← Chapters

ရွှေ့ပြောင်းခြင်း

Vol. 10 Ch. 128

ရွှေ့ပြောင်းခြင်း

Vol. 10 Ch. 128

အလင်းတစ်ချက် ဖြာသွားသည်နှင့်အတူ သံနက်ချပ်ဝတ်သည် အလယ်မှ ထက်ပိုင်းပြတ်သွားခဲ့၏။ သံနက်ချပ်ဝတ်၏ ပြတ်တောက်သွားမှုသည် အလွန် တိတိရိရိ ရှိလှ၍ တို့ဟူးတုံးကို ဖြတ်လိုက်သကဲ့သို့ပင် ရှိသည်။

“ဒါက ဝိညာဉ်လက်နက်လား ...”

နောက်ဆုံးတွင်တော့ ယဲ့ကျန့်ထျန်းသည် အံ့အားသင့်စွာဖြင့် တုံ့ပြန်လာသည်။ သူသည် မျက်လုံးများမှိတ်၍ ဓားအတွင်းရှိ စွမ်းအားများကို အာရုံခံကြည့်ပြီး ခံစားချက်ပြင်းပြစွာ ပြောလေသည်။

“ဒါ ... ဒါ အဆင့် ၁ ဝိညာဉ်လက်နက်ပဲ။ အရင်တုန်းက အရမ်းအစွမ်းထက်တဲ့ ဝိညာဉ်လက်နက် တစ်ခုကို လေလံအိမ်မှာ တွေ့ခဲ့ဖူးတယ်။ ဒါပေမဲ့ ဝယ်ဖို့ မတတ်နိုင်ခဲ့ဘူး”

ချက်ချင်းဆိုသလို ယဲ့ကျန့်ထျန်းသည် ကျန်ရှိနေသေးသော လက်နက်နှင့် ချပ်ဝတ်များ အခု ၅၀ ခန့်အား တစ်ခုချင်းစီ သေချာ လိုက်ကြည့်တော့၏။

“အဆင့် ၁ ဝိညာဉ်လက်နက်”

“ဒါလည်း အဆင့် ၁ ဝိညာဉ်လက်နက်ပဲ”

“ဒီတစ်ခုရောပဲ”

ယဲ့ချိန်ရွှမ်းနှင့် ယဲ့ကျန့်ထျန်းတို့သည် အသက်ရှူရ ကျပ်လာသလိုပင် ခံစားလိုက်ရသည်။ သူတို့နှလုံးသားများက နိမ့်ချည်မြင့်ချည်ဖြင့် လှုပ်ရှားနေကြ၏။

မိသားစုဝင်များလည်း အနီးနား၌ စုရုံးလာကြကာ တစ်ယောက်တစ်ပေါက် အာမေဍိတ်သံများ ထွက်လာကြသည်။ သူတို့အားလုံးသည် ဘဝတစ်လျှောက်လုံး၌ ထိုမျှများပြားသော ဝိညာဉ်လက်နက်များ၊ ချပ်ဝတ်များကို မမြင်ဖူးခဲ့ပေ။

ဝိညာဉ် လက်နက်များသည် တုန်းလင်ပြည်နယ်ကဲ့သို့ သေးသိမ်နုံချာသော နေရာမျိုးတွင် ပေါ်ထွက်လာခဲလှသည်။ ယဲ့ကျန့်ထျန်းသည်ပင် တစ်ကြိမ်သာ မြင်ဖူးပြီး ဝိညာဉ်လက်နက်များ၏ ဝိသေသတို့ကို စာအုပ်များထဲမှသာ လေ့လာခဲ့ရသည်။ တစ်ချိန်က ယဲ့မိသားစု ထွန်းတောက်ခဲ့ချိန် ကပင် အဆင့် ၁ ဝိညာဉ်လက်နက် ၅ ခု၊ ၆ ခုမျှသာ ပိုင်ဆိုင်နိုင်ခဲ့သည်။ ထိုဝိညာဉ် လက်နက်များသည် နောက်ပိုင်း၌ ပျောက်ဆုံးသွားခဲ့ သဖြင့် မိသားစု၏ နောက်ပိုင်း မျိုးဆက်များသို့ပင် လက်ဆင့်ကမ်း မပေးနိုင်ခဲ့ပေ။ လေလံအိမ်များ၌ အဆင့် ၁ ဝိညာဉ်လက်နက် တစ်ခုအား ချီစုဆောင်းဆေးလုံး သောင်းချီတန်ပြီး အဆင့်ပိုမြင့်သော ဝိညာဉ်လက်နက်များဆိုလျှင် ချီစုဆောင်းဆေးလုံး သိန်းချီ၍ တန်သည်။ ထျန်းရှင်းတောင်ဂိုဏ်းမှ ကမ္ဘာမြေရန်အဆင့် အကြီးအကဲများ၌ပင် အဆင့် ၁ ဝိညာဉ်လက်နက် ၂ ခု၊ ၃ ခုခန့်သာ ပိုင်ဆိုင်သည်ကိုကြည့်လျှင် ဝိညာဉ်လက်နက်များ၏ ရှားပါးမှုမှာ မြင်သာပေသည်။ ယခုတော့ ယဲ့ချန်သည် ရှားပါးလှပါသည့် ထိုသို့ ဝိညာဉ်လက်နက်နှင့် ချပ်ဝတ် အခု ၅၀ ခန့်ကို ထုတ်ယူလာခဲ့သည်။

ထျန်းချီအဆင့် ၉ ကျင့်ကြံသူတစ်ယောက်သည် အဆင့် ၁ ဝိညာဉ်လက်နက်နှင့် အဆင့် ၁ ဝိညာဉ်ချပ်ဝတ်ကို ဝတ်ဆင်လိုက်ပါက ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူကိုပင် ယှဉ်ပြိုင်နိုင်ပေလိမ့်မည်။ ဝိညာဉ် လက်နက်များသည် အနာဂတ်၌ ယဲ့မိသားစုအား များစွာ အကျိုးပြုနိုင်ပေမည်။

သို့သော် ၎င်းတို့မှာ ယဲ့ချန်အတွက်တော့ အသုံးမဝင်လှ။ သူ့အတွက် အမှန်တကယ် အသုံးဝင်မည့် အနက်ရောင် ပုတီးစေ့နှင့် ငရဲအက်ကွဲဓားကိုမူ သိမ်းဆည်းထားလိုက်သည်။

လက်မောင်းကာထဲ၌ မြောက်မြားစွာသော ငွေချောင်း၊ ရွှေချောင်းများလည်း ရှိနေသေးသည်။ ယဲ့ချန် တချို့တဝက်အား ထုတ်ကာ မိသားစုဝင်များထံ လိုအပ်သည်တို့ ဝယ်ရန် ပေးလိုက်၏။

လျိုရွှင်းနှင့် နန်မန်နိုင်ငံအကြားရှိ ဆက်သွယ်မှုအား ရှာတွေ့ထားသော်လည်း ယဲ့ချန် လုံးလုံး စိတ်မချသေးပေ။ သုံးရက်အတွင်း အပြီးသတ် ရွှေ့ပြောင်းထားမှ တော်ရာကျမည်ဟု ယူဆထားသည်။

လျိုရွှင်းနှင့် နန်မန်နိုင်ငံအကြားရှိ ဆက်သွယ်မှုကို သိလိုက်ရခြင်းက ယဲ့ချန်အား စိုးရိမ်စိတ် ပိုတိုးစေသည်။ ယဲ့မိသားစုသည် လျိုရွှင်းအား သတ်ကာ ၎င်းတို့၏ အစီအစဉ်များကို ပျက်စီးစေကြောင်း သိရပါက နန်မန်နိုင်ငံဘက်မှ ငြိမ်နေမည် မဟုတ်လောက်ပေ။ နန်မန်နိုင်ငံ၏ အုပ်ချုပ်သူသည် တန်ခိုးရှင်ရန်အဆင့် ဖြစ်ပြီး ထိုလူ့လက်အောက်၌ ကောင်းကင်ရန်အဆင့် ကျင့်ကြံသူများလည်း ရှိနေသေးကြောင်း သိရသည်။ ရှီဝူအင်ပါယာထက်ပင် အင်အားကြီးသော နန်မန်နိုင်ငံနှင့် ယှဉ်ရသော် ယဲ့မိသားစုသည် မပြောပလောက်သည့် အသေးအမွှား အင်အားစုလေးသာ ဖြစ်သည်။ ချေမှုန်းပစ်ရန် လွယ်ကူလွန်းနေသည်။

ယဲ့ချန် ပို၍ လျင်မြန်စွာ အင်အားကြီးလိုစိတ်တို့ ဖြစ်ပေါ်လာရသည်။ သူတစ်ယောက်တည်း အင်အားကြီးနေလို့လည်း မရသေး၊ ယဲ့မိသားစု၏ အင်အားကိုပါ မြှင့်တင်ဖို့ လိုသည်။ သို့မှသာ သူ့ထက်ငါခေါင် ပြိုင်ဆိုင်နေကြသည့် နိုင်ငံများ၊ ဂိုဏ်းများအကြား ယဲ့မိသားစုသည် လုံခြုံဘေးကင်းစွာဖြင့် ဆက်လက် ရပ်တည်နိုင်မှာ ဖြစ်သည်။

သုံးရက်ကြာပြီးနောက် အမွေးပွလေးသည် မှော်သားရဲ သုံးကောင်နှင့်အတူ ယဲ့မိသားစုရဲတိုက်သို့ ပြန်ရောက်လာသည်။ ရိက္ခာများအား တုန်းလင်မြို့သူ၊ မြို့သားများထံ အပြီးအစီး ဝေမျှပေးခဲ့ပြီး ဖြစ်သည်။ ယဲ့မိသားစုသည်လည်း လုံလောက်သော အထောက်အပံ့ ရိက္ခာများ၊ အခြားပစ္စည်းများကို ဝယ်ယူစုဆောင်းထားပြီး ဖြစ်၍ လျန်ယွင်တောင်တန်း အတွင်းဘက်ရှိ တောင်ကြားချိုင့်ဝှမ်းသို့ ရွှေ့ပြောင်းရန် အသင့်ဖြစ်နေလေပြီ။

နောက်ပိုင်းတွင် ဖြတ်သွားဖြတ်လာ တစ်ယောက်သည် ယဲ့မိသားစု ရဲတိုက်အနီးမှ ဖြတ်သွားရင်း ကြီးမားလှသော သိုင်းပညာ မိသားစုကြီးသည် လေထုထဲသို့ အငွေ့ပြန် သွားသည့်နှယ် ပျောက်ကွယ်သွားကြောင်း သိလိုက်ရ၏။ မကြာမီတွင်ပဲ ကောလာဟလများ စတင် ပျံ့နှံ့လာတော့သည်။ တချို့က ယဲ့မိသားစုသည်ကား ရှီဝူအင်ပါယာမှ ထွက်ခွာသွားခဲ့ပြီဟု ဆိုသည်။ တချို့ကလည်း ယဲ့မိသားစုသည် လူမသိသူမသိ သုတ်သင်ခံလိုက်ရပြီဟု ဆိုသည်။ တချို့ကမူ ယဲ့မိသားစုသည် လျန်ယွင်တောင်တန်း အတွင်းဘက်၌ သားရဲများအား အမဲလိုက်ရင်း ပုန်းအောင်းနေသည်ဟု ဆိုကြပြန်သည်။ အဆုံးတွင်တော့ အဖြေအား မည်သူမျှ အတိအကျ မသိကြဘဲ ယဲ့မိသားစု ရုတ်တရက် ပျောက်ကွယ်သွားမှုသည် ပဟေဠိဆန်သော ဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့သည်။

ယဲ့မိသားစုသည်ကား ကျယ်ပြောသော တောင်တန်းများ၊ ဝေးလံသော တောအုပ်များနှင့် ကျဉ်းမြောင်းသော လမ်းတို့ကို အဆင့်ဆင့် ဖြတ်ကျော်ပြီးနောက် တောင်ကြားချိုင့်ဝှမ်း ထံသို့ ရောက်သွားကြသည်။ ချိုင့်ဝှမ်း အတွင်းဘက်သည် မိုင်ပေါင်းများစွာ ကျယ်ဝန်းပြီး စိမ်းစိမ်းစိုစို မြက်ခင်းများ၊ သစ်ပင်များအပြင် ကြည်လင်သော ရေနှင့် ငါးလေးများ ကျက်စားနေသည့် ရေကန်ငယ်တစ်ခုပင် ရှိနေသေး၏။ တချို့နေရာများ၌ မှော်သားရဲ အလောင်းကောင်များ ရှိနေသည်ကလွဲလျှင် တောင်ကြားချိုင့်ဝှမ်းသည် လူနေထိုင်ရန် ဘာပြဿနာမှ မရှိသော နေရာကောင်း တစ်ခုပါပင်။

ယဲ့ချန်က တောင်ကြားချိုင့်ဝှမ်း၏ တစ်ခုတည်းသော ဝင်ပေါက်အနီး၌ လူဝံဖြူနှင့် ကျန်သော မှော်သားရဲများ နေထိုင်နိုင်ရန် သားရဲဂူတစ်ဂူ ပြုလုပ်ပေးခဲ့သည်။ ဤနည်းဖြင့် အပြင်လူများ ချဉ်းကပ်လာမည်ကိုလည်း တားဆီးကာကွယ်ပြီးသား ဖြစ်သွားသည်။

“ဒီနေရာက တကယ်ကိုကောင်းတာပဲ”

ယဲ့ကျန့်ထျန်းတို့သည် စိတ်မလှုပ်ရှားဘဲ မနေနိုင်တော့ပေ။ ဤလျှို့ဝှက်နေရာကား အမှန်ပင် ကောင်းလွန်းနေသည်။ ယဲ့မိသားစုဝင်များအဖို့ မြက်ခင်းပြင်များ၌ သီးပင်စားပင်များ စိုက်ပျိုးနိုင်သည့် အပြင် ရေကန်ထဲတွင် ငါးများကို မွေးမြူ၍လည်း ရသည်။ ထို့ပြင် ချိုင့်ဝှမ်းထဲရှိ ထျန်းချီ သိပ်သည်းမှုသည် အပြင်ဘက်ထက် ပိုများနေရာ မိသားစုဝင်များ၏ ကျင့်ကြံခြင်းအား ကောင်းကောင်း အထောက်အကူ ပြုနိုင်ပေသည်။

“အဖေ ... ကျွန်တော့်မှာ အကြံတစ်ခုရှိတယ်”

ယဲ့ချန်သည် ခဏမျှ စဉ်းစားနေပြီးနောက် ပြောလာ၏။

“ဘာအကြံများလဲ”

ယဲ့ကျန့်ထျန်းနှင့် ကျန်လူများလည်း စိတ်ဝင်တစားဖြင့် ယဲ့ချန်ထံ ကြည့်လာကြသည်။

“တတိယဦးလေး၊ စတုတ္ထဦးလေးနဲ့ ပဉ္စမဦးလေးတို့ကို အပြင်ကို ခဏသွားခိုင်းပြီး အရည်အချင်းရှိတဲ့ မိဘမဲ့ကလေးတွေကို ခေါ်လာစေမယ်။ ကျွန်တော်တို့က အဲဒီကလေးတွေကို သိုင်းပညာရပ်တွေ သင်ကြားပေးပြီး ယဲ့မိသားစုအတွက် ပျိုးထောင်ပေးရမယ်”

ယဲ့ချန် ပြောလိုက်သည်။ ယဲ့မိသားစု၏ လက်ရှိအနေအထားအရ ငွေရေးကြေးရေးမှာ အတော်လေး အဆင်ပြေနေပြီး ကျင့်ကြံရာတွင် လိုအပ်သည့် ဆေးဝါးများ အတွက်လည်း မပူရပေ။ ဤအချိန်ကား ယဲ့မိသားစု၏ အင်အားကို မြှင့်တင်ရန် အချိန်ကောင်းဖြစ်သည်။ သိုင်းပညာမိသားစု တစ်စုအတွက် အခြေခံအကျဆုံးမှာ အလားအလာရှိသော လူငယ်မျိုးဆက် ဖြစ်ရာ အရည်အချင်းရှိသော မိဘမဲ့ကလေးများကို ပျိုးထောင်ပေးခြင်းက အထိရောက်ဆုံး ဖြစ်ပေသည်။

ယဲ့ချိန်ရွှမ်းနှင့် ယဲ့ကျန့်ထျန်းတို့သည် ယဲ့ချန် ထိုသို့ပြောလာမည်ဟု မထင်ထားသောကြောင့် အနည်းငယ် အံ့ဩသွားကြသည်။ အချိန်အတန်ကြာ ဆွေးနွေးကြပြီးနောက် ထိုအကြံအား သူတို့ လက်ခံလိုက်ကြသည်။

“ကြည့်ရတာ ယဲ့မိသားစုရဲ့ အကိုင်းအခက်တွေကို ဖြန့်ကြက်ဖို့အချိန် ရောက်ပြီထင်ပါရဲ့”

ယဲ့ကျန့်ထျန်းက ပြုံးလျက် ရေရွတ်လေသည်။

ယဲ့မိသားစုဝင်များသည် သင့်လျော်သော နေရာတို့ကို ရွေးကာ အိမ်များ ဆောက်လုပ်ရန် ပြင်နေကြသည်။ မဟုတ်ပါက မိုးသည်းသော ရက်များတွင် သူတို့အားလုံး အခက်အခဲ ကြုံရနိုင်သည်။ အိမ်ဆောက်ရန် လိုအပ်သော သစ်များကိုမူ အပြင်ဘက် တောအုပ်ထဲမှ သွားရောက် ခုတ်ဖြတ်ကာ သယ်ယူရမည် ဖြစ်သည်။ သို့သော် ယဲ့မိသားစုဝင်များ ဘာမှပင် မလုပ်ရသေးခင် လူဝံဖြူသည် အမြစ်မှ ဆွဲနုတ်ခံလာရပုံ ပေါ်သော သစ်ပင်ကြီးများကို ပခုံးထက်တွင် ထမ်းလျက် ရောက်ရှိလာလေသည်။ ယဲ့မိသားစုဝင်များ မှင်တက်အံ့ဩ သွားကြရသည်။

တကယ်ကိုပဲ အဆင့် ၁၀ မှော်သားရဲများ၏ စွမ်းပကားမှာ အထင်ကြီးလောက်ပါပေသည်။

ချိုင့်ဝှမ်းအတွင်းရှိ မြင်ကွင်းသည် အလွန် အလုပ်ရှုပ်နေပုံ ပေါ်သော်လည်း လူတိုင်း၏ မျက်နှာများသည် ထက်သန်သော မျှော်လင့်ချက်တို့ဖြင့် တောက်ပနေကြသည်။ တစ်ခုတည်းသော စိတ်ပူစရာမှာ ယဲ့ကျန့်လုံ၊ ယဲ့မုန့်တို့ ဖြစ်သည်။ ၎င်းတို့ ခန္ဓာကိုယ်ထဲရှိ အဆိပ်မှာ အရှင်း မပျောက်ကင်းသေးသော်ငြား အစိမ်းရောင် ဆေးလုံးများ၏ အကူအညီဖြင့် ၂ နှစ်၊ ၃ နှစ်ခန့်တော့ ထိန်းထား၍ ရသေးသည်။

ယဲ့ချန် ဆေးဝါးဖော်စပ်ခြင်းပညာ အကြောင်း တွေးကြည့်မိသည်။ သူကိုယ်တိုင် ဆေးဝါးပညာရှင် တစ်ယောက် ဖြစ်လာနိုင်မှသာ ယဲ့မုန့်နှင့် ဒုတိယဦးလေးတို့ အတွက် ကုသရန်နည်းလမ်းကို သေချာ ရှာဖွေနိုင်ပေမည်။ သူ့တွင် ဆေးဝါးဖော်စပ်ခြင်း ပညာနှင့် ပတ်သက်သော စာအုပ်များအပြင် မီးဖိုပါ အဆင်သင့် ရှိနေသည့်တိုင် လက်တွေ့ သင်ကြားပြသပေးမည့် ဆရာတစ်ယောက် လိုနေသည်။ ကြည့်ရသည်မှာ သူကိုယ်တိုင် လေ့လာနိုင်မှ အဆင်ပြေမည့်ဟန် ရတော့သည်။ ဧကရာဇ်မင်ဝူ၏ သဘောထားအား ရှင်းရှင်းလင်းလင်း မသိရသေးရာ နန်းမြို့တော်ရှိ ဆေးဝါးပညာရှင် ဆရာရွှမ်းယီအား သွားတွေ့ဖို့ ကိစ္စအား ခဏတာ ဘေးဖယ်ထားရသည်။

စာစဉ်(၉) ပြီး၏။

***

All Chapters