ဝိညာဉ်စုဆောင်းဆေးလုံး
Vol. 10 Ch. 136
အကြိမ်ကြိမ်ကျရှုံးပြီးနောက် ယဲ့ချန်၏စိတ်က ပို၍ ပျာယာခတ်ကာ လှုပ်ရှားလာရသော်လည်း စိတ်အေးချမ်းစွာနှင့် တည်တည်ငြိမ်ငြိမ်နှင့် ဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ကို သူ သိပေသည်။ အစိုးမရသော စိတ်နှင့် ဆက်လုပ်နေပါက ကောင်းကောင်း လုပ်နိုင်လိမ့်မည် မဟုတ်ပေ။
ဝှစ် ...
မီးပြင်းဖိုအောက်ရှိ မီးလျှံသည် မြင့်တက်လာသော်လည်း အရမ်း ပြင်းထန်ခြင်းမရှိ။ ယဲ့ချန်က ဂရုတစိုက်နှင့် မီးအပူချိန်အား ထိန်းညှိနေချိန်တွင် ရတနာဝိညာဉ်ကလည်း ပူးပေါင်း ဆောင်ရွက်ပေးသည်။
ဆေးလုံးဖော်စပ်စဉ် အတွင်း ယဲ့ချန်သည် မရေမတွက်နိုင်သော နည်းလမ်းများကို စမ်းသပ်ကြည့်ခဲ့သည်။ ထို့ကြောင့် သည်တစ်ကြိမ်၌လည်း ယဲ့ချန်သည် ဝိညာဉ် အသိအမြင်အား မီးပြင်းဖိုထဲသို့ ထည့်သွင်းကာ ဆေးလုံးဖော်စပ်ရာတွင် အထောက်အကူ ရလို့ရငြား ကြိုးစားနေ၏။
မီးအပူချိန်အား ဝိညာဉ်အသိအမြင်ဖြင့် ကိုင်တွယ် ထိန်းညှိနေရင်း ယဲ့ချန်သည် သိမ်မွေ့သော ပြောင်းလဲမှုတစ်ခုကို သတိပြုမိလိုက်သည်။ ဝိညာဉ်အသိအမြင်သည် နည်းနည်းချင်းစီ ပြောင်းလဲလာခဲ့၏။ မတိုင်မီက ဝိညာဉ်အသိအမြင် မြင်နိုင်သော အသေးငယ်ဆုံး အရွယ်အစားမှာ ဆန်စေ့အရွယ်ထိသာ ဖြစ်သော်လည်း ယခုမူ ထို့ထက်ပိုသေးသော အရာဝတ္ထုများကိုပင် ခရေစေ့တွင်းကျ မြင်နိုင်လာသည်။
ယဲ့ချန်သည် ဆေးဖော်စပ်ခြင်းကို လေ့ကျင့်နေရင်း ဝိညာဉ်အသိအမြင်၌ တိုးတက်မှု ရှိသွားလိမ့်မည်ဟု မျှော်လင့်မထားမိပေ။ ထို့ကြောင့် သူ ပျော်ရွှင်သွားရသည်။
ထိုအချိန်တွင်ပဲ မီးပြင်းဖိုထဲရှိ ပါဝင်ပစ္စည်းများမှာ အဝါရောင်သို့ ပြောင်းလဲသွားသည်။
"သွားပြီ ... နောက်တစ်ကြိမ် ကျရှုံးပြန်ပြီ"
ယဲ့ချန် အလွန့်အလွန်ကို စိတ်ပျက်မိနေပြီ ဖြစ်သည်။ ပါဝင်ပစ္စည်းများ အဝါရောင်သို့ ပြောင်းလဲသွားသည့် အကြိမ်တိုင်း တဖြည်းဖြည်းနှင့် လောင်ကျွမ်း မည်းတူးသွားတတ်စမြဲ ဖြစ်သည်။ ယဲ့ချန်သည် လျင်မြန်စွာနှင့် ပါဝင်ပစ္စည်းများအား ရောမွှေလိုက်ပြီး ကောင်းကင်သန့်စင်ရေကို လောင်းထည့်လိုက်သည်။ သူသည် စိုးရိမ်စိတ် တစ်ဝက်နှင့် ဆေးဖော်စပ်ခြင်း လုပ်ငန်းစဉ်အတိုင်း ဆက်လက် ဆောင်ရွက်နေခဲ့သည်။
သို့တိုင် ... ဆေးလုံးကား အောင်အောင်မြင်မြင်နှင့် ထွက်မလာဘဲ ကျရှုံးနေမြဲသာ။
ယဲ့ချန်သည် လောင်ကျွမ်းမည်းတူးသွားသော အနက်ရောင် ပါဝင်ပစ္စည်းများကို ကြည့်ကာ တွေးမိသည်။
‘ဘယ်နေရာ၊ ဘယ်အဆင့်ကများ မှားယွင်းနေလို့ ဒီလိုမျိုး ဆက်တိုက်ကို ကျရှုံးနေရတာလဲ’
အကယ်၍ သူ့အား လမ်းညွှန်ပေးမည့် ဆရာတစ်ယောက်သာ ရှိခဲ့လျှင် ...
ထိုအတွေးနှင့် ယဲ့ချန် အနည်းငယ် စိတ်မကောင်း ဖြစ်မိသွားသည်။ ရုတ်တရက် မည်းတူးနေသော ဆေးဖက်ဝင်ပစ္စည်းများ အကြား ပကတိအတိုင်း ရှိနေသည့် ဆေးခဲလေး တစ်ခဲအား သူ တွေ့လိုက်ရပါ၏။
ယဲ့ချန် ခဏမျှ တွေးတောပြီးနောက် ထိုဆေးခဲလေးအား ထုတ်ယူကာ ကြည့်လိုက်ရာ ၎င်းသည် ဆေးလုံးနှစ်လုံး ဖြစ်နေခဲ့သည်။ ဆေးလုံးနှစ်လုံးသည် လက်ချောင်းတစ်ဝက်ခန့် အရွယ်ရှိပြီး နီညိုရောင်တောက်လျက် ထူးခြားသော ရနံ့တစ်မျိုးကို ထုတ်လွှတ်နေသည်။
ထိုဆေးလုံးများကား ချီစုဆောင်းဆေးလုံး ဟုတ်မနေပေ။
ယဲ့ချန် ကြောင်တောင်တောင်ပင် ဖြစ်သွားရသည်။ သူသည် သေချာပေါက်ကို ချီစုဆောင်းဆေးလုံး၏ ပါဝင်ပစ္စည်းများကို အသုံးပြုကာ ဆေးဖော်စပ်ခဲ့ပါသော်လည်း ထွက်လာသည်က ချီစုဆောင်းဆေးလုံး ဟုတ်မနေခဲ့။
ဒီဆေးနှစ်လုံးက စားလို့ရော ရရဲ့လားမသိဘူး။
ယဲ့ချန် တုံ့ဆိုင်းစွာ တွေးမိသည်။
“ကွိ ... ကွိ ... ”
အမွေးပွလေးသည် ယဲ့ချန်လက်ထဲရှိ ဆေးလုံးတို့ကိုမြင်သော် မျက်လုံးလေးများ ဝင်းပသွားပြီး အော်လေသည်။
“မင်းက ဒါကို စားချင်လို့လား”
ယဲ့ချန်သည် အံ့ဩသွားရကာ အမွေးပွလေးအား မေးမိ၏။
အမွေးပွလေးသည် စိတ်လှုပ်ရှားနေဟန်ဖြင့် ခေါင်းတဆတ်ဆတ် ညိတ်ရင်း ယဲ့ချန် ပခုံးထက်သို့ ခုန်တက်ကာ ၎င်း၏ လက်သည်းလေးများဖြင့် ဆေးလုံးထံ အတင်းကာရော လက်လှမ်းယူနေတော့သည်။
“မဖြစ်ဘူး၊ ဒီဆေးလုံးတွေကို ဂရုမစိုက်ဘဲ လျှောက်မစားရဘူး။ အရင်ဆုံး ဒါက ဘာဆေးတွေလဲ ဆိုတာ ငါ့ကို စစ်ဆေးချိန်လေး ပေးပါဦး”
ဆေးလုံးနှစ်လုံးအား လက်ဝါးထဲတွင် ကျစ်နေအောင် ဆုပ်သိမ်းရင်း ယဲ့ချန် ကမန်းကတန်း ငြင်းလိုက်ရသည်။ ဆေးနှစ်လုံးအား အမွေးပွလေး စားလိုက်ပြီးမှ အဆိပ်သင့်တာမျိုး ဖြစ်လာမည်စိုး၍ သူ့အနေနှင့် ဆေးအမျိုးအစားအား ဦးစွာ အတည်ပြုဖို့လိုသည်။
ယဲ့ချန်က ဆေးလုံးနှစ်လုံးအား သိမ်းဆည်းလိုက်သောကြောင့် အမွေးပွလေးသည် အရည်ရွှမ်းနေပါသည့် ပုလဲနက်သဖွယ် မျက်လုံးများနှင့် ဘေးမှနေ၍ သနားစဖွယ် စိုက်ကြည့်နေတော့သည်။
ယဲ့ချန်သည် အချိန်မဆွဲတော့ဘဲ လက်မောင်းကာ၏ မူလပိုင်ရှင် ချန်ထားရစ်သော မှတ်စုများကို လှန်ကာ အပြေးအလွှား ဖတ်ကြည့်ရသည်။
၃ နာရီခန့်ကြာပြီးနောက် ယဲ့ချန် စာလုံးတချို့အား ရှေးဟောင်းစာအုပ်ထဲတွင် မြင်လိုက်ရသည်။ ရှေးဟောင်းနည်းလမ်းအား အသုံးပြု၍ ဆေးဖော်စပ်ခြင်းသည် ကျရှုံးနိုင်ခြေ အလွန်များပြီး ဆေးဖော်စပ်မှု ဖြစ်စဉ်အတွင်း မျှော်မှန်း မထားသည်များလည်း ဖြစ်တတ်သည်။ ဥပမာအားဖြင့် ချီစုဆောင်းဆေးလုံး ဖော်စပ်ရာတွင် အဆင့်နိမ့် ဝိညာဉ်ဆေးလုံးများ ဖြစ်လာတတ်ပြီး တစ်ခါတစ်ရံ ထူးခြားဆန်းကြယ်သော ဝိညာဉ်စုဆောင်း ဆေးလုံးကဲ့သို့ အရာမျိုး ဖြစ်လာတာလည်း ရှိနိုင်သည်။ မည်သို့ပင်ဆိုစေ ချီစုဆောင်းဆေးလုံး၏ ပါဝင်ပစ္စည်းများဖြင့် ဖော်စပ်ထားသော ဆေးလုံးသည် ဘယ်သောအခါမှ အဆိပ်သင့်စေသော ဆေးလုံးမျိုး မဖြစ်တတ်ပေ။
ထိုမှတ်တမ်းများအရ ယဲ့ချန် တွေးမိသည်မှာ “မဟာအဂ္ဂိရတ်ပညာ” စာအုပ်ထဲရှိ နည်းလမ်းများသည် သမားရိုးကျ ဆန်လှသည်ဟု။ သို့တိုင်အောင် ရှေးဟောင်း နည်းလမ်းများဖြင့် ဆေးဖော်စပ်ဖို့ ဆိုသည်ကလည်း ခက်ခဲသည့်အပြင် လိုအပ်ချက်က များသေးသည်။ စစ်မှန်သော ယန်ချီမီးလျှံကို လိုအပ်သည်ဟု သိရ၏။
ယဲ့ချန်သည် စစ်မှန်သော ယန်ချီမီးလျှံ ဆိုသည်ကား ဘာကြီးမှန်း မသိသော်လည်း လက်မောင်းကာ၏ ရတနာဝိညာဉ်ထံမှ ထုတ်လွှတ်သော မီးလျှံများသည် သာမန်မီးလျှံများထက် အဆများစွာ ပိုပြင်းကြောင်း သတိပြုမိသည်။ ထိုမီးလျှံက ပြောကြသည့် စစ်မှန်သော ယန်ချီမီးလျှံ ဖြစ်နေနိုင်သည်။
အကြောင်းအရာတို့ကို မျိုးစုံ ခြုံငုံသုံးသပ်ပြီးသော် ယဲ့ချန် နားလည်သွားရသည်။
သူသည် “မဟာအဂ္ဂိရတ်ပညာ” စာအုပ်ထဲမှ နည်းလမ်းများကို သုံး၍ လက်မောင်းကာထဲရှိ မီးပြင်းဖိုနှင့် စမ်းသပ် နေမိခဲ့ခြင်းပင်။ ရတနာဝိညာဉ်ထံမှ ထုတ်လွှတ်သည့် စစ်မှန်သော ယန်ချီမီးလျှံသည် သာမန်မီးလျှံများထက် အဆများစွာ ပိုပြင်းလေရာ ပါဝင်ပစ္စည်းများ လောင်ကျွမ်းမည်းတူး သွားရသည်မှာ မထူးဆန်းတော့။ ထို့ပြင် လက်မောင်းကာ၏ မူလပိုင်ရှင် ချန်ထားရစ်ခဲ့သည့် ရှေးဟောင်းဆေးဖော်စပ်ခြင်း နည်းလမ်းသည် လေ့ကျင့်ရန် ခက်ခဲပြီး ကျရှုံးနိုင်နှုန်းကလည်း မြင့်သေးသည်။ သူ၏ စမ်းသပ်မှုမှန်သမျှ ခွက်ခွက်လန်အောင် အကြိမ်တိုင်း ကျရှုံးနေသည်မှာ အံ့ဩစရာ မရှိတော့ပါချေ။
နောက်ဆုံးသော စမ်းသပ်မှုတွင် ယဲ့ချန်သည် ထူးဆန်းသော ဆေးနှစ်လုံးကို ဖော်စပ်နိုင်ခဲ့သည်။ ထိုဆေးနှစ်လုံး၏ အာနိသင်အား ယဲ့ချန် သေချာမသိသော်လည်း အဆိပ်မရှိကြောင်းကိုတော့ သေချာသိသွားပြီ ဖြစ်သည်။
“ကောင်းပြီ၊ ငါ စစ်ဆေးပြီးပြီ။ ဒီဆေးနှစ်လုံးက အဆိပ်မရှိဘူး။ ငါတို့ တစ်ယောက်တစ်လုံးစီ စားကြည့်ပြီး ဘာဖြစ်လာမလဲဆိုတာ ကြည့်ကြတာပေါ့”
ယဲ့ချန်သည် ဆေးတစ်လုံးအား အမွေးပွလေး ပါးစပ်ထဲသို့ ထည့်ပေးလိုက်ပြီး ကျန်တစ်လုံးကိုတော့ သူကိုယ်တိုင် သောက်လိုက်သည်။
အမွေးပွလေးသည် ဆေးလုံးအား မျိုချပြီးသည်နှင့် ယဲ့ချန် ပခုံးထက်မှ ခုန်ဆင်းကာ ဘေးဘက်၌ ကျင့်ကြံနေတော့သည်။
ယဲ့ချန် ဆေးလုံးအား မျိုချပြီးရုံ အချိန်တွင်ပဲ သူ့ဝမ်းဗိုက်၌ မီးလျှံကဲ့သို့ တောက်လောင်နေသော ပူပြင်းမှုကို ခံစားလိုက်ရသည်။
‘ဘယ်လို ဆေးမျိုးပါလိမ့် ... အာနိသင်ကတော့ ပြင်းသားပဲ’
ရုတ်ခြည်းဆိုသလို တောက်လောင်နေသော မီးလျှံသည် ဝမ်းဗိုက်မှတစ်ဆင့် ဦးနှောက်သို့တိုင် ထိုးဖောက်ကာ ဖောက်ခွဲလိုက်ဟန် ရသည်။ မီးပွားများ နေရာအနှံ့ လွင့်စဉ်သွားသလို ခံစားချက်နှင့်အတူ ယဲ့ချန်သည် ဦးနှောက်အား အပ်လေးများနှင့် ထိုးနေသကဲ့သို့ နာကျင်မှုကို ခံစားလာရ၏။ ထိုနာကျင်မှုသည် သူ့အတွေးအမြင်များအား ပို၍ ရှင်းလင်းလာစေရန် တွန်းအားပေးနေပြီး သူ့အသိစိတ်သည် ကောင်းကင်ယံကို ကျော်လွန်ကာ စကြဝဠာထိ ထွင်းဖောက်သွားသည့်နှယ် ထင်မှတ်ရသည်။
ယဲ့ချန်၏ ဝိညာဉ် အသိအမြင်သည်လည်း ပို၍ သန်မာလာပြီး ချပ်ဝတ်နှင့် ဓားရှည်ကို ကိုင်ဆောင်ထားသော ဝိညာဉ်စစ်သည်တော်သည် ယဲ့ချန်၏ ဦးခေါင်းထက်တွင် ထွက်ပေါ်လာသည်။ ၎င်းက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်လျှင် အနီရောင်မီးလျှံများ တောက်လောင်လာပုံမှာ မီးစစ်သည်တော် အလား။ ဝိညာဉ်ပုံဖော်ခြင်း၏ စစ်မှန်မှုကလည်း အားကောင်းလာသည်။
ယဲ့ချန်သည် ဝိညာဉ် အသိအမြင်၏ တိုးပွားလာသော အင်အားများကို ခံစားမိ၏။ သူသည်ကား စစ်မှန်သော နတ်သူငယ်အဆင့် အရှင်သခင် အဖြစ်သို့ ခြေတစ်လှမ်း နီးကပ်လာသယောင် ရှိသည်။
ယဲ့ချန်၏ ဝိညာဉ် အသိအမြင်သည် ကောင်းကင်သားရဲများ၏ စိတ်ဝိညာဉ်နှင့် ကွဲပြားပြီး တိုက်ရိုက်နှိုင်းယှဉ်၍ မရပေ။
သို့သော်ငြား ဝိညာဉ် အသိအမြင်၏ အင်အားများ တိုးပွားလာသည်ကတော့ ဘယ်ရှုထောင့်က ကြည့်ကြည့် ကောင်းသော ကိစ္စရပ်သာ ဖြစ်သည်။
ထိုဆေးလုံး နှစ်လုံးကား ထူးခြားဆန်းကြယ်သော ဝိညာဉ်စုဆောင်းဆေးလုံး များလော။
ယဲ့ချန်၏ ဝမ်းဗိုက်သည် မီးစနှင့် အတို့ခံထားရ သကဲ့သို့ ပူလောင်နေဆဲဖြစ်ပြီး မသက်သာသေးပေ။ သူ လျင်မြန်စွာဖြင့် မှတ်စုစာအုပ်အား တစ်ဖန်ဖွင့်၍ ဝိညာဉ်စုဆောင်းဆေးလုံး အကြောင်း ရှာဖွေလိုက်သည်။
“ဝိညာဉ်စုဆောင်းဆေးလုံး : ချီစုဆောင်းဆေးလုံး ဖော်စပ်ခြင်းဖြစ်စဉ်၌ ထူးခြားသော အပြောင်းအလဲများကြောင့် ဖြစ်ပေါ်လာတတ်သည်။ ဆေးလုံးအား သောက်ပြီးနောက် ဝမ်းဗိုက်တစ်ဝိုက်၌ မီးလောင်ဒဏ် သင့်သကဲ့သို့ လအနည်းငယ်ကြာ နာကျင်နေမည် ဖြစ်သော်လည်း ဝိညာဉ်အား သန်မာလာစေသည်။ ၎င်းသည် ကျင့်ကြံခြင်းအား များစွာ အထောက်အကူပြုသော်လည်း ဆက်တိုက် စားသုံး၍မရ။ စားသုံးသူ၏ ဝိညာဉ်အား ထိခိုက်သွားစေနိုင်သည်”
မှတ်စုထဲရှိ အကြောင်းအရာတို့ကို ဖတ်ပြီးမှ သူ ဖော်စပ်မိခဲ့သည်မှာ အမှန်ပင် ဝိညာဉ်စုဆောင်းဆေးလုံး ဖြစ်ကြောင်း ယဲ့ချန် အတည်ပြုလိုက်နိုင်သည်။
မတိုင်မီက ယဲ့ချန်သည် ပါဝင်ပစ္စည်းများစွာကို ဖြုန်းတီးမိခဲ့သော်လည်း တန်ဖိုးရှိသည့် ဆေးလုံးနှစ်လုံးကို ဖော်စပ်နိုင်ခဲ့ရာ အနည်းဆုံးတော့ တန်ပေသည်။ အရှုံးမရှိပေ။
***