← Chapters

ဆေးဝါးပညာရှင် ဆရာရွှမ်းယီ

Vol. 10 Ch. 133

ဆေးဝါးပညာရှင် ဆရာရွှမ်းယီ

Vol. 10 Ch. 133

သေးငယ်သော တိုးတက်မှုလေး ဖြစ်စေကာမူ ယဲ့ချန်အား အပျော်လွန် နေစေသည်။ ဆေးဖော်စပ်မှုဖြစ်စဉ် တစ်ခုလုံး၌ သူ၏ မီးစွမ်းအင် ထျန်းချီအပေါ် နားလည်မှုသည် တိုးတက်ခဲ့ပြီး ကောင်းကောင်း ထိန်းချုပ်နိုင်လာသည်ဟု ခံစားရသည်။

ယဲ့ချန်သည် အခန်းထဲ၌သာ နေ့နေ့ညည အချိန်ကုန်နေခဲ့ပြီး မိသားစုဝင်များက စားသောက်ရန် ထမင်း၊ ဟင်းကိုပင် လာပို့ပေးရသည် အထိ ဆေးဖော်စပ်ခြင်း လက်တွေ့ စမ်းသပ်မှု၌ နစ်မြောနေခဲ့သည်။

အကြိမ်ကြိမ် ကျရှုံးမှုများက ယဲ့ချန်အား လက်လျှော့သွားစေဖို့ မစွမ်းနိုင်ပေ။ ဒုတိယဦးလေးနှင့် ယဲ့မုန့်တို့အတွက် သူသည် ဆေးဝါး ဖော်စပ်ခြင်းအား သေချာပေါက် အောင်မြင်မှ ဖြစ်ပေမည်။ လာမည့် ၂ နှစ်၊ ၃ နှစ်အတွင်း အဆိပ်ဖြေဆေးအား အောင်မြင်စွာ ဖော်စပ်နိုင်ဖို့က ယဲ့ချန်အတွက် အရေးအကြီးဆုံး ဦးစားပေးကိစ္စ ဖြစ်သည်။

‘ငါ ကျိန်းသေပေါက် အဆင့်မြင့် ဆေးဝါးပညာရှင် တစ်ယောက် ဖြစ်လာရမယ်’

အဆင့်မြင့် ဆေးဝါးပညာရှင် တစ်ယောက် ဖြစ်လာနိုင်ရန် ယဲ့ချန်သည် ဆေးဖော်စပ်ခြင်းတွင် ကျွမ်းကျင်ဖို့ သာမက ကမ္ဘာမြေရန် အဆင့်သို့ ရောက်နေဖို့လည်း လိုပေသည်။ ယဲ့ချန်အတွက် ကမ္ဘာမြေရန် အဆင့်သို့ ရောက်ရှိရန်မှာ သိပ်အခက်အခဲ မရှိသော်လည်း လမ်းညွှန်ပေးမည့် ဆရာမရှိဘဲ ဆေးဖော်စပ်ခြင်းကို လေ့လာရန်ကတော့ စိန်ခေါ်မှုကြီးတစ်ရပ် ဖြစ်နေသည်။

မည်သို့ပင်ဆိုစေ ယဲ့ချန်ကတော့ ဤစိန်ခေါ်မှုကြီးအား လက်ခံခဲ့ပြီး ဖြစ်လေသည်။

ယဲ့ချန်အခန်းထဲ၌ မီးပြင်းဖို မရှိနေသောကြောင့် မိသားစုဝင်များသည် သူတို့၏ ခေါင်းဆောင်တစ်ယောက် ဆေးဖော်စပ်ခြင်းအား လေ့လာနေကြောင်း မသိရှာကြ။ ထို့ကြောင့် သူတို့က ခေါင်းဆောင်သည် ကျင့်ကြံခြင်းတွင် ရက်ပေါင်းများစွာ ဈာန်ဝင်နေသည်ဟု ယူဆလျက် အထင်ကြီး နေကြသည်။

ချိုင့်ဝှမ်း၏ ထောင့်စွန်း တစ်နေရာတွင် ယဲ့မိသားစု၊ ကျန့်အိမ်ထောင်စုမှ မိသားစုဝင်များသည် ချီစုဆောင်းခြင်း အစီအရင်ဘေး၌ လေ့ကျင့်နေကြသည်။ ကြွယ်ဝပေါများသော ထျန်းချီ စွမ်းအင်များက သူတို့၏ ကျင့်ကြံနှုန်းအား ပုံမှန်ထက် အဆများစွာ မြန်ဆန်စေသည်။

“ဒီရက်တွေအတွင်း ချန်အာ ဘာတွေလုပ်နေလဲ မသိဘူး”

ယဲ့ချိန်ရွှမ်းသည် မျက်လုံးများ ပွင့်လာကာ မေးသည်။

“သူ့အခန်းထဲမှာပဲ နေ့တိုင်း ရှိနေတယ်။ ကျင့်ကြံနေတာ ဖြစ်လိမ့်မယ်”

ယဲ့ကျန့်ထျန်းက ပြန်ဖြေသည်။

“ကျင့်ကြံဖို့ဆိုရင် အခန်းထဲမှာ ကျင့်ကြံတာထက် ချီစုဆောင်းခြင်း အစီအရင်တွေ အနီးနားမှာ ကျင့်ကြံတာက ပိုမကောင်းဘူးလား”

ယဲ့ချန်ရွှမ်းသည် ဇဝေဇဝါဖြင့် ရေရွတ်လာသည်။

"ဒါတော့ မသေချာဘူး။ ကြားမိတာတော့ ချန်အာက မိသားစုထဲက လူငယ်လေးတွေကို ဦးဆောင်ပြီး တောအုပ်ထဲမှာ လင်ကျစ်ပင်တွေ စိုက်ဖို့ ပြင်ဆင်နေတယ် ဆိုလား”

ယဲ့ကျန့်ထျန်းသည် ပြန်ဖြေ၏။

“လင်ကျစ်ပင်တွေ စိုက်ဖို့ ဟုတ်လား”

ယဲ့ချိန်ရွှမ်းသည် ရုတ်တရက်ကြီး အော်ရယ်လေသည်။

“ချန်အာကတော့ လုပ်ပြီ။ လင်ကျစ်ပင်တွေကို ဘယ်လိုလုပ် စိုက်နိုင်မှာတဲ့လဲ။ လင်ကျစ်ဆိုတာက ထျန်းချီစွမ်းအင် အကြွယ်ဝဆုံး နေရာတွေမှာ သဘာဝအလျောက် ပေါက်တဲ့ ရတနာတွေ။ တခြား ဆေးဖက်ဝင် အပင်တွေလို စိုက်ပျိုးလို့မှ မရတာကြီး”

"တခြား မိသားစုဝင်တွေလည်း အဲဒီအကြောင်းကို ပြောပြပေမဲ့ ချန်အာက မယုံဘူးတဲ့လေ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ ...  ချန်အာကိုယ်တိုင်က စမ်းကြည့်ချင်နေတော့ ကျုပ်လည်း မတားရက်ပါဘူး”

ယဲ့ကျန့်ထျန်းသည် သားဖြစ်သူအား အစွမ်းကုန် အလိုလိုက်ထားသည့် ဖခင်တစ်ယောက်လိုမျိုး ရယ်လျက် ဆိုလာသည်။ ယဲ့ကျန့်ထျန်းက သူ့ကိုသူ ဖခင်တာဝန် မကျေပွန် သကဲ့သို့ အမြဲခံစား နေရသောကြောင့် အသေးအမွှား ကိစ္စများအတွက်နှင့် ယဲ့ချန်အား မတားဆီးလိုပေ။ ဖခင်တစ်ယောက် အနေနှင့် သူသည် သားသမီးများကို ကာကွယ်ပေးရမည့် အစား သားသမီး၏ ကာကွယ်မှုကို ပြန်လည် ခံယူနေရခြင်းကြောင့် အလျော်အစားအဖြစ် ယဲ့ချန် ဆန္ဒရှိသမျှကို သူက တတ်နိုင်သမျှ ဖြည့်ဆည်း ပေးလိုမိသည်။

"ချန်အာ လုပ်ချင်တာ လုပ်ပါစေ။ ဘာပဲဖြစ်ဖြစ် သူ့အစား မိသားစုဝင်တွေက တာဝန်ယူ ပေးနေတော့ သူ့အတွက် ကျင့်ကြံရမဲ့ အချိန်တွေထဲက မပဲ့သွားပါဘူး”

ယဲ့ချန်သည် အသက်ငယ်ငယ်နှင့် မလိုက်သည့် အံ့ဩဖွယ် ကျင့်ကြံဆင့်သို့ ရောက်နေပြီးဖြစ်ကြောင်း တွေးမိသောကြောင့် ယဲ့ချိန်ရွှမ်းက ပြောလိုက်သည်။

အချိန်က တစ်ရက်ပြီးတစ်ရက် ဆက်လက် ကုန်ဆုံးနေသည်။ တစ်လခန့် ကြာသောအခါ တုန်းလင်ပြည်နယ်၊ ဒုတိယမင်းသားနှင့် စစ်မှုရေးရာဝန်ကြီး လျိုခန်းတို့ သေဆုံးသည့် သတင်းက နန်းမြို့တော်သို့ ရောက်ရှိသွားပြီး ဧကရာဇ်မင်ဝူအား ဒေါသကြောင့် ထခုန်လုနီးနီး ဖြစ်သွားစေခဲ့သည်။

အနောက်ဘက်၊ ကျောက်စိမ်းမြို့တော်သည် နန်းမြို့တော်၏ ဥစ္စာဓန ကြွယ်ဝချမ်းသာသူများ စုရုံးနေထိုင်သည့် မြို့ကြီးဖြစ်သည်။ တုန်းလင်မြို့ထက် အဆ ၂၀ ခန့် ပိုကြီးပြီး အရှေ့ခရိုင်၊ အနောက်ခရိုင်၊ တောင်ပိုင်းခရိုင်၊ မြောက်ပိုင်းခရိုင်နှင့် ဗဟိုခရိုင်ဟူ၍ ခရိုင် ၅ ခု ခွဲခြားထားသည်။ အရှေ့၊ အနောက်၊ တောင်၊ မြောက်ခရိုင် ၄ ခုသည် ပြည်နယ်ဘက်ရှိ မြို့များကဲ့သို့ပင် လူစည်ကား သိုက်မြိုက်လျက် လွတ်လွတ်လပ်လပ် သွားလာနိုင်သည်။ ဗဟိုခရိုင်ကမူ တော်ဝင်နန်းတွင်း၏ အတွင်းနန်းတော် ဖြစ်ပြီး အပြင်ဘက် နံရံမြင့်မြင့်ကြီးများ၌ အစောင့်အကြပ် ထူထပ်စွာ ချထားသည်။

အတွင်းနန်းတော်ထဲတွင် တစ်စုံတစ်ယောက်သည် ကျယ်ပြောသော ကွင်းပြင်နှင့် တောင်ကုန်းများ၊ ရေကန်များ၊ မြစ်များ၊ အပြောက်အမွမ်း တန်ဆာဆင်ထားသည့် အဆောက်အအုံများ၊ တိုင်လုံးများ၌ ပန်းချီ ဆေးခြယ်ထားသော ဘုရားကျောင်းဆောင်များ၊ ရောင်စုံ လှသွေးကြွယ်ပါသည့် မီးပုံးပျံများ စသည်ဖြင့် ချမ်းသာကြွယ်ဝမှု၏ ပြယုဂ် မှန်သမျှကို တွေ့မြင်နိုင်ပေသည်။

အတွင်းနန်းတော်၏ မြောက်ဘက် တစ်နေရာ၌ သေးငယ်သော ကျွန်းတစ်ခုသည် ကျယ်ပြောသော ရေကန်၏ အလယ်တွင် ထီးထီး တည်ရှိနေပါ၏။ မြင့်မားသော အဆောက်အအုံ တချို့သည် ကျွန်းပေါ်တွင် ဆောက်လုပ်ထားပြီး ပတ်လည်၌ သဘာဝ၏ လှပသော တောင်တန်း ရေပြင်ကျယ်တို့ဖြင့် ကာရံထားသည်။ ကျွန်း၏ အလယ်ဗဟိုရှိ အဆောက်အအုံသည်ကား “ရွှမ်းအဆောင်တော်” ဟူ၍ အမည်ရပြီး အဆင့်မြင့် ဆေးဝါးပညာရှင် ဆရာရွှမ်းယီ၏ အဆောင် ဖြစ်ပေသည်။

အဆောင်၏ အနောက်ဘက်ခြံဝန်း အတွင်း မီးပြင်းဖို တစ်ခုအောက်၌ မီးလျှံများ အားပြင်းပြင်း တောက်လောင်နေပြီး လူငယ်တပည့်လေး တစ်စုသည် မီးပြင်းဖို အနီးနား၌ ကိုယ်စီတာဝန်များကို ဆောင်ရွက်ရင်း အလုပ်ရှုပ် နေကြသည်။ ထိုအချိန်တွင် ဆံဖြူများ ရောယှက်နေသော ဦးခေါင်းဖြင့် အသက်ကြီးကြီး လူကြီးတစ်ယောက်သည် ဝတ်ရုံဖြူကို ဆင်မြန်းလျက် လူငယ်တပည့်လေးများ၏ ဘေးတွင် တရားမှတ်နေခဲ့သည်။ မီးပြင်းဖိုမှ အလင်းရောင် ဟပ်နေသောကြောင့် လူငယ်တစ်ယောက်ကဲ့သို့ ကျန်းကျန်းမာမာနှင့် စိုညက်သော ထိုလူကြီး၏ အသားအရေကို မြင်နေရသည်။ ထိုလူကြီးကား အဆင့်မြင့် ဆေးဝါးပညာရှင် ဆရာရွှမ်းယီ ဖြစ်ပေသည်။ အမှန်တွင် ဆရာရွှမ်းယီသည် လေးစားထိုက်သော အကြီးအကဲတစ်ဦး ဖြစ်နေသည့်တိုင် သူနှင့် တွေ့ဖူးသမျှသော လူတို့သည် ဆရာရွှမ်းယီ၏ စွမ်းအား အစစ်အမှန်ကိုတော့ တစ်ယောက်မျှ မှန်ကန်စွာ မခန့်မှန်း နိုင်ကြဖူးပေ။

“ဆရာ”

လီရှုသည် ထိုနေရာသို့ လျှောက်လာကာ ဆရာရွှမ်းယီအား နှုတ်ဆက်ပြီးနောက် လေးစားသမှုဖြင့် မတ်တတ်ရပ် နေခဲ့သည်။

"ဘာအကြောင်းရှိလို့ များလဲ”

တစ်ခဏမျှ ကြာသော် ဆရာရွှမ်းယီသည် မျက်လုံးများ ပွင့်လာကာ မေးသည်။

“ညီ ၅ နဲ့ ညီ ၆ က ဆရာအလို ရှိနေတဲ့ ဆေးဖက်ဝင် ပစ္စည်းတွေကို ရလာပါပြီ။ ကျွန်တော်က အဲ့ဒါတွေကို သိုလှောင်ရုံထဲ ထည့်ထားပေးတယ်”

လီရှု၏ အမူအရာထဲတွင် ကြောက်ရွံ့ဟန် မပါဝင်သော်လည်း သူသည် ဆရာရွှမ်းယီအား အဖေရင်း တစ်ယောက်သဖွယ် လေးစားသမှု ရှိကြောင်း သိသာလှသည်။

ထို့နည်းတူစွာပင် ဆရာရွှမ်းယီကလည်း သူ၏ တပည့်များအား သားသမီးအရင်းများ သဖွယ် ဆက်ဆံလေ့ရှိသည်။

“ကောင်းပြီ”

ဆရာရွှမ်းယီက တုံ့ပြန်ပြီးနောက် မျက်လုံးများ ပြန်မှိတ်သွားသည်။ သူသည် ကျင့်ကြံနေဆဲ အခြေအနေတွင် ရှိနေသောကြောင့် မတ်တတ်ရပ်၍ မရသေးပေ။

လီရှုသည် အတန်ကြာ တုံ့ဆိုင်းနေခဲ့ပြီး သူ့စိတ်ထဲတွင် ရှိနေသည့် အကြောင်းအရာကို ထုတ်ပြောသင့်၊ မပြောသင့် တွေဝေနေပုံ ရသည်။

“တခြား ပြောစရာ ရှိနေသေးရင် ပြောလေ”

ဆရာရွှမ်းယီက မေး၏။

“ဟုတ်ကဲ့။ အဲ့ဒါက ...  ကျွန်တော် တုန်းလင်ပြည်နယ်မှာ တပည့်သစ် သွားရှာတုန်းက တွေ့ခဲ့တဲ့ ပါရမီရှင် လူငယ်လေး အကြောင်းပါ။ အစကတော့ ကျွန်တော်က သူ့ကို ဆရာ့ဆီမှာ ထောက်ခံပေးဖို့ပေမဲ့ အခု သူက ပြဿနာရှာမိပြီး ဧကရာဇ်မင်ဝူရဲ့ ဒေါသကို ဆွမိသွားပုံပဲ”

"ဘယ်လို ပြဿနာမျိုးလဲ”

ဆရာရွှမ်းယီသည် အနည်းငယ် မျက်မှောင်ကြုတ် မိသွားရပြီး မေးသည်။ လီရှုက သူ့အား ထိုလူငယ်လေး၊ ယဲ့ချန်အကြောင်း ပြောပြစဉ်က ခက်ခက်ခဲခဲ ယုံကြည်ခဲ့ရသည်။ အကြောင်းမှာ လီရှု ပြောပြသကဲ့သို့ ထျန်းချီစွမ်းအင် အပေါ် ထိန်းချုပ်မှု အားကောင်းလှသော ပါရမီရှင်မျိုးကို ဆရာရွှမ်းယီပင် မကြုံဖူးခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူသည် ယဲ့ချန်အပေါ် စိတ်ဝင်စားမှု ရှိခဲ့သည်။ နောက်ထပ်တစ်ချက် အနေနှင့် ဆရာရွှမ်းယီသည် သူ့ပညာ အမွေအား ဆက်ခံရန် တပည့်တစ်ဦး အပူတပြင်း ရှာဖွေနေခြင်းမှာ အကြောင်းမဲ့တော့ မဟုတ်ချေ။

“သူက တုန်းလင်ပြည်နယ်ရဲ့ ဒုတိယမင်းသားနဲ့ စစ်မှုရေးရာ ဝန်ကြီးကို သတ်ခဲ့တယ်”

"သူကိုယ်တိုင် သတ်ခဲ့တာလား”

စစ်မှုရေးရာ ဝန်ကြီး၊ လျိုခန်းသည် ထျန်းချီအဆင့် ၁၀ အလယ်အလတ်ဆင့် ဖြစ်ကြောင်း သတိရသွား၍ ဆရာရွှမ်းယီသည် အံ့ဩစွာဖြင့် ပြန်မေးမိ၏။

“ကျွန်တော်ကြားထားတဲ့ သတင်းတွေ အရတော့ သူကိုယ်တိုင် သတ်ခဲ့တာပါ”

လီရှုသည်လည်း အတန်ငယ် စိတ်ရှုပ်ထွေးနေဟန်ဖြင့် ပြန်ဖြေလာသည်။ သူ ယဲ့ချန်အား နောက်ဆုံးတစ်ခေါက် တွေ့ခဲ့စဉ်က ထိုကောင်လေးသည် ထျန်းချီအဆင့် ၈ ထိပ်ဆုံးဆင့်မျှသာ ရှိသေးသည်။ ယဲ့ချန်သည် အချိန်သုံးလကျော် အတွင်း ထျန်းချီအဆင့် ၁၀ သို့ ရောက်ရှိ သွားနိုင်ခဲ့သည်လော။

"ပြဿနာ စဖြစ်ရတဲ့ အကြောင်းအရင်းကို စုံစမ်းကြည့်ပြီးပြီလား။ တကယ်လို့ လျိုရွှင်းနဲ့ လျိုခန်းဘက်က မှားတာဆိုရင် ငါ အဲဒီကလေးကို သေချာပေါက် ကာကွယ်ပေးဖို့ လိုတယ်။ ဒါပေမဲ့လို့ သူက ငါ့နာမည်ကိုသုံးပြီး တခြားလူတွေကို ရန်စနေခဲ့တာ ဆိုရင်တော့ ငါ့တပည့်အဖြစ် လက်ခံပေးဖို့ အရည်အချင်း မပြည့်မီဘူး”

ဆရာရွှမ်းယီသည် ခေါင်းဖြူ အဘိုးကြီးတစ်ဦး ဖြစ်နေသော်ငြား ထိုသို့သော ကိစ္စများကို ဆုံးဖြတ်ရာတွင် ပြတ်ပြတ်သားသား ရှိလှသည်။

"ကျွန်တော် ပြဿနာရဲ့ အရင်းအမြစ်ကို သေချာ သိပြီးပါပြီ။ ကျွင်းဝမ်နန်းတော်နဲ့ ယဲ့မိသားစုက အချိန်အကြာကြီး ရန်သူတွေ ဖြစ်ခဲ့ပုံပဲ။ ဆရာက ယဲ့ချန်ကို ရွေးချယ်လိုက်တော့ ဒုတိယမင်းသားက ယဲ့မိသားစုရဲတိုက်ကို စစ်တပ်နဲ့ဝိုင်းပြီး အမြစ်ဖြတ် ချေမှုန်းဖို့ ကြံခဲ့တယ်။ နောက်တော့ ယဲ့ချန်က ဒေါသမထိန်းနိုင်ဘဲ လျိုသားအဖကို သတ်ခဲ့မိ တော့တာပါပဲ”

လီရှုက ဖြစ်ရပ် တစ်ခုလုံးကို အသေးစိတ် ရှင်းပြသည်။

"ဒီလိုဆိုမှတော့ အဲဒီ့ကလေးက အပြစ်ဖို့ ခံရစရာ အကြောင်းမရှိဘူး”

ဆရာရွှမ်းယီသည် လီရှုအပေါ် အပြည့်အဝ ယုံကြည်သောကြောင့် လီရှု စုံစမ်းထားသော သတင်းအားလည်း သံသယ မရှိပေ။ သူက ပြောသည်။

“မင်ဝူ့ဆီကို သွားပြီး အကြောင်းကြားလိုက်။ သူ့ကိုပြော ...  ငါက ယဲ့ချန်ဘက်မှာ ရှိနေတယ်လို့။ ယဲ့ချန်က ငါ့ရဲ့ အလုပ်သင်တပည့် တစ်ယောက် ဖြစ်တာကြောင့် သူ့အနေနဲ့ စစ်မှုရေးရာ ဝန်ကြီးကို သတ်ခဲ့ရင်တောင် ကိစ္စကြီးမဟုတ်ဘူး”

ဆရာရွှမ်းယီသည်ကား သူ၏ အလုပ်သင် တပည့်များနှင့် ပတ်သက်လာလျှင် လွန်လွန်ကဲကဲ ကာကွယ်ပေးတတ်ကြောင်း သတင်းကြီးသည်မှာ အပို မဟုတ်ပါချေ။

"ယဲ့ချန်က ဆရာ့ရဲ့ တရားဝင် အလုပ်သင်တပည့် ဖြစ်မလာသေးဘူး။ ကျွန်တော်စိုးရိမ်တာ ဧကရာဇ်မင်ဝူက ... ”

လီရှု ဦးရေပြားမှာ ထုံလာသယောင် ခံစားရသည်။ ဧကရာဇ်မင်ဝူသည် ကောင်းကင်ရန်အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်နေသည်။ ဂူထဲတွင် အိပ်နေသောကျား၏ နှုတ်ခမ်းမွှေးအား သွားဆွဲမိ သကဲ့သို့ ဖြစ်မည်လည်း စိုးရသည်။ ယဲ့ချန်က ဒုတိယမင်းသား တစ်ဦးတည်းကို သတ်ခဲ့လျှင်ပင် ဤပြဿနာက ဒီလောက် ရှုပ်မည်မဟုတ်ပေ။ စစ်မှုရေးရာ ဝန်ကြီးပါ ပါနေသည်က အခြေအနေကို ရှုပ်ထွေးသွားစေသည်။

"ငါကိုယ်တိုင် သူ့ကို အလုပ်သင် တပည့်ပါလို့ လက်ခံပြီးမှတော့ ဘယ်သူကမှ လာငြင်းခုံခွင့် မရှိဘူး။ စာတစ်စောင် ရေးပေးလိုက်မယ်။ မင်းကိုယ်တိုင် မင်ဝူ့ဆီကို ယူသွားပေးလိုက်ပါ”

ဆရာရွှမ်းယီက လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ဆိုသည်။ ဆရာရွှမ်းယီကသာ လူတစ်ယောက်အား ကာကွယ်ပေးရန် ဆုံးဖြတ်ထားပါက ဧကရာဇ် မင်ဝူသည်ပင် ငြင်းဆန်ဖို့ ခဲယဉ်းလှသည်။ မည်သို့ပင်ဆိုစေ အဆင့်မြင့်ဆေးဝါး ပညာရှင်တစ်ယောက်သည် ရှီဝူအင်ပါယာ အတွက် အလွန်အရေးပါပြီး စစ်မှုရေးရာဝန်ကြီး တစ်ယောက်မျှ ဆုံးရှုံးရခြင်းက အဆင့်မြင့်ဆေးဝါး ပညာရှင်နှင့် လုံးဝမယှဉ်သာပေ။

***

All Chapters