လက်မောင်းကာ၏ ရတနာဝိညာဉ်
Vol. 10 Ch. 132
ယဲ့ချန်သည် ဦးနှောက်အား အချိန်အတော်ကြာ အလုပ်ပေးပြီးသည့်တိုင် အဖြေကား ရှာမရသေး။ မူလပိုင်ရှင်သည် မီးပြင်းဖိုအား အဘယ့်ကြောင့် လက်မောင်းကာအတွင်း ထည့်ခဲ့သည် မသိပေ။ ထိုအချက်က နားလည်ရ ခက်နေသည်။
ထို့နောက် ယဲ့ချန် တစ်ခုတွေးမိသွားသည်။ လက်မောင်းကာ၏ အမည်က “ကောင်းကင်မီးလျှံ” ဖြစ်လေရာ လက်မောင်းကာ၏ ရတနာဝိညာဉ်ကရော မီးသဘာဝ ရှိနေမည်လော။
ခဏမျှ ထပ်မံ တွေးကြည့်ပြီးနောက် ယဲ့ချန် ဝိညာဉ် အသိအမြင်အား လက်မောင်းကာအတွင်း ဝင်ရောက်စေကာ လက်မောင်းကာ၏ ရတနာဝိညာဉ်နှင့် ဆက်သွယ်လိုက်သည်။ ရတနာဝိညာဉ်သည် အားနည်းနေဟန်ရပြီး မီးရောင်ဖျော့ဖျော့လေးသာ လင်းလက် နေနိုင်တော့သည်။
ဖြစ်နိုင်တာက ရတနာဝိညာဉ်တွင် ပိုင်ရှင်အသစ် မရှိသေးခြင်းပေလော။
ထိုရတနာဝိညာဉ်မှ သူ့အား နာခံလာစေရန် ဘာလုပ်ရမည်ကို ယဲ့ချန် ကြံရာမရ ဖြစ်သွားသည်။
ယဲ့ချန်သည် ဝိညာဉ် အသိအမြင်ကို သုံးကာ ရတနာဝိညာဉ်နှင့် ဆက်သွယ်ကြည့်ရန် ကြိုးပမ်းသည်။ သို့သော် ဝိညာဉ် အသိအမြင်က အနီးသို့ တိုးကပ်သွားတိုင်း ရတနာဝိညာဉ်သည် အလိုမရှိဟန်ဖြင့် ပြန်လည် ဆုတ်ခွာသွားတတ်သည်။ ကြည့်ရသည်မှာ ဝိညာဉ် အသိအမြင်နှင့် အလုပ်ဖြစ်ပုံ မပေါ်ပေ။ ထိုသို့အတွေးနှင့် ယဲ့ချန်သည် ဝိညာဉ် အသိအမြင်အစား သူ၏ အသိစိတ် အပိုင်းအစကို အစားသုံးကာ ရတနာဝိညာဉ်နှင့် ဆက်သွယ်ကြည့်သည်။ သို့တိုင်အောင် တစ်နာရီမျှသာ ကြာသွားသည်၊ မအောင်မြင်သေးပေ။
ဒီရတနာဝိညာဉ်ကို ထိန်းချုပ်ဖို့ တကယ်ကိုပဲ ဘာလုပ်ဖို့ လိုနေတာလဲ။
ယဲ့ချန် ကြံရာမရစွာနှင့် နောက်ဆုံး ထျန်းချီစွမ်းအင်ကို သုံးကြည့်ဖို့ အတွေးပေါက်သွားသည်။ သို့နှင့် ယဲ့ချန်သည် ထျန်းချီစွမ်းအင်လှိုင်း တစ်လှိုင်းအား လက်မောင်းကာထဲသို့ ထည့်သွင်းလိုက်သည်။ ရတနာဝိညာဉ်သည် ထိုထျန်းချီ စွမ်းအင်လှိုင်းနှင့် ထိတွေ့မိချိန်၌ နိုးကြားလာဟန် ရသော်လည်း အဆုံးတွင်တော့ ပြန်လည် ငြိမ်သက်သွား၏။
ရတနာဝိညာဉ်သည် ထျန်းချီ စွမ်းအင်လှိုင်းကြောင့် ဆွဲဆောင်ခံလိုက်ရပုံ ပေါ်သော်လည်း အဆုံးတွင် အဘယ်ကြောင့် ပြန်လည် ငြိမ်သက်သွားရပြန်သနည်း။
ရုတ်တရက် ယဲ့ချန် အတွေးတစ်ချက် လက်သွားသည်။
မဟုတ်မှလွဲ ... မီးသဘာဝရှိတဲ့ ထျန်းချီစွမ်းအင်နဲ့မှ အလုပ်ဖြစ်မှာလား။
ယဲ့ချန်သည် တန့်ထျန်ထဲရှိ ကြယ်တာရာ ဘုံကိုးလွှာ၏ စွမ်းအင်ကိုးမျိုးအား လှည့်လည်လျက် ထျန်းချီများအား မီးသဘာဝရှိသည့် ထျန်းချီများအဖြစ် ပြောင်းလဲကာ လက်မောင်းကာထဲသို့ ပို့လွှတ်လိုက်သည်။ ရတနာဝိညာဉ်သည် မီးသဘာဝ ထျန်းချီအား အာရုံခံ မိသည်နှင့် ပျော်ရွှင်မှုဖြင့် ခုန်ပေါက်မြူးတူး နေသကဲ့သို့ အနှီမီး သဘာဝထျန်းချီအား လာရောက်ရစ်ပတ်ကာ ဝါးမျိုလေသည်။
ရတနာဝိညာဉ်၏ အလွန် တက်ကြွ ရွှင်မြူးနေပုံကြောင့် ယဲ့ချန်ပင် အံ့ဩသွားရသည်။
မီးသဘာဝ ထျန်းချီအား ဝါးမျိုပြီးသည့်နောက် ရတနာဝိညာဉ်သည် ယခင်ကထက် အားပြည့်လာဟန် ရကာ ၎င်း၏ အရောင်အဝါမှာလည်း တောက်ပလာခဲ့၏။
‘မင်းက မီးသဘာဝ ထျန်းချီတွေကို လိုအပ်တယ် ဆိုမှတော့ ငါကလည်း မင်းလိုသလောက် ပေးရုံပဲပေါ့’
ထိုသို့အတွေးနှင့် ယဲ့ချန်သည် ပီရှို့အား နှိုးဆွလိုက်သည်တွင် အကန့်အသတ်မဲ့သော ထျန်းချီလှိုင်းလုံးများသည် သူ၏ တန့်ထျန်အတွင်း အလုအယက် တိုးဝင်လာကြသည်။ ယဲ့ချန်က ထိုထျန်းချီ လှိုင်းလုံးများအား ကြယ်တာရာဘုံ ကိုးလွှာ၏ စွမ်းအင်ကိုးမျိုးမှ တစ်ဆင့် မီးသဘာဝ ထျန်းချီများအဖြစ် ပြောင်းလဲစေကာ လက်မောင်းကာထဲသို့ ပို့လွှတ်လိုက်သည်။
ရတနာဝိညာဉ်သည် ဧရာမ မီးသဘာဝထျန်းချီ လှိုင်းလုံးများကို အာရုံခံမိသော် ပို၍ အပျော်လွန်သွားရပြီး စိတ်လှုပ်ရှား တက်ကြွစွာနှင့် ၎င်းတို့အား ဝါးမျိုပါတော့သည်။ တဖြည်းဖြည်းနှင့် ရတနာဝိညာဉ်သည် တောက်ပနေသော မီးဘောလုံးလေးသဖွယ် ပေါက်ကွဲ ပွင့်ထွက်လာခဲ့သည်။ ယဲ့ချန်ပင် အံ့ဩတကြီး ဖြစ်ရသည် အထိပါပင်။ သို့သော် ရတနာဝိညာဉ်သည် သူ့အား သခင်အဖြစ် အသိအမှတ် ပြုလောက်ပြီးဖြစ်ရာ ကလန်ကဆန် ပြုလာမည်ကိုတော့ စိုးရိမ်စရာ မရှိပါချေ။ ရတနာဝိညာဉ်သည် မီးသဘာဝထျန်းချီ စွမ်းအင်များကို ပို၍ ဝါးမျိုပြီးသည်နှင့်အမျှ ယဲ့ချန်နှင့် ၎င်းအကြား၌ ဆက်သွယ်မှုတစ်ခု ဖြစ်လာသယောင် ရှိသည်။ ရတနာဝိညာဉ်၏ ဉာဏ်ရည် အသိစိတ်သည် ကြက်သွေးရောင် ကောင်းကင်ကျား၊ မိုးကြိုးတစ္ဆေ သစ်နက်တို့နှင့် တန်းတူခန့်ရှိကြောင်း ယဲ့ချန် ရှာဖွေတွေ့ရှိခဲ့သည်။ မှော်သားရဲများကဲ့သို့ သက်ရှိမဟုတ်ဘဲ ထိုမျှ အသိစိတ်ရှိခြင်းက အထင်ကြီးစရာပင်။
၁၀ မိနစ်ကျော် ကြာသောအခါ ယဲ့ချန်နှင့် ရတနာဝိညာဉ် အကြားရှိ ဆက်သွယ်မှုမှာ ခိုင်မြဲထင်ရှားလာပြီး ယဲ့ချန် အလိုရှိသည့်အတိုင်း ၎င်းအား ညွှန်ကြား ထိန်းချုပ်နိုင်ပြီ ဖြစ်သည်။
ယဲ့ချန် ခေါင်းငုံ့လျက် ဘယ်ဘက်လက်မောင်းအား ကြည့်လိုက်လျှင် ကွဲပြားချက် တချို့ကို သတိထား မိသွားသည်။ လက်မောင်းကာ၏ မျက်နှာပြင်တွင် အနီရောင် အလင်းများသည် ရောင်စဉ် ဖြာနေသကဲ့သို့ ခပ်ဖျော့ဖျော့ လင်းလက်နေကြသည်။ ယဲ့ချန်က ဘယ်ဘက်လက်ဖြင့် လေထဲသို့ လက်သီးတစ်ချက် ပစ်ခွင်းကြည့်သည်တွင် အားကောင်းသော မီးသဘာဝ ထျန်းချီများသည် ရုတ်ခြည်း ပေါက်ကွဲထွက်လာကြ၏။ ကံကောင်းထောက်မစွာ ယဲ့ချန်သည် နံရံနှင့် ခပ်ဝေးဝေးတွင် ရပ်နေမိခြင်းကြောင့် မဟုတ်ပါက လက်သီးချက်ကြောင့် ဆောက်ထားပြီးကာစ အိမ်ပင် ပြိုကျသွားလောက်သည်။ သာမန်ကာလျှံကာ လက်သီးချက်လေးကပင် ထိုမျှ အားကောင်းနေရာ ရန်သူအား သေချာချိန်ရွယ်၍ အားပြင်းပြင်း ထိုးလိုက်ပါက လက်သီးချက်၏ ပြင်းအားသည် “တိမ်နီကောင်းကင်” နှင့်ပင် ယှဉ်နိုင်လောက်ပေသည်။
ထို့ပြင် လက်မောင်းကာ၏ နောက်ထပ်စွမ်းရည် တစ်မျိုးကိုလည်း ယဲ့ချန် ရှာတွေ့ခဲ့သည်။ မီးသဘာဝထျန်းချီများကို စုဆောင်းထားနိုင်ခြင်း ဖြစ်သည်။ သူက မီးသဘာဝ ထျန်းချီများကို လက်မောင်းကာအတွင်း ထည့်သွင်းထားလျှင် ရတနာဝိညာဉ်သည် ၎င်းစွမ်းအင်များကို စုပ်ယူလျက် သိုလှောင်ပေးထားမည် ဖြစ်ပြီး နောက်ပိုင်း တိုက်ပွဲအတွင်း လိုသလို ပြန်လည် အသုံးပြုနိုင်ပေမည်။ လက်မောင်းကာအပြည့် မီးသဘာဝထျန်းချီများ ထည့်သွင်းထားပါက တိုက်ပွဲထဲ၌ ဘယ်နှကြိမ် အသုံးပြုနိုင်မည် ကတော့ မသေချာပေ။ နောက်မှ စမ်းသပ်ကြည့်ရမည်။
ယဲ့ချန်သည် ပျော်ရွှင်စွာဖြင့် လက်မောင်းကာအား ပွေ့ဖက်လိုက်လျှင် ရတနာဝိညာဉ်သည် သူ့စိတ်ခံစားချက်အား အာရုံခံမိပုံ ရကာ စိတ်လှုပ်ရှားနေဟန် ပြုလာသည်။
ရတနာဝိညာဉ်သည် မီးသဘာဝ ထျန်းချီများကို ဆက်လက် စုပ်ယူနေဆဲ ဖြစ်ကာ လက်မောင်းကာ၏ မြင့်တက်လာနေသော အပူချိန်ကို ယဲ့ချန် ခံစားနေရသည်။ ရတနာဝိညာဉ်သည် ယခုထက်ထိ စိတ်ကျေနပ်ပုံ မပေါ်သေး။ ယဲ့ချန်က မီးသဘာဝ ထျန်းချီများကို ဘယ်လောက်များများ ထည့်ပေးလိုက်ပါစေ၊ ရတနာဝိညာဉ်သည် အကုန်အစင် စုပ်ယူသွားမြဲ။ နောက်ဆုံးတော့ လက်မောင်းကာ၏ မီးခဲသဖွယ် ပူလာသော အပူချိန်ကို သည်းမခံနိုင်တော့၍ ယဲ့ချန် ရပ်လိုက်ရသည်။
ရတနာဝိညာဉ်သည် စိတ်မကျေနပ်ဟန်ဖြင့် ညည်းညူလာသောကြောင့် ယဲ့ချန် ကူကယ်ရာမဲ့စွာသာ ရယ်မိတော့သည်။ လက်မောင်းကာသည် မည်သည့်အဆင့်ရှိ ဝိညာဉ်လက်နက် ဖြစ်မည်ကိုလည်း ပိုပြီး သိလိုလာရသည်။ သူကိုယ်တိုင် မြင့်မားသော ကျင့်ကြံဆင့် တစ်ခုသို့ ဝင်ရောက်ပြီးကာမှ လက်မောင်းကာ၏ စွမ်းအားအပြည့်ကို ထုတ်ဖော်နိုင်မည့်ပုံ ပေါ်သည်။
ရုတ်တရက် အကြံတစ်ခုက ယဲ့ချန်ခေါင်းထဲ ပေါ်လာသည်။ ရတနာဝိညာဉ်အား ကူညီစေပြီး ဆေးလုံးဖော်စပ်နိုင်လျှင် မည်သို့ ရှိမည်နည်း။
ယဲ့ချန် ထိုသို့ တွေးမိရုံ ရှိသေးသည်၊ မီးတောက်တစ်ခုသည် လက်မောင်းကာထဲရှိ မီးပြင်းဖိုအောက်တွင် ထွက်ပေါ်လာပြီး မီးပြင်းဖိုသည် တစ်ခဏချင်းအတွင်း ပူပြင်းလာတော့၏။
ဤနည်းလမ်းဖြင့် ဆေးဖော်စပ်ရခြင်းကား အမှန်ပင် မှော်ဆန်လှသည်။ ယဲ့ချန် လျင်မြန်စွာဖြင့် ချီစုဆောင်းဆေးလုံး ဖော်စပ်ရန် လိုအပ်သော ပါဝင်ပစ္စည်းများကို လက်မောင်းကာ အတွင်းရှိ နေရာလပ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် သူ့အတွေး တစ်ချက်နှင့်အတူ မီးပြင်းဖို၏ အဖုံးက ပွင့်သွားခဲ့သည်။ မကြာမီတွင်ပဲ ပါဝင်ပစ္စည်းများသည် မီးပြင်းဖိုအတွင်း ရောနှောလျက် ပျံသန်း ဝင်ရောက်သွားပြီး အဖုံးမှာ ပြန်ပိတ်သွားခဲ့၏။
မီးပြင်းဖို၏ အပူချိန်ကို ယဲ့ချန်သည် စိတ်ဖြင့် ဂရုတစိုက် ထိန်းညှိနေရသည်။
ချီစုဆောင်း ဆေးလုံးများကို ပြည့်ပြည့်စုံစုံ ဖော်စပ်သန့်စင်နိုင်ရန် သုံးရက်ခန့် အချိန်ပေးရလောက်သည်။
ပုံမှန်အားဖြင့် အလုပ်သင် ဆေးဝါးပညာရှင် တစ်ဦး၏ ဆေးဖော်စပ်မှု အောင်မြင်နှုန်းသည် ၂ ရာခိုင်နှုန်းနှင့် ၁၀ ရာခိုင်နှုန်း ကြားတွင်သာ ရှိပြီး အဆင့်မြင့် ဆေးဝါးပညာရှင် တစ်ဦး၏ အောင်မြင်နှုန်းကမူ ၈၀ ရာခိုင်နှုန်းအထိ ရှိသည်။ အလုပ်သင်ဆေးဝါး ပညာရှင်တစ်ဦးသည် ချီစုဆောင်းဆေးလုံး ၁ လုံးမှ ၁၀ လုံးအထိ တစ်ပြိုင်နက် ဖော်စပ်နိုင်သော်လည်း အဆင့်မြင့်ဆေးဝါး ပညာရှင်များကမူ တစ်ကြိမ်တည်းနှင့် ချီစုဆောင်းဆေးလုံး ထောင်ချီ၍ ဖော်စပ်နိုင်သည်။
ယဲ့ချန်သည် ဆေးလုံး ၁၀၀ စာ ပါဝင်ပစ္စည်းများကို မီးဖိုအတွင်း ထည့်ခဲ့ခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေ ထိုပါဝင်ပစ္စည်းများသည် သာမန်မျှသာဖြစ်ပြီး ဈေးသိပ်မကြီးလှရာ ပျက်စီးသွားလို့လည်း ကိစ္စမရှိပေ။ သူက ပထမဆုံး ဆေးဖော်စပ်မှု၏ ရလဒ်ကို မြင်ရရန်သာ စိတ်စောနေခဲ့သည်။
နာရီဝက်ခန့် ကြာသောအခါ ယဲ့ချန်သည် စိတ်ဖြင့် မီးပြင်းဖိုအား စစ်ဆေးကြည့်လိုက်သော် ပါဝင်ပစ္စည်းများ အားလုံး လောင်ကျွမ်း မည်းတူးကုန်ကြောင်း သိလိုက်ရလေသည်။
သူ၏ ပထမဆုံး ဆေးဖော်စပ်ခြင်းကား ခွက်ခွက်လန်အောင် ကျရှုံးသွားခဲ့လေပြီ။
ယဲ့ချန် စိတ်ပူပန်စွာဖြင့် မီးအား ငြိမ်းသတ်လိုက်ပြီး မီးပြင်းဖိုထဲရှိ မည်းတူးနေသော ပါဝင်ပစ္စည်းများကို ထုတ်ယူလိုက်သည်။ မနှစ်မြို့ဖွယ် အနံ့ကြီးက လေထုအတွင်း ပျံ့လွင့်လာသည်။
ယဲ့ချန်သည် “မဟာအဂ္ဂိရတ်ပညာ” စာအုပ်ထဲမှ နည်းလမ်းများအတိုင်း တစ်သဝေမတိမ်း လိုက်နာခဲ့သည့်တိုင် အဘယ့်ကြောင့် ထိုမျှမြန်မြန် ကျရှုံးသွားရပါသနည်း။ ခဏမျှ တွေးကြည့်ပြီးနောက် ပါဝင်ပစ္စည်းများ လောင်ကျွမ်း မည်းတူးသွားသည်ကို ယဲ့ချန် အမှတ်ရလိုက်သည်။ မီးအပူချိန် များသွားခြင်းများလား။
ကောင်းပြီလေ၊ ဒီလိုဆိုတော့လည်း မီးအပူချိန်ကို ထိန်းညှိဖို့ အရင်ဆုံး လေ့ကျင့်ရတာပေါ့။
ယဲ့ချန်သည် ပထမဦးဆုံး အကြိမ်တွင် ဆိုးရွားစွာ ကျရှုံးသွားခြင်းအပေါ် စိတ်ပျက်မိသော်လည်း ဖြေတွေးလိုက်ပါ၏။
အတန်ကြာသော် ယဲ့ချန် နောက်ထပ် ပါဝင်ပစ္စည်းများကို ပြင်ဆင်လိုက်သည်။ သူ တစ်ကြိမ်ကျရှုံးတိုင်း ငွေစ လျန် ၁၀၀ ကို ဆုံးရှုံးမည်ဖြစ်ပြီး ချီစုဆောင်းဆေးလုံး ၂ လုံးမျှကို အောင်အောင်မြင်မြင် ဖော်စပ်နိုင်လျှင်ပင် ကုန်ကျစရိတ်အား ကာမိမည် ဖြစ်သည်။
လက်မောင်းကာထဲတွင် ရွေ၊ ငွေ သေတ္တာများ အပြည့်ရှိနေ၍ ထိုမျှလောက်သော ပမာဏကို ယဲ့ချန်သည် ဂရုမစိုက်ပါချေ။ ဆေးဖော်စပ်ခြင်းအား ကောင်းကောင်း လေ့လာနိုင်သ၍ ပိုက်ဆံကား ပြဿနာမဟုတ်။
သူသည် ဒုတိယအသုတ် ပါဝင်ပစ္စည်းများကို ပြင်ဆင်ပြီး မီးပြင်းဖိုထဲသို့ ထည့်ခဲ့သော်လည်း ထပ်မံ ကျရှုံးလေသည်။
ထို့နောက် ... နောက်တစ်ကြိမ် ထပ်ကာ ကျရှုံးပြန်၏။
ထို့နောက်တွင်လည်း ထပ်ကာ ကျရှုံးသည်။
အကြိမ် ၃၀ ကျော် ကျရှုံးပြီးနောက်တွင်တော့ ဆေးဖော်စပ်ခြင်းသည် အမှန်ပင် ခက်ခဲကြောင်း ယဲ့ချန် နားလည်လာရသည်။ အဆင့်မြင့်ဆေးလုံးများ အကြောင်း မတွေးလေနှင့်ဦး၊ အခြေခံအကျဆုံး ချီစုဆောင်းဆေးလုံးကို ဖော်စပ်ရန်ပင် အလွန် ခက်ခဲလှချေသည်။
သို့သော်ငြားလည်း အကြိမ်ကြိမ် ကျရှုံးပြီးနောက် ယဲ့ချန်သည် အနည်းငယ်တော့ တိုးတက်လာခဲ့သည်။ အနည်းဆုံးတော့ နောက်ဆုံးတစ်ခေါက် သူ၏ ကျရှုံးမှုတွင် ပါဝင်ပစ္စည်းများသည် မီးပြင်းဖိုထဲ၌ ၂ နာရီကျော် ခံခဲ့ပြီး မည်းတူးမသွားခဲ့ပေ။
***