← Chapters

လင်ကျစ်စိုက်ပျိုးခြင်း

Vol. 10 Ch. 131

လင်ကျစ်စိုက်ပျိုးခြင်း

Vol. 10 Ch. 131

ယဲ့ချန်နှင့် ယဲ့မော့ယွမ်တို့ ချိုင့်ဝှမ်းသို့ ပြန်ရောက်သောအခါ တောအုပ်အစပ်တွင် လူဝံဖြူ သယ်ဆောင်လာခဲ့သော လဝိညာဉ်သစ်ပင်များ တစ်ပုံတစ်ခေါင်း ရှိနေသည်။ ယဲ့မော့ယွမ်သည် စိတ်လှုပ်ရှားစွာဖြင့် လူငယ်တစ်စုအား လူဝံဖြူ၏ အင်အားကြီးမားပုံကို ပြောပြတော့သည်။

“ကောင်းပြီ ကောင်းပြီ အလုပ်လုပ်ကြစို့”

ယဲ့ချန်က ၎င်းတို့၏ စကားဝိုင်းကို ဝင်ဟန့်လိုက်ရသည်။

“အရင်ဆုံး အဖွဲ့သုံးဖွဲ့ ခွဲလိုက်၊ အနည်းဆုံး တစ်ဖွဲ့မှာ ၁၇ ယောက် ရှိရမယ်။ ပထမအဖွဲ့က တောအုပ်ထဲက ပေါင်းပင်တွေကို ရှင်းလင်းဖို့ တာဝန်ယူ။ ဒုတိယအဖွဲ့က ဒီလဝိညာဉ် သစ်ပင်တွေကို အမြစ်တွေနဲ့ သစ်ရွက်တွေ ဖယ်ထုတ်ပေး။ တတိယအဖွဲ့ ကတော့ အမြစ်တွေနဲ့ သစ်ရွက်တွေ ဖယ်ထုတ်ပြီးသား သစ်ပင်တွေကို ဖြတ်တောက်ပြီး တောအုပ်ထဲမှာ နေရာချရမယ်။ ဒုတိယအဖွဲ့ လိုအပ်တာတွေကိုလည်း တတ်နိုင်သလောက် ကူပေးလိုက်ဦး”

လူငယ်လေးများသည် ယဲ့ချန်၏ ရည်ရွယ်ချက်အား မသိရှိကြသည့်တိုင် အထွန့်တက်ခြင်း မရှိဘဲ လျင်လျင်မြန်မြန် အုပ်စုများခွဲကာ အလုပ်စကြတော့သည်။

ယဲ့ချိန်ရွှမ်းနှင့် ကျန်မိသားစုဝင်များသည် ကျင့်ကြံခြင်းတွင် ဈာန်ဝင်နေကြသောကြောင့် ယဲ့ချန်တို့ အုပ်စုအား သတိမထားမိပေ။ မြွေနဂါးသစ်သီး၏ စွမ်းအင်များကို အကုန်အစင် စုပ်ယူ နိုင်ခဲ့သောကြောင့် ယဲ့ကျန့်ထျန်းသည် ချိုင့်ဝှမ်းထဲသို့ ရောက်ပြီး ၁၀ ရက်အကြာတွင် ထျန်းချီအဆင့် ၁၀ သို့ တက်လှမ်းနိုင်ခဲ့သည်။ အခြားသော မိသားစုထဲမှ ကျင့်ကြံသူများလည်း တိုးတက်မှုအသီးသီး ရှိခဲ့ကြသည်။ ထို့ကြောင့် သူတို့သည် သံပူတုန်းနာနာထု ဆိုသကဲ့သို့ အင်တိုက်အားတိုက် ကျင့်ကြံ နေခဲ့ကြသည်။

၃ ရက်ကြာ အားထုတ်ကြိုးပမ်းမှု အပြီးတွင် တောအုပ်သည် လဝိညာဉ်သစ်ပင်မှ သစ်တုံးပိုင်းများနှင့် ပြည့်နှက်သွားပြီ ဖြစ်သည်။ တောအုပ်အတွင်း မည်သည့် မိသားစုဝင်ကိုမှ ဝင်ခွင့်မပြုဘဲ ကန့်သတ်ထားသည်။ ယဲ့ချန် ပေးအပ်သော တာဝန်များကို ပြီးမြောက်ပြီးနောက် ယဲ့မော့ယွမ်နှင့် လူငယ်လေးများသည် ၎င်းတို့၏ ပုံမှန်တာဝန်များကို ပြုလုပ်ရန် ပြန်သွားကြသည်။

“ဦးလေးမော့ယွမ် ခေါင်းဆောင်က ဘာတွေ လုပ်နေတာလဲဟင်”

မိသားစုဝင်များသည် တောအုပ်အတွင်း လှမ်းမျှော်ကြည့်ကာ ပဟေဠိ ဖြစ်နေကြဟန်နှင့် ယဲ့မော့ယွမ်အား မေးကြလေသည်။

“ငါလည်း သေသေချာချာ မသိပါဘူး။ ခေါင်းဆောင်က တောအုပ်ထဲမှာ လင်ကျစ်ပင်တွေကို စိုက်ဖို့ လုပ်နေတာလားပဲ။ အဲ့လိုဆိုရင်တော့ ခေါင်းဆောင် မှားနေပြီ။ လင်ကျစ်ပင်တွေက အဲ့လောက် စိုက်ရမလွယ်ဘူး။ တစ်ခါက ငါ အမဲလိုက်ထွက်ရင်း လဝိညာဉ်သစ်ပင်တွေ စုရုံးပေါက်နေတဲ့ နေရာတစ်ခုကို တွေ့ဖူးတယ်။ ဒါပေမဲ့ အဲဒီမှာ လင်ကျစ်ပင် တစ်ပင်တောင်မှ ရှိမနေဘူးလေ”

ယဲ့မော့ယွမ်သည် ခေါင်းယမ်းမိ၏။

လဝိညာဉ်သစ်ပင်၏ သစ်တုံးများအား တောအုပ်ထဲသို့ ဖြန့်ကြက်ထားရှိကာ လင်ကျစ်ပင်များ ပေါက်ရောက်စေခြင်း။ ထိုအကြံမှာ အလွန်ကို ကျိုးကြောင်း မသင့်လှပေ။

"ဒါဆို ကျွန်တော်တို့က ဘာအကျိုးမှမရှိတဲ့ အရာကို လုပ်ခဲ့ရတာပေါ့”

“လင်ကျစ်ပင်တွေမှာက မျိုးပွားနိုင်တဲ့ မျိုးမှုန်မရှိဘူး။ ကောင်းကင်နဲ့ မြေကြီးက ထျန်းချီတွေကို စုပ်ယူပြီး မျိုးပွားရတယ်”

“ဦးလေးမော့ယွမ် အဲ့အကြောင်း ပြောနေတာ အခေါက်ပေါင်း မနည်းတော့ဘူးဗျ”

“ဟုတ်လား”

ယဲ့မော့ယွမ်က ရယ်သည်။

“အသက်တွေ ကြီးနေလို့ အမှတ်မထား မိတော့ပါဘူး။ လင်ကျစ်ပင်က တခြားဆေးဖက်ဝင် အပင်တွေလို မဟုတ်ဘူး။ စိုက်ပျိုးလို့ မလွယ်ဘူး။ လဝိညာဉ်သစ်ပင်တွေကို တောအုပ်ထဲမှာ ပစ်ထားပြီး လင်ကျစ်ပင် ပေါက်လာမှာကို စောင့်နေမဲ့အစား တခြားဆေးဖက်ဝင် အဝင်တွေကို စိုက်တာကမှ အကျိုးရှိဦးမယ်”

သံသယများ ရှိနေသော်လည်း ယဲ့မော့ယွမ်သည် ယဲ့ချန်၏ ညွှန်ကြားချက်များကိုတော့ လိုက်နာလေသည်။ စဦးပိုင်း ရက်အနည်းငယ် အတွင်း တောအုပ်ထဲရှိ လဝိညာဉ် သစ်တုံးများကို ပုံမှန် ရေလောင်းပေးရန်နှင့် တောအုပ်အတွင်းသို့ ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုရန် ဖြစ်သည်။

ရက်အနည်းငယ် ကြာပြီးနောက် ယဲ့ချန် တောအုပ်ထဲသို့ ဝင်လာခဲ့သည်။ သူသည် အဖြူရောင် ကျောက်ပွင့်ကဲ့သို့ အဖိုးနည်းသော သာမန် လင်ကျစ်ပင်များကို စိုက်ပျိုးပြီး အချိန်ကုန်ခံမည် မဟုတ်ပေ။ သို့သော် မိသားစု၏ ရတနာတိုက်ထဲ၌လည်း အဆင့်မြင့် လင်ကျစ်ပင်များက ရှိမနေ။ ထို့ကြောင့် ယဲ့ချန်သည် လက်မောင်းကာထဲရှိ ဆေးဖက်ဝင် ပစ္စည်းများထဲ မွှေနှောက် ရှာဖွေခဲ့ရာ လင်ကျစ်ပင် အမျိုးအစားပေါင်း ၂၀ ကျော် ပါဝင်သည့် သေတ္တာကြီးတစ်လုံးကို တွေ့ရှိခဲ့သည်။ ထိုသေတ္တာထဲတွင် အဖြူရောင် ကျောက်ပွင့်ကဲ့သို့ အဆင့်နိမ့် လင်ကျစ်ပင်များ မရှိပေ။ သေတ္တာထဲရှိ လင်ကျစ်ပင်များ အနက် အဆင့်အနိမ့်ဆုံးမှာ သွေးကျောက်ပွင့်ဖြစ်ပြီး မဟူရာကျောက်ပွင့်၊ တိမ်နံ့သာကျောက်ပွင့်၊ မီးလျှံနီကျောက်ပွင့်၊ အလောင်းဆိပ်ကျောက်ပွင့်၊ မြွေသန်လျက်ကျောက်ပွင့် အပြင် အခြားအဆင့်မြင့် လင်ကျစ်ပင်များကို တွေ့ရပေသည်။

ထိုလင်ကျစ်ပင်များ အနက် အများစုမှာ နှစ်ရာချီ သက်တမ်းရှိကြပြီး အရည်အသွေးကလည်း ကောင်းမွန်သည်။ မည်သို့ပင်ဆိုစေ လင်ကျစ်ပင် အများစုသည် အဆိပ်ရှိသောကြောင့် တိုက်ရိုက်စားသုံး၍ မရပေ။ ဆေးဖော်စပ်ခြင်းတွင်သာ အဓိက အသုံးပြုကြသည်။

ပြီးခဲ့သော ရက်ပိုင်းအတွင်း ယဲ့ချန်သည် လက်မောင်းကာ၏ မူလပိုင်ရှင် ချန်ထားရစ်ခဲ့သော မှတ်စုများကို လေ့လာရင်း အချိန်ကုန်ခဲ့သည်။ ထို့ကြောင့် သူသည် လင်ကျစ်ပင်များ၏ ယေဘုယျ သဘောသဘာဝနှင့် ပေါက်ရောက်တတ်သော ပတ်ဝန်းကျင်အကြောင်း အခြေခံမျှ နားလည်နိုင်သွားသည်။ မူလပိုင်ရှင် ချန်ရစ်ခဲ့သော မှတ်စုများသည် အလွန်အဖိုးတန်ပြီး အသေးစိတ်ကျကျ မှတ်သားထားသော်ငြား အချက်တစ်ချက်တော့ မှားယွင်းနေခဲ့သည်။ မူလပိုင်ရှင်ကလည်း လင်ကျစ်ပင်များသည် စိုက်ပျိုး၍မရဘဲ ကောင်းကင်နှင့် မြေကြီးရှိ ထျန်းချီများကို စုပ်ယူ၍ ကြီးထွားသည်ဟု ထင်မှတ်နေခြင်း ဖြစ်သည်။

မဟူရာကျောက်ပွင့်သည် ကြမ်းတမ်း နက်မှောင်သော ပတ်ဝန်းကျင်မျိုးတွင်သာ ပေါက်ရောက်သည်။ ထို့ကြောင့် ယဲ့ချန်သည် ထိုအမျိုးအစားအား စိုက်ပျိုးရန် ချက်ချင်း ပယ်ဖျက်လိုက်သည်။ မီးလျှံနီ ကျောက်ပွင့်သည် ရေကန် သို့မဟုတ် စမ်းချောင်းများ အနီး၌သာ ပေါက်ရောက်၍ ထိုအမျိုးအစားကိုလည်း ပယ်လိုက်ရသည်။ အလောင်းဆိပ် ကျောက်ပွင့်နှင့် မြွေသန်လျက် ကျောက်ပွင့်များသည်လည်း ဤနေရာ၌ စိုက်ပျိုးရန် မသင့်လျော်ပေ။ ချိုင့်ဝှမ်းအတွင်းရှိ မြေနေရာ ပတ်ဝန်းကျင် အနေအထားနှင့် သင့်လျော်သော လင်ကျစ်ပင်မှာ သုံးမျိုးသာ ရှိသည်။ သွေးကျောက်ပွင့်၊ တိမ်နံ့သာ ကျောက်ပွင့်နှင့် ငွေလကျောက်ပွင့်တို့ ဖြစ်သည်။

တိမ်နံ့သာ ကျောက်ပွင့်သည် တိုက်ရိုက်စားသုံး၍ ရပြီး သွေးကျောက်ပွင့်နှင့် အာနိသင် ဆင်တူသော်ငြား အကျိုးသက်ရောက်မှုက သွေးကျောက်ပွင့်ထက် ၁၀ ဆပြင်းသောကြောင့် ဈေးပိုကောင်းသည်။ တစ်ဖက်တွင်တော့ ငွေလကျောက်ပွင့်သည် ထူးထူးခြားခြား ရှားပါးသော လင်ကျစ်ပင် ဖြစ်သည်။ ငွေလကျောက်ပွင့် အကြောင်း သိသူနည်းသော်လည်း ဆေးဝါး ဖော်စပ်ခြင်းအတွက် အထူးကောင်းမွန်သော ပါဝင်ပစ္စည်း ဖြစ်သည်။ လအနည်းငယ်သာ သက်တမ်းရှိသော ငွေလကျောက်ပွင့်သည် အဆင့်မြင့်ဆေးဝါး ပညာရှင်များ အတွက်ပင် ရှားပါး အဖိုးတန်သောပစ္စည်း ဖြစ်သည်။

သေသေချာချာ သုံးသပ်ကြည့်ပြီးနောက် ယဲ့ချန် ထိုသုံးမျိုးကို စိုက်ပျိုးရန် ဆုံးဖြတ်လိုက်သည်။ သူ ဂရုတစိုက်နှင့် သွေးကျောက်ပွင့် တစ်ခုကို ထုတ်ယူလိုက်သည်။ တစ်ခဏမျှကြာသော် သူ့လက်ဝါးထဲ၌ အနက်ရောင် အစေ့လေးများ ထွက်ပေါ်လာသည်။ ထိုအရာများမှာ လင်ကျစ်ပင် မျိုးမှုန်များ ဖြစ်သည်။ ထို့နောက်တွင် ယဲ့ချန်သည် ထိုမျိုးမှုန်များအား တောအုပ်အနှံ့ ဖြန့်ဖြူးလိုက်သည်။

ဤကမ္ဘာသည် ထျန်းချီ ကြွယ်ဝသောကြောင့် လင်ကျစ်ပင်များ ပေါက်ရောက်ရန် အထူးသင့်လျော်သည်။ အချက်အလက်ကျကျ ပြောရလျှင် ဤကမ္ဘာ၌ လင်ကျစ်ပင်များ ပေါပေါများများ ရှိနေသင့်သော်လည်း လက်တွေ့၌ ရှားပါးနေသည်။ ပထမအချက်မှာ လင်ကျစ်ပင်များ မျိုးပွားရန် မလွယ်ကူသောကြောင့်၊ လင်ကျစ်ပင် တစ်ပင်သည် မျိုးမှုန်များစွာကို ထုတ်ပေးနိုင်သော်လည်း ထိုမျိုးမှုန်များသည် အပင်ပေါက်ရောက်ရန် သင့်လျော်သော နေရာသို့ မရောက်မီ အဆုံးသတ်ကြရသည်။ ဒုတိယတစ်ချက်မှာတော့ ဤကမ္ဘာ၌ လင်ကျစ်ပင်များ၏ ဝယ်လိုအားက အလွန် မြင့်မားနေခြင်းကြောင့်၊ ကျင့်ကြံသူများသည် လင်ကျစ်ပင်များ ပေါက်ရောက်သည့် တောနက်များထဲသို့ စွန့်စွန့်စားစား သွားရောက်ရန် ဝန်မလေးကြသည့် အပြင် မှော်သားရဲများ၊ ကောင်းကင်သားရဲများ ကလည်း လင်ကျစ်ပင်များကို အလွတ်မပေးကြ။ သို့ဖြစ်၍ လင်ကျစ်ပင်များသည် ကောင်းမွန်စွာ မျိုးပွားခွင့်မရမီ လွန်လွန်ကျူးကျူး ရိတ်သိမ်းခံနေရသည်။

ယဲ့ချန်သည် သူ စိုက်ပျိုးမည့် လင်ကျစ်ပင် သုံးမျိုးလုံး၏ မျိုးမှုန်များအား တောအုပ်ထဲတွင် ဖြန့်ဖြူးခဲ့သည်။ ညလယ်လောက်ရောက်မှ ထိုအလုပ်ကပြီး၍ သူလည်း စိတ်သက်သာရာရစွာ သက်ပြင်းချရင်း ပျော်ရွှင်မှု အပြည့်နှင့် တောအုပ်ထဲမှ ပြန်ထွက်လာခဲ့သည်။ ရလဒ်အား မြင်ရရန် သူ စောင့်ပင် မစောင့်နိုင်တော့ချေ။

ယဲ့ချန်တွင် အပင်စိုက်ပျိုးခြင်းနှင့် ပတ်သက်သော အတွေ့အကြုံ မရှိသောကြောင့် ဒါက သူ လုပ်နိုင်သမျှ အကုန်ပဲ ဖြစ်သည်။ လင်ကျစ်ပင်များ ကောင်းကောင်းမွန်မွန် ကြီးထွားလာဖို့သာ မျှော်လင့်ရပေမည်။

မျှော်လင့်စောင့်စားမှု အပြည့်နှင့် ယဲ့ချန် အိပ်ရာဝင်ခဲ့သည်။ အိပ်မက်ထဲ၌ သူသည် လင်ကျစ်ပင်များ ပြည့်နှက်နေသည့် တောအုပ်အတွင်း ရောက်ရှိနေသည်။ လင်ကျစ်ပင်များသည် အမွေးပွလေး၏ နားရွက်များကဲ့သို့ သေးငယ်သော အပြားချပ်လေးများ သဏ္ဌာန်ရှိကြပြီး လတ်ဆတ်သည့် ဆေးဖက်ဝင် အနံ့များက တောအုပ်အနှံ့ ပျံ့လွင့်နေသည်။

ယဲ့ချန်သည်ကား အခက်အခဲများနှင့် စိတ်ပျက်စရာ ဖြစ်ရပ်များစွာကို ကြုံဖူးခဲ့သူ ဖြစ်သော်ငြားလည်း သူ့အရှေ့ရှိ မြင်ကွင်းအား ကလေးတစ်ယောက်နှယ် စိတ်လှုပ်ရှား ပျော်ရွှင်စွာ ကြည့်နေခဲ့လေသည်။

နောက်တစ်နေ့နံနက် ယဲ့ချန် နိုးလာသောအခါ ညက အိပ်မက်အကြောင်း ပြန်တွေးပြီး ရယ်မိပါ၏။

“အမွေးပွလေး ...  မင်းရော ငါ လင်ကျစ်ပင်တွေကို မျိုးကြဲတာ အောင်မြင်မယ်လို့ ထင်လား”

ယဲ့ချန်သည် အမွေးပွလေးအား ကြည့်ကာ အပြုံးတစ်ခုနှင့် မေးဖြစ်သည်။

အမွေးပွလေးက ယဲ့ချန်အား ထူးထူးဆန်းဆန်း ပြန်ကြည့်လာပါ၏။

‘လင်ကျစ်ပင်ကို စိုက်မယ် ဟုတ်လား။ ယဲ့ချန် ရူးသွားတာများလား’ ဟူ၍ ပြောချင်နေသယောင်။

“ငါ မမေးခဲ့ဘူးပဲ ထားလိုက်တော့”

ယဲ့ချန်လည်း ကသိကအောက်နိုင်စွာ ရယ်လျက် ပြန်ပြောလိုက်ရသည်။

ချိုင့်ဝှမ်းအတွင်း နေရာချထားမှုသည် အစီအစဉ်တကျ ဖြစ်ပျက်နေပြီး ထူးခြားတာမရှိ။ ယဲ့ချန် နေထိုင်ရန်အတွက် အခန်းမှာ ဆောက်လုပ်ပြီးစီးနေပြီ ဖြစ်ရာ ယဲ့ချန်သည် သူ့အခန်းသို့ ပြန်ပြီး ဆေးဝါးဖော်စပ်ခြင်း ပညာကိုသာ ဆက်၍ လေ့လာနေခဲ့သည်။

ယဲ့ချန်သည် ဆေးလုံးသန့်စင်ပြီး ဖော်စပ်ရန် အသင့်ဖြစ်သောအခါ အလွယ်ကူဆုံး ချီစုဆောင်းဆေးလုံးမှ စတင်စမ်းသပ်ရန် ကြံရွယ်ထားသည်။ တတိယဦးလေး၊ ယဲ့ကျန့်ရှုံးအား ချီစုဆောင်းဆေးလုံး၏ ပါဝင်ပစ္စည်းများကို ဝယ်ယူထားရန် မှာကြားထားသည်။ ပမာဏ မနည်းသောကြောင့် သူ့အတွက် လေ့ကျင့်ရာ၌ မလုံလောက်မည်ကို ပူစရာမရှိပေ။

ယဲ့ချန်သည် “မဟာအဂ္ဂိရတ် ပညာ” စာအုပ်၏ ပထမစာရွက်အား ဖွင့်လိုက်သည်။ ထို့နောက် ချီစုဆောင်းဆေးလုံး၏ ဖော်စပ်နည်းအား အသေအချာ မှတ်သား ဖတ်ရှုလိုက်ပါ၏။

ပြင်ဆင်ရန် ကျန်ရှိသည့် တစ်ခုတည်းသော အရာမှာ မီးပြင်းဖို ဖြစ်သည်။ ယဲ့ချန် လက်မောင်းကာထဲရှိ မီးပြင်းဖိုကို အပြင်သို့ထုတ်ရန် ကြံရွယ်လိုက်သည်။ သို့သော် အချိန်ကြာမြင့်စွာ ကြိုးပမ်းပြီးသည့်တိုင် မီးပြင်းဖိုကား တုပ်တုပ်မျှပင် မလှုပ်။ နောက်ဆုံးတော့ မီးပြင်းဖိုသည် လက်မောင်းကာ အတွင်းရှိ နေရာလပ်နှင့် ချိတ်ဆက်ထား သကဲ့သို့ ရွှေ့ပြောင်း၍ မရကြောင်း ယဲ့ချန် နားလည်လိုက်ရသည်။

ယဲ့ချန် ဆွံ့အ သွားရပါ၏။ အပြင်သို့ ထုတ်၍မရမှတော့ သူ ထိုမီးပြင်းဖိုအား ဘယ်လိုလုပ် သုံးနိုင်ပါတော့မည်နည်း။ သို့တည်းမဟုတ် လက်မောင်းကာ အတွင်း၌ပင် ဆေးလုံးဖော်စပ်၍ ရခြင်းပေလော။

ထိုသို့ဆိုလျှင်တောင် သူ့အနေနှင့် လက်မောင်းကာအတွင်း မဝင်နိုင်ပေ။

လက်မောင်းကာ အတွင်းရှိ နေရာလပ်သည် ကောင်းကင်ပထဝီအိတ် အတွင်းရှိ နေရာလပ်နှင့် အတူတူပဲ ဖြစ်သည်။ သက်ရှိအရာများသာ ထိုနေရာလပ်အတွင်း ဝင်သွားသည်နှင့် တစ်ပြိုင်နက် သေဆုံးရမည် ဖြစ်သည်။

***

All Chapters