← Chapters

လဝိညာဉ်သစ်ပင်

Vol. 10 Ch. 130

လဝိညာဉ်သစ်ပင်

Vol. 10 Ch. 130

ထိုနေရာသို့ ယဲ့ချန် ရောက်သွားသောအခါ သာမန် မိသားစုဝင် ၅ ယောက်ခန့် စုရုံးနေသည်ကို တွေ့ရသည်။ ၎င်းတို့ထဲမှ တစ်ယောက်မှာ ပန်းပဲဖိုမှ ဦးလေးမော့ယွမ် ဖြစ်သည်။

ယဲ့ချန်အား မြင်သော် မိသားစုဝင်များသည် ဘေးသို့ နှစ်ဖက်ခွဲပေးရင်း နှုတ်ဆက်ကြသည်။

“ခေါင်းဆောင်”

“ခေါင်းဆောင်”

“ဘာတွေ ဖြစ်နေတာလဲ”

ယဲ့ချန် မေးလိုက်သည်။ မည်သို့သော အရာကို တွေ့ရှိခဲ့၍ မိသားစုဝင်များ ဝမ်းပန်းတသာ အော်ဟစ်နေကြသည်ကို သူ သိလိုမိသည်။

“ခေါင်းဆောင် ...  တောထဲမှာ ကျုပ်တို့ ဒါတွေကို တွေ့လို့ပါ။ ၆ ခုလောက်ရှိမယ်”

ယဲ့မော့ယွမ်သည် ဆွေးမြည့်နေသော သစ်ပင်များရှိသည့် တစ်နေရာကို ညွှန်ပြသည်။ ယဲ့ချန် ကြည့်လိုက်တော့ သစ်ပင်များအကြား ပေါက်ရောက်နေသည့် လင်ကျစ် (လင်ဇီး) မှိုပင်များကို တွေ့ရသည်။ ၎င်းတို့မှာ အဖြူရောင်ကျောက်ပွင့် အမျိုးအစား လင်ကျစ်ပင်များ ဖြစ်ကြပြီး သက်တမ်းနုသေးပါလျှင် သိပ်အဖိုးမတန်ပေ။ ၁၀ နှစ်အထက် သက်တမ်းရှိသော လင်ကျစ်ပင်များကို ချီစုဆောင်းဆေးလုံး ၁၀၀ ၊ ၂၀၀ ခန့်နှင့် လဲလှယ်နိုင်သည်။ ယခု တွေ့ရှိရသော လင်ကျစ်ပင်များကမူ လအနည်းငယ်ခန့်သော သက်တမ်းမျှသာ ရှိသေးပုံရသည်။

ယဲ့ချန် ကူကယ်ရာမဲ့စွာ ရယ်မိ၏။ ဒီလင်ကျစ်ပင်လေးတွေက ဘယ်လောက်များ တန်မှာ မလို့လဲလေ။

“ခေါင်းဆောင် ဒီမှိုပင်လေးတွေကို အထင်မသေး လိုက်နဲ့နော်။ သူတို့က ဆေးဖက်ဝင်တာမလို့ ရွက်ညှာတစ်ခုကို ချီစုဆောင်းဆေးလုံး တစ်လုံး တန်တယ်”

ယဲ့မော့ယွမ်သည် ရယ်ရင်း ပြောလာသည်။

“သက်တမ်း နုနေတာက နှမြောစရာပဲ။ သက်တမ်းသာ ရင့်ရင် ပိုပြီး တန်ဖိုးရှိမှာ”

ရွက်ညှာတစ်ခုလျှင် ချီစုဆောင်း ဆေးလုံးတစ်လုံး၊ သာမန်မိသားစုဝင်များ အတွက် ထိုလင်ကျစ်ပင်များသည် စိတ်လှုပ်ရှားဖွယ် ရှာဖွေတွေ့ရှိမှု တစ်ခု ဖြစ်နေသည်။ ယဲ့ချန်အဖို့မူ ချီစုဆောင်းဆေးလုံး ထောင်၊ သောင်းချီ၍ မြင်ဖူးထားလေရာ ထိုလင်ကျစ်ပင်များသည် လျစ်လျူရှုထားသင့်သည့် အရာလေးများသာ ဖြစ်သည်။

ဦးလေးမော့ယွမ်နှင့် အခြား မိသားစုဝင်များ ပျော်ရွှင်နေကြသည်ကို ကြည့်ကာ ယဲ့ချန်လည်း ခပ်တိုးတိုး ရယ်မိသည်။ ယဲ့မိသားစုဝင်များသည် လွန်ခဲ့သော ရက်ပိုင်းက ကြုံတွေ့ခဲ့ရသည့် စိတ်ညှိုးငယ်ဖွယ် အခြေအနေမှ ရုန်းထွက်နိုင်သွားကြပုံ ပေါ်လေသည်။ သူ့လူများ ပျော်ရွှင်နေသည်ကို မနှောင့်ယှက်တော့ဘဲ ယဲ့ချန် ထိုနေရာမှ ပြန်လည်ထွက်ခွာ လာခဲ့သည်။

ယဲ့မိသားစုဝင်များသည် လင်ကျစ်ပင်များ အနီး၌ စုရုံးကာ ဆွေးနွေးနေကြ၏။

“ဒီလင်ကျစ်ပင်တွေက အဖြူရောင်ကျောက်ပွင့် အမျိုးအစား ဖြစ်နေတာ နှမြောစရာပဲ။ တကယ်လို့ သွေးကျောက်ပွင့် အမျိုးအစားသာဆိုရင် သက်တမ်းနုရင်တောင် ချီစုဆောင်းဆေးလုံး ရာချီပြီးတန်မှာ”

“လောဘကြီးလိုက်တာ ကောင်လေး။ သွေးကျောက်ပွင့်က တွေ့ရဖို့ လွယ်တယ်များ မှတ်နေလား။ လွယ်များသာလွယ်ရင် ငါတို့ယဲ့မိသားစု လျန်ယွင်တောင်တန်း အနီးနားမှာ နေနေတာဖြင့် ကြာပြီ။ မတွေ့ဘဲ နေပါ့မလား”

ယဲ့မော့ယွမ်သည် ရယ်မောရင်း ပထမပြောလိုက်သော ယဲ့မိသားစုဝင်အား ကြိမ်းမောင်းလိုက်သည်။

“အဲ့လို တန်ဖိုးရှိတဲ့ ရတနာအပင်တွေက ထျန်းချီကြွယ်ဝတဲ့ မြေလွှာမှာပဲ ပေါက်ရောက်တာကွ။ မြက်ပင်တွေလိုမျိုး မြေကြီးပေါ်မှာ လွယ်လွယ်ကူကူ တွေ့နိုင်တယ်လို့ မှတ်မနေနဲ့”

“ဟီး ...  စိတ်ကူးကြည့်တာပါဗျ။ ဦးလေးကလည်း”

အရပ်ရှည်ရှည်၊ အညိုရောင် အသားအရည်နှင့် လူငယ်က ခေါင်းကုတ်ရင်း ရယ်ကျဲကျဲ ပြန်ပြောသည်။

“ဒီပတ်ဝန်းကျင်မှာ ထပ်ရှာကြည့်ရအောင်။ တစ်ခုခုထပ်တွေ့ရင် နေရာကို အမှတ်အသားလုပ်ထား။ နောက်ထပ် နှစ်နည်းနည်းလောက် စောင့်ပြီးရင် ဒါတွေကို ပြန်လာခူးရမယ်”

ယဲ့မော့ယွမ်က အားလုံးကို သတိပေးပြောဆိုလိုက်သည်။

“ဒီချိုင့်ဝှမ်းက အပြင်ဘက်ထက် စာရင် ထျန်းချီကြွယ်ဝတယ်။ တောအုပ်ထဲမှာ တခြားအပင်တွေ ရှိနေနိုင်သေးတယ်”

"ဟုတ်ကဲ့”

လူတိုင်းသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်ကြပြီး အခြားသော လင်ကျစ်ပင်များ ထပ်တွေ့လိုတွေ့ငြား အင်တိုက်အားတိုက် ဆက်လက် ရှာဖွေကြ၏။

ယဲ့မိသားစုဝင်များသည် သူတို့အတွက် အဖိုးတန်သော လင်ကျစ်ပင်များကို ရှာတွေ့ကြသော်လည်း ကိုယ်ကျိုးအတွက် သိမ်းဖွက်မထားဘဲ မိသားစုပိုင်အဖြစ် လက်လွှဲပေးကြသည်။ ရိုးသားကာ တစ်ကိုယ်ကောင်းမဆန်သော မိသားစုဝင်များ၏ အပြုအမူတို့က ယဲ့မိသားစုအတွက် သူ လုပ်ပေးခဲ့သမျှသည် ထိုက်တန်သည်ဟု ယဲ့ချန်အား ခံစားမိစေသည်။

ယဲ့ချန်၏ စိတ်အခြေအနေသည် ပိုမိုပေါ့ပါး ကောင်းမွန်လာပြီး ရှေ့သို့ ဆက်လျှောက်မည်အပြု ရုတ်တရက် တစ်စုံတစ်ရာကို တွေးမိသွားရသည်။ ဤကမ္ဘာရှိ လူများက လင်ကျစ်သည် ကောင်းကင်နှင့် မြေကြီးမှ ထျန်းချီများကို စုပ်ယူကာ ကြီးထွားသည့် အဖိုးတန်အပင်ဟု ယူဆကြသည်။ ထို့ပြင် ၎င်းကို ဆေးဖော်စပ်ရာတွင်လည်း သုံးနိုင်သေး၏။ သို့သော် ကောင်းကင်နှင့် မြေကြီးမှ ထျန်းချီများသည် လင်ကျစ်ပင်များ၏ ကြီးထွားနှုန်းကို ထောက်ပံ့ပေးရုံသာ ဖြစ်ပြီး လင်ကျစ်ပင်များ၌ ကိုယ်ပိုင် မျိုးပွားခြင်းဖြစ်စဉ် ရှိသည်ကို ယဲ့ချန် သိထားသည်။

ချိုင့်ဝှမ်း ပတ်လည်တွင် မြင့်မားသော တောင်ကမ်းပါးများ ရှိသော်လည်း နေ့မွန်းတည့်ချိန် ရောက်လျှင် နေရောင်သည် အတွင်းဘက်သို့တိုင် ထွန်းလင်းသည်။ ချိုင့်ဝှမ်းအတွင်း ထျန်းချီစွမ်းအင်များ ကြွယ်ဝပြီး တစ်နှစ်ပတ်လုံး မြူဆိုင်းနေလေ့ ရှိသောကြောင့် နေရောင်ခြည်၏ ပူပြင်းမှုသည် မပြင်းထန်ပေ။ မြက်ခင်းများ၊ ရေကန်များနှင့် ဧကများစွာ ကျယ်သော တောအုပ်တို့ ရှိနေခြင်းကိုပါ ထည့်တွက်လိုက်လျှင် ချိုင့်ဝှမ်းအတွင်းရှိ လေထုစိုထိုင်းမှု ပမာဏသည် လင်ကျစ်ပင်များ ကြီးထွားရန် သင့်လျော်ပေသည်။

အကြံအစည်တစ်ခု စိတ်ထဲတွင် ပေါ်လာသောကြောင့် ယဲ့ချန်သည် ဦးလေးမော့ယွမ်အား ချက်ချင်းခေါ်ကာ သန်သန်မာမာ လူငယ် အယောက် ၅၀၊ ၆၀ ခန့်အား စုစည်းစေလိုက်သည်။

သိပ်မကြာလိုက်၊ မိသားစုထဲမှ သန်သန်မာမာလူငယ် ၅၀၊ ၆၀ ခန့်သည် တောအုပ်အစပ်၌ စုရုံးရောက်ရှိလာကြသည်။ ယဲ့ချန် ဘာလုပ်မည်ကို မသိကြသော်လည်း ယဲ့ချန်က သူတို့အား သေခိုင်းလျှင်ပင် ထိုလူငယ်လေးများသည် လိုလိုလားလားနှင့် ဆန္ဒရှိကြ၏။ မည်သို့ပင်ဆိုစေ သူတို့အားလုံးသည် ယဲ့ချန်အပေါ် အသက်ကြွေး တင်နေကြသည်။

“ငါ ဒီနေ့ မင်းတို့ကို စုစည်းခိုင်းလိုက်ရတာက အရေးကြီးတဲ့ အကြောင်းတစ်ခုကြောင့်ပဲ။ ဒီအကြောင်းက မိသားစုရဲ့ အနာဂတ် တိုးတက်ဖွံ့ဖြိုးမှုနဲ့ ဆက်စပ်နေတယ်။ ကောင်းကောင်း လုပ်နိုင်မယ်လို့ မင်းတို့ ယုံကြည်ချက်ရှိကြလား”

ယဲ့ချန် ထိုလူငယ်လေးများကို ကြည့်ကာ ကြည်လင်ရှင်းလင်းသော အသံဖြင့် မေးလိုက်သည်။

မိသားစု၏ အနာဂတ် တိုးတက်ဖွံ့ဖြိုးမှု အကြောင်း ကြားရသည့်အခါ လူငယ်လေးများ၏ မျက်လုံးများ အရောင်လက် သွားကြသည်။

“ခေါင်းဆောင် အမိန့်သာပေးလိုက်၊ ကျွန်တော်တို့ ဖြစ်အောင်လုပ်ပါ့မယ်။ ကျွန်တော်တို့ ဓားတောင်ကိုကျော်ပြီး မီးပင်လယ်ကို ဖြတ်ရမယ် ဆိုရင်တောင် ဆန္ဒရှိပါတယ်”

“အမှန်ပဲ။ ကျွန်တော်တို့ အောင်မြင်အောင် လုပ်ပါ့မယ်”

ယဲ့ချန် ရယ်မောကာ ပြန်ပြောမိသည်။

“မင်းတို့အနေနဲ့ ဓားတောင်ကို ကျော်ပြီး မီးပင်လယ်ကို ဖြတ်စရာ မလိုပါဘူးကွာ။ ငါ ဒီနေ့ မင်းတို့ကို လုပ်စေချင်တာက တောအုပ်ကို ထိန်းသိမ်းပေးရုံပါပဲ”

“တောအုပ်ကို ထိန်းသိမ်းရမယ်... ”

လူငယ်လေးများသည် မရေရာစွာဖြင့် အကြည့်ချင်း ဖလှယ်မိကြသည်။ တောအုပ်အတွင်း ရတနာတစ်ခုခုများ ရှိနေ၍ သူတို့က ရှာဖွေပေးရမည်လော။

“ဦးလေးမော့ယွမ် ...  ကျွန်တော် သူတို့ကို ဦးလေးနဲ့ ထားခဲ့မယ်။ ဒီတောအုပ်ကို သေချာ စောင့်ကြည့်ထားပေးပါ။ ကျွန်တော်ကလွဲပြီး ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုပါနဲ့။ ပြီးတော့ ကျွန်တော် ဒီနေ့ ဦးလေးကို လွှဲပေးမဲ့ အလုပ်တွေလည်း ရှိသေးတယ်”

ယဲ့ချန်သည် ထိုသို့ပြောပြီးနောက် လျှို့ဝှက်စွာ ပြုံး၏။

အားလုံး ဇဝေဇဝါ ဖြစ်သွားကြသည်။ ခေါင်းဆောင်သည် လျှို့လျှို့ဝှက်ဝှက်နှင့် တစ်စုံတစ်ရာကို ကြံစည်နေပုံ ပေါ်လေသည်။ သို့သော် ခေါင်းဆောင်ကိုယ်တိုင်က အမိန့်ပေးလာမှတော့ ဘာပဲဖြစ်ဖြစ် သူတို့က အထွန့်တက်ကြမည် မဟုတ်ပေ။

ယဲ့ချန်သည် အဖြူရောင်ကျောက်ပွင့် လင်ကျစ်ပင်များ ပေါက်နေသည့် နေရာကို ကြည့်သည်။ အခွံနီဆင်ဟု အမည်ရသော သစ်ပင်၏ ဆွေးမြည့်နေသည့် သစ်သားတုံးပေါ်တွင် ပေါက်ရောက်နေခြင်း ဖြစ်သည်။

“ဦးလေးမော့ယွမ် ...  ပုံမှန်ဆို ဦးလေးက လင်ကျစ်ပင်ကို ခူးတဲ့နေရာမှာ ကျွမ်းကျင်တယ် မဟုတ်လား။ လင်ကျစ်ပင် အများစုက ဘယ်လိုသစ်သားပေါ်မှာ ပေါက်လေ့ရှိလဲ သိလား”

“လင်ကျစ်ပင်က သစ်သားအမျိုးအစား အစုံပေါ်မှာ ပေါက်တတ်တယ်။ ဒါပေမဲ့ ငါ အများဆုံး တွေ့မိတာကတော့ လဝိညာဉ်သစ်ပင်ပဲ။ လင်ကျစ် အမျိုးအစား အားလုံးလိုလိုက လဝိညာဉ် သစ်ပင်ပေါ်မှာ ပေါက်တယ်”

"လဝိညာဉ် သစ်ပင်တဲ့လား။ အဲဒီသစ်ပင်က ရှားလား”

“မရှားပါဘူး။ နေရာတိုင်းမှာ တွေ့နိုင်တယ်။ ဒါပေမဲ့ အဲဒီသစ်ပင်တွေ ပေါ်မှာ ပေါက်နေတဲ့ လင်ကျစ်ကိုပါ တစ်ပါတည်း တွေ့နိုင်ဖို့တော့ ရှားတာပေါ့”

ယဲ့မော့ယွမ်က ရယ်လျက် ရှင်းပြသည်။

“ဒီလိုဆိုရင် ကျွန်တော် လဝိညာဉ် သစ်ပင်တွေကို ရှာချင်တယ်။ ဦးလေးမော့ယွမ်က ကူညီပေးနိုင်မလား”

"ရတာပေါ့”

ယဲ့ချန်သည် ယဲ့မော့ယွမ်နှင့် လူဝံဖြူတို့အား ခေါ်ဆောင်လျက် ချိုင့်ဝှမ်းအတွင်းမှ ထွက်ခွာလာခဲ့ကြသည်။ တစ်နာရီခန့် ကြာသောအခါ လဝိညာဉ်သစ်ပင်များ စုရုံး ပေါက်ရောက်နေသည့် နေရာကို တွေ့လိုက်ရသည်။

"လင်ကျစ်ပင်ကို ရှာချင်တာလား”

ယဲ့မော့ယွမ်က သိလိုစွာဖြင့် မေးသည်။

လင်ကျစ်ပင်များကား လွယ်လွယ်ကူကူ ရှာတွေ့နိုင်သည် မဟုတ်ပေ။

“မဟုတ်ဘူး”

ယဲ့ချန်က ပြုံးသည်။

“အချိန်ရောက်ရင် ဦးလေးမော့ယွမ် သိပါလိမ့်မယ်”

လူဝံဖြူသည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး လုံးပတ်ကြီးကြီးနှင့် လဝိညာဉ်သစ်ပင်ကြီး တစ်ပင်အား အမြစ်မှ ဆွဲနုတ်လိုက်လေသည်။ သို့နှင့် တစ်ပင်ပြီးတစ်ပင် ဆွဲနုတ်အပြီး လဝိညာဉ်သစ်ပင် ၆ ပင်ခန့် ရသောအခါ လူဝံဖြူက ထိုသစ်ပင်များအား ထမ်းလျက် ချိုင့်ဝှမ်းဆီသို့ ပြန်လာခဲ့ကြသည်။

ယဲ့မော့ယွမ်သည် ထိုမြင်ကွင်းကို ကြည့်ကာ လက်များပင် တုန်ယင်လာရသည်။ လူဝံဖြူသည် ယဲ့မိသားစု၏ အစောင့်အရှောက် ဖြစ်နေသောကြောင့် ကြောက်ရွံ့ခြင်းတော့ မဖြစ်မိသော်လည်း လူဝံဖြူ၏ ခွန်အားကို ဘယ်နှကြိမ်မြင်မြင် အကြိမ်တိုင်း၌ ဩချနေရဆဲ ဖြစ်သည်။

***

All Chapters