ဆေးဖော်စပ်မှု ကျရှုံးခြင်း
Vol. 10 Ch. 135
မကြာမီ၌ ရင်းမုန့်ထျန်း ယူဆောင်လာသော စာများသည် ခန်းမဆောင်အတွင်း ပျံ့နှံ့သွားပြီး အမှုထမ်းများ အားလုံး ဖတ်ရှုကာ စတင် ဆွေးနွေးကြတော့သည်။
ရင်းမုန့်ထျန်း အပျော်လွန် သွားရသည်။ ဧကရာဇ် ထိုစာလွှာများအား အမှုထမ်းများထံ ပြသသည် ဆိုကတည်းက ယဲ့မိသားစု ဘေးကင်းပြီ ဖြစ်သည်။ သူသည် ဆရာလီထံ တစ်ချက် လှမ်းကြည့်မိ၏။ ဆရာရွှမ်းယီသည် ယခုထိတိုင် ယဲ့ချန်အား တန်ဖိုးထားဆဲ ဖြစ်ကြောင်း သိသာပေသည်။
အတန်ကြာပြီးနောက် ဧကရာဇ်မင်ဝူသည် သူ့ဆုံးဖြတ်ချက်အား ကြေညာခဲ့သည်။ တုန်းလင်ပြည်နယ်၊ ဒုတိယမင်းသား လျိုရွှင်းနှင့် စစ်မှုရေးရာဝန်ကြီး၊ လျိုခန်းတို့သည် ၎င်းတို့လုပ်ခဲ့သော အပြစ်ကြောင့် သေတာထက် ပိုထိုက်တန်သည်။ ရင်းမုန့်ထျန်းသည် သက်သေ အထောက်အထားနှင့်တကွ ဖော်ထုတ်ခဲ့သော အကျိုးဆောင်မှုကြောင့် ရွှေစ လျန် ၁၀၀၀၀ ချီးမြှင့်ခြင်း ခံရသည်။ ယဲ့မိသားစုသည်လည်း အင်ပါယာအတွက် အကျိုးဆောင်ခဲ့သောကြောင့် ယဲ့ကျန့်ထျန်းသည် တုန်းလင်ပြည်နယ်၏ ဒုတိယမင်းသားအသစ် ဖြစ်လာပြီး သားဖြစ်သူ ယဲ့ချန်ကမူ ရွှေစ လျန် ၃၀၀၀ ချီးမြှင့်ခြင်း ခံရမည် ဟူ၍။
တော်ဝင်နန်းတွင်းရှိ အတွေ့အကြုံ များလှသော အမှုထမ်းများသည် ထိုဆုံးဖြတ်ချက်ကို ကြားရသည့်နောက် အခြေအနေကို ရိပ်စားမိကာ ဧကရာဇ်အား မြေခွေးအိုကြီးဟု သမုတ်မိကြသည်။ ကြည့်ရသလောက် မကြာသေးခင်က ဧကရာဇ်၏ ဒေါသနှင့် စိတ်မကြည်သာမှုများသည် ဟန်ဆောင်နေခြင်း သက်သက်သာ ဖြစ်လောက်သည်။ ဧကရာဇ်၏ ရည်ရွယ်ချက်မှာ ဆရာရွှမ်းယီထံမှ တုံ့ပြန်မှုကို စောင့်ချင်ရုံသာ ဖြစ်ပြီး ဆရာရွှမ်းယီကသာ ယဲ့ချန်အား လျစ်လျူရှု ထားပါက ရင်းမုန့်ထျန်း ယူဆောင်လာသော သက်သေများသည်ပင် အရေးပါ အရာရောက်လိမ့်မည် မဟုတ်။ ထိုသို့မဟုတ်ဘဲ ဆရာရွှမ်းယီက ယဲ့ချန်အား ကာကွယ်ပေးလာပါက လျိုသားအဖ၏ သေဆုံးမှုကို ဧကရာဇ်က မျက်စိမှိတ် နားပိတ်လျက် ကျော်လွှားပေးလိုက်မှာ ဖြစ်သည်။ အမှုထမ်းများသည် ခေါင်းမော့ကြည့်မိရာဝယ် ကျေကျေနပ်နပ်ကြီး ပြုံးနေသော ဧကရာဇ်အား မြင်လိုက်ကြ၍ သည်တစ်ကြိမ်၌ ဆရာရွှမ်းယီထံမှ အကျိုးအမြတ်တချို့ ရလိုက်ကြောင်း ခန့်မှန်းမိသွားကြသည်။ ထိုမျှကောင်းသော အခွင့်အရေးကို အသုံးချကာ ဆရာရွှမ်းယီထံမှ တစ်စုံတစ်ရာရရန် ဧကရာဇ်သည် သေချာပေါက် အလွတ်ပေးမည် မဟုတ်ပေ။
ဒုတိယမင်းသား ရာထူးအား ယဲ့ကျန့်ထျန်း ရရှိသွားခြင်းကတော့ မထူးဆန်းပါချေ။ ဆရာရွှမ်းယီသည် သူ၏ မတော်ရသေးသော အလုပ်သင် တပည့်လေးအား အလွန်အလေးထားပုံ ပေါ်သောကြောင့် ထိုတပည့်လေး၏ ပါရမီကလည်း ဆရာရွှမ်းယီ၏ အာရုံစိုက်မှုကို ခံရလောက်အောင် ထူးခြား၍သာ ဖြစ်ရမည်။ သဘာဝကျကျ ပြောရလျှင် ယဲ့ကျန့်ထျန်းသည် သားဖြစ်သူကြောင့် အကျိုးအမြတ် ခံစားခဲ့ရခြင်း ဖြစ်သည်။
နောက်ဆုံးတွင်တော့ ရင်းမုန့်ထျန်းသည် စိတ်အေး သွားနိုင်လေပြီ။ ယဲ့ကျန့်ထျန်းသည် ဒုတိယမင်းသားရာထူး ရရှိခဲ့ခြင်းကို တွေးကာ ဤဖြစ်စဉ်ကား ယဲ့မိသားစုအတွက် ကောင်းချီးတစ်ခုပင် ဖြစ်သွားသည်ဟု တွေးမိသည်။
ထိုအချိန်တွင် ချိုးယင်းသည် တင်းမာခက်ထန်သော အမူအရာနှင့် အံကြိတ်နေရုံသာ တတ်နိုင်သည်။ ယဲ့မိသားစုသည် ဤအခြေအနေမှ လွတ်မြောက်ကာ ဆုလာဘ်များပင် ရရှိသွားမည်ဟု သူ ယုံပင် မယုံနိုင်ပေ။ အနာဂတ်၌ ထိုကောင်လေး ယဲ့ချန်သည် သူ့အတွက် ခေါင်းကိုက်စရာ ပြဿနာတစ်ခု ဖြစ်လာမည်ကို မြင်ယောင်နေသည်။
အခြေခံအားဖြင့် အင်ပါယာ အသီးသီး၏ တော်ဝင် မိသားစုများသည် မင်းမျိုးမင်းနွယ် မိသားစုနှင့် အင်ပါယာအတွင်းရှိ အင်အားကြီး မိသားစုကြီးများ ပေါင်းစပ်ထားခြင်း ဟူသောအချက်မှာ တူညီကြသည်။ တစ်ခုတည်းသော ကွဲပြားချက်မှာ တော်ဝင်မိသားစု လက်အောက်၌ ထိန်းချုပ်ထားသော မြေနေရာပိုင်နက် အနည်းအများသာ ဖြစ်သည်။ ပိုင်နက်များများကို ထိန်းချုပ်နိုင်လေလေ တော်ဝင်မိသားစု၏ အင်အားကို တိုးချဲ့ရန်နှင့် အခြားသော လိုအပ်ချက်များ အတွက် အရင်းအမြစ်များများ ရလေလေ ဖြစ်သည်။ အင်ပါယာတစ်ခု ကြာရှည် တည်တံ့ခြင်း၊ မတည်တံ့ခြင်းမှာ အင်ပါယာ အတွင်းရှိ အင်အားစုများ အားလုံးကို ထိန်းချုပ်ရန် အင်အားကြီးမိသားစု ဘယ်လောက်များများက တော်ဝင်မိသားစုဘက်၌ ရပ်တည်နေသလဲ ဟူသော အချက်နှင့် တိုက်ရိုက် သက်ဆိုင်သည်။
ရှီဝူအင်ပါယာ၏ တော်ဝင်မိသားစုသည် နှစ်ပေါင်း ၁၀၀၀၀ နီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်ကာ ထိုအချိန်အတွင်း အင်ပါယာထဲရှိ မည်သည့် မိသားစုကမှ တော်ဝင်မိသားစု၏ ဩဇာတိက္ကမအား မလွှမ်းမိုး နိုင်ခဲ့သလို အိမ်နီးချင်း နိုင်ငံများသည်လည်း မကျူးကျော်ဝံ့ခဲ့။ သို့သော် ယခုတွင်တော့ တချို့အရာများက ပြောင်းလဲခဲ့လေပြီ။ ထိုပြောင်းလဲမှုများ ကြောင့်သာ မဟုတ်ပါက ဧကရာဇ်မင်ဝူသည် ဆရာရွှမ်းယီ၏ ထောက်ပံ့မှုအပေါ် များစွာ မှီခိုနေမည် မဟုတ်ပေ။
တော်ဝင်မိသားစု၊ အတွင်းနန်းဆောင်၏ စာဖတ်ခန်း အတွင်း၌ ...
“ဦးလေးရင်း ... ကိုယ်တော့်ကို ယဲ့မိသားစုရဲ့ သား၊ ယဲ့ချန်အကြောင်း အသေးစိတ် ပြောပြနိုင်မလား။ သူက ဘယ်လောက်ထိ ပါရမီရှိလဲ”
ဧကရာဇ်မင်ဝူက မေးသည်။ ညီလာခံ ခန်းမဆောင်ထဲမှ ထွက်လာပြီးနောက် သူ နည်းနည်းတော့ စိတ်သက်သာရာ ရသွားခဲ့သည်။ ရင်းမုန့်ထျန်း၏ ကျင့်ကြံဆင့်က မမြင့်သော်လည်း သူသည် အင်ပါယာအပေါ် သစ္စာအရှိဆုံးသော အမှုထမ်းများထဲမှ တစ်ယောက် ဖြစ်သည်။ အရေးအကြီးဆုံးကတော့ ရင်းမုန့်ထျန်း၏ မျိုးရိုးနာမည်က “ရင်း” ဖြစ်နေခြင်းကြောင့် ဧကရာဇ်မင်ဝူ၏ မိသားစုဝင် တစ်ယောက်အဖြစ် ယူဆနိုင်ပေသည်။
“နားလည်ပါပြီ အရှင်မင်းကြီး။ ပြောရရင် မိတ်ဆွေလေး ယဲ့ချန်ရဲ့ ဆေးဖော်စပ်ခြင်းနဲ့ ပတ်သက်တဲ့ ပါရမီကို ကျွန်တော်မျိုး မသိပေမဲ့ ဆရာလီနဲ့ ဆရာရွှမ်းယီတို့ရဲ့ အပြုအမူကနေ တစ်ဆင့် အကဲဖြတ်ရရင် မိတ်ဆွေလေး ယဲ့ချန်က ဆေးဖော်စပ်ခြင်းမှာ ထူးထူးခြားခြား ပါရမီရှိတာမျိုး ဖြစ်ရမယ်။ ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး ပြောရရင်တော့ သူက ၁၇ နှစ်ပဲ ရှိသေးတာတောင် ထျန်းချီအဆင့် ၁၀ ကို ရောက်နေခဲ့ပြီ”
အသက် ၁၇ နှစ် အရွယ်၊ ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူ တစ်ယောက်၏ အရေးပါမှုကို ဧကရာဇ်မင်ဝူက ကောင်းကောင်း နားလည်သည်။ ယဲ့ချန်သည် အသက် ၁၇ နှစ် အရွယ်တည်းက ထျန်းချီအဆင့် ၁၀ သို့ ရောက်နိုင်သည်ဆိုလျှင် တစ်ချိန်ချိန်၌ ကောင်းကင်ရန်အဆင့်သို့ ရောက်လာနိုင်မည်မှာ မလွဲမသွေ ဖြစ်သည်။ ယဲ့ချန်သည်ကား အနာဂတ်တွင် ကောင်းကင်ရန်အဆင့်သို့ ရောက်ကို ရောက်လာမည့်သူ ဖြစ်သည်။
ဧကရာဇ်မင်ဝူသည် စားပွဲပေါ်သို့ လက်ချောင်းများနှင့် တဒေါက်ဒေါက် ခေါက်ရင်း အတွေးနက် နေခဲ့သည်။ အခြားသော အမှုထမ်းများ ယဲ့ချန်အကြောင်း ပြောခဲ့စဉ်က သူသည် သံသယ ဝင်ခဲ့သေးသော်လည်း ရင်းမုန့်ထျန်းကိုယ်တိုင် ပြောလာသော အခါတွင်မူ မတူညီတော့။ ရင်းမုန့်ထျန်း၏ စကားသည် အလုံးစုံ ယုံကြည်၍ ရနိုင်သည်။
“သူ့ရဲ့ အစွမ်းအစကို ဦးလေးရင်း ကိုယ်တိုင် မြင်ခဲ့တာလား”
“ဟုတ်ပါတယ်”
ရင်းမုန့်ထျန်းက ခိုင်မာစွာ ပြန်ဖြေသည်။
“ဒါတင်မကသေးဘူး။ မိတ်ဆွေလေး ယဲ့ချန်က မှော်သားရဲတွေကို ယဉ်ပါးစေနိုင်တဲ့ ထူးခြားဆန်းကြယ် ပညာရပ် တစ်မျိုးကိုလည်း သိထားပုံပဲ။ သူကိုယ်တိုင် အဆင့် ၁၀ ကြောင်နက်တစ်ကောင်ကို ယဉ်ပါးစေနိုင်တာကို ကျွန်တော်မျိုး မြင်ခဲ့ရတယ်”
ဧကရာဇ်မင်ဝူ၏ မျက်လုံးများထဲ ထူးဆန်းသော အလင်းတစ်ချက် လက်သွားသည်။ သူ ရရှိခဲ့သော သတင်းများထဲ၌ အဆင့် ၁၀ မှော်သားရဲများကို တုန်းလင်မြို့အတွင်း မြင်ခဲ့ရသည်ဟူသော သတင်းလည်း ပါရှိသည်။ ထိုမှော်သားရဲများသည် တစ်စုံတစ်ယောက်၏ ထိန်းချုပ်ခြင်းကို ခံထားရဟန်ရပြီး အလွန် အသိဉာဏ် မြင့်သည်ဟုလည်း သိရသည်။ ဧကရာဇ်မင်ဝူ၏ နှလုံးသားထဲ ပို၍ လေးလံလာသယောင် ခံစားလာရသည်။
“အဲဒီကောင်လေးက စည်းစိမ်အာဏာကို အလေးထားတဲ့ သူမျိုးလား ဒါမှမဟုတ် ဆက်ဆံရေးကို ပိုပြီး အလေးထားတဲ့ လူမျိုးလား”
ဧကရာဇ်မင်ဝူက တည်ငြိမ်စွာဖြင့် ထပ်မေးသည်။
“ကျောက်စိမ်းမျှော်စင်ထဲမှာ ကျွန်တော်မျိုးကို ချိုးယင်းနဲ့ လျိုသားအဖ လုပ်ကြံကြတုန်းက မိတ်ဆွေလေး ယဲ့ချန်က စွန့်စွန့်စားစားနဲ့ ကယ်ပေးခဲ့တယ်။ ယဲ့ချန်က သူ့ရဲ့ မိသားစုနဲ့ မိတ်ဆွေတွေကို အလေးထားတတ်တဲ့ သူမျိုးပဲ။ သူ့ရဲ့ ကြင်နာမှုကို ပြန်ပေးဆပ်နိုင်မဲ့ နည်းလမ်းတောင် မရှိတော့ပါဘူး”
ရင်းမုန့်ထျန်းသည် ချိုးယင်းတို့ လူစုအကြောင်း ပြောနေချိန်တွင် မျက်နှာက ခက်ထန်နေသော်ငြား ယဲ့ချန်အကြောင်း ပြောလာချိန်တွင်တော့ မျက်နှာထားမှာ နူးညံ့သွားခဲ့သည်။
‘သူက ဆက်ဆံရေးတွေကို အလေးထားတယ် ဆိုရင် ငါက သူ့ခံစားချက်ကို အသုံးချပြီး လွှမ်းမိုးမယ်။ တကယ်လို့ သူက စည်းစိမ်အာဏာတွေကို အလေးထားတယ် ဆိုရင်တော့ ငါကလည်း စည်းစိမ်အာဏာတွေကို အသုံးချပြီး သူ့ကို လွှမ်းမိုးရုံပဲပေါ့’
ထိုသို့အတွေးနှင့် ဧကရာဇ်မင်ဝူသည် ပီတိပြုံး ပြုံးပြီး ပြောလိုက်သည်။
“ဦးလေးရင်းကိုပဲ ကိုယ်တော့်အစား ယဲ့မိသားစုဆီ သွားပေးဖို့ အကူအညီ တောင်းရတော့မယ်။ လျိုသားအဖရဲ့ သေဆုံးမှု အတွက်ကတော့ ကိုယ်တော် အဲဒီကိစ္စကို ထပ်အစ မဖော်တော့ဘူး။ ချိုးယင်းကိုလည်း ကျိန်းသေ အပြစ်ပေးရမယ်။ ပြီးတော့ အဲဒီမိတ်ဆွေလေး ယဲ့ချန်ကိုလည်း နန်းမြို့တော်ကို အချိန်မရွေး လာနိုင်တယ်လို့ ပြောပေးပါ။ သူနဲ့ ကိုယ်တော်က အသက် သိပ်မကွာတော့ အချင်းချင်း စကားစမြည်ပြောရင်း ကျင့်ကြံခြင်းအပေါ် အသိအမြင်တွေကို မျှဝေနိုင်တာပေါ့”
ဧကရာဇ်၏ စကားကြောင့် ရင်းမုန့်ထျန်း၏ စိုးရိမ်ပူပန်မှုတို့မှာ လွင့်စဉ် ပပျောက်သွားပြီး စိတ်လှုပ်ရှားမှုတို့ အစားထိုး ဝင်ရောက်လာသည်။ သူက ဧကရာဇ်၏ သဘောထားကြီးမှု အတွက် အလျင်အမြန် ကျေးဇူးတင်လိုက်၏။
“အရှင်မင်းကြီးက ဉာဏ်ပညာ ကြီးမားလွန်းလှပါတယ်။ အရှင်မင်းကြီးရဲ့ အမှာစကားကို ကျွန်တော်မျိုး မိတ်ဆွေလေး ယဲ့ချန်ဆီ အမြန်ဆုံး အကြောင်းကြားလိုက်ပါ့မယ်”
ရင်းမုန့်ထျန်းသည် အလွန် စိတ်စောနေခဲ့ပြီး သူ့တွင် တောင်ပံတစ်စုံသာ ရှိပါက တုန်းလင်ပြည်နယ်သို့ အလျင်မြန်ဆုံး ပျံသန်း သွားချင်နေတော့သည်။
လဝက်ခန့် ကြာသောအခါ လျန်ယွင်တောင်တန်း အတွင်းဘက်၊ ချိုင့်ဝှမ်းထဲတွင် အတော်များများ ပြောင်းလဲခဲ့လေပြီ။ နေရာအနှံ့၌ သစ်သားအိမ်လေးများ ပြန့်ကျဲ တည်ရှိနေပြီး ရေကန်နံဘေး၌ ဆောက်လက်စ စံအိမ်ကြီး တစ်လုံးလည်း ရှိနေသည်။ ထိုဆောက်လက်စ စံအိမ်၏ ဘေးပတ်လည်သည်လည်း လယ်ယာမြေကွက်များ အဖြစ် ပြောင်းလဲသွားပြီ ဖြစ်ကာ ယဲ့မိသားစုဝင်များသည် အမျိုးမျိုးသော ကောက်ပဲသီးနှံများကို စိုက်ပျိုးထားကြသည်။
ချိုင့်ဝှမ်းတည်ရှိရာ နေရာသည် ပြင်ပလောကနှင့် သီးခြား ရှိနေသောကြောင့် ထူးထူးခြားခြားနှင့် ငြိမ်းချမ်းနေတော့သည်။
ယဲ့ချန်သည် အခန်းအောင်းနေဆဲ ဖြစ်ပြီး ဆေးဖော်စပ်ခြင်း၌သာ နစ်မြုပ်နေခဲ့သည်။ သို့သော်လည်း ချီစုဆောင်းဆေးလုံး တစ်လုံးမျှပင် အောင်အောင်မြင်မြင် ရရှိမလာဘဲ အကြိမ် ၈၀၀ ကျော် ကျရှုံးခဲ့ပြီး ဖြစ်လေသည်။ ယဲ့ချန်သည် မူလပိုင်ရှင် ချန်ထားရစ်ခဲ့သော မှတ်စုများကို ဖတ်ရှုရင်း လက်မောင်းကာ၏ ရတနာဝိညာဉ် အကြောင်း ပိုမို နားလည်လာခဲ့သော်ငြား ဆေးဖော်စပ်ခြင်းတွင် တိုးတက်မှုကား ဗလာနတ္တိ။
“မဟာအဂ္ဂိရတ် ပညာ” စာအုပ်ထဲရှိ နည်းလမ်းများနှင့် မူလပိုင်ရှင် ချန်ထားရစ်ခဲ့သော နည်းလမ်းများကြား ကွာခြားမှုများ ရှိနေကြောင်း တွေ့လိုက်ရသည်။ လက်မောင်းကာ၏ မူလပိုင်ရှင် ချန်ထားရစ်ခဲ့သော နည်းလမ်းများသည် ပို၍ ရှေးကျပြီး နက်နဲ သိမ်မွေ့သည်။ အခြေခံအကျဆုံး တေးလုံးဖြစ်သည့် ချီစုဆောင်းဆေးလုံးအား ဖော်စပ်နည်းကပင် မရိုးရှင်းပေ။
ထို့ကြောင့် ယဲ့ချန်သည် ထိုနည်းလမ်း နှစ်ခုကို ချိန်ဆ၍ စမ်းသပ်မှုများ ထပ်မံ ပြုလုပ်ခဲ့သော်လည်း ကျရှုံးနေမြဲသာ။
ယဲ့ချန်သည် သူ ဘယ်နှကြိမ်ခန့် ကျရှုံးခဲ့ပြီးသည် ကိုပင် မမှတ်မိ နိုင်တော့ချေ။
“ငါ မယုံနိုင်ဘူး။ ငါက ဆေးဖော်စပ်ခြင်းမှာ ပါရမီ နည်းနည်းလေးတောင်မှ မရှိဘူးဆိုတာ ဖြစ်နိုင်လို့လား။ အဓိပ္ပာယ် မရှိလိုက်တာ”
ယဲ့ချန်သည် စိတ်ဖိစီး လာရသည်နှင့်အတူ ရှုပ်ထွေးနေရသည်။ လီရှုသည်ပင် သူ့အား မြင့်မြင့်မားမား မျှော်မှန်းထားပုံ ရသောကြောင့် ဆေးဖော်စပ်ခြင်းတွင် သူသည် ပါရမီ အနည်းငယ်တော့ ရှိသင့်သည်။ သို့တိုင် သူ ဆေးဖော်စပ်သည့် အကြိမ်တိုင်း အဘယ့်ကြောင့် ကျရှုံး နေရပါသနည်း။
ယဲ့ချန် မသိသည်မှာ ဆေးဖော်စပ်ခြင်းအား လက်မောင်းကာထဲရှိ နေရာလပ်ထဲ၌ ပြုလုပ်ရခြင်းသည် အပြင်ဘက်၌ မီးပြင်းဖိုတစ်ခုဖြင့် ပြုလုပ်ရခြင်းနှင့် မတူညီခြင်းကိုပင်။ သူ့အနေနှင့် ရှေးဟောင်း ဆေးဖော်စပ်ခြင်း ပညာကိုသာ အသုံးပြုနိုင်ပြီး သာမန် ဆေးဖော်စပ်ခြင်း နည်းလမ်းများကို အသုံးပြုပါက ကျိန်းသေ ကျရှုံးမည် ဖြစ်သည်။
ယဲ့ချန်သည် နောက်တစ်ကြိမ် ထပ်မံ ကျရှုံးပြီးနောက် အနည်းငယ် စိတ်ဓာတ် ကျလာရသည်။ ဆေးဖော်စပ်ခြင်းတွင် သူ မဖမ်းဆုပ်နိုင်သေးသည့် လျှို့ဝှက်ချက်တစ်ခု ရှိနေခြင်းလော။ သို့တည်းမဟုတ် လမ်းညွှန်ပေးမည့် ဆရာတစ်ယောက် မရှိပါဘဲ အောင်မြင်စွာ ဆေးဖော်စပ်ရန် မဖြစ်နိုင်ခြင်းလော မပြောတတ်တော့ပေ။
***