← Chapters

ချီစုဆောင်းခြင်းအစီအရင်ကို ခင်းကျင်းခြင်း

Vol. 10 Ch. 129

ချီစုဆောင်းခြင်းအစီအရင်ကို ခင်းကျင်းခြင်း

Vol. 10 Ch. 129

ဆေးဝါးဖော်စပ်ခြင်းသည် နက်နက်နဲနဲ သေချာ လေ့လာရသည့် နယ်ပယ်ဖြစ်သည်။ ဆရာတစ်ယောက်၏ လမ်းညွှန်ပြသမှု မရှိသည့်အခါ လေ့လာရသည်မှာ ပို၍သာ ခက်ခဲနေတော့သည်။ ယဲ့ချန်သည် အခြေခံ ဆေးဝါးဖော်စပ်ခြင်း စာအုပ်တစ်အုပ်အား လက်ထဲ၌ မပြတ်ကိုင်ဆောင်လျက် နေ့တိုင်း ဖတ်ရှု လေ့လာနေခဲ့သည်။

ရက်အနည်းငယ် ကြာသောအခါ ချိုင့်ဝှမ်းထဲ၌ နေထိုင်ရန် သင့်လျော်သော သစ်သားအိမ်လေးများ ဆောက်လုပ်ပြီးစီး သွားသည်။ အချို့သော မိသားစုဝင်များဆိုလျှင် အုတ်ကြွပ်ပြားများကိုပင် စတင် ပြုလုပ်နေကြသည်။ နောက်ထပ် တစ်နှစ်၊ နှစ်နှစ်ခန့် ကြာပြီးနောက် ချိုင့်ဝှမ်းအတွင်းတွင် ခိုင်ခန့်သည့် အုတ်ကြွပ်ပြားဖြင့် ဆောက်လုပ်သောအိမ်များ ရှိလာနိုင်သည်။

ဒုက္ခသုက္ခမျိုးစုံကို ကျော်ဖြတ်ခဲ့ပြီးနောက် ယဲ့မိသားစုဝင်များသည် ပို၍ ဇွဲနပဲကြီးလာကြပြီး ၎င်းတို့၏ အသက်အား တန်ဖိုးထားရကောင်းမှန်း ပိုသိလာကြသည်။ မိသားစုထဲရှိ ကျင့်ကြံသူများသည် ရူးရူးသွပ်သွပ်ကို ကျင့်ကြံနေကြပြီး မိုးကြိုးအင်ပါယာကဲ့သို့ အစွမ်းထက်သော ကျင့်စဉ်နှင့် ပေါင်းစပ်လိုက်သည့်အခါ မကြာမီတွင် စွမ်းအားများ တိုးပွားလာမည်မှာ သေချာပေသည်။

ယဲ့ကျန့်ရှုံးနှင့် ကျန်လူများသည် မိဘမဲ့ ကလေးများကို ရှာဖွေရန် အပြင်ဘက်သို့ ထွက်သွားကြသည်။ ယဲ့မိသားစုသည် အချိန်တိုအတွင်း အဆောတလျင် အင်အား တိုးပွားလာရန် လိုအပ်နေ၏။

ချိုင့်ဝှမ်းအတွင်း ပျားပန်းခတ်မျှ လှုပ်ရှား သက်ဝင်နေသည်။

ယဲ့ချန်သည် ချိုင့်ဝှမ်းထောင့်စွန်းရှိ ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်လျက်ရှိပြီး သူ့အရှေ့ လစ်လပ်သော နေရာ၌ ကျောက်တုံးများ ပြန့်ကျဲနေသည်။

"အမွေးပွလေး ... ဒီနေရာမှာ ကျောက်စိမ်းမျှော်စင်ထဲက ချီစုဆောင်းခြင်း အစီအရင်လိုမျိုး တစ်ခု ခင်းကျင်းဖို့ ဖြစ်နိုင်လောက်လား"

ယဲ့ချန်က အမွေးပွလေးအား မေးကြည့်သည်။ သူသည် ကျောက်စိမ်းမျှော်စင် ပထမအလွှာရှိ ချီစုဆောင်းခြင်း အစီအရင်အကြောင်း အသေးစိတ် မှတ်မိနေသေးသည်။

အမွေးပွလေးလည်း သေချာ ပြောနိုင်ပုံမရဘဲ ခေါင်းယမ်းသည်။ ၎င်းက ချီစုဆောင်းခြင်း အစီအရင်နှင့် ပတ်သက်၍ ဘာမှ နားလည်းမလည်ဟန် ရသည်။

ယဲ့ချန် မျက်လုံးများမှိတ်၍ ပြန်စဉ်းစားလိုက်သည်။ သူ၏ ဝိညာဉ်အသိအမြင်ကို ထိုချီစုဆောင်းခြင်း အစီအရင်ပေါ်၌ လွင့်မျောစေခဲ့စဉ်က အစီအရင် တစ်ခုလုံးအား အပေါ်စီးမှ သေချာ မြင်ခဲ့ရသည်။ အစီအရင်တွင် ကျောက်တုံး ၆၀၀ ခန့် ပါဝင်ပေသည်။ ထိုမှတ်ဉာဏ်များအပေါ် အခြေခံ၍ ယဲ့ချန် လျင်မြန်စွာဖြင့် အစီအရင်အား ခင်းကျင်းလိုက်သည်။

အချိန်မည်မျှ ကုန်ဆုံးသွားသည် မသိချေ။ ယဲ့ချန် မျက်လုံးများ ပြန်ဖွင့်ကာ အရှေ့ဘက် မြေပြင်ပေါ်ရှိ သူကိုယ်တိုင် စီရင်ထားသော အစီအရင်ကို ကြည့်လိုက်သည်။ ထိုသည်မှာ ကျောက်စိမ်းမျှော်စင် အတွင်းရှိ ချီစုဆောင်းခြင်း အစီအရင်နှင့် တူညီသော ပုံစံငယ် အစီအရင်လေး ဖြစ်သည်။

ယဲ့ချန် အချိန်အတော်ကြာ စောင့်ကြည့်နေသော်လည်း အစီအရင် အသက်ဝင်လာသည်ကို မမြင်ရပေ။

'အစီအရင်က အလုပ် မလုပ်ဘူးလား။ ဘာလို့လဲ'

ယဲ့ချန် ရှုပ်ထွေးသွားရ၏။ သူ ခင်းကျင်းထားသော အစီအရင်သည် ကျောက်စိမ်းမျှော်စင်ထဲရှိ အစီအရင်နှင့် ထပ်တူညီပါသော်လည်း လုံးဝ လည်ပတ်လာခြင်း မရှိ။ ကျောက်စိမ်းမျှော်စင်ထဲရှိ အစီအရင်သည် ပြင်ပစွမ်းအား၏ အကူအညီ မလိုဘဲ လည်ပတ်နိုင်သည်။

စိတ်ညစ် သွားရသည်နှင့်အတူ သူ တစ်ဖန် ပြန်စဉ်းစားကြည့်မိသည်။ တစ်စုံတစ်ရာက လိုအပ်နေသလို ခံစားရသည်။ မဟုတ်မှလွဲရော ကျောက်စိမ်းမျှော်စင် အတွင်းမှ အစီအရင်အလယ်ရှိ ရွှေရောင်သတ္တုပြားသည် အစီအရင်၏ အဓိက စွမ်းအားအရင်းအမြစ် ဖြစ်နေသည်များလော။

အချိန်ကြာမြင့်စွာ စဉ်းစားပြီးနောက် ယဲ့ချန်၏ အကြည့်တို့က ကျောက်တုံးများထံ ဖြတ်ပြေးသွားသည်။

ယဲ့ချန် ထူးခြားဆန်းကြယ်သော တစ်စုံတစ်ရာကို နားလည်သွားသယောင် ရှိသည်။ နေရာတကျ ပြန့်ကျဲ တည်ရှိနေသည့် ကျောက်တုံးများကို ကြည့်ရင်း သူ့အတွေးထဲတွင် ဉာဏ်အလင်းတစ်စ ထွက်ပေါ်လာသည်။ သူသည် အမြင့်ဆုံး ကျောက်တုံးပေါ်တွင် ရပ်နေရာမှ ခုန်ဆင်း၍ ကျောက်စရစ်ခဲ တစ်ခုဖြင့် ရွှံ့မြေပေါ်တွင် ရေးဆွဲလိုက်သည်။

"ခန်းရှုထောင့် နဲ့ ခွင်းရှုထောင့် ... "

ပုံကြမ်း အမျိုးအစားများကို ယဲ့ချန် မြေပြင်ပေါ်တွင် ရေးဆွဲလိုက်သည်။ အသိပညာများက သူ့အတွင်းစိတ်ထဲမှ ဖိတ်လျှံကျလာသည်။ အချို့မှာ ကျင့်ကြံခြင်းနှင့် ပတ်သက်သော မှတ်ဉာဏ်များဖြစ်ပြီး အခြားသော မှတ်ဉာဏ်များလည်း ပါဝင်သည်။ ဖြည်းညင်းစွာနှင့် ယဲ့ချန်၏ မျက်လုံးထဲ၌ ၆၀၀ ခန့်ရှိသော ကျောက်တုံးများ၏ ခင်းကျင်းမှုသည် အနက်အဓိပ္ပာယ် သဘောတရားများ ရှိလာသည်။

ယဲ့ချန် တစ်ချက်ရယ်လိုက်ပြီး ကျောက်တုံးများအား ပြန်လည် စုစည်းသည်။ မြေပြင်အား ချောမွေ့စေရန် ညှိလိုက်ပြီးမှ ကျောက်တုံးများကို နောက်တစ်ကြိမ် ခင်းကျင်းသည်။ ကျောက်တုံး တစ်ခုချင်းစီကား တိကျသော နေရာအသီးသီးသို့ စနစ်တကျ ရောက်ရှိသွားကြသည်။

အမွေးပွလေးက စူးစမ်းလိုစိတ်ဖြင့် မျက်လုံးလေးများကို ဖွင့်ကာ ကြည့်သည်။ ကျောက်တုံးများသည် ကျားကွက်ခုံပေါ်ရှိ အဖြူ၊ အမည်း ကျားစေ့များကဲ့သို့ အဆင့်ဆင့် ပေါင်းကူး ချိတ်ဆက်နေကြသည့်နှယ် ထူးထူးခြားခြား နက်နဲသိမ်မွေ့သော ပုံစံဖြင့် မြေပြင်ပေါ်၌ ရှိနေကြလေသည်။

တစ်နာရီကျော်ကြာပြီးနောက် ကျောက်စိမ်းမျှော်စိမ်း အတွင်းရှိ ချီစုဆောင်းခြင်း အစီအရင်ကဲ့သို့ အသေးစားပုံစံငယ်လေး ဖြစ်ပေါ်လာသည်။ နောက်ဆုံးသော ကျောက်တုံးအား နေရာချပြီးချိန်တွင် ယဲ့ချန် ကိုယ်ထဲရှိ ထျန်းချီများသည် အလုံးစုံ စုပ်ယူခံရသည့် အလား ပျောက်ကွယ်သွားကြ၏။

တန့်ထျန် တစ်ခုလုံးပင် လစ်ဟာသွားသောကြောင့် ယဲ့ချန် လန့်ဖျပ်သွားရပြီး ပီရှို့အား နှိုးဆွလိုက်ရသည်။ ထိုအခါမှ သူ့ခန္ဓာထဲတွင်ရော၊ တန့်ထျန်ထဲ၌ပါ ထျန်းချီများ တဖြည်းဖြည်း ပြန်လည် ပြည့်တင်းလာသည်။

ကျွီ ...  ကျွီ ...

အသေးစား ချီစုဆောင်းခြင်း အစီအရင်လေးသည် ဖြည်းညင်းစွာနှင့် လှုပ်ရှား သက်ဝင်လာလေသည်။

အစီအရင်၏ အသက်ဝင်လာမှု နှင့်အတူ အနီးနားရှိ ထျန်းချီများသည် စတင်၍ စုရုံးလာကြ၏။ ခဏချင်းအတွင်း ချီစုဆောင်းခြင်း အစီအရင်သည် ပိုမို ချောမွေ့စွာဖြင့် လည်ပတ်လာတော့သည်။

မကြာသေးခင်က သူ့ကိုယ်ထဲမှ စုပ်ယူခံလိုက်ရသော ထျန်းချီပမာဏသည် ဘာမျှ မဟုတ်သေးကြောင်း ယဲ့ချန် နားလည်လိုက်ရသည်။ အစီအရင်သည် စတင် အသက်ဝင်လာသည်နှင့် ပတ်ဝန်းကျင်တစ်ဝိုက်ရှိ ကောင်းကင်နှင့် မြေကြီးမှ စွမ်းအင်များကို အလိုအလျောက် စုပ်ယူပြီး ကိုယ်တိုင် လည်ပတ်ခြင်း ဖြစ်ပေသည်။ အစီအရင် လည်ပတ်ရန် ပြင်ပစွမ်းအား၏ အကူအညီကို ယူဖို့ မလိုသည်မှာ အံ့ဩစရာ မရှိတော့ပေ။

ဖြည်းညင်းစွာနှင့် အစီအရင်၏ ဗဟိုချက်မတွင် ရွှေရောင် အရောင်အဝါ တစ်ခု ထွက်ပေါ်လာသည်။ ကျောက်စိမ်းမျှော်စင်ထဲရှိ ချီစုဆောင်းခြင်း အစီအရင်၏ ဗဟိုချက်မတွင် ရှိသော ရွှေရောင် သတ္တုပြားကဲ့သို့ တစ်ထပ်တည်းပါပင်။

ယဲ့ချန် ခင်းကျင်းထားသော ချီစုဆောင်းခြင်း အစီအရင်သည် ကျောက်စိမ်း မျှော်စင်ထဲရှိ တစ်ခုလောက် မကောင်းသည့်အပြင် များပြားသော ထျန်းချီ ပမာဏများကို တစ်ပြိုင်နက် မစုဆောင်းနိုင်ပေ။ ထို့ပြင် အစီအရင်သည် သေးလွန်းသောကြောင့် လူတစ်ယောက်မျှပင် အထဲတွင်ထိုင်၍ ကျင့်ကြံနိုင်မည် မဟုတ်။ သို့သော်လည်း အချိန်ကြာကြာ လှည့်ပတ်စေပါက ချိုင့်ဝှမ်းထဲရှိ ထျန်းချီများအား ပုံမှန်ထက် ပေါများလာစေသည်။

ယဲ့ချန်သည် ဤကဲ့သို့ အသေးစား ပုံစံငယ်လေးကိုသာ ခင်းကျင်းနိုင်သေးသည်။ ထို့ထက်ကြီးသော အစီအရင်ကို ခင်းကျင်းရပါက သူ့ကိုယ်ထဲရှိ ထျန်းချီများက လုံလောက်အောင် ထောက်ပံ့နိုင်တော့မည် မဟုတ်ပေ။ ပီရှို့ထံမှ ထျန်းချီများကို တစ်ဆင့်ခံယူ၍ ခင်းကျင်းနိုင်သော်လည်း ထိုနည်းလမ်းကို သုံးပါက သူ့ခန္ဓာကိုယ်ကို ကြီးကြီးမားမား ဆိုးကျိုး ဖြစ်စေနိုင်သည်။

“ဒါလည်း မဆိုးပါဘူးလေ”

ယဲ့ချန်သည် သူကိုယ်တိုင် ခင်းကျင်းထားသော ချီစုဆောင်းခြင်း အစီအရင်ကို ကြည့်ကာ စိတ်ကျေနပ်စွာဖြင့် ပြုံးမိသည်။ မည်သို့ပင်ဆိုစေ ရလဒ်ကား သူ မှန်းထားသည် ထက်ပင် ကောင်းမွန်နေသေးသည်။

ကောင်းကင်နှင့် မြေကြီးရှိ ထျန်းချီစွမ်းအင် အပြောင်းအလဲများကို သတိပြုမိသောကြောင့် ယဲ့ချိန်ရွှမ်းနှင့် ကျန်လူများ အလျင်အမြန် ရောက်ရှိလာကြသည်။ မြေပြင်ပေါ်ရှိ များပြားလှသော ကျောက်တုံးများကို ကြည့်ကာ သူတို့အားလုံး ဇဝေဇဝါ ဖြစ်သွားကြ၏။

“ချန်အာ ...  ဒီအစီအရင်က ဘာလဲ။ ထျန်းချီစွမ်းအင်တွေကို စုဆောင်းပေးနိုင်တာလား”

ယဲ့ချိန်ရွှမ်းက အံ့ဩနေဟန်နှင့် မေးသည်။ သူ မြင်နေရသလောက် ရလဒ်ကား မဆိုးလှ။ အစီအရင် ဘေးနားတွင် ကျင့်ကြံမည် ဆိုပါက အကျိုးကျေးဇူးများစွာ ရနိုင်သည်။

“ဒီဟာက ချီစုဆောင်းခြင်း အစီအရင်လို့ ခေါ်တယ်။ ကျွန်တော် ချိုင့်ဝှမ်းထဲမှာ ဒီလိုအစီအရင်တွေ အများကြီး ထပ်ပြီး ခင်းကျင်းပေးမယ်။ မိသားစုဝင်တွေ လေ့ကျင့်တာကို အထောက်အကူရဖို့ မျှော်လင့်ပါတယ်”

ယဲ့ချန်က ပြုံးလျက် ရှင်းပြသည်။ သူသာ နောက်ထပ် အစီအရင် ၇ ခု၊ ၈ ခုခန့် ထပ်မံ ခင်းကျင်းလိုက်ပါက ချိုင့်ဝှမ်းအတွင်းရှိ ထျန်းချီ သိပ်သည်းမှုသည် အပြင်ဘက်ထက် အဆပေါင်းများစွာ ပိုမြင့်မားသွားပေလိမ့်မည်။

ယဲ့ချန်သည်ကား မိသားစုအတွက် နောက်ထပ် အံ့ဩစရာ ကြီးကြီးမားမားကို ယူဆောင် လာခဲ့ပြန်လေပြီ။ မိသားစုဝင်များသည် အစီအရင်နှင့် ပတ်သက်ပြီး ထပ်မံ သိလိုနေကြတော့သည်။ ၎င်းတို့အနက် အချို့သည် အစီအရင် ခင်းကျင်းထားပုံအား လေ့လာနေကြသော်လည်း အချိန် အတန်ကြာပြီးနောက် ဘာကိုမှ နားမလည်နိုင်ဘဲ လက်လျှော့လိုက်ကြရသည်။ ဤအစီအရင်၏ ထူးခြားဆန်းကြယ်မှုက သူတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။

ချိုင့်ဝှမ်း အတွင်းဘက်သည် သုခဘုံသဖွယ် ဖြစ်လာပြီး ယဲ့မိသားစုသည်လည်း ပို၍ နေရာတကျဖြင့် နေသားကျလာခဲ့သည်။ ယဲ့မိသားစု တုန်းလင်ပြည်နယ်၌ ပြန်လည် ထွက်ပေါ်လာချိန်၌ ကျန်လူများအတွက် ကြီးမားသော ရိုက်ချက်တစ်ခုအဖြစ် ရှိနေပေလိမ့်မည်။ ထိုအချိန်သို့ ရောက်လျှင် ဘယ်သူကမှ ယဲ့မိသားစုအား အထင်သေးဝံ့တော့မည် မဟုတ်ချေ။

ယဲ့ချန်သည် ဆေးဝါးဖော်စပ်ခြင်း စာအုပ်အား စွဲလမ်းနေသကဲ့သို့ တစ်ချိန်လုံး ကိုင်ဆောင်ကာ လေ့လာနေလေသည်။ ရက်အနည်းငယ် ဂရုတစိုက် ဖတ်ရှု လေ့လာပြီးနောက် သူသည် လက်တွေ့ စမ်းသပ်ရန်ပင် ကြံရွယ်နေခဲ့သည်။ တစ်ဖက်တွင်တော့ ယဲ့မိသားစုမှ ကျင့်ကြံသူများသည် ချီစုဆောင်းခြင်း အစီအရင်များ ဘေးတွင် နေ့နေ့ညည ကျင့်ကြံနေကြ၏။ မိသားစုထဲမှ သာမန်လူများကတော့ အုတ်ကြွပ်ပြားများ ပြုလုပ်သူကလုပ်၊ ရေကန်ထဲတွင် ငါးဖမ်းသူကဖမ်းဖြင့် လှုပ်ရှား တက်ကြွနေကြသည်။

ယနေ့တွင် ယဲ့ချန်သည် ချိုင့်ဝှမ်းထဲရှိ တောအုပ်ငယ်လေး အစပ်နား၌ လမ်းလျှောက်နေစဉ် ခပ်လှမ်းလှမ်းမှ မိသားစုဝင်များ၏ အံ့ဩဝမ်းသာစွာ အော်ဟစ်သံများကို ကြားလိုက်ရ၏။

“ဘာဖြစ်တာများလဲ”

ယဲ့ချန်လည်း ရေရွတ်မိရင်း အသံလာရာသို့ လျင်မြန်စွာ ပြေးသွားခဲ့သည်။

***

All Chapters