စာတစ်စောင်
Vol. 10 Ch. 134
ဆရာဖြစ်သူ၏ စိတ်ဆုံးဖြတ်ပြီးဟန် ရသော စကားကြောင့် လီရှုသည် ဘာမှ ထပ်မပြောတော့ဘဲ ခေါင်းညိတ်ကာ အပြင်ဘက်၌ သွားစောင့်နေ၏။
အတန်ကြာသော် ဆရာရွှမ်းယီထံမှ စာကိုယူပြီး ထိုက်ချန်နန်းဆောင်သို့ ထွက်ခွာသွားတော့၏။
ကြီးမားသော နန်းဆောင်ကြီး၏ ခန်းမအတွင်း နန်းတွင်း အမှုထမ်းများသည် ဘေးနှစ်ဖက်တွင် သီးခြားရပ်နေကြပြီး ကြောက်ရွံ့မှုကြောင့် လှုပ်ပင် မလှုပ်ရဲကြပေ။ ထိုအချိန်တွင် ရွှေရောင်ချပ်ဝတ်တော်ဖြင့် ဧကရာဇ် မင်ဝူသည်ကား ခန်းမဆောင် အလယ်၌ ဒေါသထွက်နေပုံဖြင့် ထိုင်နေခဲ့သည်။
ဧကရာဇ်မင်ဝူသည် အရပ်ရှည်ရှည်၊ တောင့်တင်းသော ကိုယ်ဟန်နှင့် အသက် ၄၀ အရွယ် ဖြစ်ပြီး ဖိနှိပ်နိုင်သော အရှိန်အဝါများ ထုတ်လွှင့် နေလေသည်။ ရှီဝူအင်ပါယာသည် မူလတည်းက စစ်ရေးအင်အားအပေါ် အခြေတည်သောကြောင့် ဧကရာဇ်၏ ဝတ်ရုံတော်ကလည်း ရွှေရောင်ချပ်ဝတ်သဏ္ဌာန် ဖြစ်နေရခြင်းပင်။
“မိသားစု သေးသေးလေးက လူကတောင် တော်ဝင်နန်းတွင်းရဲ့ အထက်ဆင့်အမှုထမ်း နှစ်ယောက်ကို သတ်ရဲနေပြီ။ ဘယ်လောက်တောင် အတင့်ရဲ နေသလဲလို့”
ဧကရာဇ်မင်ဝူသည် ဒေါသဖြင့် ကြိမ်းမောင်းလေသည်။
“မင်းတို့ ဒီကိစ္စကို ဘယ်လိုထင်ကြလဲ။ စစ်တပ်ကို ဦးဆောင်ပြီး ယဲ့မိသားစုကို ချေမှုန်းဖို့ သွားချင်တဲ့သူ ရှိရင် ပြောနိုင်တယ်”
ခန်းမဆောင်အတွင်း ရှိနေကြသော အမှုထမ်းအားလုံးသည် နန်းတွင်းရေးရာ၌ နောကျေနေသည့် မြေခွေးအိုကြီးများ ဖြစ်ကြသည်။ ဧကရာဇ်မင်ဝူသည် ထိုသတင်းအား ကြားပြီးသည်မှာ ရက်အနည်းငယ် ရှိပြီဖြစ်၍ တကယ်တမ်း ယဲ့မိသားစုအား ချေမှုန်းလိုပါက စစ်တပ်ကို စေလွှတ်ပြီးလောက်လေပြီ။ သို့သော် မလုပ်ခဲ့။ အကြောင်းအရင်းမှာ ထိုပြစ်မှု ကျူးလွန်သူ လူငယ်လေးသည်ကား ဆရာရွှမ်းယီ ရွေးချယ်ထားသော အလုပ်သင်တပည့် ဖြစ်နေသောကြောင့် ဖြစ်သည်။ ဧကရာဇ်မင်ဝူသည် ဆရာရွှမ်းယီထံမှ တုံ့ပြန်မှုကို စောင့်ကြည့်လိုသောကြောင့် ယခုထက်ထိ မလှုပ်ရှားသေးခြင်း ဖြစ်သည်။ ထိုသည်ကို အမှုထမ်းများထဲမှ တစ်ယောက်ယောက်က အလိုက်မသိပါဘဲ ရှေ့ထွက်၍ ထင်မြင်ချက်ပေးပြီး စစ်တပ်ကို ဦးဆောင်ကာ ယဲ့မိသားစုသို့ သွားခဲ့ပါက ဧကရာဇ်နှင့် ဆရာရွှမ်းယီကြားထဲ ကြားညှပ်ပြီး အဆုံးသတ် ကောင်းလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် အမှုထမ်းအားလုံးသည် ဧကရာဇ်နှင့် အကြည့်ချင်း မဆုံစေရန် ခေါင်းငုံ့ထားကြလျက် ကြောက်ရွံ့ချင်ယောင် ဆောင်နေကြလေသည်။
ဝန်ကြီးချုပ်ဖြစ်သော ချိုးယင်းသည် ခန်းမဆောင်၏ ထောင့်တစ်နေရာတွင် ရပ်ရင်း စိတ်ပျက်နေရသည်။ စာပို့သိမ်းငှက် သူ့ထံသို့ ရောက်လာချိန်တွင် လျိုခန်းနှင့် လျိုရွှင်းတို့မှာ သေသွားနှင့်ကြလေပြီ။ သူသည် ထိုသားအဖနှင့် ရင်းနှီးလှသည်တော့ မဟုတ်သော်လည်း သူတို့က တစ်လှေတည်း စီးနေကြသူများဟု ဆိုနိုင်သည်။ သို့ဖြစ်၍ ထိုသားအဖ၏ သေဆုံးမှုက ချိုးယင်း အတွက်လည်း ထိုးနှက်ချက်ကြီး ဖြစ်ခဲ့သည်ပင်။ အမှန်အတိုင်း ဝန်ခံရလျှင် ချိုးယင်းသည် ဧကရာဇ်မင်ဝူအား တိုက်တွန်းပြီး ယဲ့မိသားစုအား အမြစ်ပြတ် ချေမှုန်း ပစ်လိုက်ချင်သည်။ သို့ရာတွင် အခြေအနေက ထိုမျှ မရိုးရှင်းလေရာ သူသည်လည်း အခြားသော အမှုထမ်းများကဲ့သို့ တိတ်ဆိတ်စွာ ခေါင်းငုံ့ထားရုံသာ တတ်နိုင်တော့သည်။
တချို့သော လူများက ဆရာရွှမ်းယီ၏ နောက်ခံအကြောင်း မသိလောက်သော်လည်း ချိုးယင်းကတော့ သေသေချာချာကို သိထားသည်။ ဆရာရွှမ်းယီသည် ကမ္ဘာမြေရန် ထိပ်ဆုံးဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည့်အပြင် ဆရာသခင်အဆင့် ဆေးဝါးပညာရှင် တစ်ယောက် ဖြစ်ပြီး အရှေ့ဘက် ကုန်းမြေတိုက်ကြီး၏ လျှို့ဝှက်ဂိုဏ်း တစ်ခုမှ ဆင်းသက်လာသူ ဖြစ်သည်။ ပုံမှန်ဆိုလျှင် ဆရာရွှမ်းယီကဲ့သို့ ပုဂ္ဂိုလ်က ရှီဝူအင်ပါယာတွင် နေထိုင်စရာအကြောင်း မရှိပါချေ။ ဧကရာဇ်မင်ဝူသည် ဆရာရွှမ်းယီနှင့် အတန်အသင့် ရင်းနှီးပြီး အကျိုးအမြတ် များစွာဖြင့် ကမ်းလှမ်းထားသောကြောင့် ဆရာရွှမ်းယီကို ဆွဲထားနိုင်ခဲ့ခြင်း ဖြစ်သည်။ ဆရာရွှမ်းယီထံမှ ဆေးလုံး ထောက်ပံ့မှုဖြင့် ရှီဝူအင်ပါယာတွင် ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူများ ပေါ်ထွက်လာနိုင်ခဲ့ရာ ဧကရာဇ်မင်ဝူသည် ဆရာရွှမ်းယီအား စိတ်ကျေနပ်မှု ပေးနိုင်အောင် သတိထား နေရသည်။ အကယ်၍ ဆရာရွှမ်းယီကသာ ကောင်စုတ်လေး၊ ယဲ့ချန်အား ကာကွယ်ပေးရန် ဆုံးဖြတ်ခဲ့ပါက အင်ပါယာ၏ ဝန်ကြီးချုပ်ဖြစ်သော ချိုးယင်းကိုယ်တိုင် သေပေးလျှင်ပင် ယဲ့ချန်အား အပြစ်ပေးနိုင်လိမ့်မည် မဟုတ်။ တုန်းလင်ပြည်နယ်၊ ဒုတိယမင်းသားနှင့် စစ်မှုရေးရာ ဝန်ကြီးတို့၏ အသက်များကား ပမွှားလေးသာ ဖြစ်သွားပေမည်။
ထိုအချိန်တွင်ပဲ ရွှေရောင်ချပ်ဝတ်ဖြင့် နန်းတွင်းအစောင့် တစ်ဦးသည် ခန်းမဆောင် အတွင်းသို့ ဝင်ရောက်လာကာ ကျယ်လောင်စွာဖြင့် သတင်းပို့လေသည်။
“လျှောက်တင်ပါတယ်။ ရင်းပေ့ပြည်နယ်ရဲ့ ဒုတိယမင်းသား၊ ရင်းမုန့်ထျန်းက တွေ့ခွင့်တောင်း နေပါတယ်”
“ဝင်ခွင့်ပြုလိုက်”
ဧကရာဇ်မင်ဝူ၏ စိတ်အခြေအနေက သိသိသာသာ ပိုကောင်းသွားပုံ ပေါ်သည်။ ရင်းမုန့်ထျန်းသည် ယခင်ဧကရာဇ်၏ လက်ထပ်ကတည်းက ဖြောင့်မတ်မှန်ကန်သည့် အမှုထမ်းတစ်ဦး ဖြစ်ခဲ့ပြီး ရင်းပေ့ပြည်နယ်မှ ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူ အများစုသည် အင်ပါယာအား ကာကွယ်ရင်း အသက်ပေးခဲ့ရသည်။ ထို့ကြောင့် ရင်းမုန့်ထျန်းသည် ဧကရာဇ်မင်ဝူ အယုံကြည်ရဆုံးသော လူများထဲမှ တစ်ဦး ဖြစ်လာခဲ့၏။
အတန်ကြာသောအခါ ခရီးပန်းနေဟန် ရသော အသွင်ဖြင့် ရင်းမုန့်ထျန်းသည် ခန်းမဆောင်ထဲသို့ ဝင်ရောက်လာသည်။
"နှုတ်ဆက်ပါတယ် အရှင်မင်းကြီး”
ရင်းမုန့်ထျန်းသည် လက်နှစ်ဖက်အား ဆုပ်လျက် ဒူးထောက်ပြီး အရိုအသေ ပြုသည်။
"ထပါ။ ဦးလေးရင်း အရမ်း ယဉ်ကျေးနေဖို့ မလိုဘူး”
ဧကရာဇ်မင်ဝူက လက်တစ်ဖက် ဝှေ့ယမ်းရင်း ဆိုသည်။
ရင်းမုန့်ထျန်းအား မြင်လိုက်ရသည်နှင့် ချိုးယင်း၏ မျက်နှာတစ်ပြင်လုံး စိမ်းပြာသွားရသည်။ ထိုလူအိုကြီးအား ကျောက်စိမ်းမျှော်စင်ထဲမှ ပြန်ထွက်လာပြီး ကတည်းက သတ်ခဲ့သင့်သည်။ ယခုမှတော့ နောင်တရရန် နောက်ကျနေလေပြီ။
"ကျွန်တော်မျိုးမှာ အရှင်မင်းကြီးကို လျှောက်တင်ဖို့ အကြောင်းအရာ တချို့ ရှိနေပါတယ်”
ရင်းမုန့်ထျန်းသည် လေးစားသမှုရှိစွာ တုံ့ပြန်ပြီး စာတစ်ထပ်ကို ထုတ်လာသည်။
“ကိုယ်တော့်ဆီ ယူခဲ့”
ဧကရာဇ်မင်ဝူက အမိန့်ပေးလိုက်လျှင် ခန်းမဆောင်၏ ထောင့်တွင် အသင့်ရပ်နေသော ရွှေရောင်ချပ်ဝတ်ဖြင့် နန်းတွင်းအစောင့်သည် ရင်းမုန့်ထျန်းထံမှ စာများကို ယူပြီး ဧကရာဇ်မင်ဝူထံ တစ်ဆင့်ခံ ဆက်သပေးသည်။
ထိုစာများအား တစ်စောင်ပြီးတစ်စောင် ဖတ်ရင်း ဧကရာဇ်မင်ဝူ၏ အမူအရာသည် ပို၍ပို၍ နက်မှောင်လာရကာ အေးစက်ပြင်းထန်သော အရိပ်အငွေ့များကြောင့် ခန်းမဆောင်၏ အပူချိန်ပင် ကျဆင်းလာသည့်နှယ် ရှိသည်။ အမှုထမ်းများ အားလုံး ထိတ်လန့်သွားရပြီး သတိအပြည့်နှင့် ထိုစာများထဲတွင် ပါဝင်သည့် အကြောင်းအရာကို ခန့်မှန်း ကြည့်မိကြသည်။ သည်တစ်ကြိမ်တွင်လည်း သူတို့ထဲမှ ဘယ်တစ်ယောက်က ကံဆိုးမိုးမှောင် ကျရဦးမည် မသိပေ။ နန်းတွင်း အမှုထမ်းများ အတွက် ရင်းမုန့်ထျန်းသည် အိပ်မက်ဆိုးကြီး တစ်ခုသဖွယ် ဖြစ်ပေသည်။ ရင်းမုန့်ထျန်း၏ တရားလွန် ဖြောင့်မတ်မှုကြောင့် ရာထူးပြုတ်ခဲ့ရသော အမှုထမ်းများ၊ ဒုတိယအဆင့် မင်းသားများ မနည်းတော့ပေ။
ခန်းမဆောင်အတွင်းရှိ လေထု အနေအထားက စိတ်မသက်မသာ ဖြစ်ဖွယ် တစ်မျိုးတစ်ဖုံ ထူးဆန်းနေတော့သည်။ ဧကရာဇ်မင်ဝူထံမှ ဆုံးဖြတ်ချက်အား စောင့်ဆိုင်းနေရင်းဖြင့် ရင်းမုန့်ထျန်းသည် အတန်ငယ် စိုးရိမ်လာရသည်။ အခြေအနေက အဆိုးဘက်သို့ ဦးတည်တော့မည့်ဟန် ရသည်။ ရင်းမုန့်ထျန်းသည် ခေါင်းမော့ကာ စကားစလိုက်၏။
“အရှင်မင်းကြီး ... ”
“ဦးလေးရင်း ဘာမှ ထပ်ပြောစရာ မလိုတော့ဘူး။ ကိုယ်တော် ဆုံးဖြတ်ပြီးပြီ”
ဧကရာဇ်မင်ဝူသည် လက်တစ်ဖက် မြှောက်လျက် ရင်းမုန့်ထျန်းအား ဟန့်တားရင်း ဆိုသည်။
ဧကရာဇ်မင်ဝူသည် ထိုစာများအား နန်းတွင်း အမှုထမ်းများထံ မပြသသည်ကို ကြည့်ကာ ရင်းမုန့်ထျန်း၏ မျက်နှာမှာ ဖြူဖျော့လာရသည်။ ဧကရာဇ်သည် ထိုကိစ္စအား ဖုံးကွယ်ထားလိုဟန် ရသည်။ ဧကရာဇ်မင်ဝူ၏ စိတ်နေ သဘောထားအရ သူ့အာဏာစက်အား ထိပါးလာသည့် ယဲ့မိသားစု၏ အပြုအမူအား သည်းခံမည် မဟုတ်ပေ။
“အရှင်မင်းကြီး မကြာသေးခင်က ကျွန်တော်မျိုး အန္တရာယ် ကျရောက်ချိန်တုန်းက ယဲ့မိသားစုက မိတ်ဆွေလေး ယဲ့ချန်က အသက်ကို ကယ်ပေးခဲ့ဖူးပါတယ်။ ဒါတင် မကသေးပါဘူး ... မိတ်ဆွေလေးယဲ့ချန်က အရမ်းကိုမှလည်း ပါရမီ ရှိပါသေးတယ်။ သူက ... ”
ဧကရာဇ်မင်ဝူသည် ရင်းမုန့်ထျန်း၏ အတင့်ရဲမှုကြောင့် ပို၍ စိတ်မကြည်မသာ ဖြစ်လာရသည်။ ရင်းမုန့်ထျန်းက အရေးပေးခံရသောကြောင့် ရောင့်တက်လာသည်ဟုပင် ခံစားလာရ၏။
“ယဲ့မိသားစု” ဟူသော စကားရပ်ကို ကြားကာမှ ခန်းမဆောင်ထဲရှိ နန်းတွင်း အမှုထမ်းများသည် သက်ပြင်းချမိကြသည်။ ရင်းမုန့်ထျန်း၏ ကံဆိုးမှုအား ဝမ်းသာအားရစွာဖြင့်ပင် တွေးမိကြသေး၏။
‘ရင်းမုန့်ထျန်းက အရူးပဲ။ ဒီအချိန်မှာ ဧကရာဇ် ဒေါသထွက်နေတာကို သိရဲ့သားနဲ့ ယဲ့မိသားစုဘက်က ပြောပေးရဲသေးတယ်’
ဧကရာဇ်မင်ဝူ၏ ဒေါသက အထွတ်အထိပ်သို့ ရောက်လုနီးနီးတွင်ပဲ နန်းတွင်းအစောင့်တစ်ဦး ဝင်လာကာ သတင်းပို့ပြန်သည်။
“လျှောက်တင်ပါတယ်။ ဆရာလီက တွေ့ခွင့်တောင်း နေကြောင်းပါ”
ဧကရာဇ်မင်ဝူသည် စိတ်ဝင်တစားဖြင့် မျက်ခုံးပင့်ကာ ဆို၏။
“ဝင်ခွင့်ပေးလိုက်”
အတန်ကြာသော် နန်းတွင်းအစောင့်က ဆရာလီအား ခန်းမဆောင် အတွင်းသို့ လမ်းပြ ခေါ်ဆောင်လာသည်။
“နှုတ်ဆက်ပါတယ် အရှင်မင်းကြီး”
"အစောင့်တွေ ... ဆရာလီအတွက် ထိုင်ခုံတစ်လုံး ယူခဲ့”
ဧကရာဇ်မင်ဝူသည် ကျေနပ်နေသော အမူအရာဖြင့် အမိန့်ပေး၏။ လီရှုသည် ဆရာသခင်အဆင့် ဆေးဝါးပညာရှင် မဖြစ်သေးသော်ငြား ဆရာရွှမ်းယီ၏ သင်ကြားမှုအောက်တွင် အနှေးနှင့်အမြန် ဖြစ်လာမည်သာ။ ဆရာသခင်အဆင့်သို့ တက်လှမ်းပြီးသောအခါ ရှီဝူ အင်ပါယာတွင် ဆက်နေထိုင်ရန် ကမ်းလှမ်းနိုင်ရေး အတွက် ဧကရာဇ်မင်ဝူသည် လီရှုအား လေးစားသမှုဖြင့် ဆက်ဆံလေ့ရှိသည်။
ခန်းမဆောင် အတွင်း၌ နန်းတွင်း အမှုထမ်းများစွာ ရှိနေသော်ငြား တစ်ယောက်မျှ ထိုင်ခွင့်မရကြပေ။ ဆေးဝါးပညာရှင် ဖြစ်ရခြင်းကား အမှန်ပင် လူလေးစား ခံရလေသည်။ အမှုထမ်းများသည် လီရှုအား အားကျစွာဖြင့် ကြည့်နေကြသည်။
“ကျေးဇူးပါပဲ အရှင်မင်းကြီး”
လီရှုကလည်း ရိုသေသမှုဖြင့် ပြန်ပြောသည်။ သူသည် ဆရာရွှမ်းယီ၏ တပည့်ကြီး ဖြစ်လျှင်ပင် အင်ပါယာ၏ အရှင်အပေါ် လေးစားမှုတချို့ ပြသဖို့တော့ လိုသေးသည်။
လီရှု၏ တုံ့ပြန်ပုံကို မြင်သော် ဧကရာဇ်မင်ဝူသည် စိတ်ကျေနပ်စွာ ပြုံးရင် အမေးရှိလာ၏။
“ဘာအကြောင်းများရှိလို့ ဒီကို ရောက်လာတာလဲဆိုတာ သိခွင့်ရှိမလား ဆရာလီ”
“ကျွန်တော့်ဆရာက အရှင်မင်းကြီးအတွက် စာတစ်စောင် ပို့ဆောင်ခိုင်းလိုက်ပါတယ်။ ဆရာက ကျွန်တော်ကိုယ်တိုင် ပို့ဆောင်ပေးဖို့ အထူး ညွှန်ကြားထားတာကြောင့်ပါ”
ဧကရာဇ်မင်ဝူသည် ဆရာရွှမ်းယီထံမှ စာအား လက်ခံယူပြီး တည်တည်ငြိမ်ငြိမ်ဖြင့် တစ်ချက် ဖတ်ကြည့်၏။
ပြဇာတ်၏ ဇာတ်ရှိန်အမြင့်ဆုံး အခန်းသို့ ရောက်လာတော့မည် ဖြစ်ရာ နန်းတွင်း အမှုထမ်းများသည် စာထဲ၌ ဆရာရွှမ်းယီ ဘာရေးထားမည်ကို သိချင်စိတ် ပြင်းပြ လာကြတော့သည်။
ငြိမ်းငြိမ်းချမ်းချမ်း အမူအရာ တစ်ခုက ဧကရာဇ်မင်ဝူ၏ မျက်နှာထက်၌ ပေါ်လာပြီးလျှင် သူသည် ရယ်ကာ ပြောလာလေသည်။
“ဒီကိစ္စကြောင့်နဲ့ ဆရာရွှမ်းယီက မင်းကို ကိုယ်တော့်ဆီ လွှတ်လာလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး။ ထားပါလေ ဒီကိစ္စနဲ့ ပတ်သတ်လို့တော့ ကိုယ်တော် ဆုံးဖြတ်ပြီးပါပြီ”
ထိုနေရာအရောက်တွင် ဧကရာဇ်မင်ဝူ၏ မျက်နှာထားသည် ခက်ထန်သွားခဲ့ကာ အမိန့်ပေး၏။
“မင်းသားရင်းရဲ့ တင်ပြမှုကြောင့် ကိုယ်တော့်ဆီမှာ သက်သေ အထောက်အထားတွေ ရထားတယ်။ တစ်ယောက်က တုန်းလင်ပြည်နယ်ရဲ့ ဒုတိယအဆင့်မင်းသား၊ နောက်တစ်ယောက်က စစ်မှုရေးရာဝန်ကြီး ဖြစ်နေပါရက်နဲ့ ပြည်သူတွေရဲ့ ကောင်းကျိုးကို ဆောင်ရွက်ရမဲ့အစား တိုင်းတစ်ပါးက ရန်သူတွေနဲ့ ဆက်သွယ်နေခဲ့တယ်။ အစောင့်တွေ ... တုန်းလင်ပြည်နယ်၊ ဒုတိယမင်းသား လျိုရွှင်းနဲ့ စစ်မှုရေးရာဝန်ကြီး လျိုခန်းရဲ့ ပုန်ကန်မှု သက်သေ အထောက်အထားတွေကို နန်းတွင်းအမှုထမ်းတွေ အားလုံး မြင်နိုင်အောင် ဖြန့်ဝေပေးလိုက်”
***