွက်သွားရန် ပြင်လိုက်သည်။
“ခဏနေပါဦး” ကျောက်စိမ်းပြားများကို စိတ်စွမ်းအားဖြင့် စစ်ဆေးပြီးသည့် ဖူကျန်းဆောင်က အလောတကြီး ဝင်တားလိုက်သည်။
ယခင် သူက မိုဝူကျီ၏ ဇစ်မြစ်နှင့် နောက်ခံကို မသိခဲ့သောကြောင့် သိပ်၍ လေးလေးနက်နက် မထားခဲ့ပေ။ သို့သော် မိုဝူကျီ ထုတ်ပြလိုက်သည့် အရာများမှာ တစ်ခုက ဆေးလုံးတာအို အင်မော်တယ် မဟာမိတ် စူးခရာအဖွဲ့ခွဲ၏ အကြီးအကဲ ဖြစ်သည့် အမှတ်အသားပြား ဖြစ်ကာ နောက်တစ်ခုမှာ ပို၍ပင် ကြောက်စရာ ကောင်းနေသေး၏။ ထိုအရာမှာ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ် အဖွဲ့ချုပ်၏ ဂုဏ်ထူးဆောင် အကြီးအကဲဖြစ်သော ဂုဏ်ထူးဆောင် အဆင့်၄ ဆေးလုံးဘုရင် အမှတ်အသားပြား ဖြစ်နေသည်။
အကယ်၍ ယခင်မိုဝူကျီ ပြောသည်ဆိုလျှင် ဖူကျန်းဆောင်က သူ့စကားများကို လုံးဝ လျစ်လျူရှုပစ်မည် ဖြစ်၏။ သို့သော် ယခုတွင် သူက အတူတူ မစဉ်းစားနိုင်တော့ပေ။ ဂုဏ်ထူးဆောင် အဆင့်၄ ဆေးလုံး ဘုရင်အဆင့်နှင့် ဆေးလုံးတာအို အင်မော်တယ် မဟာမိတ် အဖွဲ့ချုပ်၏ ဂုဏ်ထူးဆောင် အကြီးအကဲ ဖြစ်နေသည့်အခါ မိုဝူကျီ ပြောနေသော သူတို့ဂိုဏ်းကို ဖျက်စီးပစ်မည့် ကိစ္စရပ်မှာ လျစ်လျူရှုထားနိုင်သည့်အရာ မဟုတ်တော့ပေ။
ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့နှင့် ရင်ဆိုင်ရသည့်အခါ ဗလာနတ္တိ ကြေးမုံ အင်မော်တယ် တာအိုဂိုဏ်းမှာ ဘာဆိုဘာမှ မဟုတ်ပေ။ ဆိုလိုသည်မှာ မိုဝူကျီ၏ စကားများက လက်တွေ့ ဖြစ်လာနိုင်ပေသည်။ သူက ထိုအတွေးဖြင့် ဖူကျန်းဆောင်၏ နောက်ကျော၌ ချွေးအေးများ စိုစွတ်လာလေ၏။
ဘေးတွင် တူကျူက ကြောင်အမ်း နေမိသည်။ သူက မိုဝူကျီသည် ဆေးလုံးတာအို အင်မော်တယ် မဟာမိတ် စူးခရာအဖွဲ့ခွဲမှ အကြီးအကဲ တစ်ယောက်အဖြစ်သာ တွေးခဲ့မိသည်။ မိုဝူကျီသည် ဂုဏ်ထူးဆောင် အဆင့်၄ ဆေးလုံးဘုရင် ဖြစ်နေပြီး ဆေးလုံးတာအို အင်မော်တယ် မဟာမိတ် အဖွဲ့ချုပ်၌ ဂုဏ်ထူးဆောင် အကြီးအကဲ တစ်ယောက် ဖြစ်နေလိမ့်မည်ဟု ထင်မထားကြပေ။
အကယ်၍ ထိုအဆင့်အတန်း နှစ်ခုကို ထည့်စဉ်းစားလျှင် ဗလာနတ္ထိ ကြေးမုံ အင်မော်တယ် တာအိုဂိုဏ်းက မိုဝူကျီ၏ ဆေးစံအိမ်ကို ဖျက်စီးမိခဲ့လေ၏။ တူကျူက သူ့နှလုံသား တုန်ယင်လာသလို ခံစားလိုက်ရသည်။ ထိုအကြောင်းအရင်းမှာ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ် အဖွဲ့အနေနဲ့ ဗလာနတ္ထိ ကြေးမုံ အင်မော်တယ် တာအိုဂိုဏ်းကို ဖျက်စီးပစ်ဖို့ရာ လုံလောက်ပေသည်။
ဆေးလုံးတာအို အင်မော်တယ် မဟာမိတ် အဖွဲ့ချုပ်က မိုဝူကျီ၏ ရှင်းပြချက်ကို စစ်ဆေးကြည့်မည်ကို အသာထား ဂုဏ်ထူးဆောင် အဆင့်၄ ဆေးလုံးဘုရင်က အမှားများကို ပြောလျှင်ပင် ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့က အမှန်ဟု ယူဆမည် ဖြစ်၏။ ထို့အပြင် ဂုဏ်ထူးဆောင် အကြီးအကဲမှာ ဂုဏ်ထူးဆောင် အဆင့်၄ ဆေးလုံးဘုရင် ဖြစ်နေသေးသည် မဟုတ်ပါလော။
အရူးပင် ဂုဏ်ထူးဆောင် အဆင့်၄ ဆေးလုံးဘုရင်၏ အလားအလာ များကို သိပေသည်။ မဟုတ်လျှင် ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့က မိုဝူကျီအား ဂုဏ်ထူးဆောင် အကြီးအကဲ အဆင့်အတန်း ပေးထားမည် မဟုတ်ပေ။ သူတို့က ထိုဂုဏ်ထူးဆောင် အကြီးအကဲ အဆင့်အတန်း ပေးထား၍ သူတို့ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့နှင့် ချည်နှောင် ထားလိုခြင်း မဟုတ်ပါလော။
သူက သတိထားမိ၍သာ ကံကောင်း ပေတော့သည်။ သူက ဤဉာဏ်များသော အကြီးအကဲကို ရန်မစမိခဲ့ပေ။
“အကြီးအကဲမို နားလည်မှု လွဲတာ နေမှာပါ။ အကြီးအကဲမိုက ကျုပ်တို့လို နိမ့်ကျတဲ့ သူတွေကို သဘောထားကြီးကြီး ထားပြီးတော့ ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”
ဖူကျန်းဆောင်က ဦးညွှတ်ကာ ပြောလိုက်သည်။ သူ့စိတ်ထဲ၌ ကတုန်ကယင် ဖြစ်နေလေပြီ။ အကယ်၍ တစ်ဖက်လူက သူတို့ ဗလာနတ္ထိ ကြေးမုံ အင်မော်တယ် တာအိုဂိုဏ်းကို ဖျက်စီးပစ်မည် ဆိုလျှင် သူက တစ်ဖက်လူ၏ မြေးသဖွယ် ပြုမူနေလျှင်လည်း အသုံးမဝင်ပေ။
တုံ့ဟွားလုံက ရပ်ကာ မိုဝူကျီကို လှည့်ကြည့် လိုက်သည်။
မိုဝူကျီက တုံ့ဟွားလုံကို အတင်းကျပ်သွားဖို့ ခိုင်းစေလိုက်လျှင် ဖူကျန်းဆောင်က ချက်ချင်း ခုန်အုပ်ကာ တိုက်ခိုက်မည် ဖြစ်ပေ၏။ သူက ဖူကျန်းဆောင်ကို မကြောက်သော်လည်း သူ့အတွက် မဟာယီရှန်း အဆင့်နှင့် လက်ရည်တူ ဖြစ်ဖို့ရာ ခက်ခဲလှပေသည်။ ထို့အပြင် မိုဝူကျီက သူ့ကျောက်စိမ်းပြားကို ထုတ်ပြလျှင်ပင် ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့မှ သူ့အား ကူညီနိုင်ခြေမှာ အတော်လေး နည်းပါး၏။ အကြောင်းမှာ သူက မဟာမိတ်အဖွဲ့မှ လူတိုင်းကို မသိထားသေးပေ။ နွန်ယုံက သူ့အား အလေး ပေးသောကြောင့် ဤဂုဏ်ထူးဆောင် အကြီးအကဲ ဖြစ်လာခြင်း ဖြစ်ပေသည်။
အကယ်၍ ဂုဏ်ထူးဆောင် အကြီးအကဲ တစ်ယောက်၏ စကားလေးဖြင့် ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့က ဂိုဏ်းတစ်ဂိုဏ်း သုတ်သင် ပစ်မည်ဆိုလျှင် အဖွဲ့အနေဖြင့် ယနေ့အထိ ခံနေမည် မဟုတ်ပေ။ ဖူကျန်းဆောင်က ဤကိစ္စကို ကြောက်ရွံ့နေသည်မှာ သူတို့ ဗလာနတ္ထိ ကြေးမုံ အင်မော်တယ် တာအိုဂိုဏ်း ပါဝင်နေ၍ ဖြစ်ပြီး ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ နာမည်မှာ အတော်လေး အဟိတ်အဟန် ကောင်း၍ ဖြစ်သည်။
အကယ်၍ မိုဝူကျီသာ ဗလာနတ္ထိ ကြေးမုံ အင်မော်တယ် တာအိုဂိုဏ်းကို ဖျက်စီးလိုလျှင် သူ့အင်အား သူသာ သုံးလိမ့်မည်။ သူ့လက်ရှိ ခြိမ်းခြောက်သည့် အနေအထားမှာ တျန်းဂျီ ဂိုဏ်းအတွက် ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ကို အယောင်ပြသုံးခြင်းသာ ဖြစ်၏။
“တျန်းဂျီဂိုဏ်းက ဗလာနတ္ထိ ကြေးမုံအင်မော်တယ် တာအိုဂိုဏ်းကို ဖျက်စီးခဲ့လို့လား” မိုဝူကျီ တုံ့ဟွားလုံကို ဆက်မပြောတော့ဘဲ အေးစက်စက် မေးလိုက်သည်။
ဖူကျန်းဆောင်က အရူး ဖြစ်နေလျှင်ပင် မိုဝူကျီက တျန်းဂျီဂိုဏ်းနှင့် ဆက်စပ် နေလိမ့်မည်မှန်း သိပေလိမ့်မည်။ မဟုတ်လျှင် သူက တျန်းဂျီ ဂိုဏ်းအကြောင်း များများစားစား ဂရုစိုက်နေမည် မဟုတ်သလို သူ့ဆေးစံအိမ်ကိုလည်း တျန်းဂျီဆေးစံအိမ်ဟု ပေးထားမည် မဟုတ်ပေ။
“မဟုတ်ပါဘူး ... တျန်းဂျီဂိုဏ်းက မဟာဓားလမ်းစဉ် ဂိုဏ်းကို ရန်စမိခဲ့တာပါ။ မဟာဓားလမ်းစဉ်ဂိုဏ်းရဲ့ အကြီးအကဲ ဆာကျန်းက ဖျက်စီး ပစ်လိုက်တာပါ။
ကျုပ်တို့ရဲ့ ဗလာနတ္ထိ ကြေးမုံ အင်မော်တယ် တာအိုဂိုဏ်းက အကြီးအကဲရဲ့ အမိန့်ကြောင့် တျန်းဂျီဂိုဏ်းက ကျန်ရစ်သူတွေကို လိုက်ဖမ်းဆီးပေးနေတာပါ”
ဖူကျန်းဆောင်၏ နောက်ကျော၌ ချွေးအေးများ နစ်နေလေပြီ။
မိုဝူကျီက မဟာဓားလမ်းစဉ် ဂိုဏ်းကို သိပေသည်။ ထိုဂိုဏ်းမှာ မနှိုင်းယှဉ် နိုင်လောက်စရာ စွမ်းအားများနှင့် ဂိုဏ်းကြီး တစ်ခု ဖြစ်ပေသည်။ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ထက် အားနည်းသည် မဆိုလောက်သော အားနည်မှုမျှသာ ဖြစ်သည်။
“တျန်းဂျီဂိုဏ်းသား ဘယ်နှယောက် ဖမ်းမိထားတာလဲ” မိုဝူကျီက တျန်းဂျီဂိုဏ်းမှာ ဗလာနတ္ထိ ကြေးမုံဂိုဏ်းမှ ဖျက်စီးခဲ့ခြင်း မဟုတ်ကြောင်း ကြားသည့်အခါ သူ့လေသံမှာ ပို၍ ကောင်းလာသည်။
“နှစ်ယောက်ပါ။ ယီလန်က အခု ကျုပ်တို့ လိုက်ဖမ်းနေတဲ့ တတိယမြောက်ပါ”
ဖူကျန်းဆောင်က သတိကြီးကြီး ထားကာ ပြောလိုက်ရသည်။ သူက မိုဝူကျီကို အမှန်ပင် ကြောက်ရွံ့နေမိသည်။ သူ့အမြင်၌ မိုဝူကျိက ထိုအရာကို သူ့အားခြိမ်းခြောက်နေခြင်း မဟုတ်ပေ။ မိုဝူကျီ၏ အဆင့်အတန်းအရ သူ့ခြိမ်းခြောက်မှုများမှာ လက်တွေ့ ဖြစ်လာနိုင်သည်။
***