ဝိညာဉ်လက်နက်
Vol. 10 Ch. 127
“တကယ်လား”
ယဲ့ကျန့်ထျန်းသည် ယဲ့ချန်အား သံသယဖြင့် ကြည့်သည်။ လော့အာက တကယ်ပဲ အဲဒီလိုကြီး ပြောခဲ့တာက သိပ်တော့ မဖြစ်နိုင်သလိုလို ရှိသည်။
“ဘိုးဘိုးကြီး မင်းကို ယုံတယ် ချန်အာ။ တစ်နေ့မှာ လော့အာကို ရအောင်လက်ထပ်။ မင်းတို့ရဲ့ မင်္ဂလာသေရည်ကို သောက်ရဖို့ စောင့်နေမယ်”
ယဲ့ချိန်ရွှမ်းက လေးလေးနက်နက် ပြောသည်။ ယဲ့ချန် ထိုသို့ လုပ်နိုင်လိမ့်မည်ကို သူ့မသိစိတ်က ယုံကြည်နေပါ၏။
“ဟုတ်ကဲ့”
ယဲ့ချန်ကလည်း ခေါင်းညိတ်သည်။ သူ့အတွေးများက ဟိုးအဝေးရှိ ဗဟိုအင်ပါယာသို့ လွင့်မျောသွားသည်။ ထို့နောက် လက်ထဲရှိ စာရွက်လေးအား နင့်နင့်နဲနဲ စိုက်ကြည့်ကာ ကျောက်စိမ်း ဆွဲပြားလေးကို လည်ပင်းထက်တွင် ဆွဲလိုက်၏။ တစ်နေ့တွင် ဤဆွဲပြားလေးအား လော့အာ၏ လည်တိုင်လေးသို့ သူကိုယ်တိုင် ပြန်ဆွဲပေးရပေမည်။
ယဲ့မိသားစုဝင်များသည် မိသားစု ပြန်လည်ထူထောင်ရေး အတွက် အားကြိုးမာန်တက် ကြိုးစားနေကြသည်။ ယဲ့မိသားစု၊ ရတနာတိုက်ထဲရှိ ပစ္စည်းများကို လျိုရွှင်း သိမ်းယူသွားသောကြောင့် မိသားစုအတွင်း ဆေးဝါးပြတ်လပ်မှု ဖြစ်နေရသည်။
“ချန်အာ ... ကျွင်းဝမ်နန်းတော်ကို သွားတုန်းက ယဲ့မိသားစုပိုင် ပစ္စည်းတွေကို ပြန်ယူလာခဲ့သေးလား”
ယဲ့ချိန်ရွှမ်းသည် ချောင်းအနည်းငယ် ဆိုးနေရင်းဖြင့် မေးသည်။
“ဘိုးဘိုးကြီး ... စကားအများကြီး မပြောဘဲနဲ့ နားနားနေနေနေပါ။ ကျွန်တော် အားလုံး ပြန်ယူခဲ့ပါတယ်။ ဒီတစ်ခေါက် ခရီးကနေ ကျွန်တော်ရလာတဲ့ ပစ္စည်းတွေလည်း ရှိသေးတယ်”
ယဲ့ချန်သည် ဆေးဝါးများ၊ ချီစုဆောင်းဆေးလုံးများ၊ ချီအဆီအနှစ် ဆေးလုံးများနှင့် ပြည့်နေသည့် ကောင်းကင် ပထဝီအိတ်အား ထုတ်ကာ မိသားစုဝင်များထံ ခွဲဝေပေးလိုက်သည်။
ယဲ့ချန် ထုတ်လာသော ကောင်းကင် ပထဝီအိတ်ထဲတွင် ချီစုဆောင်း ဆေးလုံးထောင်ချီ၊ ချီအဆီအနှစ်ဆေးလုံး ရာချီ၍ ပါဝင်သည်။ ယဲ့ကျန့်ထျန်း၊ ယဲ့ချိန်ရွှမ်းနှင့် ကျန်လူများ ထိတ်လန့်သွားကြသည်။ ၎င်းတို့သည် ဒုက္ခသုက္ခများကို ကြုံတွေ့ရပြီးနောက် ယဲ့မိသားစုကား နောက်တစ်ကြိမ် မွဲပြာကျသွားလေပြီ ဟူ၍ တွေးထင်ထားကြတာ ဖြစ်သည်။
“ကျွန်တော် အပြင်ဘက်ခရီးကနေ တချို့ပစ္စည်းလေးတွေ ရလာတဲ့အပြင် ကျွင်းဝမ်နန်းတော်၊ ရတနာတိုက်ထဲက ပစ္စည်းတွေကိုလည်း ယူလာခဲ့တယ်။ ယဲ့မိသားစုရဲ့ ကုန်ကျစရိတ်အတွက် မပူပါနဲ့။ အဓိကပြဿနာက ဒုတိယမင်းသားနဲ့ သူ့အဖေက ရှီဝူအင်ပါယာ၊ တော်ဝင်နန်းတွင်းက အထက်ဆင့်အမှုထမ်းတွေ ဖြစ်နေတာပဲ။ ကျွန်တော်က သူတို့ကို သတ်လိုက်တော့ ဧကရာဇ်မင်ဝူက ယဲ့မိသားစုကို အလွတ်ပေးမှာမဟုတ်ဘူး။ လျန်ယွင်တောင်တန်းထဲက လျှို့ဝှက်နေရာ တစ်ခုကို ကျွန်တော်သိထားတယ်။ အဲဒီကို သုံးရက်အတွင်း ပြောင်းကြမှရမယ်”
ယဲ့ချန်သည် ကျွင်းဝမ်နန်းတော်မှ ရလာခဲ့သော ကောင်းကင် ပထဝီအိတ်များကို နံဘေးရှိ စားပွဲပေါ်တင်ရင်း ပြောလိုက်၏။
ယဲ့ချန်၏ စကားတို့ကိုကြားသော် ယဲ့ကျန့်ထျန်းနှင့် ယဲ့ချိန်ရွှမ်းတို့ ထိတ်လန့်တုန်လှုပ် သွားကြသည်။ သူတို့သည်လည်း ဧကရာဇ်မင်ဝူ ပါဝင်ပတ်သက် လာမည်ကို စိုးရိမ်မိကြသည်။ ယဲ့မိသားစုတွင် လူထောင်ကျော် ရှိနေလေရာ ရှီဝူအင်ပါယာထဲမှ ဘေးကင်းလုံခြုံစွာနှင့် ထွက်သွားဖို့ရာ မလွယ်ပါချေ။ ရှီဝူအင်ပါယာမှ ထွက်မသွားပြန်လျှင်လည်း ယဲ့မိသားစု ပျက်စီးရဖို့ သေချာသလောက် ရှိနေသည်။
“ချန်အာပြောတဲ့ လျှို့ဝှက်နေရာက ယဲ့မိသားစုဝင်တွေ အားလုံး နေထိုင်ကြဖို့ အဆင်ပြေပါ့မလား”
ယဲ့ကျန့်ထျန်းက မေးသည်။ လျန်ယွင်တောင်တန်းသည် မိုင်ပေါင်းများစွာ ကျယ်ဝန်းပြီး နေရာတိုင်းတွင် အန္တရာယ်များ ပုန်းခိုနေသောကြောင့် အရေအတွက် ထောင်ချီသော လူအုပ်အတွက် ပုန်းခိုရန် နေရာကောင်းမှာ ရှားပါးလှသည်။
"အဲဒါက တောင်ကြားထဲမှာရှိတဲ့ ချိုင့်ဝှမ်းတစ်ခုပါ။ အပြင်လူတွေအတွက် ရှာတွေနိုင်ဖို့ မလွယ်ဘူး။ တကယ်လို့ ရှာတွေ့ခဲ့ရင်တောင် တောင်ကြားလမ်းက အရမ်းကျဉ်းတဲ့အတွက် လူတစ်ယောက်ထဲနဲ့ ရန်သူထောင်ချီကို ဟန့်တားထားလို့ ရတယ်။ အတွင်းဘက်မှာတော့ ချိုင့်ဝှမ်းက တော်တော်လေးကျယ်တယ်”
"အဲလိုမှော်ဆန်တဲ့ နေရာမျိုးလည်း ရှိနေသေးတာလား”
ယဲ့ချိန်ရွှမ်းက စိတ်လှုပ်ရှားစွာ ဆိုသည်။
"လိုအပ်တဲ့ရိက္ခာတွေ၊ လက်နက်တွေနဲ့ တခြားပစ္စည်းတွေကို မြန်မြန်လေး ပြင်ဆင်ထုပ်ပိုးပြီး သုံးရက်အတွင်း ထွက်ခွာရမယ်”
ယဲ့ချန်က ပြောသည်။ မိသားစုတစ်စုလုံး အခြေချပြောင်းရွှေ့မည့် အရေးကိစ္စဖြစ်ရာ ပေါ့ပေါ့ဆဆ ဆောင်ရွက်၍ မရပေ။ အပြင်လူများကို မသိရစေဘဲ တိတ်တဆိတ် ရွှေ့ပြောင်းရပေမည်။ ယဲ့ကျန့်ထျန်းနှင့် ယဲ့ချိန်ရွှမ်းတို့ ပခုံးပေါ်တွင် တာဝန်များ စုပြုံလာသလို ခံစားလိုက်ကြရသည်။
"ဒီကောင်းကင် ပထဝီအိတ် သုံးအိတ်မှာ ကျွင်းဝမ်နန်းတော်က တံဆိပ်တွေ ပါတယ်။ ဒါတွေက လျိုရွှင်းရဲ့ ပစ္စည်းတွေပေါ့”
ယဲ့ကျန့်ထျန်းသည် ပြောပြောဆိုဆိုနှင့် ကောင်းကင်ပထဝီအိတ် တစ်အိတ်အား ဖွင့်လိုက်လျှင် အထဲ၌ စာအုပ်များ၊ ငွေရောင်၊ အိမ်ခြံမြေပိုင်ဆိုင်မှု အထောက်အထား စာရွက်များ စသဖြင့် ပစ္စည်းအစုံကို တွေ့ရသည်။ ဒုတိယမင်းသားသည် ကျင့်စဉ် တစ်မျိုးတည်းကို လေ့ကျင့်သော်လည်း ကျင့်စဉ် စာအုပ်များစွာကို စုဆောင်းခဲ့ဟန် ရလေသည်။
"ကျွင်းဝမ်နန်းတော်က ပြည်သူတွေဆီကနေ အမြတ်ထုတ်ပြီး ကြွယ်ဝနေခဲ့တာ ကြာပြီ။ ဒီအိမ်ခြံမြေတွေရဲ့ တန်ဖိုးနဲ့တင် ကြောက်စရာပဲ”
ယဲ့ချိန်ရွှမ်းက သက်ပြင်းအသာချ၏။
ယဲ့မိသားစုသည် တုန်းလင်ပြည်နယ်၌ ဆိုင်ခွဲ ၄၊ ၅ ဆိုက်မျှသာ ပိုင်ဆိုင်သည်။ တစ်ချိန်တည်းတွင် ကျွင်းဝမ်နန်းတော်၏ ပိုင်ဆိုင်မှုသည်ကား အိမ်ခြံမြေပေါင်း ၇၀ ကျော် ရှိနေသည်။ ဤပိုင်ဆိုင်မှုများသည် အနာဂတ်၌ အသုံးဝင်ကောင်း ဝင်လာနိုင်ပေသည်။
"ဦးလေး ... ဒါတွေကိုကြည့်ပါဦး”
ယဲ့ကျန့်ထျန်းသည် စိတ်လှုပ်ရှားမှုဖြင့် တုန်ရီနေရရင်း လက်ထဲရှိ စာရွက်များအား ယဲ့ချိန်ရွှမ်းထံ လှမ်းပေးလာသည်။
“စာရွက်လေးတွေပဲကို။ ဟမ် ... ဒါက ... ဒါက ... အရိုင်းအစိုင်း နန်မန်တိုင်းပြည်ရဲ့ တရားဝင် အမှတ်တံဆိပ်ပဲ”
ယဲ့ချိန်ရွှမ်းသည် စာရွက်ထိပ်ရှိ ထူးဆန်းသော စာလုံးများကို မှတ်မိသွားကာ ထအော်လိုက်မိသည်။
“ထို့ပါး ...”
ထို့ပါး သည် နန်မန်နိုင်ငံ၊ တော်ဝင်မိသားစု၏ မျိုးရိုးနာမည် ဖြစ်သည်။
“လျိုရွှင်းက အဲဒီအရိုင်းအစိုင်းတိုင်းပြည်နဲ့ အဆက်အသွယ် ရှိနေတာပဲ”
စာထဲ၌ ရေးထားသည်ကား တုန်းလင်ပြည်နယ်ရှိ အင်အားစုများကို စုစည်းသိမ်းသွင်းပြီး နန်မန်စစ်တပ် ရှီဝူအင်ပါယာထဲသို့ ဝင်လာနိုင်ဖို့ လမ်းဖွင့်ပေးရန် ဖြစ်သည်။
“လျိုရွှင်းက ယွင်မိသားစုရဲ့ နောက်ကွယ်ကနေ လျန်ယွင်အိမ်တော် ဆယ့်ရှစ်ဆောင်ကို ထိန်းချုပ်ဖို့လုပ်နေတာ မထူးဆန်းတော့ပါဘူး”
ယဲ့ချန်လည်း ထိုစာများကို ဖတ်ကြည့်ပြီး နားလည်သွားခဲ့သည်။
“ဒီစာတွေကို ငါတို့ ဘာလုပ်ကြမလဲ။ ဒါတွေကို တော်ဝင်နန်းတွင်းဆီ အပ်လိုက်ရင် ယဲ့မိသားစုရဲ့ နာမည်ကို ရှင်းလင်းပြီးသား ဖြစ်သွားမှာ မဟုတ်ဘူးလား”
ယဲ့ကျန့်ထျန်းက စိတ်လှုပ်ရှားစွာ ပြောပြီးနောက် အတန်ကြာတော့ ငြိမ်သက်သွားသည်။ သူတို့လက်ထဲတွင် သက်သေအဖြစ် စာများ ရှိနေလျှင်တောင် တော်ဝင်နန်းတွင်းသို့ အရောက်ပို့ပြီး ဧကရာဇ်အား နားဝင်အောင် ပြောပြဖို့ လိုနေသေးသည်။
ယဲ့ချိန်ရွှမ်းနှင့် ယဲ့ကျန့်ထျန်းတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ငြိမ်သက်နေကြသည်။
"ဒီကိစ္စကို ကျွန်တော် ကိုင်တွယ်လိုက်ပါ့မယ်”
ယဲ့ချန်က ခဏမျှ တွေးကြည့်ပြီးနောက် ပြောလိုက်သည်။
“ဘယ်လိုလုပ်မယ်လို့ တွေးလဲ”
“ကျွန်တော် ဒီစာတွေကို ရင်းပေ့ပြည်နယ်က မင်းသားရင်းဆီ ပို့ပေးလိုက်မယ်။ သူကတစ်ဆင့် ဧကရာဇ်မင်ဝူကို ပေးလို့ရတယ်”
"မင်းသားရင်း ... ရင်းမုန့်ထျန်းလား။ ချန်အာက မင်းသားရင်းကို ဘယ်လိုသိတာလဲ”
“ရင်းမုန့်ထျန်း အခက်အခဲ ကြုံနေရတုန်းက ကျွန်တော် သူ့အသက်ကို တစ်ကြိမ်ကယ်ဖူးတယ်”
“ဒါ့ကြောင့် သံနက်တပ်ဖွဲ့တွေ ယဲ့မိသားစုရဲတိုက်ကို ဝိုင်းထားတုန်းက မင်းသားရင်းက သူ့စစ်တပ်နဲ့အတူ ရောက်လာတာကိုး။ မင်းသားရင်းနဲ့ ယဲ့မိသားစုက မရင်းနှီးတော့ ဒီကိစ္စကို ထူးဆန်းတယ်လို့ တွေးနေမိတာ။ အခုတော့ အဓိပ္ပာယ်ရှိသွားပြီ”
ယဲ့ချိန်ရွှမ်းသည် နောက်ဆုံးတော့ နားလည်သွားဟန်ဖြင့် ပြော၏။
ယဲ့ချန်က ထိုသို့အဖြစ်အပျက်များ ရှိခဲ့ကြောင်း ထင်မထားပေ။ ရင်းမုန့်ထျန်းကား သူတပါးအပေါ် တင်နေသည့် ကျေးဇူးကြွေးကို သိနားလည်တတ်သူ ဖြစ်သည်။ ထိုသို့ဆိုပါက လျိုရွှင်း၏ လျှို့ဝှက်စာကိစ္စမှာ ပို၍ လွယ်ကူချောမွေ့ သွားပေတော့မည်။
ယဲ့ချန်သည် ဒဏ်ရာမရထားသော မိသားစုဝင် အနည်းငယ်အား လျှို့ဝှက်စာများကို မင်းသားရင်းထံသို့ သွားပို့စေလိုက်သည်။ ၎င်းတို့နှင့်အတူ နှင်းကျားသစ်ကိုပါ ထည့်ပေးလိုက်သောကြောင့် လမ်းခရီး၌ မတော်တဆဖြစ်ရပ်တို့ မရှိနိုင်တော့ပေ။
“ကျွန်တော့်မှာ လက်နက်တွေနဲ့ ချပ်ဝတ်တွေ ရှိနေသေးတယ်။ ဘိုးဘိုးကြီးနဲ့ အဖေတို့ပဲ မိသားစုဝင်တွေကို မျှဝေပေးလိုက်ပါ။ တကယ်လို့ ယဲ့မိသားစုအနေနဲ့ နောက်ထပ် တိုက်ပွဲတစ်စုံတစ်ရာ ကြုံလာရတဲ့အခါ အဲဒီလက်နက်တွေနဲ့ ချပ်ဝတ်တွေက ကောင်းကောင်း အသုံးဝင်လာမှာပါ”
ကျွင်းဝမ်နန်းတော်မှ ရလာခဲ့သည့် လက်နက်များနှင့် ချပ်ဝတ်များကို ယဲ့ချန် ထုတ်ပေးလိုက်သည်။
“ဒါတွေက ပထမတန်းစား သံနက်ချပ်ဝတ်တွေပဲ။ ထျန်းချီအဆင့် ၆ ဒါမှမဟုတ် ထျန်းချီအဆင့် ၇ ကျင့်ကြံသူ တစ်ယောက်ယောက်က ဒါတွေကို ဝတ်လိုက်ရင် ထျန်းချီအဆင့် ၈ ကျင့်ကြံသူတောင် သူတို့ကို ထိခိုက်စေနိုင်တော့မှာ မဟုတ်ဘူး”
ယဲ့ကျန့်ထျန်းသည် တောက်ပြောင်နေသော သံနက်ချပ်ဝတ်များကို ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်သည်။
သံနက်ချပ်ဝတ်များ အပြင် အရောင်အသွေး စုံလင်သည့် ချပ်ဝတ်အပိုင်းအစများနှင့် လက်နက်များလည်း ရှိနေသေးသည်။ ၎င်းတို့၏ ပုံသဏ္ဌာန်များက ထူးဆန်းသော်လည်း ရိုးရှင်းစွာနှင့် ခိုင်ခံ့ကာ အစွမ်းထက်ကြသည်။ ထိုအရာများမှာ ယဲ့ချန် ကျောက်စိမ်းမျှော်စင်ထဲမှ ရရှိခဲ့သော ပစ္စည်းများ ဖြစ်သည်။
“ဒီချပ်ဝတ်တွေနဲ့ လက်နက်တွေကို ဘာသတ္တုတွေနဲ့ လုပ်ထားတာပါ့လိမ့် ... ကြည့်ရတာ အရမ်းဟောင်းနေပုံပေါ် ... ဟမ်”
ယဲ့ကျန့်ထျန်းသည် ထိုလက်နက်နှင့် ချပ်ဝတ်များ အပုံထဲမှ ဓားတစ်ချောင်းကို ကောက်ကူလိုက်ရင်းဖြင့် ဓားပေါ်တွင် ထွင်းထားသည့် စာလုံးတချို့ကို မြင်လိုက်ရသည်။
“ဒီဓားနာမည်က ကျွီကျွယ်လား”
သူသည် ဓားအားမြှောက်ကာ ဘာရယ်မဟုတ် တစ်ချက် ခုတ်ပိုင်းလိုက်၏။ ဓားသွားသည် သိပ်ထက်ပုံမပေါ်ပါဘဲ ဓားရိုးသည်ပင် ဆွေးမြည့်လုနီးနီး ထင်ရသည်။ သို့သော် ဓားထံမှ အလင်းဖျော့ဖျော့လေး ဖြာထွက်လာချိန်တွင် ဓားကား သူ့လက်ထဲ၌ အလွန်လေးလာသည်။ မရည်ရွယ်ပါဘဲ ဓားသွားသည် အနီးနားရှိ သံနက်ချပ်ဝတ်အား သွားထိကာ သံနက်ချပ်ဝတ်မှာ တိတိရိရိဖြင့် နှစ်ပိုင်း ပြတ်သွားရလေသည်။ အလွန် ခိုင်ခံ့လှပါသော သံနက်ချပ်ဝတ်သည် သုံးစားမရသည့် အမှိုက်တစ်စကဲ့သို့။
“ဒါက ...”
ယဲ့ချိန်ရွှမ်းသည်ပင် ယဲ့ကျန့်ထျန်းလက်ထဲရှိ ကျွီကျွယ်ဓားကို သတိပြုမိ သွားရသည်။
“ဘယ်လောက်တောင် ထက်လိုက်တဲ့ဓားလဲ”
***