← Chapters

ဖြေဆေးဘယ်မှာလဲ

Vol. 9 Ch. 122

ဖြေဆေးဘယ်မှာလဲ

Vol. 9 Ch. 122

လူဝံဖြူသည် တုန်းလင်မြို့၏ ဂိတ်တံခါးထံသို့ တစ်ရှိန်ထိုးပြေးလာပြီး လက်မောင်းတစ်ဖက်အား အားပြင်းစွာလွှဲလျက် ထူထဲခိုင်ခံ့သော ဂိတ်တံခါးအား ရိုက်ချလိုက်လေသည်။

ရွှမ်သတ္တုဖြင့် ပြုလုပ်ထားသည့် တံခါးကြီးသည် ကျယ်လောင်သော အသံနှင့်အတူ ပွင့်ထွက်သွား၏။ ဂိတ်တံခါးနောက်တွင် ရာချီသော စစ်သည်တော်များသည် သစ်သား ထောက်တိုင်များဖြင့် ဂိတ်တံခါးအား ထောက်ကန်ထားရန် ကြိုးပမ်းနေကြရာ ဂိတ်တံခါး ပွင့်ထွက်သွားသည်နှင့် ၎င်းတို့လည်း လွင့်ပျံထွက် သွားရတော့သည်။

လူဝံဖြူကြီးသည် မြို့ထဲသို့ အနှောင့်အယှက် ကင်းကင်းနှင့် ဝင်လာနိုင်ခဲ့သည်။ ၎င်းသည် ကျယ်ဝန်းသော မြို့လမ်းမကြီး တစ်လျှောက် လေပွေကြမ်းနှယ် ဖြတ်ပြေးသွားရာ မြို့သူ၊ မြို့သားအပေါင်းသည် ဘေးလွတ်ရာသို့ အလျင်အမြန် ရှောင်ဖယ်ပေးလိုက်ကြ ရသည်။

လမ်းမအလယ်ကောင်တွင် ရှိနေသည့် မိန်းမငယ်လေး တစ်ယောက်သည် မျက်နှာတစ်ပြင်လုံး ဖြူဖျော့ကာ ကြောက်လန့်နေပြီး ထွက်ပြေးရန် မမီလိုက်ပေ။ သို့သော် လူဝံဖြူကြီးသည် သူမအား အန္တရာယ်မပြုဘဲ မြေပြင်အား ခြေတစ်ချက်ဆောင့်လျက် လေထဲတွင် ခုန်လိုက်ကာ ၁၀ မီတာခန့် အကွာသို့ ကျော်လွှားရောက်ရှိသွားသည်။

လမ်းမဘေးရှိ အခြားသော မြို့သူ၊ မြို့သားများသည် အံ့ဩတကြီးဖြင့် လူဝံဖြူကြီး၏ အဖြူရောင်ပုံရိပ် မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည်အထိ လိုက်ကြည့်နေမိကြသည်။

လူဝံဖြူကြီး၏ ရုတ်တရက် ထွက်ပေါ်လာမှုသည် တုန်းလင်မြို့တွင် နေထိုင်သူများအား အသိစိတ်လွတ်မတတ် ကြောက်ရွံ့သွားစေသည်။ သို့ရာတွင် လူဝံဖြူကြီးသည် တစ်စုံတစ်ယောက်သော သူ၏ အမိန့်အရ လှုပ်ရှားဆောင်ရွက်နေ သကဲ့သို့ မြို့အတွင်း မည်သည့် ပျက်စီး ဆုံးရှုံးမှုကိုမျှ မဖြစ်စေခဲ့။ ကိုယ့်ဒုက္ခကိုယ်ရှာသော ကျွင်းဝမ်နန်းတော်၏ စစ်တပ်မှလွဲ၍ လူဝံဖြူကြီးသည် မြို့သူ၊ မြို့သား တစ်ယောက်တလေကိုပင် အန္တရာယ်မပေးခဲ့ပေ။ ၎င်းသည် လျင်မြန်လှသော အရှိန်နှုန်းဖြင့် ကျွင်းဝမ်နန်းတော်သို့သာ ဦးတည်၍ ပြေးသွားနေခဲ့သည်။

ကျွင်းဝမ်နန်းတော်၌ ... ။

နန်းတော်သည် အစဉ်အမြဲအတိုင်း သီချင်းသံများ၊ ဖျော်ဖြေတီးမှုတ်သံများဖြင့် လွှမ်းခြုံနေသည်။ ပင်မခန်းမထဲ၌ လျိုကျန်းသည် လှပသော မိန်းမပျိုတစ်ယောက်၏ ပေါင်ပေါ်တွင် ခေါင်းတင်လျက် လက်တစ်ဖက်က ဝိုင်ခွက်ကိုကိုင်ကာ နည်းနည်းချင်းစီ အရသာခံကာ သောက်နေသည်။ ကျန်သော လက်တစ်ဖက်ကမူ မိန်းမပျို၏ ပေါင်တံသွယ်သွယ်အား မထိတထိ ပွတ်သပ်နေသောကြောင့် မိန်းမပျိုထံမှ ခိုးခိုးခစ်ခစ် ရယ်သံလေးများ ထွက်ပေါ်နေ၏။ ခန်းမထဲတွင် မလုံမလဲ အဝတ်အစားတို့ဖြင့် လှပသော ခန္ဓာကိုယ်ကောက်ကြောင်းတို့ကို လှစ်လှပ်ဖော်ပြကာ ကပြနေကြသည့် မိန်းမပျို အယောက် ၂၀ ခန့်လည်း ရှိသေးသည်။ ပင်မခန်းမထဲရှိ လေထုမှာ စိတ်တက်ကြွဖွယ် ရမ္မက်အပြည့်နှင့် ပျော်ရွှင်ကြည်နူးစရာ ခံစားချက်များဖြင့် ထုံလွှမ်းနေတော့သည်။

‘ခမည်းတော်က ယဲ့မိသားစုကလူတွေကို ဘာလုပ်လိုက်ပြီလဲဆိုတာ သိချင်မိသား’

လျိုကျန်းသည် မျက်လုံးများ မှေးစင်းလျက် တွေးနေမိသည်။

ဖြစ်နိုင်လျှင် လျိုကျန်းသည် လျိုရွှင်းအား ယဲ့မိသားစုရဲတိုက်၌သာ တစ်သက်လုံး နေလိုက်စေလိုသေးသည်။ သို့မှသာ သူသည် ကျွင်းဝမ်နန်းတော်၌ ဆုံးဖြတ်ချက် မှန်သမျှကို ပြုလုပ်နိုင်သည့် အာဏာရှင်အဖြစ် ဆက်နေနိုင်ပေမည်။ ဖခင်ဖြစ်သူမရှိခင် ဖခင်၏ ကိုယ်လုပ်တော်များနှင့် ပြုလုပ်ခဲ့သည့် ကိစ္စရပ်များကို ပြန်တွေးမိပြီး လျိုကျန်းသည် ပို၍ စိတ်လှုပ်ရှားလာရ၏။ သူသည် ထိုကဲ့သို့ မပြုသင့်သည့် ကိစ္စရပ်များကို ကျူးလွန်ဖောက်ပြန် နေခဲ့သည်မှာ ယခုတစ်ကြိမ်က ပထမဆုံးပင် မဟုတ်တော့ပါချေ။

‘ယဲ့မိသားစုက ကိုယ့်ပျက်စီးမှုကို ကိုယ့်ဘာသာ ဆောင်ကြဉ်းကြတဲ့ သူတွေပဲ။ ယဲ့ချန်ဆိုတဲ့ ကောင်လည်း ကျောက်စိမ်းမျှော်စင်ထဲမှာ သေပြီလို့ကြားတယ်။ အဲဒီလောက် လွယ်လွယ်နဲ့ သေသွားမယ်တောင် မထင်ထားဘူး။ ယဲ့မိသားစုက အလှလေး နှစ်ယောက်လည်း သေသွားပြီလားမသိဘူး။ ကျွတ် … ကျွတ် ... နှမြောစရာ’

လျိုကျန်းသည် သူ့အတွေးနှင့်သူ ခေါင်းယမ်းလျက် လက်ထဲရှိဝိုင်ခွက်အား စားပွဲပေါ် ချလိုက်သည်။ သူ ခေါင်းအုံးထားသော မိန်းမလှလေးနှင့် ဆက်လက်၍ ကျီစယ် ချစ်ကြည်နူးနေစဉ် လူရိပ်တစ်ရိပ်သည် အလင်းအလျင်နှုန်းနှင့် ဖျတ်ခနဲရောက်ရှိလာပြီး သူ့အား လည်ပင်းမှ ဆွဲမြှောက်လျက် အနောက်ဘက်ရှိ နန်းတော်နံရံ၌ ဆွဲကပ်လိုက်ရာ အသံကျယ်ကြီးပင် ထွက်လာရသည်။

“ဘန်း ...”

နံရံနှင့် ဆောင့်မိသည့် တစ်ခဏတွင် လျိုကျန်းသည် သူ့တစ်ကိုယ်လုံးရှိ အရိုးများ ကျိုးကြေသွားသလိုပင် ခံစားလိုက်ရသည်။ အလွန်တရာ နာကျင်မှုကြောင့် လျိုကျန်း၏ မူလက ဝိုင်ကြောင့် ယစ်မူးထွေပြားနေသော နောက်ကျိမှုများလည်း ပျောက်ကွယ်သွားရ၏။

မိန်းမပျိုသည် ကြောက်လန့်တကြား အော်ဟစ်ကာ ထွက်ပြေးသွားသည်။

“အစောင့်တွေ ... အစောင့်တွေ ... လုပ်ကြံသူရှိတယ်”

မကြာမီတွင်ပဲ လျိုကျန်းသည် အမူးပြေသွားကာ ဝိုးတိုးဝါးတား ဖြစ်နေသော မျက်လုံးများကို ဖွင့်လိုက်ချိန်တွင် စူးရှသည့် နာကျင်မှုတစ်ခုက သူ့တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။ ယဲ့ချန်မျက်နှာအား ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ လျိုကျန်း အလွန် ထိတ်လန့်သွားပြီး ထအော်မိလေသည်။

“မင်းပဲ”

လျိုကျန်းသည် ထျန်းချီများကို စုစည်းပြီး တိုက်ခိုက်ဖို့ပြင်သော်လည်း ကြီးမားသော အင်အားတစ်ခု၏ ဖိနှိပ်ထားမှုကြောင့် ထျန်းချီများကို လှည့်ပတ်ရန်ပင် မတတ်နိုင်ဘဲ ဖြစ်နေရသည်။

ဒါက ထျန်းချီအဆင့် ၁၀ ပဲ ... ။

ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူတစ်ယောက်၏ အင်အားကို ထိပ်တိုက်ရင်ဆိုင် လိုက်ရ၍ လျိုကျန်း ဘာမှမတတ်နိုင်တော့ဘဲ လက်ဖျားခြေဖျားများ အေးစက်လာရတော့သည်။

အပြင်ဘက်မှ လက်နက်ချင်း ထိခတ်သံများ၊ တိုက်ခိုက်သံများကို အတိုင်းသား ကြားနေရသည်။ ကျွင်းဝမ်နန်းတော်မှ အစောင့်များသည် ပင်မခန်းမထဲသို့ ဝင်နိုင်ရန်ကြိုးပမ်း နေကြသော်လည်း လင်းတနီနှင့် သိမ်းငှက်နက်တို့၏ ဟန့်တားမှုကြောင့် အရာမထင်ပေ။ ထျန်းချီအဆင့် ၇၊ ထျန်းချီအဆင့် ၈ အစောင့်များနှင့် အဆင့် ထိပ်ဆုံးဆင့် ၁၀ သားရဲနှစ်ကောင်ကြားမှ တိုက်ပွဲ၏ ရလဒ်ကား မည်သူမဆို အလွယ်လေး ခန့်မှန်းကြည့်၍ပင် ရသည်။

“ငါ့ကို အခုချက်ချင်း လွှတ်ပေးစမ်း။ မဟုတ်ရင် ငါ့အဖေနဲ့အဘိုး ပြန်ရောက်လာတဲ့အခါ မင်းနဲ့ထိုက်တန်တဲ့ ပြစ်ဒဏ်ကို ပေးရလိမ့်မယ်”

ပြောသာပြောလိုက် ရသည်။ လျိုကျန်းကိုယ်တိုင်၏ စိတ်ထဲ၌လည်း မရေရာမှုကို ခံစားနေရသည်။ အဆုံးတွင်တော့ သူ့အဖေနှင့် အဘိုးသည်ပင် ထျန်းချီအဆင့် ၁၀ သာ ရှိကြသေးတာ ဖြစ်သည်။

ယဲ့ချန်က အေးစက်စွာ နှာခေါင်းရှုံ့သည်။

“လျိုရွှင်းနဲ့ လျိုခန်းက အသက်ရှင်လျက် ပြန်လာလိမ့်မယ်လို့ မင်းက ထင်နေတာလား”

ယဲ့ချန်၏ စကားများသည် ကျောက်ဆောင် တစ်ခုကဲ့သို့ လျိုကျန်း၏ နှလုံးသားအား ဖိနှိပ်လိုက်နိုင်သည်။

လျိုကျန်းသည် ယဲ့ချန်အား ထိတ်လန့်တကြားကြည့်ကာ မေးလာ၏။

“မင်း ဘာကိုဆိုလိုတာလဲ”

“လျိုရွှင်းနဲ့ လျိုခန်းက ယဲ့မိသားစုရဲတိုက်မှာ အသတ်ခံလိုက်ရပြီ”

“မဟုတ်ဘူး ၊ ဒါ ... ဒါ ... မဖြစ်နိုင်ဘူး”

“ယုံတာ၊ မယုံတာကတော့ မင်းအပိုင်းပဲ။ ငါ ဒီကိုလာခဲ့တာက အကြောင်းရှိလို့ လာခဲ့တာ။ မင်းတို့နန်းတော်ရဲ့ ဆေးဖက်ဝင် ပစ္စည်းတွေအားလုံးကို ဘယ်နေရာမှာထားလဲ ငါ့ကိုပြော”

ယဲ့ချန်သည် လျိုကျန်းအား နောက်တစ်ကြိမ် လည်ပင်းမှဆွဲကာ နံရံနှင့် ရိုက်လိုက်သောကြောင့် လျိုကျန်းမှာ သွေးအန်ရလုနီးနီး။

“ငါ အခု နားလည်ပြီ။ ယဲ့မိသားစုကလူတွေ ငါ့အဖေရဲ့ အဆိပ်ကို မိထားတယ်မလား။ မင်း ငါ့ကိုအရင် မလွှတ်ပေးရင် ငါ မင်းကို ဘယ်တော့မှ မပြောပြဘူး။ မင်းတို့ ယဲ့မိသားစုက လူတွေလည်း သေရလိမ့်မယ်”

လျိုကျန်းသည် အသက်ရှင်နိုင်ရန် နောက်ဆုံးမျှော်လင့်ချက်ကို မလွတ်တမ်း ဆုပ်ကိုင်ထားတော့မည့်ပုံနှင့် အက်ကွဲသော အသံဖြင့် အော်၏။

“မင်းမပြောပြတာနဲ့ပဲ ငါက ဖြေဆေးကို မရှာနိုင်တော့ဘူးလို့ ထင်နေတာလား”

ယဲ့ချန်သည် ပခုံးပေါ်တွင် နားနေသော အမွေးပွလေးအား တစ်ချက် ကြည့်လိုက်သည်။

“အမွေးပွလေး ... မင်းအစွမ်းတွေကို ပြဖို့ အချိန်ရောက်ပြီ”

"ကွိ ... ကွိ ...”

အမွေးပွလေးသည် ယဲ့ချန် ပခုံးထက်မှ ခုန်ဆင်းကာ အဖြူရောင် အလင်းတန်း တစ်ခုနှယ် ဝှီးခနဲ ပျောက်ကွယ်သွားတော့၏။

လျိုကျန်းသည် ထူးခြားသောသွင်ပြင်နှင့် အမွေးပွလေးကို မြင်သောအခါ မထိန်းချုပ်နိုင်စွာ စတင် ကြောက်လန့်လာရသည်။ ထိုထူးခြားသော အကောင်လေးက ဖြေဆေးအား အမှန်တကယ် ရှာတွေ့သွားလျှင် သူ မည်သို့ လုပ်ရပါမည်နည်း။

“ငါ့ကိုလွှတ်ပေး၊ ဖြေဆေးဘယ်မှာလဲ ဆိုတာ ပြောပြမယ်”

လျိုကျန်းသည် လွတ်မြောက်ရန် ကြိုးစားရုန်းကန်းရင်း သွေးရူးသွေးတန်း အော်ဟစ်နေလေသည်။

"လျိုရွှင်းရော လျိုခန်းရောသေပြီ။ မင်းကို ငါက အသက်ရှင်ခွင့်ပေးမယ်လို့ ထင်နေတုန်းလား”

ယဲ့ချန်သည် လျိုကျန်းအား စိုက်ကြည့်ကာ အေးစက်စက်ဆိုသည်။ ကျားတစ်ကောင်အား လွတ်မြောက်ခွင့်ပေးပြီး ယဲ့မိသားစု၏ အနာဂတ်အတွက် ဘေးဒုက္ခအား မျိုးစေ့ချရလောက်အောင် ယဲ့ချန်က မတုံးအပေ။

ယဲ့ချန်၏ စကားကိုကြားသော် လျိုကျန်း တစ်ကိုယ်လုံးရှိ အင်အားများ ယုတ်လျော့သွားသယောင် ခံစားလိုက်ရသည်။ ကြီးကျယ်သော အနာဂတ်ကြီး ရှေ့၌ ရှိနေသေးပြီး ချမ်းသာကြွယ်ဝမှုများ၊ စည်းစိမ်ဂုဏ်ရှိန်များဖြင့် ဘဝကြီးကိုလည်း လုံလောက်အောင် မပျော်ပါးရသေး။ သေဖို့အတွက် အဆင်သင့် မဖြစ်သေးပေ။

“မင်း ဘာလိုချင်လို့လဲ”

“အဆိပ်ဖြေဆေး ထုတ်ပေးရင် ငါမင်းကို သက်သက်သာသာနဲ့ သေခွင့်ပေးမယ်”

ယဲ့ချန်က ပြတ်ပြတ်သားသားနဲ့ တဲ့တိုးပြော၏။

“မင်း မကောင်းဆိုးဝါးကောင်”

လျိုကျန်းသည် ဒေါသဖြင့် အော်လိုက်ရင်း ရုန်းကန်ပြန်၏။

“မင်း ငါ့ကို အခုတည်းက သတ်လို့ရတယ်ကွ”

လျိုကျန်းက ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြိုးပမ်းမည်ပြုသော်လည်း သူသည် တစ်စုံတစ်ရာကို ရုတ်ခြည်း နားလည်သွားရသည်။ ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူတစ်ဦး၏ လက်ထဲ၌ ရှိနေချိန်တွင် ကိုယ့်ကိုကိုယ် သတ်သေခြင်းသည်လည်း အပိုအလုပ်သာ ဖြစ်နေချေသည်။ မအောင်မြင်နိုင်ပေ။

ယဲ့ချန်သည် ထုံတေတေနိုင်စွာဖြင့် ရယ်မောလိုက်၏။ ဒုတိယမင်းသားသာ ယဲ့မိသားစုအား ဦးစွာ လာရန်မပြုခဲ့လျှင် ကျွင်းဝမ် နန်းတော်သည်လည်း ယခုကဲ့သို့ အဆုံးသတ်ရလိမ့်မည် မဟုတ်။ လူတို့သည် ကိုယ်မျိုးကြဲခဲ့သော အရာအား ကိုယ်ကိုယ်တိုင်သာ ရိတ်သိမ်းရမည် ဖြစ်သည်။ ကံဆိုးမိုးမှောင် ကျခဲ့လျှင်တောင် ဘယ်သူ့ကိုမှ အပြစ်ပုံမချသင့်ပေ။

အချိန်တို့ကား တရွေ့ရွေ့ ဆက်လက် ကုန်ဆုံးနေပြီး စက္ကန့်တိုင်းသည် လျိုကျန်းအား နှိပ်စက်ကလူ ပြုနေသကဲ့သို့ ရှိသည်။

နောက်ထပ် အချိန်အနည်းငယ် ကြာသောအခါ အမွေးပွလေးသည် ကောင်းကင် ပထဝီအိတ် ၇ အိတ်အား ပါးစပ်တွင် ကိုက်ချီလျက် ပြန်ရောက်လာ၏။ ထိုအိတ်များတွင် « တုန်းလင်ပြည်နယ် ၊ ကျွင်းဝမ်နန်းတော် » ဟူ၍ ချည်ပန်းထိုး ထားကြသည်။

ထိုကောင်းကင် ပထဝီအိတ်များကို မြင်သော် လျိုကျန်းသည် မှတ်မိသွားရသည်နှင့် အတူ ထိတ်လန့် အံ့ဩခြင်းလည်း ဖြစ်ရသည်။ ထို ၇ အိတ်ထဲ၌ ၁ အိတ်မှာ သူ့အိတ်ဖြစ်ကာ  ၂ အိတ်မှာ သူ့ဖခင်၏ အိတ်များဖြစ်ပြီး နောက်ထပ် ၂ အိတ်မှာ သူ့အဘိုး၏ အိတ်များဖြစ်ကြသည်။ နောက်ဆုံးကျန်သော ၂ အိတ်မှာမူ သိပ်ပြီး အရေးတကြီး မဟုတ်လှပေ။ ထို အိတ် ၇ အိတ်လုံးအား ကျွင်းဝမ်နန်းတော်၏ အလျှို့ဝှက်ဆုံး နေရာတွင် ထားခြင်းဖြစ်သည်။ သို့တိုင်အောင် ထိုထူးခြားသော သတ္တဝါလေးက ၎င်းအိတ်များအား မည်သို့မည်ပုံ ရှာတွေ့နိုင်ခဲ့သည် မသိပေ။

ယဲ့ချန်သည် အိတ် ၇ အိတ်ထဲမှ တစ်အိတ်အား ယူကာ ဖွင့်ကြည့်လိုက်လျှင် ချီစုဆောင်း ဆေးလုံးများ၊ ချီအဆီအနှစ် ဆေးလုံးများနှင့် အလားတူ ဆေးလုံးများကိုသာ တွေ့ရသည်။ သို့နှင့် ယဲ့ချန် နောက်တစ်အိတ်အား ထပ်ဖွင့်ကြည့်လိုက်သော် များစွာသော ကြွေပုလင်းများကို တွေ့ရသည်။ ထိုကြွေပုလင်းများထဲတွင် မရေမတွက်နိုင်သော အစိမ်းရောင်နှင့် အနက်ရောင် ဆေးလုံးများ ရှိနေသည်။

“ဒီဆေးနှစ်မျိုးထဲမှာ အနက်ရောက်က အဆိပ်၊ အစိမ်းရောင်က ဖြေဆေး။ ဟုတ်တယ်မလား”

ယဲ့ချန်က လျိုကျန်းအား စူးရှစွာစိုက်ကြည့်ရင်း မေးလိုက်သည်။

“ငါမသိဘူး”

လျိုကျန်းသည် စိုးရွံ့နေဟန်ဖြင့် အော်သည်။

“ကြည့်ရသလောက်တော့ ငါထင်တာက မှန်ပုံပဲ”

ယဲ့ချန်သည် ဝိညာဉ် အသိအမြင်ဖြင့် လျိုကျန်း၏ စိတ်ခံစားချက် အပြောင်းအလဲများကို ဖတ်ကြည့်နေခဲ့ရာ သူ့ခန့်မှန်းချက်က မှန်ကန်ကြောင်း အတည်ပြုနိုင်သည်။

"ဒီဆေးတွေကို ဘယ်လို အသုံးပြုရင်ရမလဲ”

ယဲ့ချန်က ထပ်မေးသည်။ သူ၏ အေးစက်သော အကြည့်သည် လျိုကျန်း၏ နှလုံးသားထဲသို့ ထွင်းဖောက်သိမြင် နိုင်နေသည့်အလား စူးရှလှသည်။

လျိုကျန်းသည် ယဲ့ချန်၏ ဖိအားပေးနိုင်စွမ်း ကြီးမားသော အရှိန်အဝါနှင့် စွမ်းအားအောက်တွင် အလွန် ကြောက်ရွံ့လာကာ အလိုအလျောက် ထုတ်ပြောမိတော့သည်။

“အဲဒါ ဖြေဆေးမဟုတ်ဘူး။ အဆိပ်အတွက် ဖြေဆေးမရှိဘူး။ ဆရာသခင်အဆင့် ဆေးဝါးပညာရှင်တွေတောင် အဲဒီအဆိပ်ကို ဖြေနိုင်မှာမဟုတ်ဘူး။ အစိမ်းရောင် ဆေးလုံးတွေက အဆိပ်ရဲ့အာနိသင်ကို ထိန်းထားရုံပဲ တတ်နိုင်တာ။ တစ်လကိုတစ်လုံး သောက်ဖို့လိုတယ်။ တစ်ကြိမ်လောက် ရပ်လိုက်တာနဲ့ သေဖို့ပဲ စောင့်နေရတော့မှာ”

လျိုကျန်းသည် လိမ်နေပုံ မပေါ်သောကြောင့် ယဲ့ချန် လက်သီးကျစ်ကျစ် ဆုပ်မိသည်။ ထိုသို့ဆိုပါက ဒုတိယဦးလေးနှင့် ယဲ့မုန့်တို့အား ဘယ်သူမှ မကယ်နိုင်တော့ဘူးလား။ မဖြစ်ရဘူး၊ ဖြေရှင်းနိုင်မဲ့ တခြားနည်းလမ်း ရှိမှာပါ။ အစိမ်းရောင် ဆေးလုံးတွေ အများကြီး ရှာတွေ့ထားမှတော့ နှစ်အနည်းငယ်လောက် တောင့်ခံထားနိုင်သည်။ ထိုအချိန်အတွင်း သူ အဆိပ်ဖြေဆေးကို ရှာတွေ့နိုင်လောက်ပါသည်။

***

All Chapters