ကျွင်းဝမ်နန်းတော်မှ ရတနာများ
Vol. 9 Ch. 123
ကျန်ရှိသော ကောင်းကင်ပထဝီ အိတ်များထဲတွင် ပိုများသောပစ္စည်းများ ရှိနေသည်။ သောင်းချီသော ချီစုဆောင်းဆေးလုံးများ၊ ရာချီသော ချီအဆီအနှစ် ဆေးလုံးများ၊ ရှေးဟောင်းစာအုပ်များ၊ မှတ်တမ်းများနှင့် မြေယာပိုင်ဆိုင်မှု စာချုပ်များလည်း ပါဝင်သည်။ ယဲ့ချန်သည် ၎င်းတို့အား စစ်ဆေးကြည့်ရန်ပင် ပျင်းလွန်းသောကြောင့် အားလုံးကို စုပြုံသိမ်းဆည်းလိုက်ပြီး ပင်ပခန်းမထဲမှ ပြန်ထွက်လာခဲ့သည်။
သူ့အား ဖိနှိပ်ထားသော အင်အားကြီး ပြေလျော့သွား၍ လျိုကျန်း ကြမ်းပြင်ပေါ်သို့ ပြိုလဲကျသွားကာ မျက်လုံးများကို မနည်းအားယူ၍ ဖွင့်လိုက်ရသည်။ ပင်ပခန်းမထဲမှ တည်ငြိမ်စွာဖြင့် ထွက်ခွာသွားသော ယဲ့ချန်ကိုမြင်သော် လျိုကျန်း ဇဝေဇဝါ ဖြစ်သွားရသည်။ ယဲ့ချန်က သူ့အား ခြိမ်းခြောက်မှု တစ်ခုအဖြစ်ပင် မသတ်မှတ်ခြင်းပေလော။
လျိုကျန်း၏ မျက်လုံးတို့သည် မုန်းတီးမှုတို့ဖြင့် ပြည့်နှက်သွားကာ တွေးလိုက်၏။
‘ဒီနေ့ မင်း လုပ်ခဲ့တာတွေအတွက် ငါ၊ လျိုကျန်းက ကျိန်းသေ ပြန်ပေးဆပ်ရစေမယ်။ ယဲ့မိသားစုတစ်ခုလုံး တစ်ယောက်မကျန် သေရမယ်’
လျိုကျန်း အတွေးများထဲ နစ်မြုပ်နေစဉ် ပြင်းပြသော မီးစွမ်းအင်တစ်ခုအား သူ အာရုံခံမိလိုက်သည်။ လင်းတနီတစ်ကောင် ပင်မခန်းမထဲသို့ ဝင်လာလေသည်။ လျိုကျန်း အထိတ်အလန့်ဖြင့် လင်းတနီအား ကြည့်နေခိုက်တွင်ပဲ လင်းတနီ မှုတ်ထုတ်လိုက်သော မီးဘောလုံးကြီးသည် အရှိန်ပြင်းစွာဖြင့် ပြေးဝင်လာပြီး သူ့အား ဝါးမျိုသွားခဲ့၏။
ယဲ့ချန် ပင်မခန်းမထဲမှ ထွက်လာရင်း သက်ပြင်းရှိုက်မိသည်။ လျိုကျန်းကဲ့သို့ တစ်စုံတစ်ယောက်အား ကိုယ်တိုင်ရှင်းပစ်ရန် သူ အနည်းငယ် ဝန်လေးနေမိသည်။ ထိုသို့ မနှစ်မြို့ဖွယ် အရာများနှင့် သူ့လက်ကိုသူ မညစ်ပတ်စေလိုပေ။
ယဲ့ချန်၏ နှလုံးသားထဲတွင် မရှင်းလင်းသော ခံစားချက်တချို့လည်း ရှိနေသည်။ သူ့စရိုက်အရ သူသည် ဘေးပတ်ဝန်းကျင်၌ သွေးလွှမ်းသော အနိဋ္ဌာရုံ မြင်ကွင်းများကို မမြင်လိုလှပေ။ သို့သော်လည်း တစ်ခါတစ်ရံ၌ လူတို့သည် ရွေးချယ်စရာမရှိသော အခြေများ၌ ဘယ်တုန်းကမှ မလုပ်ချင်ခဲ့သည် အရာတို့ကို လုပ်ရုံသာ တတ်နိုင်ကြသည်။
“ကွိ ... ကွိ ...”
အမွေးပွလေးသည် လက်နှစ်ဖက်အား ထောင်ပြလျက် ကျွင်းဝမ်နန်းတော် တစ်နေရာသို့ ပြေးထွက်သွား၏။
အမွေးပွလေးက တစ်နေရာရာကို လမ်းပြနေတာများလား ... ။
ထိုသို့အတွေးနှင့် ယဲ့ချန် အလျင်အမြန် ပြေးလိုက်သွားခဲ့ရာ မကြာခင်၌ အဆောက်အဦ တစ်ခုရှေ့သို့ ရောက်ရှိသွားသည်။ ထူထဲသော သံတံခါးကြီးပေါ်တွင် ကြီးမားသည့် သော့ခလောက်တစ်ခု ရှိနေသည်။ အဆောက်အဦ၏ အစောင့်များမှာမူ လူဝံဖြူ၏ လက်ချက်ဖြင့် သေသွားနှင့်ကြလေပြီ။
ဒီအဆောက်အဦက ကျွင်းဝမ်နန်းတော်ရဲ့ ရတနာတိုက်များလား ... ။
ယဲ့ချန်သည် သံတံခါးကြီးအား လက်ဝါးတစ်ချက်ဖြင့် ရိုက်ဖွင့်လိုက်သည်။ အသံကျယ်ကြီး တစ်ခုနှင့်အတူ တံခါးကြီး ပြိုလဲသွား၏။ ယဲ့ချန်သည် အင်အားများများ မသုံးလိုက်ပါပဲနှင့်တောင် ၅ လက်မခန့်ထူသည့် သံတံခါးကြီးအား အလွယ်တကူ ဖြိုဖျက်လိုက်နိုင်သည်။ ထိုသည်ကပင် ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားကို ပြသနေသည်။
ယဲ့ချန် အတွင်းဘက်သို့ဝင်ကာ ကြည့်လိုက်တော့ အမှန်ပင် ရတနာတိုက် ဖြစ်နေကြောင်း တွေ့ရသည်။ ၁၀ စတုရန်းမီတာခန့် အကျယ်ရှိပြီး အတွင်းဘက်၌ သေတ္တာ အလုံး ၂၀၊ ၃၀ ရှိနေသည်။ ၎င်းတို့ထဲမှ သေတ္တာတစ်ခုကို ယဲ့ချန် ဖွင့်ကြည့်လိုက်တော့ ငွေချောင်းများကို တွေ့ရသည်။ အခြား သေတ္တာများထဲတွင်တော့ ရွှေချောင်းများလည်း ရှိနေသည်။
ဤကမ္ဘာတွင် ရွှေချောင်းနှင့် ငွေချောင်းများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲကြသည်။ များသောအားဖြင့် သိုင်းပညာ မိသားစုများသည် ပစ္စည်းများ လဲလှယ်ဝယ်ယူရာတွင် ချီစုဆောင်း ဆေးလုံးများကို သုံးကြသော်လည်း သာမန် အိမ်သုံးပစ္စည်း၊ အသုံးအဆောင်များ ဝယ်ယူရာ၌မူ ရွှေချောင်း၊ ငွေချောင်းများကို အသုံးပြုကြသည်။ ချီစုဆောင်းဆေးလုံး တစ်လုံးသည် ငွေစ လျန် ၅၀ နှင့် ညီမျှပြီး ထို ငွေစ လျန် ၅၀ က ရွှေစ ၁ လျန် နှင့် ညီမျှသည်။
[ လျန် - တရုတ်ရှေးခေတ် အလေးချိန် တိုင်းတာမှုစနစ်။ ၁ လျန်သည် အလေးချိန် ၃၇. ၅ ဂရမ်နှင့် ညီမျှသည်။ ]
သေတ္တာ အရေအတွက်အရ ဤနေရာတွင် လျန်ပေါင်းသန်းချီသော ငွေချောင်းများနှင့် လျန်ပေါင်းသောင်းချီသော ရွှေချောင်းများ ရှိနေလေသည်။
ယဲ့ချန် ခဏမျှ တွေးတောကြည့်မိသည်။
အကယ်၍ နောက်ပိုင်း၌ ယဲ့မိသားစုသည် ရွေးချယ်စရာမရှိဘဲ တုန်းလင်ပြည်နယ်မှ ထွက်သွားရမည် ဆိုပါက ဤရွှေ၊ ငွေသေတ္တာများ ရှိနေလျှင် ပိုပြီး အဆင်ပြေသည်။ သူ၏ လက်မောင်းကာ ထဲတွင်လည်း သေတ္တာများအားလုံး ဆန့်နိုင်သော နေရာလပ်ကြီး အဆင်သင့်ရှိနေသည်။ ယဲ့ချန် သေတ္တာများအားလုံးအား လက်မောင်းကာထဲသို့ ရွှေ့လိုက်သည်။ ထို့နောက် လက်နက်စင်ဘက်သို့ လျှောက်သွားလိုက်သည်။ လက်နက်စင်ပေါ်တွင် ဈေးကြီးသော ရွှမ်သတ္တုနက်၊ ရွှေရောင် ရွှမ်သတ္တုများဖြင့် သွန်းလုပ်ထားသည့် ချပ်ဝတ်များ ၅၀၀၊ ၆၀၀ ခန့် ရှိနေသည်။ ၎င်းချပ်ဝတ်များသည် ကျောက်စိမ်းမျှော်စင်ထဲမှ ယဲ့ချန်ရခဲ့သော ပစ္စည်းများနှင့် မယှဉ်သာသော်လည်း အနည်းဆုံးတော့ ဘာမှမရှိတာထက် သာပေသည်။ ယဲ့ချန် လက်နက်စင်ပေါ်ရှိ ရှိရှိသမျှအား လက်မောင်းကာထဲ ထည့်လိုက်သည်။ ညလင်းပုလင်းကဲ့သို့ သာမန်ပစ္စည်းများကို တွေ့လျှင်ပင် ယဲ့ချန်သည် ဝမ်းမြောက် ဝမ်းသာစွာဖြင့် လက်မောင်းကာထဲ ထည့်သိမ်းလေသည်။
မကြာခင်တွင်ပဲ ယဲ့ချန် ရတနာတိုက် တစ်ခုလုံးအား အပြောင်သိမ်းနိုင်ခဲ့သည်။ ရတနာတိုက်၏ ဘေးတွင် သိုလှောင်ရုံအနည်းငယ် ရှိနေပြီး အတွင်းဘက်၌ ချည်ထည်များနှင့် ဂျုံစပါးများ လှောင်ထားလေသည်။
ယဲ့ချန် မျက်မှောင်ကြုတ်မိ၏။ ထိုပစ္စည်းများအားလုံးကို လက်မောင်းကာထဲ၌ ထည့်ဖို့ရန် မဆန့်တော့ပေ။ သို့သော် ထားခဲ့ဖို့ကလည်း နှမြောစရာ ကောင်းလွန်းနေသည်။ ထိုဂျုံစပါးများသည် ထောင်သောင်းချီသော လူများ တစ်နှစ်ပတ်လည်လုံး စားသောက်ဖို့ပင် လုံလောက်သောပမာဏ ဖြစ်သည်။
ချမ်းသာ ကြွယ်ဝသူများက ချမ်းသာသထက် ချမ်းသာလာပြီး ဆင်းရဲချို့တဲ့သူ များကတော့ လမ်းမပေါ်တွင် ငတ်မွတ်မြဲ ငတ်မွတ်နေရသည်။ မတိုင်မီက ယဲ့ချန် မိသားစုဝင်များထံမှ ကြားဖူးသည်။ တုန်းလင်ပြည်နယ်တွင် နေထိုင်ကြသူများ အနက် အများစုမှာ ဘဝအား ချို့ချို့တဲ့တဲ့နှင့် အသက် မသေရုံတမယ် စားသောက်နေထိုင် ကြရပြီး နှစ်စဉ်နှစ်တိုင်း ဒုတိယမင်းသားသည် အခွန်ငွေများစွာကို ကောက်ယူကာ အပြည့်အဝ မပေးဆောင်နိုင်သည့် ပြည်သူများကို နည်းမျိုးစုံနှင့် ဖိနှိပ်တတ်သည်ဟု။ တုန်းလင်ပြည်နယ်၏ ဆင်းရဲသား ရပ်ကွက်များတွင် တစ်နေ့လျှင် လူ ၁၀ ဦးခန့် ငတ်မွတ်မှုကြောင့် သေဆုံးနေရသည်။ စီးပွားရေး ကျပ်တည်းသော ကာလများတွင် အငတ်ဘေးကြောင့် လူသေနှုန်းသည် တစ်နေ့လျှင် အယောက် ၅၀၀ မှ ၆၀၀ အထိပင် တိုးသွားလေ့ရှိသည်။
ယဲ့မိသားစုကဲ့သို့ သိုင်းပညာ မိသားစုများသည်လည်း လွန်ခဲ့သောနှစ်များ အတွင်း ကျပ်တည်းခဲ့ရသည်။ တုန်းလင်ပြည်နယ် အတွင်းရှိ ကုန်ဈေးနှုန်းများမှာ အမြဲမြင့်မား နေသောကြောင့် လျန်ယွင်တောင်တန်း အတွင်း အမဲလိုက်ကာ အစားအသောက် လိုအပ်ချက်ကို ဖြည့်ဆည်းခဲ့ ရတာမျိုးလည်း ရှိသည်။ မဟုတ်ပါက အစားအသောက်အတွက် များစွာ အကုန်အကျ ခံလိုက်လျှင် မိသားစုထဲရှိ ကျင့်ကြံသူများအတွက် လိုအပ်သော ချီစုဆောင်းမှု ဆေးလုံးများ ဝယ်ယူရန် မတတ်နိုင်တော့သောကြောင့် ဖြစ်သည်။ မူလတည်းက သိုင်းပညာ မိသားစုကြီးများ၏ ကုန်ကျစရိတ်သည် သာမန် မိသားစုထက်များထက် ပိုများခဲ့တာပင်။
ယဲ့ချန် သေသေချာချာ တွေးကြည့်ပြီးနောက် ဆုံးဖြတ်လိုက်သည်။
‘ဒီနေ့တော့ တုန်းလင်ပြည်နယ်ထဲက ပြည်သူတွေကို ကူညီပေးရင် ကုသိုလ်လေးဘာလေး လုပ်ရသေးတာပေါ့။ ဘာပဲဖြစ်ဖြစ် ဒါတွေက အစတည်းက ငါပိုင်တာမှ မဟုတ်ဘဲ။ ဒုတိယမင်းသားရဲ့ ပစ္စည်းတွေနဲ့ ရက်ရောပေးလိုက်ရုံပဲကို။ နောက်ရက် နည်းနည်းလောက်ကြာရင် ယဲ့မိသားစုက ထွက်သွားတော့မှာပဲ ... သိပ်တော့လည်း မထူးလှပါဘူး’
“ဒီကုန်လှောင်ရုံတွေကို စောင့်ကြည့်ထား။ ဘယ်သူမှ အနားမကပ်စေနဲ့”
ယဲ့ချန် လူဝံဖြူအားကြည့်ကာ အမိန့်ပေးလိုက်သည်။
လူဝံဖြူသည် နာခံသည့်အနေနှင့် အသံကျယ်ကြီးတစ်ခု ပြုရင်း ကုန်လှောင်ရုံရှေ့၌ မားမားမတ်မတ် ရပ်နေလေ၏။
သိမ်းနက်နက်၏ ကျောပေါ် ခုန်တက်ပြီးနောက် တုန်းလင်မြို့ဘက်သို့ ပျံသန်းသွားရာ ယဲ့ချန် အမိန့်ပေးလိုက်သည်။ အတန်ငယ် ကလေးသံ မပျောက်သေးသော်ငြား ခိုင်မာတည်ကြည်သည့် သူ၏ အသံက တုန်းလင်တစ်မြို့လုံးသို့ ပျံ့နှံ့သွားသည်။
“အားလုံးပဲ ... ကျွန်တော်က ယဲ့မိသားစုရဲ့ ခေါင်းဆောင် ယဲ့ချန်ပါ။ တုန်းလင်ပြည်နယ်ရဲ့ ဒုတိယမင်းသား လျိုရွှင်း၊ သူ့အဖေ လျိုခန်းနဲ့ သားဖြစ်သူ လျိုကျန်းတို့က သံနက်တပ်ဖွဲ့ကို ဦးဆောင်ပြီး ယဲ့မိသားစုကို ဝိုင်းရံချေမှုန်းဖို့ ကြိုးစားခဲ့တယ်။ အခု ကျွန်တော်က သူတို့သုံးယောက်လုံးကို သုတ်သင်ပြီး ကျွင်းဝမ်နန်းတော်ကို လွှဲပြောင်းယူထားတယ်။ တုန်းလင်မြို့မှာရှိတဲ့ လူတွေကို တခါတည်း အသိပေးထားချင်တာက အနာဂတ်မှာလည်း ယဲ့မိသားစုကို ဖိနှိပ်ချင်တဲ့ ဘယ်သူမဆို ခြွင်းချက်မရှိ သေရမယ်ဆိုတာပါပဲ”
ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူ တစ်ယောက်အနေနှင့် ယဲ့ချန်သည် ထျန်းချီစွမ်းအင်များကို အသုံးပြုကာ အသံလှိုင်းအား အကျယ်ပြန့်ဆုံး ဧရိယာတိုင်အောင် ဖြန့်ကြက်ထားသဖြင့် တုန်းလင်မြို့ထဲရှိ သန်းချီသော မြို့သူ၊ မြို့သားများနှင့် အင်အားကြီး မိသားစုကြီးများသည် မိုးကြိုးခြိမ်းသံကဲ့သို့ ယဲ့ချန်၏ အသံအား ရှင်းရှင်းလင်းလင်း ကြားလိုက်ကြရသည်။
ဒုတိယမင်းသား၊ လျိုရွှင်းက သုတ်သင်ခံလိုက် ရပြီတဲ့လား။
အစပိုင်းတွင် မြို့သူ၊ မြို့သားများသည် နားကြားမှားခြင်း ပေလောဟု တွေးထင်မိကြသော်လည်း သေချာ ပြန်တွေးကြည့်တော့မှ တုန်းလင်မြို့ တစ်ခုလုံးကိုပင် ရဲရဲတင်းတင်း အသိပေးလာသူထံမှ စကားသည် လုပ်ကြံပြောဆိုခြင်း မဖြစ်နိုင်လောက်ပေ။ ဒုတိယ မင်းသားသာ အသက်ရှင်နေသေးဆဲ ဆိုပါက သူ၏ပိုင်နက်အတွင်း အခြားသူ တစ်ယောက်မှ ယခုကဲ့သို့ ပြုမူနေသည်ကို လုံးဝ ခွင့်ပြုမည်မဟုတ်တာ သေချာသည်။
တုန်းလင်ပြည်နယ်၊ ဒုတိယမင်းသားကား အမှန်တကယ် သေဆုံး သွားလောက်လေပြီ။
မြို့သူ၊ မြို့သားအများစုသည် တစ်ခဏမျှ မှင်တက်သွားမိကြသည်။ အတန်ကြာသောအခါ သူတို့အားလုံး လက်များအား လေထဲတွင် ပင့်မြှောက်ဝှေ့ယမ်းလျက် ဝမ်းမြောက်ပျော်ရွှင်စွာဖြင့် အော်ဟစ်ကြလေတော့သည်။
အခြားသော သိုင်းပညာ မိသားစုများမှ တုန်းလင်မြို့သို့ စီးပွားရေးလုပ်ရန် ရောက်နေသူများကမူ စာပို့သိမ်းငှက်များကို အလျင်အမြန်ထုတ်ကာ ယခုလေးတင် ကြားခဲ့ရသော သတင်းထူးအား သက်ဆိုင်ရာ မိသားစုများထံ အသီးသီး ပြန်ပို့နေကြသည်။ သူတို့ သိထားသလောက် ဒုတိယမင်းသား၏ ဖခင် လျိုခန်းသည် ရှီဝူအင်ပါယာ၊ စစ်တပ်ဘက်မှ ဝန်ကြီးတစ်ယောက် ဖြစ်သည့်အပြင် ထျန်းချီအဆင့် ၁၀ အလယ်အလတ်ဆင့် ကျင့်ကြံသူလည်း ဖြစ်သည်။ ဖြစ်နိုင်သည်မှာ ယဲ့မိသားတွင် ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူတစ်ယောက် ပေါ်ထွက်လာခဲ့ပြီလော။ တစ်ချိန်က ယဲ့မိသားသည် လျန်ယွင်အိမ်တော် ဆယ့်ရှစ်ဆောင်မှ မိသားစုအများစု၏ ဖိနှိပ်မှုအောက်သို့ ရောက်ခဲ့ဖူးသည်။ ထိုမိသားစုများမှ ဈေးဆိုင်အခွဲများသည် တုန်းလင်မြို့၌ ရှိနေသည်ဖြစ်ရာ ၎င်းတို့လည်း ဤသတင်းအား အနှေးနှင့်အမြန် ရသွားကြပေလိမ့်မည်။
“ယဲ့မိသားစုက ဘယ်မှာရှိတဲ့ မိသားစုလဲ။ သူတို့မိသားစုက ဘယ်လိုမျိုးလဲ။ အရမ်း အင်အားကြီးတာလား”
အကြောင်းအရင်း အလုံးစုံကို မသိထားသော တုန်းလင်မြို့သူ၊ မြို့သား အများစုမှာ မရေမရာ ဖြစ်နေကြသည်။
"ယဲ့မိသားစုက လျန်ယွင်အိမ်တော် ဆယ့်ရှစ်ဆောင်ထဲက တစ်ခုပဲ။ ငါတို့ ကြားဖူးသမျှက ယွင်မိသားစု အကြောင်းတွေပဲဆိုတော့ မင်းတို့တွေ ယဲ့မိသားစုနဲ့ ပတ်သက်ပြီး အများကြီး မသိတာနေမယ်။ ငါ ဟိုတလောက ကြားတာတော့ ယဲ့မိသားစုမှာ ပါရမီရှင်တစ်ယောက် ရုတ်တရက် ထွက်ပေါ်လာပြီးတဲ့နောက် ယွင်မိသားစုတစ်ခုလုံး အမြစ်ပြတ် သုတ်သင်ခံလိုက် ရတယ်တဲ့။ ဒါပေမဲ့ ယဲ့မိသားစုက ကျွင်းဝမ်နန်းတော်ကိုပါ တက်သိမ်းနိုင်လောက်အောင် စွမ်းအားကြီးလိမ့်မယ်လို့ ငါလည်း မထင်မိခဲ့ဘူး။ ကြည့်ရတာ အခုဆိုရင် ယဲ့မိသားစုက တုန်းလင်ပြည်နယ်မှာ နံပါတ်တစ် အင်အားစု ဖြစ်လာပြီ”
မြို့သူ၊ မြို့သားများသည် အချင်းချင်း ဆွေးနွေးနေကြရင်းဖြင့် မကြာခင်က မြင်တွေ့ခဲ့ရသည့် ထျန်းချီအဆင့် ၁၀ သားရဲများအကြောင်း ပြန်တွေးမိသွားသည်။
မဟုတ်မှလွဲ ... အဲဒီသားရဲတွေကို ယဲ့မိသားစုက ယဉ်ပါးအောင် လုပ်ထားတယ်လို့တော့ မပြောကြပါနဲ့။
“ယဲ့မိသားစုက မယုံနိုင်လောက်အောင် စွမ်းအားကြီးတာပဲ။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဒုတိယမင်းသားက တော်ဝင်နန်းတွင်းက အထက်ဆင့်အမှုထမ်း တစ်ယောက် ဆိုတာကိုတော့ မေ့ထားလို့မရဘူး။ မကြာခင်မှာ အကျိုးဆက်ကို ယဲ့မိသားစု ခံစားရတော့မှာကို စိုးမိပါရဲ့”
အမျိုးမျိုးသော မှန်းဆချက်များ ထွက်ပေါ်လာကြသော်လည်း မြို့သူ၊ မြို့သားအများစုကမူ ပျော်ရွှင်ရလွန်း၍ မျက်ရည်များပင် ဝဲနေကြရှာ၏။ ကုန်လွန်ခဲ့သော နှစ်များအတွင်း ဒုတိယမင်းသားသည် သူတို့အားလုံးအတွက် အိပ်မက်ဆိုးကြီး ဖြစ်ခဲ့သည်ကတော့ ငြင်းမရသော အမှန်တရားပါပင်။
***