← Chapters

ဖူးစာကြိုးနီလေးဖြင့် ချည်နှောင်ခြင်း

Vol. 9 Ch. 126

ဖူးစာကြိုးနီလေးဖြင့် ချည်နှောင်ခြင်း

Vol. 9 Ch. 126

“တစ်ချိန်တုန်းက ... ယဲ့မိသားစုက ရှီဝူအင်ပါယာထဲမှာ အင်အားကြီးမိသားစု ၁၀ စုထဲမှာ တစ်ခုအပါအဝင်ပေါ့။ အဲ့အချိန်တုန်းက မိသားစုထဲမှာ အစွမ်းအထက်ဆုံး ညီအစ်ကိုနှစ်ယောက် ရှိခဲ့တယ်။ နှစ်ယောက်လုံးက ကမ္ဘာမြေရန်အဆင့် ကျင့်ကြံဆင့်မှာ ရှိကြတယ်။ တစ်နေ့ကျတော့ မထင်မှတ်ပဲ တခြား အင်အားကြီးတဲ့ မိသားစုနှစ်စုကို အပြစ်ပြုမိပြီး ယဲ့မိသားစုက ဖိနှိပ်ခံလာရတယ်။ ညီအစ်ကို နှစ်ယောက်ထဲက အငယ်က ရှီဝူအင်ပါယာကနေ ထွက်သွားပြီး ဗဟိုအင်ပါယာမှာ အခြေချချင်တယ်။ မိသားစု ခေါင်းဆောင်ဖြစ်တဲ့ အကြီးက လက်မခံခဲ့ဘူး။ ဗဟိုအင်ပါယာက အရှေ့ဘက် ကုန်းမြေတိုက်ကြီးရဲ့ အချက်အချာ နေရာဆိုတော့ အဲဒီကိုရောက်သွားရင် ယဲ့မိသားစုက တတိယအဆင့်မိသားစုစာရင်းတောင် ဝင်မှာမဟုတ်ဘူး။ ရှီဝူအင်ပါယာမှာ ဆက်နေတာကမှ ဘာပဲဖြစ်ဖြစ် ထိပ်ဆုံးမိသားစု ၁၀ စုထဲ ပါဝင်နိုင်သေးတယ်။ နောက်တော့ ညီအစ်ကိုနှစ်ယောက် စကားများကြပြီး အငယ်က နောက်လိုက် ၁၀၀ ကျော်လောက်နဲ့ ဗဟိုအင်ပါယာကို ထွက်သွားခဲ့တယ်။ အကြီးကလည်း စကားနားမထောင်တဲ့ ညီကို ဒေါသထွက်သွားပြီး မိသားစု စာရင်းထဲကနေ ထုတ်ပယ်ပစ်ခဲ့တယ်”

ယဲ့ချိန်ရွှမ်းက ဂရုတစိုက်ဖြင့် ရှင်းပြသည်။

ယဲ့ချိန်ရွှမ်း၏ စကားများကြောင့် ယဲ့ချန်နှလုံးသားထဲ တင်းကျပ်သွားရသည်။ ဤကမ္ဘာရှိ လူများအတွက် မိသားစုဝင် သတ်မှတ်ချက်များကား အလွန် အရေးပါသည်။ ထိုစဉ်က အစ်ကိုအကြီးသည် ညီဖြစ်သူ၏ အမည်ကို မိသားစုစာရင်းထဲမှ ဖျက်ပစ်ရလောက်အောင် တော်တော်လေး စိတ်ဆိုးဒေါသ ထွက်ခဲ့ပုံ ရသည်။

“အဲဒီအချိန်တုန်းက အစ်ကိုအကြီး တွေးခဲ့တာက သူ့ညီရဲ့မိသားစုအခွဲက ဗဟိုအင်ပါယာမှာ ကြုံတွေ့ရတဲ့ ဒုက္ခတွေကို သည်းမခံနိုင်တဲ့တစ်နေ့ ပြန်လာလိမ့်မယ်လို့ပေါ့။ ဒါပေမဲ့ တကယ်တမ်းမှာ အစ်ကိုအကြီးရဲ့ မိသားစုအခွဲကသာ ဒုက္ခတွေအများကြီးကို ရင်ဆိုင်ခဲ့ရပြီး နှစ် ၃၀ ကြာတဲ့အထိ နာလန်မထူနိုင်ခဲ့ဘူး။ တစ်ဖက်မှာတော့ ညီအငယ်ရဲ့ မိသားစုအခွဲက ဗဟိုအင်ပါယာကို ရောက်ပြီးတဲ့နောက် အင်အားကြီး ဂိုဏ်းတစ်ခုကို ဝင်လိုက်ကြပြီး သိုင်းပညာအသစ်တွေကို သင်ယူနိုင်ခဲ့တယ်။ နှစ် ၃၀ လုံးလုံး အပတ်တကုတ် ကြိုးစားပြီးတဲ့နောက် ညီအငယ်က အဲဒီဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်လာနိုင်ခဲ့တဲ့ အပြင် ဗဟိုအင်ပါယာရဲ့ ထိပ်တန်းအင်အားစု ၅ ခုထဲက တစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့တယ်။ သိုင်းပညာမိသားစုကြီးတွေ မှိုလိုပေါတဲ့ ဗဟိုအင်ပါယာမှာ ဒီလို ပေါက်ပေါက်မြောက်မြောက် ဖြစ်အောင် ကြိုးစားနိုင်တာက အံ့ဩစရာပါပဲ”

ယဲ့ချိန်ရွှမ်းက ခံစားချက်များ ရောထွေးနေဟန်ဖြင့် သက်ပြင်းချသည်။

“မြစ်ရေက အရှေ့အရပ်ကို နှစ် ၃၀ စီးဆင်းပြီးရင် အနောက်အရပ်ကို နှစ် ၃၀ ပြန်စီးဆင်းတယ် ဆိုသလိုပဲ။ အားလုံးက ကံစီမံရာအတိုင်း သံသရာတစ်ပတ် လည်နေကြရတယ်။ နည်းနည်းတော့ စိတ်ပျက်စရာပေါ့။ တစ်ခါတစ်ရံမှာ လူတွေက ဇာမဏီငှက်အမြီး ဖြစ်ရတာထက် ကြက်ခေါင်း ဖြစ်ရဖို့ကို ပိုလိုလားတတ်ကြတယ်။ အဆုံးမှာတော့ ကြက်ခေါင်း ဖြစ်ချင်ကြတဲ့သူတွေက ကြက်အဖြစ်ပဲ အဆုံးသတ်ကြရပေမဲ့ ဇာမဏီငှက်အမြီး ဖြစ်ချင်ကြတဲ့ သူတွေကတော့ မရေမတွက်နိုင်တဲ့ အကျပ်အတည်း၊ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းပြီး နောက်မှာ ဇာမဏီငှက်ခေါင်း အဖြစ် ပြောင်းလဲ တိုးတက်သွားနိုင်ကြတယ်။ ဒါ့ကြောင့် လူတစ်ယောက်ဟာ ကြက်ခေါင်းဖြစ်ဖို့ထက် ဇာမဏီငှက်အမြီး ဖြစ်ဖို့ကိုပဲ ရည်မှန်းချက် ထားသင့်တယ်တဲ့လေ။ မှတ်သားသင့်တဲ့ စကားပုံလေးပေါ့”

“နောက်ပိုင်းရော ဘာဆက်ဖြစ်ခဲ့လဲ”

“ရှီဝူအင်ပါယာမှာ ကျန်ရစ်ခဲ့တဲ့ အစ်ကိုအကြီးရဲ့ မိသားစုအခွဲက ပိုပိုယိုင်နဲ့လာပြီး ရန်သူမိသားစုနှစ်ခုရဲ့ သုတ်သင်ခြင်း ခံရတော့မဲ့အချိန်မှာ ညီအငယ်ရဲ့ မိသားစုအခွဲက ရောက်လာပြီး ကယ်တင်ခဲ့တယ်။ အစ်ကိုအကြီးက သူ့ဆုံးဖြတ်ချက်အတွက် နောင်တရပြီး ပြန်ပြင်ဆင်ချင်ခဲ့ပေမဲ့ သူတို့ညီအစ်ကိုကြားက အဆင့်အတန်း ကွာဟချက်က သိပ်ကိုများသွားခဲ့ပြီ။ ညှိနှိုင်းဖို့လည်း မဖြစ်နိုင်တော့ဘူး။ ဒီလိုနဲ့ပဲ ယဲ့မိသားစုရဲ့ မိသားစုအခွဲတစ်ခုက ရှီဝူအင်ပါယာမှာပဲ ဒီနေ့အထိ ဆက်ရှိနေရပြီး တခြား မိသားစုအခွဲကတော့ ဗဟိုအင်ပါယာမှာ ရှိနေခဲ့တယ်။ အဖြစ်အပျက်တွေက နှစ် ၁၀၀၀ လောက် ကြာခဲ့ပြီဆိုပေမဲ့ ဗဟိုအင်ပါယာ၊ မိသားစုအခွဲက လူတွေကတော့ ရှီဝူအင်ပါယာ၊ မိသားစုအခွဲက လူတွေကို အထင်သေးနေတုန်းပဲ”

စကားဆုံးသော် ယဲ့ချိန်ရွှမ်းသည် ကူကယ်ရာမဲ့စွာဖြင့် ပြုံးမိ၏။

ယဲ့ချန်လည်း ကိစ္စအလုံးစုံကို နားလည်သွားခဲ့သည်။

“လော့အာကို သူ့မိဘရင်းတွေက ရှီဝူအင်ပါယာဆီ နောက်တစ်ကြိမ်ပြန်လာဖို့ ခွင့်ပြုလိမ့်မှာ မဟုတ်ဘူး။ ချန်အာ ... မင်း ဝမ်းမနည်းဘူးလား”

ယဲ့ကျန့်ထျန်းသည် သားဖြစ်သူ၏ မပြောင်းလဲသော အမူအရာကိုကြည့်ကာ မနေနိုင်ဘဲ မေးမိတော့၏။ ချန်အာနှင့် လော့အာသည် ငယ်စဉ်ကပင် အတူတကွ ကြီးပြင်းလာခဲ့ပြီး နှစ်ဦးသားကြား၌ ခံစားချက်တချို့ ပေါက်ဖွားနေသည်ကို လူတိုင်း ရိပ်မိကြသည်။ ယခုမူ လော့အာ ထွက်ခွာသွားသည်ကိုပင် ချန်အာကား အနည်းငယ်မျှပင် ဝမ်းနည်းပုံ မရပေ။

ယဲ့ချန်က တည်ငြိမ်စွာ ပြုံးလျက် သူ့ဖခင်နှင့် အဘိုးတို့အား ကြည့်သည်။

“ဘာများ ဝမ်းနည်းစရာ ရှိလို့လဲ။ ဘိုးဘိုးကြီး ပြောသလိုပဲ၊ မြစ်ရေက အရှေ့အရပ်ကို နှစ် ၃၀ စီးဆင်းပြီးရင် အနောက်အရပ်ကိုလည်း နှစ် ၃၀ စီးဆင်းဦးမှာ။ သံသရာဆိုတာ အမြဲ တစ်ပတ်လည်နေတာ။ ကျွန်တော်တို့ ရှီဝူအင်ပါယာ မိသားစုအခွဲက ဗဟိုအင်ပါယာက မိသားစုအခွဲကို တစ်သက်လုံး မကျောနိုင်တော့ဘူး ဆိုတာ အဓိပ္ပာယ်မရှိဘူး။ အနှေးနဲ့အမြန် သူတို့က ကျွန်တော်တို့ မိသားစုအခွဲအပေါ် အထင်မသေးတော့ဘဲ ပြန်ညှိနှိုင်း လာစေရမယ်။ ဒီလိုဆိုရင် လော့အာလည်း ကျွန်တော်ဆီကို ပြန်လာနိုင်လိမ့်မယ်။ သူတို့ဘက်က အဆုံးစွန်ထိ ခေါင်းမာနေရင် ကျွန်တော်တို့ဘက်ကလည်း အင်အားသုံးပြီး သိမ်းသွင်းရုံပဲပေါ့”

ယဲ့ချန်၏ စကားလုံးတိုင်းသည် လူငယ်လေး တစ်ယောက်၏ ထက်သန်ပြင်းပြသော ယုံကြည်ချက်များဖြင့် တလက်လက် တောက်ပနေခဲ့သည်။

ယဲ့ချိန်ရွှမ်းနှင့် ယဲ့ကျန့်ထျန်းတို့လည်း ယဲ့ချန်၏ စကားတို့ကြောင့် စိတ်လှုပ်ရှား သွားမိကြသည်။ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ရှီဝူအင်ပါယာ၊ မိသားစုအခွဲက တကယ်ပဲ ထိုသို့ တောက်ပလာနိုင်ပါ့မလား ... ။

လွန်ခဲ့သော နှစ်ပေါင်းများစွာတည်းက သူတို့ စိတ်ကူး ယဉ်ဖူးကြသော်လည်း ဘယ်သူမှ အကောင်အထည် မဖော်နိုင်ခဲ့ကြ။ သို့တိုင် ယဲ့ချန်၏ တည်ရှိမှုက သူတို့နှလုံးသားထဲရှိ မျှော်လင့်ချက်မီးစာလေးကို ထွန်းညှိပေးလိုက် သကဲ့သို့ ရှိသည်။ ယဲ့ချန်သည် ယခုမှ ၁၇ နှစ်သာ ရှိသေးသော်လည်း ထျန်းချီအဆင့် ၁၀ အလယ်အလတ်ဆင့် ကျင့်ကြံသူကိုပင် အနိုင်ယူနိုင်သည့် အပြင် အဆင့် ၁၀ သားရဲများကိုလည်း ယဉ်ပါးထားနိုင်သေးသည်။ အနာဂတ်၌လည်း အံ့ဖွယ်ကိစ္စရပ်များ ဖန်တီးနိုင်လိမ့်မည်မှာ သေချာပေသည်။

အကယ်၍ တစ်နေ့၌ သူတို့မိသားစုအခွဲသည် ဗဟိုအင်ပါယာမှ မိသားစုအခွဲနှင့် ရင်ပေါင်တန်းနိုင်ခဲ့ပါက ကောင်းကင်ဘုံရှိ ဘိုးဘေးများသည် သေချာပေါက် ဂုဏ်ယူဝမ်းမြောက် ကြပေလိမ့်မည်။

“ချန်အာ ... အဖေ မင်းကိုယုံတယ်။ မင်း ဘာပဲလုပ်ချင်လုပ်ချင် အဖေအပါမဝင် ယဲ့မိသားစုဝင်တွေ အားလုံးက ထောက်ပံ့ပေးမယ်”

ယဲ့ကျန့်ထျန်းက ခိုင်မာစွာပြောသည်။ သူ့နှလုံးသား တစ်ခုလုံးသည် သားဖြစ်သူအတွက် ကျေနပ်ပီတိဖြာမှုတို့နှင့် ပြည့်နှက်နေခဲ့၏။

“ကောင်းပါပြီ အဖေ”

ယဲ့ချန်လည်း လေးနက်စွာဖြင့် ခေါင်းညိတ်ခဲ့သည်။ ရှီဝူအင်ပါယာ၊ မိသားစုအခွဲ၏ ဘိုးဘေးစဉ်ဆက် မက်ခဲ့သော အိပ်မက်အား တစ်နေ့၌ သူကိုယ်တိုင် အကောင်အထည် ဖော်ရပေမည်။

"ချန်အာ ... လော့အာက မင်းအတွက် ဒါလေး ချန်ထားပေခဲ့တယ်။ လော့အာပြောတာက မင်းကိုယ်တိုင် ဒါကိုဖွင့်ကြည့်ရမယ်တဲ့”

ယဲ့ကျန့်ထျန်းက ယဲ့လော့ ထားရစ်ခဲ့သော အထုပ်လေးအား ထုတ်ကာ ယဲ့ချန်ထံ ကမ်းပေးလိုက်သည်။

ကြာပန်းပွင့်လေးအား ချည်ထိုးထားသော လက်ကိုင်ပဝါဖြင့် ထုပ်ပိုးထားသော အထုပ်ကို ယဲ့ချန် လှမ်းယူလိုက်တော့ လော့အာထံမှ ရနေကျ သင်းပျံ့ပျံ့ ရနံ့လေးကို ရသည်။ ရုတ်တရက် ယဲ့ချန် နှလုံးသားက တမ်းတလွမ်းမော သွားသလိုပါပင်။ လော့အာနှင့် သူသည် ၁၀ နှစ်ကျော် အတူတကွရှိခဲ့ပြီး ယခု လော့အာက ထွက်ခွာသွားသောအခါ သူ့အဖို့ မခံစားရဘဲ အဘယ်မှာ နေပါမည်နည်း။ အပြင်ပန်းတွင် ဘာမှမဖြစ်သယောင် ဟန်လုပ်နေသော်ငြား တကယ်တမ်း ယဲ့ချန် နှလုံးသားထဲတွင် ခံစားနေရသည့် နာကျင်မှုအား ယဲ့ချန်တစ်ယောက်သာ သိပါသည်။

အထုပ်လေးအား ဖြေလိုက်သည်တွင် အထဲ၌ ရှိနေသည်က လော့အာ အမြဲလိုလို ဝတ်ထားလေ့ရှိသော ကျောက်စိမ်းဆွဲပြားလေး ဖြစ်သည်။ ဆွဲပြားလေးသည် ဇာမဏီငှက်သဏ္ဌာန် ထွင်းထုထားပြီး ရွှန်းလဲ့တောက်ပကာ အသက်ဝင်နေသည်။ အထုပ်ထဲ၌ ဆွဲပြားလေးအပြင် စာတစ်စောင်လည်း ရှိနေသည်။ ယဲ့ချန် စာအား ဖွင့်ဖောက်လိုက်တော့ လော့အာ၏ လက်ရေးလှလှလေးများက သူ့အား စီးကြိုနေသည်။

အစ်ကိုချန် ... လော့အာ ဗဟိုအင်ပါယာကို ပြန်သွားရပြီ။ ရှီဝူအင်ပါယာကနေဆို အရမ်းကိုဝေးတဲ့ နေရာကိုပေါ့။ ကျောက်စိမ်းဆွဲပြားလေးက လော့အာအစား အစ်ကိုချန့်ကို အဖော်ပြုပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ လော့အာကတော့ အစ်ကိုချန့်ကို မမေ့မလျော့ အမြဲသတိရနေပါ့မယ်။ လော့အာ အရမ်းကိုငယ်သေးတဲ့ ကလေးဘဝတုန်းကလေ ... စိတ်ကူးယဉ်ဖူးတဲ့ အိပ်မက်လေးတစ်ခု ရှိခဲ့တယ်။ အစ်ကိုချန့်အတွက် အလှပဆုံး သတို့သမီးလေး ဖြစ်ချင်ခဲ့တဲ့ အိပ်မက်လေးပေါ့။ အခုတော့ ဘယ်တော့မှ ဖြစ်မလာနိုင်တော့ဘူး ဆိုပေမဲ့လည်း တစ်ချိန်က အိပ်မက်လေးကတော့ သိပ်ကိုလှခဲ့တာ။ လော့အာက ဒီဘဝမှာ အစ်ကိုချန် တစ်ယောက်ကိုပဲ ချစ်ပါတယ်။ တစ်သက်လုံးစာ ... ဖူးစာကြိုးနီလေးနဲ့ ချည်နှောင်ထားတာမို့ ကံကြမ္မာက ခွဲခွာထားရင်တောင် ဘယ်တော့မှ မကွဲမကွာ ...

လော့အာ၏ နောက်ပိုင်း လက်ရေးများသည် အဆက်အစပ်မရှိ ဖြစ်လာပြီး သူမတွင် ပြောစရာအများကြီး ရှိနေသေးသော်ငြား ဘာကို အရင်ပြောရမှန်း မသိတော့ပုံဖြင့် ... ။

စာရွက်၏ အဆုံးနားလေးတွင်တော့ ခြောက်သွေ့နေပြီဖြစ်သော လော့အာ၏ မျက်ရည်စလေးများ ရှိနေသည်။

“အ လိုက်တဲ့ကောင်မလေး”

ယဲ့ချန်၏ နှလုံးသားသည်လည်း တင်းကျပ်လာရ၍ သူ ခပ်တိုးတိုး ရေရွတ်မိပါ၏။

“တစ်သက်လုံးစာ ... ဖူးစာကြိုးနီလေးနဲ့ ချည်နှောင်ထားတာမို့ ကံကြမ္မာက ခွဲခွာထားရင်တောင် ဘယ်တော့မှ မကွဲမကွာ ... တဲ့လား”

တုန်းလင်ပြည်နယ်တွင် စုံတွဲတစ်တွဲ ထိမ်းမြားလက်ထပ်သည့်အခါ သတို့သားက သတို့သမီး၏ လက်အား ပိုးကြိုးနီလေးဖြင့် ချည်နှောင်ပေးရသော ဓလေ့ရှိသည်။ ပိုးကြိုးနီလေးအား ဖူးစာကြိုးနီအဖြစ် သတ်မှတ်သောကြောင့် ထိုဇနီးမောင်နှံကြားမှ ချစ်ခြင်းမေတ္တာသည် ဘယ်သောအခါမှ မပျက်ပြယ်ဟု အဓိပ္ပာယ် ရလေသည်။

“ချန်အာ ... လော့အာက ဘာပြောခဲ့တာလဲ”

ယဲ့ကျန့်ထျန်းသည် သားဖြစ်သူ၏ စိတ်လှုပ်ရှား ထိခိုက်လွယ်နေပုံကို ကြည့်ကာ မေးလာ၏။

ယဲ့ချန် စိတ်အခြေအနေအား ထိန်းချုပ်လိုက်ပြီးမှ တောက်တောက်ပပ ပြုံးကာ ပြောလိုက်သည်။

“လော့အာ ပြောတာက ကျွန်တော် ဗဟိုအင်ပါယာကို လာလည်လို့ရတယ်တဲ့။ ပြီးတော့ လော့အာက ကျွန်တော့်ကို လက်ထပ်ပြီး ယဲ့မိသားစုရဲ့ ချွေးမ ဖြစ်လာချင်တယ်တဲ့”

စာရွက်လေးအား လက်ထဲ၌ တင်းကျပ်စွာ ဆုပ်ကိုင်ရင်း ယဲ့ချန် နှလုံးသားထဲမှ လှိုက်လှိုက်လှဲလှဲ ရေရွတ်မိ၏။

‘အရူးမလေး ... နှုတ်ဆက်စကားတောင် ကိုယ်တိုင်မပြောဘဲ ထွက်သွားတယ်။ ဗဟိုအင်ပါယာမှာ ကောင်းကောင်း စောင့်နေပါ။ အနှေးနဲ့အမြန် ကိုယ် အဲဒီကိုလာပြီး မင်းကိုပြန်ခေါ်မယ်’

***

All Chapters