ပြည်သူတွေကို ကယ်ဆယ်ဖို့ ကုန်လှောင်ရုံအား ဖွင့်လှစ်
Vol. 9 Ch. 124
ဝိညာဉ်အသိအမြင်ဖြင့် မြို့သူ၊ မြို့သားများ၏ တုံ့ပြန်ချက်ကို သိရပြီးနောက် ယဲ့ချန် အံ့အားသင့်သွားရသည်။ အတန်ကြာတော့မှ သူ နားလည်သွားသည်။ မြို့သူ၊ မြို့သားများသည် ဟိုးယခင်အချိန်များတည်းက ဒုတိယမင်းသားအပေါ် မကျေနပ်ချက်များ ရှိနေခဲ့ပြီး မပြောရဲ၍သာ နေခဲ့ကြရသည်။ ယခုအခါ ဒုတိယမင်းသား သေဆုံးသွားသောအခါ မြို့သူ၊ မြို့သားများသည် သေချာပေါက် စိတ်လှုပ်ရှား ပျော်ရွှင်ကြမည်သာ။
“ယဲ့မိသားစုရဲ့ကိုယ်စား ငါ၊ ယဲ့ချန်က ဒုတိယမင်းသား လက်အောက်မှာရှိတဲ့ စစ်တပ်တွေကို အခုကစပြီး လူစုခွဲဖို့ အမိန့်ပေးတယ်။ ပြောတဲ့အတိုင်း မလိုက်နာဘဲ ခေါင်းမာနေမယ် ဆိုရင်တော့ ခြွင်းချက်မရှိ သေရမယ်။ ဒုတိယမင်းသားရဲ့ ကျွင်းဝမ်နန်းတော်မှာ ရှိတဲ့ ကုန်လှောင်ရုံတွေကို ပြည်သူတွေရဲ့ အငတ်ဘေးကနေ ကယ်ဆယ်ဖို့ ဖွင့်လှစ်လိုက်ပြီဖြစ်တယ်။ တုန်းလင်မြို့မှာရှိတဲ့ မြို့သူ၊ မြို့သားတိုင်း ကျွင်းဝမ်နန်းတော်ကိုလာပြီး ဂျုံအိတ် ကျင်း ၁၀၀ ယူနိုင်တယ်”
[ ကျင်း - တရုတ်ရှေးခေတ် အလေးချိန်တိုင်းတာ နည်းစနစ်။ ၁ ကျင်းသည် ၅၀၀ ဂရမ်နှင့် ညီမျှသည်။ ]
မြို့တွင်းပိုင်းနှင့် မြို့ပြင်ပိုင်းတွင် ရှိသမျှသော မြို့သူ၊ မြို့သားတိုင်း ယဲ့ချန်၏ အသံအား ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
၎င်းတို့အားလုံး ပြောစရာစကား ရှာမရဘဲ ဖြစ်သွားကြသည်။ ပြည်သူတွေအား အငတ်ဘေးမှ ကယ်ဆယ်ရန် ကျွင်းဝမ်နန်းတော်၏ ကုန်လှောင်ရုံများကို ဖွင့်လှစ်ပေးမည့်အပြင် လူတိုင်းက ဂျုံအိတ် ကျင်း ၁၀၀ ရနိုင်ဦးမည်တဲ့လား။
အနည်းငယ်သော လူချမ်းသာ မိသားစုများနှင့် သိုင်းပညာမိသားစုကြီးများမှ လွဲလျှင် တုန်းလင်မြို့ခံများသည် ဆင်းရဲတွင်းနက်စွာ နေကြရသည်။ အထူးသဖြင့် မြို့ပြင်ပိုင်းတွင် နေထိုင်ကြသူများဆိုလျှင် နောက်ဆုံးအကြိမ် ဝဝလင်လင် စားခဲ့ရသော ထမင်းတစ်နပ်၏ အရသာကိုပင် မမှတ်မိကြတော့ပေ။ အကယ်၍ တော်ဝင်နန်းတွင်းမှ အမှုထမ်းများ ရောက်လာပြီး ဤကိစ္စအား စုံစမ်းပါက ကျွင်းဝမ်နန်းတော်မှ ဂျုံအိတ်ကို ယူမိသူတိုင်း ပုန်ကန်သူများအဖြစ် စွပ်စွဲခံရနိုင်သည်။ သို့သော် ထိုသို့ မလုပ်ပါကလည်း ငတ်သေကြရုံသာ ရှိတော့သည်။
တစ်ခဏမျှ တွေဝေနေကြပြီးနောက်တွင် မြို့ပြင်ပိုင်းအပြင် မြို့တွင်းပိုင်းမှ မြို့ခံပြည်သူ အများအပြားသည် စိတ်အားထက်သန်စွာနှင့် ကျွင်းဝမ်နန်းတော်၏ တံခါးပေါက်သို့ ပြေးလာကြလေသည်။
ငတ်မွတ်ခေါင်းပါးမှုကြောင့် သေရမည့်အစား သူတို့သည် ဝဝလင်လင် စားသောက်၍ သူပုန်အဖြစ်သာ စွပ်စွဲခံလို ကြတော့သည်။
လူအများစုသည် ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချပြီးကြ၍ တစ်မြို့လုံးသည်ကား ထိန်းမနိုင်သိမ်းမရ ရုတ်ရုတ်သဲသဲ ပြေးလွှားနေကြသူများနှင့် ပြည့်နှက်သွား၏။
မြို့တွင်း၊ မြို့ပြင် တို့မှ စိတ်လှုပ်ရှားစွာ ပြေးလာနေကြသော လူအုပ်ကြီးကိုကြည့်ကာ ယဲ့ချန် စိတ်ထဲမှ သက်ပြင်းချမိသည်။ ဝိညာဉ်အသိအမြင်ဖြင့် သူသည် မြို့သူ၊ မြို့သားများကို အသေးစိတ် မြင်နေရသည်။ အများစုမှာ အရိုးပေါ်အရေတင် ပိန်လှီနေကြကာ စုတ်ပြဲနေသည့် အဝတ်တို့ကို ဝတ်ဆင်ထားကြသည်။ ရင်းမုန့်ထျန်း ပြောသည်မှာ မှန်ပေသည်။ ထိုမျှဆိုးရွားသော ဘဝနှင့် ရှင်သန်နေကြရသော ပြည်သူများ ပုန်ကန်သည်ကလည်း အမှန်တော့ ဖြစ်သင့်ပေသည်။ ထိုသို့မှ မပုန်ကန်လျှင်လည်း သူတို့အဖို့ သေရန်စောင့်နေရုံသာ ရှိတော့သည်။ ယနေ့ သူလုပ်သမျှသည် ချီးမွမ်းထိုက်သော ကောင်းသည့်လုပ်ရပ် ဖြစ်သည်ဟု ယူဆသည်။ နတ်ဘုရားများသည် လူသားများ၏ ဆိုးယုတ်သော လုပ်ရပ်များနှင့် ကောင်းမွန်သော လုပ်ရပ်များကို ကောင်းကင်ဘုံမှနေ၍ အစဉ်အမြဲ စောင့်ကြည့်နေကြသည်။ ယဲ့ချန်ကတော့ သူလုပ်နေသော လုပ်ရန်မှာ မှန်ကန်ကြောင်း ယုံကြည်ပေသည်။
ယဲ့ချန်အား ကျောထက်တွင် သယ်ဆောင်ထားလျက် သိမ်းငှက်နက်သည် ကျွင်းဝမ်နန်းတော်၊ ကုန်လှောင်ရုံအရှေ့၌ ဆင်းသက်လိုက်သည်။
မြေပြင်ပေါ်သို့ ခြေချလိုက်သည့် အချိန်တွင်ပဲ ယဲ့ချန်သည် တရကြမ်း ပြေးလာနေသော လူရိပ်တစ်ရိပ်ကို သတိထားမိလိုက်သည်။
ယဲ့ချန် မျက်ခုံးပင့်မိသည်။ ထိုလူရိပ်ကား ထျန်းချီအဆင့် ၉ အလယ်အလတ်ဆင့် ကျင့်ကြံသူဖြစ်သည်။ လွန်ခဲ့သော ၁ လလောက်က ဆိုလျှင်တော့ ထျန်းချီအဆင့် ၉ အလယ်အလတ်ဆင့်သည် ယဲ့ချန်အတွက် သတိထားရမည့်သူ ဖြစ်သော်လည်း ယခုမူ သူ့အား မခြိမ်းခြောက်နိုင်တော့ပေ။ ထိုလူရိပ်အား ဝိညာဉ်အသိအမြင်ဖြင့် စစ်ဆေးကြည့်လိုက်သော် ယဲ့ချန် အံ့ဩသွားရသည်။ အနှီလူရိပ်သည်ကား ရွှီမိသားစု၏ ခေါင်းဆောင်၊ ရွှီကျန်း ဖြစ်နေခဲ့သည်။ ရွှီကျန်းက ကျွင်းဝမ်နန်းတော်၌ ဘာလာလုပ်နေရသည် မသိပေ။
ယဲ့ချန်နှင့်အတူ သိမ်းငှက်နက်၊ လင်းတနီ၊ လူဝံဖြူတို့အား တွေ့ရသည့်အခါ ရွှီကျန်း တိတ်တဆိတ် ထိတ်လန့်သွားရသည်။ သူတို့မတွေ့ဖြစ်သည်မှာ ၁ လမျှသာ ရှိသေးသော်ငြား ယဲ့ချန်က ကြောက်မက်ဖွယ် အစွမ်းထက် လာခဲ့သည့်အပြင် ထျန်းချီအဆင့် ၁၀ သားရဲ ၃ ကောင်ကိုပင် ယဉ်ပါးစေနိုင် ထားသေးသည်။ တုန်းလင်ပြည်နယ်ရှိ ဘယ်သူကမှ ယဲ့ချန်အား မလွှမ်းမိုးနိုင်တော့ကြောင်း သံသယဝင်စရာပင် မလိုတော့ပေ။
ယဲ့ချန်ကဲ့သို့ ပါရမီရှင်တစ်ယောက် ရှိနေခြင်းက ယဲ့မိသားစုအတွက် ကောင်းချီးတစ်ခုလော၊ ကျိန်စာတစ်ခုလော ရွှီကျန်း မခွဲခြားတတ်တော့ပေ။ ယဲ့ချန်သာ လျင်လျင်မြန်မြန်နှင့် တိုးတက်လာခဲ့ပြီး ဂုဏ်သရေရှိ၊ မြင့်မြတ်သူတစ်ယောက် ဖြစ်လာနိုင်ပါက ယဲ့မိသားစုအတွက် အမှန်ပင် ကောင်းချီး ဖြစ်သည်။ ထိုသို့မဟုတ်ပါက ယဲ့ချန်၏ တည်ရှိမှုသည် ယဲ့မိသားစုအတွက် ကပ်ဘေးတစ်ခုကို ဆောင်ယူလာပေလိမ့်မည်။
“လေးစားရတဲ့ တူငယ်လေး ယဲ့ချန် ... ဦးလေးက ရွှီမိသားစုခေါင်းဆောင် ရွှီကျန်းပါ။ မင်းအဖေ ယဲ့ကျန့်ထျန်းရဲ့ ရင်းနှီးတဲ့ မိတ်ဆွေဆိုလည်း မမှားပါဘူး”
ရွှီကျန်းသည် လက်နှစ်ဖက်အား ဆုပ်လျက် နှုတ်ဆက်ရင်း ပြောသည်။ ဝါစဉ်အရ သူသည် ယဲ့ချန်ထက် ကြီးကဲသူ ဖြစ်ပါသော်လည်း အခြေအနေအရ ယဲ့ချန်ရှေ့တွင် ဟိတ်ဟန် မထုတ်ရဲပါချေ။
“ကျွန်တော် ဦးလေးရွှီကို မှတ်မိပါတယ်။ အရမ်း ယဉ်ကျေးနေဖို့ မလိုပါဘူး”
ရွှီကျန်းအပေါ် ယဲ့ချန်၏ အမြင်ကြည်လင်မှုသည် အဆိုးကြီး မဟုတ်ပေ။ လျိုကျန်း ယဲ့မိသားစုရဲတိုက်၌ ပြဿနာ လာရှာသည့်နေ့က ရွှီကျန်းသည် ယဲ့မိသားစုဘက်မှ ရပ်တည်ပေးခဲ့ဖူးသည်။ မည်သို့ပင်ဆိုစေ ရွှီကျန်းနှင့် ယဲ့ကျန့်ထျန်းတို့သည် အရင်းနှီးဆုံး မိတ်ဆွေအဆင့်၌ မရှိကြသော်လည်း ရွှီကျန်းက အဘယ်ကြောင့် ဤနေရာတွင် ထွက်ပေါ်လာရသနည်း။
"တူငယ်လေး မင်း အခု ပြစ်မှုကြီး ကျူးလွန်မိပြီဆိုတာ သိရဲ့လား။ ဒုတိယမင်းသား လျိုရွှင်းက ဧကရာဇ်မင်ဝူကိုယ်တိုင် တုန်းလင်ပြည်နယ်ကို အပိုင်စား ပေးအပ်ခြင်း ခံထားရတဲ့သူ။ သူ့အဖေ၊ လျိုခန်းကလည်း ရှီဝူအင်ပါယာရဲ့ စစ်မှုရေးရာဝန်ကြီး။ သူတို့နှစ်ယောက်ကို အခုလို သတ်လိုက်တာက ဧကရာဇ်မင်ဝူကို သွယ်ဝိုက်သောနည်းနဲ့ ဆန့်ကျင်လိုက်သလိုပဲ”
ရွှီကျန်းက ပြောသည်။ ယဲ့ချန်နံဘေးရှိ သားရဲ ၃ ကောင်ကြောင့် သူ့ခမျာ စကားပြောရသည်ပင် မဖြောင့်နိုင်ဘဲ ချွေးအေးများ စီးကျနေလေသည်။
“တူငယ်လေး မင်းရဲ့စွမ်းအားက သိပ်ကို အံ့ဩစရာကောင်းအောင် ပြောင်မြောက်ပေမဲ့လည်း ဧကရာဇ်မင်ဝူက ကောင်းကင်ရန်အဆင့် ကျင့်ကြံသူဆိုတာ မေ့ထားလို့မရဘူး။ အချိန်ကျလာရင် ဒီကိစ္စကြောင့်နဲ့ ယဲ့မိသားစု ကပ်ဘေးဆိုက်ရရင် ဘယ့်နှယ့်လုပ်ပါမလဲ။ ဆေးဝါးပညာရှင် ဆရာရွှမ်းယီတောင် ကယ်နိုင်တော့မှာ မဟုတ်ဘူး”
“တကယ်လို့ ကျွန်တော်သာ လျိုရွှင်းနဲ့ လျိုခန်းကို မသတ်ရင် အခုနေ အသက်မဲ့တဲ့ ခန္ဓာကိုယ်တွေအဖြစ် လဲလျောင်းနေရမှာက ကျွင်းဝမ်နန်းတော်က စစ်သည်တော်တွေ မဟုတ်ဘဲ ကျွန်တော့်မိသားစုဝင်တွေ ဖြစ်လိမ့်မှာပေါ့။ ဦးလေးရွှီရဲ့ စေတနာကောင်းကို ကျွန်တော် နားလည်ပါတယ်၊ ဒါပေမဲ့ ယဲ့မိသားစု ဒီအခြေအနေထိ ရောက်လာရတာက ဘယ်လိုမှ မတတ်သာပဲ ဖိအားပေးခံရလို့ပါ။ အဆိုးဆုံးအခြေအနေမှာ ဧကရာဇ်မင်ဝူက ယဲ့မိသားစုကို ပြစ်ဒဏ်ချမှတ်ခဲ့ရင် ကျွန်တော်တို့ကလည်း ပုန်ကန်သူတွေအဖြစ် ရှီဝူအင်ပါယာကနေ ထွက်သွားကြမှာပါ”
ယဲ့ချန် အလေးအနက်ဖြင့် ပြန်ပြောလိုက်၏။ အနည်းဆုံးတော့ ရွှီကျန်းသည် ရွှီမိသားစုမှသည် ဤနေရာထိ လာရောက်ပြီး ယဲ့ချန်အား သတိပေးစကား ဆိုဖော်ရသေးသည့် လူကောင်းတစ်ယောက် ဖြစ်သည်။
“ပြည်သူတွေကို ကယ်ဆယ်ဖို့ ကုန်လှောင်ရုံ ဖွင့်တဲ့ကိစ္စက ငါ့အမြင်ပြောရရင် အကြံကောင်း မဟုတ်ဘူး။ ဒါက အဲဒီရိက္ခာတွေကို ငါ့အတွက် လိုချင်လို့ ပြောတာ မဟုတ်ရပါဘူး။ အခုက ဒုတိယမင်းသားလည်း သေသွားပြီဆိုတော့ တုန်းလင်ပြည်နယ်က ဖရိုဖရဲ ဖြစ်လာတော့မှာ။ တူငယ်လေးရဲ့ ပြည်သူတွေကို ရိက္ခာ ဝေမျှပေးချင်တဲ့ စိတ်စေတနာက ကောင်းပါတယ်။ ဒါပေမဲ့ ပြည်သူတွေအနေနဲ့ ရိက္ခာတွေကို ဘယ်လောက်ကြာကြာ ထိန်းသိမ်း ထားနိုင်မှာတဲ့လဲ။ အခွင့်အရေးကို ချောင်းနေတဲ့လူတွေက အနှေးနဲ့အမြန် အဲဒီရိက္ခာတွေကို လာခိုးကြမှာပဲ။ အဲဒီအချိန်ရောက်ရင် ရိက္ခာတွေကပဲ ပြည်သူတွေကို သေစေတဲ့အထိ ဒုက္ခပေးလာလိမ့်မယ်”
ရွှီကျန်းသည် စကားဆုံးသောအခါ ယဲ့ချန်၏ အမူအရာအား သတိနှင့် အကဲခတ်ကြည့် ရသေးသည်။
ယဲ့ချန်သည် မျက်မှောင်ကြုတ်ကာ ဖြစ်နိုင်ချေအား တွက်ချက်နေခဲ့သည်။ သူက ပြည်သူများအတွက် ရိက္ခာများ ဝေမျှပေးလိုသော်လည်း ထိုရိက္ခာများကြောင့်နှင့် ပြည်သူများ သေကျေရမည်ဆိုလျှင် သူ့လုပ်ရပ်သည် ကုသိုလ်မရ၊ ငရဲရ ဆိုသလို ဖြစ်နေပေတော့မည်။ ရုတ်တရက် အတွေးတစ်ခု ပေါ်လာသောကြောင့် ယဲ့ချန် ပြောလိုက်သည်။
“ဒုတိယမင်းသားလည်း သေပြီဆိုမှတော့ ဒီမြို့မှာရှိတဲ့ သိုင်းပညာ မိသားစုတွေကို ဆက်သွယ်ပြီး ခိုးယူလုယက်မှုတွေ ဖြစ်မလာအောင် ပူးပေါင်းဆောင်ရွက်ဖို့ ဦးလေးရွှီက ကူညီပေးနိုင်မလား”
“ကောင်းပြီ ... ငါ အတတ်နိုင်ဆုံး ကြိုးစားပေးပါ့မယ်”
ရွှီကျန်းသည် သက်ပြင်းရှည်ကြီး ချပြီးနောက် ပြော၏။ ရွှိမိသားစုသည်လည်း တုန်းလင်ပြည်နယ် အတွင်း ရှိနေခြင်းဖြစ်ရာ တုန်းလင်ပြည်နယ်သာ ဖရိုဖရဲ ထိန်းမနိုင်သိမ်းမရ အခြေအနေသို့ ကျရောက်သွားပါက ထိခိုက်မှု အနည်းနှင့်အများတော့ ကြုံတွေ့ရမှာ ဖြစ်သည်။
“ယဲ့မိသားစုကိုယ်စား ကျွန်တော်ကပဲ ဦးလေးရွှီကို ကျေးဇူးတင်ပါရစေ”
ယဲ့ချန် လက်နှစ်ဖက်ကို ဆုပ်ကာ ဦးညွှတ်ရင်း ပြောလိုက်၏။ ယဲ့မိသားစုသည် ရှီဝူအင်ပါယာမှ ထွက်ခွာသွားကြဖို့ ကြံရွယ်ထားပြီးဖြစ်ရာ လူအများ အာရုံစိုက်လာမဘ့် ကိစ္စရပ်များကို ရှောင်ကြဉ်သည်က အကောင်းဆုံး ဖြစ်သည်။
"တူငယ်လေးကတော့ နှိမ့်ချလွန်းနေပါပြီ။ ဒီကိစ္စက နှောင့်နှေးလို့မကောင်းဘူး။ ငါ အခုပဲ ပြန်ပြီး တခြား မိသားစုခေါင်းဆောင်တွေကို ဆက်သွယ်လိုက်ဦးမယ်”
ထို့နောက်တွင် ရွှီကျန်းသည် ယဲ့ချန်အား နှုတ်ဆက်ကာ အဆောတလျင် ပြန်သွားလေသည်။
အတန်ကြာသောအခါ ကျွင်းဝမ်နန်းတော်ရှေ့၌ ပြည်သူများ စုရုံးရောက်ရှိ လာကြသည်။ ရုတ်ရုတ်သဲသဲ ဖြစ်နေသော အခြေအနေကို အခွင့်ကောင်းယူကာ ရိက္ခာများကို လုယူဖို့ ကြံစည်နေသည့် သိုင်းပညာ မတောက်တခေါက် တတ်မြောက်သူ၊ လူရမ်းကားများလည်း ပါဝင်သည်။ သို့သော် ကျွင်းဝမ်နန်းတော်ထဲတွင် ရှိနေသည့် ထျန်းချီအဆင့် ၁၀ သားရဲ ၃ ကောင်ကို မြင်သော် ကြောက်ကြောက်လန့်လန့်နှင့် ဝေးရာသို့ ထွက်ပြေးသွားကြတော့၏။
၎င်းတို့အတွက်တော့ ထျန်းချီအဆင့် ၁၀ သားရဲများသည် မည်သူမှ မဖိနှိပ်သော ဒဏ္ဍာရီလာ တည်ရှိမှုများဖြစ်သည်။
ပြည်သူများသည်လည်း သားရဲ ၃ ကောင်ကိုမြင်သော် ခြေလှမ်းများ တန့်သွားကြသည်။ ၎င်းတို့အနက် တချို့မှာမူ ဆာလောင်မှုကြောင့် သေလုမြောပါး ဖြစ်နေကြသဖြင့် သားရဲများကိုပင် မကြောက်အားတော့ဘဲ ရှေ့သို့ ဆက်လှမ်းလာကြသည်။
“ရိက္ခာလိုချင်တဲ့ လူတွေ အတန်းလိုက် စီလိုက်ကြပါ”
ယဲ့ချန်သည် နန်းတော်အတွင်း ဝင်လာသော ပြည်သူများကို မြင်သောကြောင့် ဘေးနားရှိ မြေကွက်လပ်ကျယ်ကို ညွှန်ပြကာ ပြောလိုက်သည်။
ပြည်သူများသည် အလျင်အမြန်ပဲ မျဉ်းတစ်ဖြောင့်တည်း စီတန်းလိုက်ကြပြီး မျက်လုံးထောင့်စွန်းများမှ လူဝံဖြူအား သတိအပြည့်နှင့် ကြောက်ကြည့် ကြည့်နေကြသည်။ လူဝံဖြူမှ ရုတ်တရက် စိတ်ဖောက်ပြီး ၎င်းတို့အား တိုက်ခိုက်သတ်ဖြတ်လာမည်ကို စိုးရွံ့နေကြပုံဖြင့် ... ။
ယဲ့ချန် လူအုပ်အား ဝေ့ဝဲအကဲခတ်လိုက်သော် အားလုံးလိုလိုသည် ဖျော့တော့သော အသားအရည်၊ ပိန်လှီသော ပုံပန်းတို့ဖြင့် လေပွေတစ်ချက် မွှေ့သွားလျှင်ပဲ ခွေ့ခနဲ လဲကျသွားကြမည့်ဟန် ရသည်။ ထိုမြင်ကွင်းသည် ယဲ့ချန်အား စိတ်မကောင်း ဖြစ်လာစေသောကြောင့် သူ မေးလိုက်မိသည်။
“ခင်ဗျားတို့ ဂျုံအိတ် ကျင်း ၁၀၀ ကို သယ်ရောသယ်နိုင်ကြရဲ့လား”
ထိုလူများသည် ကူကယ်ရာမဲ့နေပုံဖြင့် အချင်းချင်း အကြည့်ချင်း ဖလှယ်ကာ ခေါင်းညိတ်ပြ လာကြသည်။ စကားတော့ ပြန်မပြောရဲကြပေ။
“ဂျုံအိတ်တွေကို ကုန်လှောင်ရုံထဲက ထုတ်လိုက်တော့”
ယဲ့ချန် အမိန့်ပေးလိုက်သည်။
မိုးခြိမ်းသံကဲ့သို့ အသံကျယ်ကြီးနှင့်အတူ လူဝံဖြူကြီးသည် ကုန်လှောင်ရုံ၏ တံခါးအား ခြေမွှဖျက်ဆီးကာ ဂျုံအိတ်များကို လက်နှစ်ချောင်းတည်းနှင့် အပြင်ဘက်သို့ သယ်ဆောင်လာသည်။
“ရှေဆုံးကလူ ထွက်လာပြီး ယူလို့ရပြီ။ ဒီဂျုံအိတ်က အခု ခင်ဗျားအပိုင်ပဲ”
ယဲ့ချန်သည် လူအုပ်တန်း၏ ရှေ့ဆုံးမှ ပိန်ပါးပါးနှင့် သက်လတ်ပိုင်း အရွယ်လူအား ညွှန်ပြကာ ပြောလိုက်သည်။
သက်လတ်ပိုင်းလူသည် သူ့အရှေ့ရှိ ၅ မီတာခန့်မြင့်သော လူဝံဖြူအား ကြောက်ရွံ့နေဟန်ဖြင့် ကြည့်သည်။ ထို့ပြင် လူဝံဖြူသည် အားလုံးရှေ့၌ ကျင်း ၁၀၀ လေးသော ဂျုံအိတ်များအား လက်နှစ်ချောင်းတည်းနှင့် သယ်ပြထားရာ ကြောက်ရွံ့မှုက ပိုတိုးလာရသည်။ သို့သော်ငြားလည်း နောက်ဆုံး၌ သက်လတ်ပိုင်းလူသည် ဂျုံအိတ်၏ ဆွဲဆောင်မှုကို သည်းမခံနိုင်တော့ရာ ဖြည်းညင်းစွာဖြင့် ရှေ့သို့ တရွေ့ရွေ့ လျှောက်လာခဲ့သည်။
***