မိသားစု လျှို့ဝှက်ချက်များ
Vol. 9 Ch. 125
လူဝံဖြူသည် ဂျုံအိတ်တစ်အိတ်အား ဆွဲမလိုက်လျှင် သက်လတ်ပိုင်းလူကား ကြောက်လန့်တကြားနှင့် ခေါင်းငုံ့ရှောင်လိုက်သည်။
“အိတ်ကိုသေချာ သယ်ဦးလေ”
ယဲ့ချန်က သတိပေးလိုက်ပြီး လူဝံဖြူမှ သက်လတ်ပိုင်းလူ၏ ကျောထက်သို ဂျုံအိတ် တင်ပေးနေသည်အား သေချာ စောင့်ကြည့်သည်။
ထို့နောက်တွင်တော့ သက်လတ်ပိုင်းလူသည် ဂျုံအိတ်အား သယ်ဆောင်လျက် ကျွင်းဝမ်နန်းတော် အဝင်ဝဆီသို့ လျှောက်သွားခဲ့သည်။
“ငါတို့ ဂျုံအိတ်တွေ တကယ်ရတော့မှာပဲ”
“ငါတို့ ဂျံအိတ်တွေ ရတော့မယ်”
ပြည်သူများသည် ဝမ်းသာအားရဖြင့် မျက်ရည်များဖြင့် ဝဲလာကြလေသည်။ သူတို့သည်ကား ဝဝလင်လင် မစားသောက်ရသည်မှာ ကြာခဲ့လေပြီဖြစ်ရာ ဂျုံအိတ်များ အမှန်တကယ် ရရှိတော့မည်ဖြစ်ကြောင်း သိရချိန်တွင် မပျော်ဘဲ မနေနိုင်ပါချေ။
“အရှေ့ကို ကျော်မလာဘဲ အလှည့်ရောက်တဲ့အထိ စောင့်ပေးပါ”
ယဲ့ချန်၏ သတိပေးသံကြောင့် သူတို့အားလုံး ပြန်လည် တည်ငြိမ်သွားကြပြီး စိတ်လှုပ်ရှားမှု အပြည့်ဖြင့် ဂျုံအိတ်များ သယ်ပေးနေသည့် လူဝံဖြူကိုသာ ကြည့်နေကြတော့သည်။
ပထမဦးဆုံး ဂျုံအိတ်ကို ရရှိသွားခဲ့သည့် သက်လတ်ပိုင်းလူအား ကျန်လူများက အားကျနေဟန်ဖြင့် ဝိုင်းကြည့်နေကြသည်။ သက်လတ်ပိုင်းလူသည် ရုတ်တရက် လျှောက်နေရာမှ ရပ်တန့်ကာ ဂျုံအိတ်အား မြေပြင်ပေါ်ချပြီး ယဲ့ချန်ဘက်သို့ လှည့်ပြီး ကျယ်လောင်စွာ သုံးကြိမ်တိတိ အရိုအသေ ပေးလေသည်။ ထို့နောက်မှ ဂျုံအိတ်အား ကျောထက်သို့ ပြန်တင်ပြီး တရွေ့ရွေ့ ထွက်ခွာသွားခဲ့၏။
သတ်လတ်ပိုင်းလူ၏ အပြုအမူကြောင့် ယဲ့ချန် နှလုံးသားထဲတွင် အနည်းငယ် လှုပ်ရှားသွားရသည်။ ထိုဆင်းရဲသား ပြည်သူများ၏ ဘဝတွင် အကြီးမားဆုံးသော ဆန္ဒမှာ တစ်နေ့လျှင် ထမင်းသုံးနပ်ကို ဝဝလင်လင် စားရပြီး အေးအေးချမ်းချမ်း နေရရုံသာ ဖြစ်သည်။ အစောပိုင်းက သက်လတ်ပိုင်းလူ၏ သူ့အပေါ် ကျေးဇူးတင်စိတ်မှာ အမှန်ပင် လှိုက်လှိုက်လှဲလှဲနှင့် အပိုမဟုတ်ကြောင်း ယဲ့ချန် ခံစားမိသည်။ သူ လက်တစ်ဖက် ဝှေ့ယမ်းလိုက်သည်တွင် သိမ်းငှက်နက်နှင့် လင်းတနီတို့သည် ကောင်းကင်ထက်သို့ ထိုးတက်သွားကြသည်။ ကျွင်းဝမ်နန်းတော်မှ ဂျုံအိတ်ယူကာ ပြန်ထွက်လာသော ပြည်သူများထံမှ လုယက်လိုသူများသည် ထိုမှော်သားရဲ ၂ ကောင်၏ ပယ်ပယ်နယ်နယ် ရိုက်နှက်ခြင်းကို သေချာပေါက် ခံရပေလိမ့်မည်။
ဒုတိယမြောက် ဂျုံအိတ်ယူရန် အလှည့်ကျသူကား ဆံပင်များ ဖွေးဖွေးဖြူနေသည့် အဘိုးကြီးတစ်ဦး ဖြစ်သည်။ အဘိုးကြီးသည် ဂျုံအိတ်အား ရရှိပြီးနောက် ပထမ သက်လတ်ပိုင်း လူကြီးကဲ့သို့ ယဲ့ချန်အား သုံးကြိမ်တိတိ အရိုအသေပေးခဲ့သည်။
ကျန်လူများသည်လည်း ဂျုံအိတ်ကို ရရှိပြီးနောက် ကျွင်းဝမ်နန်းတော်မှ မထွက်ခွာမီ ယဲ့ချန်ထံ လေးလေးနက်နက် အရိုအသေ ပေးခဲ့ကြလေသည်။ ထိုမြင်ကွင်းကိုကြည့်ကာ ယဲ့ချန်လည်းပဲ မတတ်သာပဲ ဝမ်းနည်းလာရသလို ရှိသည်။
ရုတ်ရုတ်သဲသဲ လုပ်လိုသော လုယက်သူအုပ်စုများ ပေါ်ပေါက်လာသော်လည်း ရွှီကျန်းနှင့် အခြားသိုင်းပညာမိသားစုများ၏ နှိမ်နင်းခြင်းကို ခံလိုက်ကြရသည်။ ကျွင်းဝမ်နန်းတော်မှ ဂျုံအိတ်ယူကာ ပြန်ထွက်လာသူများကို ချောင်းမြောင်းနေသူ များသည်လည်း သိမ်းငှက်နက်နှင့် လင်းတနီတို့ကြောင့် အကြံအည် အထမမြောက်လိုက်ပေ။
လူဝံဖြူသည်လည်း အလွန် အားကြိုးမာန်တက်ဖြင့် ဂျုံအိတ်များကို ကုန်လှောင်ရုံထဲမှ ထုတ်ယူကာ ပြည်သူများထံ ဝေပေးလျက်ရှိသည်။ လိမ်လည်လှည့်ဖြားပြီး နောက်တစ်ကြိမ် ဂျုံအိတ်အား ရယူရန် ကြိုးစားလာသူများကိုပင် လူဝံဖြူက မောင်းထုတ်နိုင်ခဲ့သေးသည်။
လူဝံဖြူ၊ သိမ်းငှက်နက်နှင့် လင်းတနီတို့သည် အသိဉာဏ်အားဖြင့် ကောင်းကောင်း ဖွံ့ဖြိုးကြပြီး ယဲ့ချန်သည် ၎င်းတို့အား အလွန်ဝေးကွာသော အရပ်မှပင် ထိန်းချုပ်နိုင်သည်။ ထို့ပြင် ၎င်းတို့ ၃ ကောင်ကို ကြီးကြပ်ရန် အမွေးပွလေးလည်း ရှိနေရာ ယဲ့ချန် စိတ်မပူတော့ဘဲ ယဲ့မိသားစု ရဲတိုက်သို့ ပြန်လာခဲ့လိုက်သည်။
တစ်ညလုံးတွင် ကျွင်းဝမ်နန်းတော်၌ ရိက္ခာလာယူသော ပြည်သူများနှင့် စည်ကားလျက်ရှိသည်။ တုန်းလင်မြို့ထဲရှိ အိမ်ထောင်စုတိုင်းလိုလို ၎င်းတို့အတွက် ဝေစုရိက္ခာကို ရရှိခဲ့ကြသည်။ တော်ဝင်နန်းတွင်းမှ ဤကိစ္စအား စစ်ဆေးလာလျှင်ပင် တုန်းလင် တစ်မြို့လုံးကို အရေးယူရန်တော့ မတတ်နိုင်လောက်ပေ။ မည်သို့ပင်ဆိုစေ ပြည်သူများသည် ငတ်မွတ်ခေါင်းပါးမှုအား အချိန်အတော်ကြာ ခံစားခဲ့ရသူများ ဖြစ်ရာ ယဲ့မိသားစုအား အထူး ကျေးဇူးတင်နေကြတော့သည်။
ယဲ့မိသားစု ရဲတိုက်သို့ ယဲ့ချန် ပြန်ရောက်သောအခါ အရုဏ်တက်ချိန်ပင် ဖြစ်နေလေပြီ။ ပုံမှန်အားဖြင့် တုန်းလင်မြို့နှင့် ယဲ့မိသားစုရဲတိုက်၏ အကွာအဝေးသည် မြင်းဖြင့် သွားလျှင်တောင် ရက်အနည်းငယ် ကြာနိုင်သော်လည်း ယဲ့ချန်ကတော့ တစ်ညလုံး မရပ်မနား ပြေးလာခဲ့တာ ဖြစ်သည်။
ယဲ့မိသားစုရဲတိုက်တွင် အခြေအနေများမှာ ရှုပ်ထွေးနေဆဲ ဖြစ်ပြီး တစ်ကြိမ်မျှသာ သန့်ရှင်းရေး လုပ်ရသေးသည့်အတွက် သွေးကွက်များက မြေပြင်ပေါ်၌ ဟိုတစ်စ၊ သည်တစ်စ ရှိနေသည်။ လေထဲတွင် ကျန်ရှိနေခဲ့သည့် သွေးနံ့များက ဤနေရာတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခု ဖြစ်ပျက်ခဲ့ကြောင့် စက္ကန့်မလပ် သတိပေးနေသယောင် ရှိသည်။
ကြက်သွေးရောင် ကောင်းကင်ကျားနှင့် မိုးကြိုးတစ္ဆေ သစ်နက်တို့သည် မသေကြသော်လည်း ဒဏ်ရာတချို့ ရသွားခဲ့၍ မိသားစုဝင်များသည် ဒဏ်ရာများအား ဆေးထည့်ပေးကာ လေ့ကျင့်ရေး ကွင်းပြင်အနီးရှိ သစ်သားရုံလေးထဲ၌ ထည့်ထားခဲ့သည်။ သစ်သားရုံလေးထဲမှ သားရဲနှစ်ကောင်၏ ညည်းတွားသံများက တစ်ချက်တစ်ချက်၌ ထွက်ပေါ်လာတတ်သည်။
ယဲ့ချန် မိသားစုခေါင်းဆောင် ခြံဝင်းသို့သာ တန်းသွားလိုက်သည်။ မတိုင်မီက သူသည် အဆိပ်ဖြေဆေး အတွက် ကျွင်းဝမ်နန်းတော်သို့ သွားရန်သာ စိတ်စောနေခဲ့၍ တစ်စုံတစ်ရာကို သတိမထားမိခဲ့။ တဖြည်းဖြည်းနှင့် ပြန်တွေးကာမှ ယခုထိတိုင် လော့အာ၏ အရိပ်အယောင်ကိုမျှ မမြင်ရသေးကြောင်း သိသွားရသည်။ အဖြေကို ရေရေရာရာ မသိရသေးသော်ငြား ယဲ့ချန် စိတ်ပူနေမိ၏။
မိသားစုခေါင်းဆောင် ခြံဝင်းသည် မီးရောင်တို့ လင်းချင်းနေပြီး ဒဏ်ရာရထားသည့် မိသားစုဝင်များ အားလုံးက ခြံဝင်းအတွင်း အိပ်ရာငယ်လေးများဖြင့် အတန်းလိုက် ရှိနေသည်။
ယဲ့ကျန့်ထျန်းနှင့် ယဲ့ချိန်ရွှမ်းတို့သည်လည်း အိပ်ရာပေါ်တွင် လှဲလျက် ကုသမှု ခံယူနေကြသည်။ ၎င်းတို့၏ ဒဏ်ရာများကိုမူ ပိတ်စဖြူဖြင့် စည်းနှောင်ထားသည်။
“အဖေ ... ဘိုးဘိုးကြီး ... ကျွန်တော်ပြန်လာပြီ”
ယဲ့ကျန့်ထျန်းနှင့် ယဲ့ချိန်ရွှမ်းတို့၏ အားနည်းနေသော ပုံစံများကြောင့် ယဲ့ချန် စိတ်ထဲမကောင်း ဖြစ်နေရကာ သူ့အသံမှာလည်း ခံစားချက်တို့ ရောပြွမ်းနေသည်။
“ချန်အာ အခြေအနေ ဘယ်လိုရှိလဲ။ ဖြေဆေးကို ယူလာနိုင်ခဲ့လား”
ယဲ့ချိန်ရွှမ်းသည် လှဲနေရာမှ လက်မောင်းနှစ်ဖက်ကို အားပြုကာ ထလာပြီး စိုးရိမ်တကြီး မေးသည်။ သူ၏ ဒဏ်ရာများမှာ ပြန်သက်သာစ ပြုနေသော်လည်း အလောတကြီး စကားပြောလိုက်မှုကြောင့် အဆက်မပြတ် ချောင်းဆိုးလေတော့သည်။ ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူတစ်ယောက် အနေနှင့် ထိုသို့ ဖြစ်ရလောက်အောင်ပင် ယဲ့ချိန်ရွှမ်း၏ လက်ရှိအခြေအနေက အလွန် အားနည်းနေ၏။
"ကျွန်တော် ရလာခဲ့ပါတယ်။ ဘိုးဘိုးကြီး မြန်မြန်လေး ပြန်လှဲနေလိုက်။ ကိုယ့်ကိုယ်ကိုယ် အရမ်းဖိအားမပေးပါနဲ့ဗျာ”
ယဲ့ကျန့်ထျန်းနှင့် ယဲ့ချိန်ရွှမ်းတို့၏ လက်တလော အခြေအနေကို မြင်ပြီးသောအခါ အဆိပ်ဖြေဆေးအကြောင်း အမှန်အတိုင်းပြောရန် ယဲ့ချန် တွန့်ဆုတ်သွားခဲ့ရသည်။
"ကောင်းတယ် ကောင်းတယ်။ အခုတော့ ငါလည်း စိတ်ချနိုင်ပါပြီ”
ယဲ့ချိန်ရွှမ်းသည် သက်ပြင်းချကာ ဆို၏။ နံဘေးရှိ ယဲ့ကျန့်ထျန်းလည်း စိတ်အေးသွားပုံ ပေါ်လေသည်။
သည်တစ်ကြိမ်၌ ယဲ့မိသားစုရှိ အရေးပါသော လူအများစုမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့သည်။ မိသားစုဝင်တစ်ချို့သည် ရရှိထားသော ဒဏ်ရာများ၏ ပြင်းထန်မှုကြောင့် ကွယ်လွန် သွားကြသည်များလည်း ရှိ၏။ မိသားစုတစ်စုလုံး အမြစ်ပြတ် မသွားခြင်းကပင် ကံကောင်းလှပြီ ဖြစ်ရာ ယဲ့မိသားစုဝင်များသည် သေဆုံးသွားသူများ အတွက် စိတ်မကောင်းသည့်တိုင် တစ်ဖက်မှလည်း စိတ်သက်သာရာ ရမိကြသည်။ သေဆုံးသွားသူများကား ပြန်လည် ရှင်သန်လာနိုင်တော့မည် မဟုတ်ရာ ကျန်ရစ်ခဲ့သူများသည် ရဲဝံ့စွာနှင့် ဒုက္ခသုက္ခများကို ကြံ့ကြံ့ခံပြီး ဆက်လက် ရှင်သန်သွားရပေမည်။
“အဖေ ... ဘိုးဘိုးကြီး ... လော့အာရော။ ကျွန်တော် လော့အာကို ဘယ်မှာမှ မမြင်မိသလိုပဲ”
ယဲ့ချန် စိုးရိမ်စွာဖြင့် မေးမိသည်။
ယဲ့ချိန်ရွှမ်းနှင့် ယဲ့ကျန့်ထျန်းတို့သည် အချင်းချင်း အကြည့်ချင်းဖလှယ်ကာ သက်ပြင်းချမိကြသည်။ ၎င်းတို့၏ တုံ့ပြန်ပုံကြောင့် ယဲ့ချန် ရုတ်တရက်ကြီး မကောင်းသော ခံစားချက်များ ရလာကာ လက်သီးအား ကျစ်နေအောင် ဆုပ်ထားမိတော့သည်။ လော့အာနှင့်သူသည် ငယ်စဉ်တည်းက အတူတကွ ကြီးပြင်းခဲ့ပြီး တူညီသောနေရာတွင် ၁၀ နှစ်ကျော် အတူရှိခဲ့သည်။ သူတို့နှစ်ဦးကြားရှိ စိတ်ကူးယဉ်ဆန်သော နှလုံးသားရေးရာ ခံစားချက်များကို ထည့်မတွက်လျှင်ပင် လော့အာနှင့် သူသည် မိသားစုတစ်စုထဲတွင် ကြီးပြင်းခဲ့သော ခိုင်ကျည်သည့် သက်ရောက်မှုရှိသူများ ဖြစ်သည်။
မဟုတ်မှလွဲ ... လော့အာ သေသွားခဲ့တာလား။
ကြောက်မက်ဖွယ် အတွေးတစ်စက ဝင်လာသောကြောင့် ယဲ့ချန် မျက်နှာမှာ ဖြူဖျော့သွားကာ ခန္ဓာကိုယ်သည်လည်း တုန်ယင်လာရတော့သည်။
“ချန်အာ စိတ်မပူပါနဲ့။ လော့အာက ... အဆင်ပြေလောက်မှာပါ”
ယဲ့ချန် အတွေးချော်သွားမည်စိုး၍ ယဲ့ကျန့်ထျန်းက အလျင်အမြန် ရှင်းပြလာသည်။
“မင်းက ကျွင်းဝမ်နန်းတော်ကို ကတိုက်ကရိုက် ထွက်သွားတော့ အဖေလည်း လော့အာအကြောင်း ပြောပြဖို့ အချိန်မရလောက်ဘူး။ လော့အာက သူ့မိဘရင်းတွေဆီကို လွန်ခဲ့တဲ့ လဝက်လောက်ကပဲ ပြန်သွားခဲ့တယ်”
“မိဘရင်းတွေဆီကို ပြန်သွားတယ် ...”
ယဲ့ကျန့်ထျန်းသည် သူ့အား လော့အာ၏ မိဘရင်းများအကြောင်း တစ်ခါမျှ ပြောမပြဖူးသောကြောင့် ယဲ့ချန် နားမလည်နိုင်ဘဲ ဖြစ်သွားရသည်။
“လော့အာက ဒီရဲတိုက်မှာ မွေးတာ မဟုတ်ဘဲ မွေစားခံထား ရတာကိုတော့ မင်းလည်း သိထားပါတယ်”
ယဲ့ချိန်ရွှမ်းသည် သက်ပြင်း တစ်ချက်ရှိုက်ရင်း ဆို၏။ ယဲ့ချန်အား ကြည့်မိလျှင် ယဲ့ချိန်ရွှမ်းသည် ပို၍ ကူကယ်ရာမဲ့လာသယောင် ခံစားရသည်။ ယဲ့ချန်နှင့် ယဲ့လော့သည် တွေ့ဆုံရန်သာ ရေစက်ပါလာခဲ့ပြီး အတူတကွ ရှိဖို့ရန်တော့ ကံမပါဟန် ရလေသည်။
“အဲဒါကိုတော့ ကျွန်တော်သိထားပါတယ်။ လော့အာ လုံခြုံတယ်ဆိုတာ သိရပြီးမှတော့ ကျွန်တော် ... စိုးရိမ်ဖို့ မလိုတော့ပါဘူး”
ယဲ့ချန် နှလုံးသားထဲရှိ စိုးရွံ့မှုတချို့အား ဖိနှိပ်ကာ အလွယ်လေး ပြောလိုက်ပါ၏။
ယဲ့ကျန့်ထျန်းသည် သားဖြစ်သူကိုကြည့်ကာ တစ်စုံတစ်ရာပြောရန် ပါးစပ် ဟလိုက်သော်လည်း နောက်တော့ သူ့ကိုယ်သူ ထိန်းကာ ပြောမလာတော့ပေ။
သို့သော်လည်း အတန်ကြာ စဉ်းစားပြီးသည့်နောက်တွင်တော့ သူ ပြောလိုက်မိသည်။
“ချန်အာ ... လော့အာအကြောင်း မေ့လိုက်တာ ကောင်းလိမ့်မယ်။ ဒီတစ်ခေါက် ထွက်သွားပြီးတဲ့နောက် လော့အာက ဒီကို ပြန်လာနိုင်မှာ မဟုတ်တော့ဘူး။ အနာဂတ်မှာ လော့အာနဲ့ နောက်တစ်ကြိမ် ပြန်ဆုံနိုင်ဖို့တောင် မဖြစ်နိုင်ဘူး”
“ဘာလို့လဲ”
ယဲ့ချန် မရေရာစွာ ပြန်မေးမိသည်။ လော့အာသည် မိဘရင်းများထံ ပြန်သွားခဲ့သည် ဆိုလျှင်တောင် ယဲ့မိသားစုရဲတိုက်သို့ အဘယ့်ကြောင့် ပြန်မလာနိုင်ရသနည်း။ မည်သို့ပင်ဆိုစေ လော့အာ၏ မွေးစားမိဘများကလည်း ယဲ့မိသားစုရဲတိုက်၌ ကျန်ရစ်ခဲ့သည် မဟုတ်ပေလော။
"ဒါက တော်တော်လေး ရှည်လျားပြီး ရှုပ်ထွေးတဲ့ ဇာတ်ကြောင်းပဲ။ လော့အာရဲ့ မိဘရင်းတွေနေတဲ့ မိသားစုက တကယ်တော့ ယဲ့မိသားစုရဲ့ အခွဲတစ်ခုပါပဲ။ ဒါပေမဲ့ အဖေတို့ မိသားစုအခွဲနဲ့ အဆက်အဆံ မရှိတာက နှစ် ၁၀၀၀ လောက် ကြာခဲ့ပြီ။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က သူတို့မိသားစုအခွဲမှာ ဘေးဒုက္ခတစ်ခု ကြုံတွေ့ခဲ့ပြီး မိသားစုပျက်လုနီးနီး ဖြစ်ခဲ့လို့ လော့အာကို ဒီမှာ ခဏလာအပ်ထားခဲ့တာ။ အခုတော့ လော့အာရဲ့ အဖေက အရေးပါအရာရောက်တဲ့ ဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင် ဖြစ်သွားပြီဆိုတော့ သူတို့ကြုံတွေ့နေရတဲ့ ဘေးဒုက္ခကလည်း မရှိတော့ဘူး။ ဒါ့ကြောင့် လော့အာကို ပြန်လာခေါ်သွားတာပဲ”
ယဲ့ကျန့်ထျန်းက ရှင်းပြသည်။
"ကျွန်တော်တို့ မိသားစုအခွဲက ဒီနှစ်တွေအတွင်း လော့အာကို စောင့်ရှောက်ပေးထားခဲ့လို့ သူတို့က ကျေးဇူးတောင် တင်ရဦးမှာ မဟုတ်ဘူးလား။ ဘာလို့ ကျွန်တော်တို့နဲ့ အဆက်အဆံ မလုပ်ချင်ရသေးတာလဲ”
နားလည်ရန် ခက်ခဲနေသလို ခံစားရသောကြောင့် ယဲ့ချန် ပြန်မေးမိသည်။
“ဟိုတုန်းကပေါ့ ... သူတို့မိသားစုအခွဲရဲ့ ဘိုးဘေးတွေနဲ့ အဖေတို့ ဘိုးဘေးတွေကြားမှာ ပြဿနာတချို့ ရှိခဲ့ဖူးတယ်။ ဒါ့ကြောင့်လည်း သူတို့ဘက်က မိသားစုဝင်တွေက လော့အာကို အဖေတို့ဆီမှာ အပ်ထားမဲ့ကိစ္စကို သဘောမတူချင်ခဲ့ကြဘူး။ ဒါပေမဲ့ လော့အာရဲ့ မိဘနှစ်ပါးက သူတို့သမီးလေးအတွက် အရမ်းစိတ်ပူနေခဲ့လို့ အားလုံးနဲ့ အတိုက်အခံလုပ်ပြီး အဖေတို့ဆီမှာ လာအပ်ထားခဲ့တယ်။ အဲ့အချိန်တုန်းက သဘောတူညီချက် တစ်ခု ထားခဲ့တယ်။ သူတို့မိသားစုအခွဲဘက်မှ ပြဿနာတွေ ပြေလည်တဲ့အထိ အဖေတို့က လော့အာကို စောင့်ရှောက် ပေးထားရမယ်။ အချိန်တန်ရင်တော့ သူတို့က လော့အာကို ပြန်လာခဲ့မယ်၊ အဲ့အခါကျ အဖေတို့အတွက် မနစ်နာရအောင် လက်ဆောင်ပစ္စည်းတွေ ပေးပါမယ်ပေါ့။ အဖေတို့ကလည်း သူတို့မိသားစုအခွဲနဲ့ ဘိုးဘေးတွေလက်ထက်က ရှိခဲ့တဲ့ မကျေလည်မှုတွေကို ဖာထေးချင်တာကြောင့် သဘောတူညီချက်ကို လက်ခံခဲ့တယ်။ လော့အာကို သူတို့ဘက်က ပြန်လာခေါ်ကြတော့ အဖေတို့ ဘာလက်ဆောင်ကိုမှ လက်မခံခဲ့ပါဘူး။ ဒီနှစ်တွေအတွင်း လော့အာက အဖေတို့အတွက် သမီးအရင်းလေးလို ရှိနေခဲ့တာ။ တစ်ချိန်တုန်းက လုပ်ခဲ့မိတဲ့ သဘော တူညီချက်ကိုတောင် နောင်တရမိတယ်။ သူတို့ဆီက လက်ဆောင်တွေကိုသာ လက်ခံခဲ့ရင် အဖေတို့က လော့အာကို ရောင်းထုတ်လိုက်တာနဲ့ ဘာများ ကွာတော့မှာတဲ့လဲ”
ယဲ့ကျန့်ထျန်း၏ အသံသည် ဝမ်းနည်းရိပ်စွက်လျက် အက်ကွဲနေခဲ့သည်။
"ကျွန်တော်တို့ဘက်က ဘာလက်ဆောင်ကိုမှ လက်မခံခဲ့ဘူးဆိုမှတော့ သူတို့က ကျွန်တော်တို့ကို ကျေးဇူးကြွေး တင်နေတုန်းပဲလေ။ ဒါကိုတောင် လော့အာက ... ဘာလို့ တစ်ကြိမ်လေးတောင်မှ ပြန်မလာနိုင်ရတာလဲ”
ယဲ့ချန်သည် သုန်မှုန်မှိုင်းဖျော့နေသော အမူအရာဖြင့် မေးခွန်းထုတ်မိသည်။ ထိုမိသားစုအခွဲမှ လူများသည် လုံးဝကို ကျိုးကြောင်းဆီလျော်မှု မရှိကြပေ။
"အဘိုးတို့ဘက်ကလည်း သူတို့အပေါ် အကြွေးတင်နေခဲ့တယ်။ အင်း ... ဒါတွေက လွန်ခဲ့တဲ့ နှစ်ထောင်ချီတုန်းက ဇာတ်ကြောင်းတွေပါပဲ”
ယဲ့ချိန်ရွှမ်းသည် သက်ပြင်းချကာ ပြောလာသည်။
ယဲ့ချိန်ရွှမ်း၏ စကားကြောင့် ယဲ့ချန် မျက်မှောင်ကြုတ်မိသည်။
ယဲ့မိသားစု အခွဲတွေကြားမှာ ရှိနေတဲ့ မကျေလည်နိုင်တဲ့ ပြဿနာက တကယ်ကိုပဲ ဘာများလဲ ... ။
***