တကယ်ပဲ ကြီးထွားလာတယ်လား
Vol. 10 Ch. 137
ယဲ့ချန်သည် ဝိညာဉ်အသိအမြင်အား အမွေးပွလေးဘက်သို့ တွန်းပို့ကာ စစ်ဆေးကြည့်လိုက်လျှင် အမွေးပွလေး၏ စိတ်ဝိညာဉ်သည်လည်း များစွာ တိုးတက်ခဲ့ကြောင်း တွေ့ရသည်။ မင်ယွမ်နှင့် အမွေးပွလေးအကြား ကွာခြားမှု သိပ်မရှိတော့ပေ။ သို့သော် အမွေးပွလေးအဖို့ ဝိညာဉ်ပုံဖော်ခြင်း ပြုလုပ်နိုင်ရန်တော့ အချိန်ယူရဦးပေမည်။
ဆေးဖော်စပ်ခြင်းတွင် ပထမဆုံးအကြိမ် အောင်မြင်ခဲ့၍ ယဲ့ချန် စိတ်လှုပ်ရှားနေသည်။ ဝိညာဉ် အသိအမြင်သည် တိုးတက်ရန် အလွန်ခက်ခဲပြီး သူ တစ်ဦးတည်း ကျင့်ကြံစဉ်ကပင် ထင်သလောက် ခရီးမပေါက်ခဲ့။ ထျန်းချီအဆင့် ၁၀ သို့ ရောက်ရှိပြီးနောက် ထျန်းချီ ကျင့်ကြံခြင်းကလည်း နှေးကွေးလာသည်။ ယခင်ကကဲ့သို့ အဆင့်များကို လျင်မြန်စွာ ချိုးဖျက်ရန် မလွယ်ကူတော့ပေ။ ထို့ကြောင့် ဆေးဖော်စပ်ရင်းဖြင့် ဝိညာဉ်အသိအမြင်နှင့် ထျန်းချီအား တစ်ပြိုင်နက် ကျင့်ကြံခြင်းက မဆိုးဟု ယဲ့ချန် တွေးမိသည်။
ကမ္ဘာမြေရန် အဆင့်နှင့် ကောင်းကင်ရန်အဆင့် ကျင့်ကြံသူများသည် များပြားသော ဆေးဝါးပမာဏကို မှီဝဲပြီးမှသာ ထိုအဆင့်များသို့ ရောက်နိုင်ကြသည်။ ကျင့်ကြံခြင်းတွင် လူတစ်ယောက်၏ ပါရမီက မည်မျှမြင့်နေပါစေ၊ ဆေးဝါးများ၏ အထောက်အပံ့မပါဘဲ ရန်အဆင့်များသို့ ရောက်ရှိနိုင်ရန် မလွယ်ပါချေ။ ထို့ကြောင့်လည်း သာမန်မိသားစုများမှ အဆင့်မြင့် ကျင့်ကြံသူများ ထွက်ပေါ်လာသည်မှာ ရှားပါးပြီး ပါရမီရှင်ကျင့်ကြံသူ အများစုသည် သိုင်းပညာ မိသားစုကြီးများမှသာ ထွက်ပေါ်လာရခြင်း ဖြစ်သည်။ ထိုအင်အားစု နှစ်ခုအကြား ထောက်ပံ့နိုင်သော ဆေးဝါးအရင်းအမြစ် ပမာဏကလည်း ကွာခြားသွား၍ ဖြစ်သည်။
လုံလောက်သော ကုန်ကြမ်းပစ္စည်းများ ရှိနေ၍ ယဲ့ချန်သည် ဆေးဖော်စပ်ခြင်းကို ဆက်လက် လုပ်ဆောင်ခဲ့သည်။ တစ်ကြိမ် အောင်မြင်ဖူးသော အတွေ့အကြုံကြောင့် လုပ်ဆောင်မှု အဆင့်ဆင့်မှာ ပိုမို ချောမွေ့လာသယောင် ထင်ရသည်။ ဝိညာဉ်သိအမြင်သည် မီးပြင်းဖိုထဲရှိ သိမ်မွေ့သော ပြောင်းလဲမှု တစ်ခုချင်းစီအား မှတ်သားလျက် ဖြည်းညင်းစွာဖြင့် တိုးတက်ပြောင်းလဲ လာနေသည်။
လမ်းညွှန်ပေးမည့်ဆရာ မရှိသောကြောင့် ယဲ့ချန်သည် လက်မောင်းကာ၏ မူလပိုင်ရှင် ချန်ထားရစ်ခဲ့သော မှတ်စုကိုသာ ကြည့်၍ ရှေးဟောင်းဆေးဖော်စပ်ခြင်း နည်းလမ်းကို အသုံးပြုခဲ့သည်။ သူ၏ လှုပ်ရှားမှုများသည် လျင်မြန်ချောမွေ့လှပြီး ဆေးဖော်စပ်မှု ဖြစ်စဉ်သာ အောင်မြင်ပါက လာမည့် ၅ နာရီအတွင်း ဆေးလုံးများ ထွက်ပေါ်လာပေလိမ့်မည်။
အောင်မြင်နိုင်ခြေ ရှိသောကြောင့် ယဲ့ချန်သည် ဆေးလုံး ၁၀၀၀ စာ ပါဝင်ပစ္စည်းများကို သုံးကာ စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။ ၅ နာရီကြာပြီးနောက် သူသည် ဆေးလုံး ၃ လုံးအား အောင်အောင်မြင်မြင် ဖော်စပ်နိုင်ခဲ့သည်။
အောင်မြင်မှုနှုန်းက ၃ ရာခိုင်နှုန်းသာ ရှိခဲ့သော်လည်း သာမန်ဆေးဝါးပညာရှင် တစ်ယောက်အတွက် ဆေးဖော်စပ်မှု အောင်မြင်နှုန်းသည် ၂ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်း အတွင်း၌သာ ရှိသည်။
သို့သော်လည်း ထိုဆေး ၃ လုံးသည် ယဲ့ချန်အား အလွန် စိတ်လှုပ်ရှားသွားစေသည်။ ၎င်းတို့မှာ သာမန် ချီစုဆောင်းဆေးလုံးများ မဟုတ်ဘဲ ဆေးဖော်စပ်မှု ဖြစ်စဉ်အတွင်း ပြောင်းလဲမှု တချို့ကြောင့် ရရှိလာသည့် ဝိညာဉ်စုဆောင်းဆေးလုံးများ ဖြစ်နေခဲ့သည်။
ဝိညာဉ်စုဆောင်းဆေးလုံး တစ်လုံး၏ တန်ဖိုးသည် ချီစုဆောင်းဆေးလုံး ၁၀၀၀၀ ၏ တန်ဖိုးထက်ပင် ပိုမြင့်သည်။
မူလပိုင်ရှင်၏ မှတ်တမ်းများအရ ရှေးဟောင်းဆေးဖော်စပ်ခြင်း နည်းလမ်းအား အသုံးပြု၍ ဆေးဖော်စပ်လျှင် ဆေးလုံး ၁၀၀၀၀ ခန့် ဖော်စပ်ပြီးချိန်မှ ဝိညာဉ်စုဆောင်းဆေးလုံး တစ်လုံးကို ရလာတတ်သည်။ သို့သော်လည်း ယဲ့ချန်ကမူ ဝိညာဉ် စုဆောင်းဆေးလုံးများကို ဆက်တိုက် ရနေသည်။ ထိုကိစ္စကို ယဲ့ချန် အဖြေရှာကြည့်မိသည်။ ဝိညာဉ်အသိအမြင်၏ ပါဝင်ပတ်သက်မှုကြောင့် ဆေးဖော်စပ်မှုဖြစ်စဉ်က ပြောင်းလဲ သွားရသည်များလား။
ခန့်မှန်းချက်မျှသာ ဖြစ်၍ ယဲ့ချန်လည်း အတပ်မပြောနိုင်ပေ။ သို့သော် သူသာ ဝိညာဉ်စုဆောင်းဆေးလုံးများကို ဆက်လက် ဖော်စပ်နိုင်ပါက အကျိုးအမြတ်ကြီးစွာ ရပေမည်။ ဝိညာဉ်စုဆောင်းဆေးလုံး တစ်လုံးသည် ဆရာရွှမ်းယီ ကိုယ်တိုင် ဖော်စပ်ထားသော ကမ္ဘာ့အနှစ်သာရ ဆေးလုံးထက်ပင် ပို၍ တန်ဖိုးကြီးသည်။
ရှေးဟောင်းဆေးဖော်စပ်ခြင်း နည်းလမ်းသည် အလွန် ထူးခြား ဆန်းကြယ်လှသည်။ ယဲ့ချန်၏ မျက်လုံးများက ကမ္ဘာသစ်တစ်ခုသို့ လှမ်းမျှော်မြင် နေရသလိုပင် ခံစားလာရသည်။ နှိုင်းယှဉ်ရသော် သာမန်ဆေးဖော်စပ်ခြင်း နည်းလမ်းက ရိုးစင်းလွန်းပြီး စိတ်ဝင်စားဖို့ မကောင်းပေ။ သို့သော်လည်း အခွင့်အရေးရပါက ယဲ့ချန်သည် ဆရာရွှမ်းယီထံမှ သာမန်ဆေးဖော်စပ်ခြင်း နည်းလမ်းကို သင်ချင်နေတုန်းပင်။ နည်းလမ်းနှစ်ခုကို ပေါင်းစပ်လေ့လာကာ ရှေးဟောင်းဆေးဖော်စပ်ခြင်း နည်းလမ်းအား တိုးတက်စေရန် ကြိုးစားနိုင်ခဲ့ပါက ပို၍ အံ့ဩဖွယ်ရာ ကောင်းသွားမည် ဖြစ်သည်။
ယဲ့ချန် ဆေးဖော်စပ်ခြင်း၌ ဈာန်ဝင် နစ်မျောနေစဉ် ယဲ့မိသားစုဝင်များသည် ချိုင့်ဝှမ်းထဲ၌ အလုပ်ရှုပ်နေကြသည်။
ယဲ့မော့ယွမ်သည် လူငယ်တစ်စုကို ဦးဆောင်ကာ တောအုပ်ဘက်သို့ လျှောက်လာခဲ့သည်။ စားပင်သီးပင်များ၏ ကြီးထွားမှုအား စစ်ဆေးပြီးနောက် တောအုပ်အား ကြည့်ရှုစောင့်ရှောက်ရန် ဖြစ်သည်။
ပြီးခဲ့သော ရက်များအတွင်း ယဲ့မော့ယွမ်သည် ယဲ့ချန်စကားကို နားထောင်ကာ တောအုပ်အတွင်း ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုခဲ့။ မိသားစုဝင်များသည် လင်ကျစ်ပင်များက ဤသို့ လွယ်လွယ်ကူကူနှင့် ပေါက်ရောက်မည်ဟု မယုံကြည်ကြသော်လည်း တောအုပ်ထဲရှိ အခြေအနေကိုတော့ သိချင်နေကြသည်။
“ဦးလေးမော့ယွမ် အခုဆို တစ်လလောက် ရှိပြီနော်။ တောအုပ်ထဲမှာ ဘယ်လိုဖြစ်နေပြီလဲ မသိဘူး”
လူငယ်တစ်ယောက်က တောအုပ်ဘက်သို့ လှမ်းမျှော်ကြည့်ရင်း ပြောလာသည်။
“ခေါင်းဆောင်က ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုထားဘူး။ မင်း သွားကြည့်ချင်ရင် ခေါင်းဆောင်နဲ့ အရင်ဆွေးနွေးလိုက်လေ”
ယဲ့မော့ယွမ်က ပြတ်ပြတ်သားသား ပြောသည်။
“ဒါပေမဲ့ ... ”
လူငယ်တစ်စုသည် အခြေအနေကို အလွန် သိလိုနေကြသော်လည်း တောအုပ်ထဲသို့တော့ မဝင်ရဲကြပေ။
တောအုပ်ထဲသို့ မျှော်ကြည့်လိုက်လျှင် မြူများက အမြင်အာရုံကို ပိတ်ဆို့ထားသောကြောင့် အဖြူရောင်ကိုသာ နေရာတိုင်း၌ မြင်ရသည်။
တွေးလေတွေးလေ ယုတ္တိမရှိ လာလေလေ ခံစားရသောကြောင့် လူငယ်လေးများသည် ခေါင်းယမ်းမိကြ၏။
လင်ကျစ်ပင်ကဲ့သို့ တန်ဖိုးကြီးသည့် အပင်က ထိုမျှ လွယ်လွယ်ကူကူနှင့် မပေါက်ရောက်နိုင်ပေ။
ထိုစဉ် လေပြင်းတစ်ချက် မွှေ့သွားရာ တောအုပ်ဘက်မှ ထူးခြားသော ရနံ့တစ်မျိုးကို အပြင်ဘက်သို့ သယ်ဆောင်လာလေသည်။
“အရမ်း မွှေးတာပဲ”
“ဟုတ်တယ် အရမ်းမွှေးတာပဲ”
မိသားစုဝင်များသည် လုပ်လက်စ အလုပ်များအား ရပ်လိုက်မိကြသည်။ ထိုရနံ့သည် ပန်းရနံ့ မဟုတ်ပေ။ ဆေးဖက်ဝင်အပင် တစ်မျိုးမျိုး၏ ရနံ့ ဖြစ်သည်။
အဖြူရောင်ကျောက်ပွင့်သည် ထိုသို့မွှေးပျံ့သော ရနံ့များကို မထုတ်လွှင့်နိုင်ပေ။ သွေးကျောက်ပွင့်ကဲ့သို့ ပို၍ အစွမ်းထက်သော အပင်များကသာ ထုတ်လွှင့်နိုင်သည်။ ထို့ပြင် သွေးကျောက်ပွင့် တစ်ပွင့်၊ နှစ်ပွင့်မျှနှင့် ယခုလောက်အထိ မွှေးပျံ့ မနေနိုင်ပေ။ သွေးကျောက်ပွင့်များစွာ ရှိနေခြင်း ဖြစ်ရမည်။ ထိုအချိန်တွင်တော့ လူအုပ်သည် ဂနာမငြိမ် ဖြစ်လာကြတော့သည်။
"ဦးလေးမော့ယွမ် ခေါင်းဆောင်ကို မြန်မြန်သွားရှာ”
“အေး အေး ခေါင်းဆောင်ကို မြန်မြန် သွားရှာလိုက်မယ်”
“ကျွန်တော်လည်း ဘိုးဘိုးကြီးနဲ့ ခေါင်းဆောင်ဟောင်းကို သွားရှာလိုက်မယ်”
တောအုပ်အစပ်တွင် ကျန်ရစ်ခဲ့သူများသည် မနေနိုင်တော့ဘဲ တောအုပ်ထဲသို့ ချောင်းကြည့် မိကြလေသည်။
“ဟေ့ကောင်တွေ ... မင်းတို့ ဟိုကို လှမ်းကြည့်ကြည့်”
၎င်းတို့ထဲမှ တစ်ယောက်က စိတ်လှုပ်ရှားစွာနှင့် ထအော်သည်။
ကျန်သော မိသားစုဝင်များသည် ထိုလူ ညွှန်ပြရာသို့ ကြည့်မိလျှင် တောအုပ်အစပ်ရှိ သစ်တုံးပေါ်တွင် ပေါက်နေသော သွေးကျောက်ပွင့်အား မြင်လိုက်ရလေသည်။ သွေးကျောက်ပွင့်သည် အနီရောင်အဆင်း ဖြာနေပြီး အမွေးပွလေး၏ နားရွက်ခန့် ကြီးသည်။ နှစ်ထောင်ချီ သက်တမ်းရှိသော သွေးကျောက်ပွင့်များသည်ပင် ထိုအရွယ်အစား အထိသာ အများဆုံး ကြီးထွားနိုင်ကြတာ ဖြစ်သည်။ သွေးကျောက်ပွင့်၏ လက်ရှိအရောင်အရ တစ်လကျော် သက်တမ်းသာ ရှိသေးပုံ ပေါ်သည်။
“သွေးကျောက်ပွင့်။ အဲဒါ သွေးကျောက်ပွင့်ပဲ”
မိသားစုဝင်များသည် စိတ်လှုပ်ရှားစွာ အော်ဟစ်မိကြ၏။
“ဟိုမှာလည်း ရှိတယ်”
“ဟိုဘက် မှာရောပဲ”
“အဲဒါ ဘာလင်ကျစ် အမျိုးအစားလဲ။ အဖြူရောင် ကျောက်ပွင့်တော့ ဟုတ်ပုံမရဘူး”
မိသားစုဝင် တစ်စုသည် တောအုပ်အစပ် တစ်လျှောက် ကြည့်မိလေလေ ပို၍ အံ့ဩရလေလေ ဖြစ်နေကြသည်။ အစောပိုင်းက သူတို့သည် သေချာ မကြည့်သောကြောင့် သတိမထားမိခြင်း ဖြစ်သော်လည်း ယခုမူ တောအုပ်အစပ်၌ပင် လင်ကျစ်ပင်များ များစွာ ရှိနေသည်ကို တွေ့ရသည်။ တောအုပ်အတွင်း၌ ဆိုပါက လင်ကျစ်ပင်များ ဘယ်လောက်တောင် ပေါများနေမည် မသိပေ။
လတ်ဆတ်သော ဆေးရနံ့တို့ကြောင့် သူတို့၏ စိတ်ဝိညာဉ်များပင် လန်းဆန်းလာသည့်နှယ် ခံစားရသည်။
မကြာမီ၌ တောအုပ် အပြင်ဘက်တွင် များပြားသော လူအုပ်ကြီး စုရုံး ရောက်ရှိလာသည်။
“ဘိုးဘိုးကြီး ရောက်လာပြီ”
“ခေါင်းဆောင်ဟောင်းလည်း ရောက်လာပြီ”
ယဲ့ချိန်ရွှမ်းနှင့် ယဲ့ကျန့်ထျန်းတို့ ရောက်ရှိလာသောအခါ လူအုပ်ကြီးသည် ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။
“ဘာတွေ ဖြစ်နေတာလဲ”
ယဲ့ချိန်ရွှမ်းသည် လူအုပ်ကြီးအား ဝေ့ဝဲကြည့်ကာ မေးသည်။
“ဘိုးဘိုးကြီး ... ခေါင်းဆောင် ... ခေါင်းဆောင်က လင်ကျစ်ပင်တွေကို တကယ်ပဲ စိုက်နိုင်ခဲ့တယ်”
လူအုပ်ကြီးသည် အလွန်စိတ်လှုပ်ရှား နေကြကာ တစ်ယောက်တစ်ပေါက် ပြန်ဖြေလာကြသည်။
“ချန်အာ ရောက်ပြီလား”
ယဲ့ချိန်ရွှမ်းက မေးသည်။ သူလည်းပဲ တောအုပ်ထဲသို့ ရမ်းသန်း ဝင်မသွားရဲပေ။ ယဲ့ချန်သည် တောအုပ်ထဲသို့ ဘယ်သူမှ မဝင်ရဟု မှာထားရာ သူ ဝင်သွားမိ၍ လင်ကျစ်ပင်များကို ထိခိုက်စေသွားလျှင် ဒုက္ခများပေမည်။
ယဲ့ချိန်ရွှမ်းတို့သည် အခြားမိသားစုဝင်များ ညွှန်ပြသော တောအုပ် တစ်နေရာသို့ လှမ်းကြည့်မိကြသည်။ ထိုနေရာ၌ သွေးကျောက်ပွင့်အပြင် အမည်မသိ လင်ကျစ်ပင်များကိုလည်း မြင်ရသည်။
“ခေါင်းဆောင် ရောက်လာပြီ”
အားလုံး၏ အကြည့်တို့သည် ယဲ့ချန်ထံသို့ စုပြုံ ရောက်ရှိသွားကြ၏။
***
ကိုလည်း ရှူရှိုက်ကြည့်မိသည်။ တစ်သက်တာလုံးတွင် သူ ရှုခဲ့ဖူးသမျှသော ရနံ့များထဲ နှစ်လိုဖွယ် အကောင်းဆုံးနှယ် ထင်မှတ်ရသည်။
“အဲဒီနှစ်မျိုးထဲက တစ်မျိုးကို စာအုပ်ထဲမှာ မြင်ဖူးတယ်။ နာမည်ကိုသာ မေ့နေတာ”
ယဲ့ချိန်ရွှမ်းသည် မျက်မှောင်ကြုတ်လျက် ပြောလာ၏။ ထို့နောက် သူ လုံးဝမမြင်ဖူးသော နောက်ထပ် လင်ကျစ်တစ်မျိုးကို ကြည့်မိသည်။ ထိုလင်ကျစ်သည် အဖြူရောင်ကျောက်ပွင့်နှင့် တူသယောင် ရှိသော်လည်း ကွဲပြားသည်။ ၎င်း၏ ပွင့်ချပ်က အဖြူရောင်ကျောက်ပွင့်ထက် ပိုပါးလွှာပြီး အပေါ်ယံတွင် အလင်းလှိုင်းလေးများ ယှက်သန်းနေသယောင် ထင်ရသည်။
ယဲ့ချန်သည် ဤကမ္ဘာရှိ ထျန်းချီကြွယ်ဝမှုကို လျှော့တွက်ခဲ့မိသည်။ ဤကမ္ဘာ၌ ထျန်းချီများ အလွန်ကြွယ်ဝသောကြောင့် ရတနာပစ္စည်းများလည်း ပေါများပြီး လင်ကျစ် စိုက်ပျိုးမှုကပင် လွယ်ကူနေသည်။ လင်ကျစ်ပင်များ၏ မျိုးမှုန်များ ဆင့်ပွားရန်သာ အခက်အခဲရှိနေခြင်း ဖြစ်သည်။ ထိုသည်ကလည်း လူသားတို့က လင်ကျစ်ပင်များကို မြင်မြင်သမျှ ခူးနေကြသောကြောင့် မျိုးမှုန်ဆင့်ပွားရန် အချိန်မရတော့ဘဲ ရှားပါးမှု ဖြစ်လာရသည်။
“ဒီဟာက တိမ်နံ့သာကျောက်ပွင့်လို့ ခေါ်တယ်။ သွေးကျောက်ပွင့်နဲ့ အာနိသင်တူပေမဲ့ ၁၀ ဆ ပိုပြင်းတယ်။ တခြားစကားနဲ့ ပြောရရင်တော့ ဒီလင်ကျစ် အမျိုးအစားက သွေးကျောက်ပွင့်ထက် ၁၀ ဆ ပိုတန်ဖိုးရှိတယ်”
ယဲ့ကျန့်ထျန်းသည် တိမ်နံ့သာကျောက်ပွင့်အား ထိကြည့်ဖို့ လက်လှမ်းနေခြင်း ဖြစ်သော်လည်း ယဲ့ချန်၏ ရှင်းပြချက်ကြောင့် လန့်ဖျပ်ကာ လှမ်းနေသောလက်ပင် တန့်သွားရသည်။ သက်တမ်းနုသော သွေးကျောက်ပွင့် တစ်ခုသည် ချီစုဆောင်းဆေးလုံး ၁၀၀ တန်သည်။ သို့ဆိုလျှင် တိမ်နံ့သာ ကျောက်ပွင့်တစ်ခုလျှင် ချီစုဆောင်းဆေးလုံး ၁၀၀၀ တန်ပေသည်။ ယဲ့ကျန့်ထျန်းကား တိမ်နံ့သာကျောက်ပွင့်အား ထိပင်မထိရဲတော့။ သူသည် ဘေးပတ်လည်သို့ ကြည့်လိုက်သည်တွင် တိမ်နံ့သာကျောက်ပွင့် ထောင်ချီသော အရေအတွက်ကို မြင်လိုက်ရသည်။ ယဲ့ကျန့်ထျန်းသည် တော်သင့်သလောက် အတွေ့အကြုံရှိသူ ဖြစ်သော်ငြား ဤအခြေအနေတွင် စိတ်တည်ငြိမ်မှုရရန် ခဲယဉ်းနေပါ၏။
မကြာမီတွင်ပဲ ချီစုဆောင်းဆေးလုံး ၁၀၀၀ တန်ကြေးရှိသော တိမ်နံ့သာကျောက်ပွင့် အကြောင်းက မိသားစုဝင်များ နားထဲသို့ ရောက်ရှိသွားရာ ရုတ်ရုတ်သဲသဲ ဖြစ်သွားလေတော့သည်။
“ဂရုစိုက်ကြ။ ဘာကိုမှ မထိမိစေနဲ့”
“အားလုံးပဲ ဂရုတစိုက် လမ်းလျှောက်ကြ”
ယဲ့ချန်သည် မိသားစုဝင်များ၏ လေးလေးနက်နက် အမူအရာများကို ကြည့်ကာ ရယ်မိတော့သည်။ အကယ်၍ သူက မိသားစုဝင်များအား လင်ကျစ်ပင်များကို စောင့်ကြပ်ရန် တောအုပ်ထဲ၌ အိပ်ခိုင်းလျှင်ပင် ၎င်းတို့သည် ပျော်ပျော်ကြီး အိပ်ကြမည့်ဟန် ရသည်။
“နောက်ထပ် လင်ကျစ်ပင်တစ်မျိုး ကရော ဘာအမျိုးအစားလဲ”
ယဲ့ချိန်ရွှမ်းသည် နောက်ဆုံးကျန်သော လင်ကျစ်ပင်တစ်မျိုး အကြောင်း မေးလာ၏။ ထိုလင်ကျစ်ပင်သည် ငွေလရောင်ကဲ့သို့ သန့်စင်ကြည်လင်နေပြီး အရေအတွက်အားဖြင့် သွေးကျောက်ပွင့်နှင့် တိမ်နံ့သာကျောက်ပွင့် တို့ထက် နည်းသည်။
ယဲ့ချိန်ရွှမ်း၏ မေးလိုက်သံအား ကြားလျှင် ကျန်လူများလည်း သိလိုစိတ်ဖြင့် တိတ်တဆိတ် နားစွင့်ထားကြသည်။
“ဒီလင်ကျစ်ကကျတော့ ငွေလကျောက်ပွင့်လို့ ခေါ်တယ်။ သွေးကျောက်ပွင့်နဲ့ တိမ်နံ့သာကျောက်ပွင့်ထက် ပိုရှားပြီးတော့ အဆင့်မြင့်ဆေးဝါး ပညာရှင်တွေတောင် အလိုရှိကြတဲ့ လင်ကျစ် အမျိုးအစားပဲ။ တကယ်လို့ ငွေလကျောက်ပွင့်ကို အဆင်မြင့် ဆေးဝါးပညာရှင်ဆီမှာ သွားရောင်းမယ်ဆိုရင် ချီစုဆောင်းဆေးလုံး ၁၀၀၀၀ လောက် ရနိုင်တယ်”
ယဲ့ချန်သည် ရယ်ကာ ရှင်းပြလိုက်သည်။
ထိုလင်ကျစ် အမျိုးအစားက တိမ်နံ့သာကျောက်ပွင့်ထက် ရှားသည်ဟု ကြားရသောအခါ နားထောင်နေသူတိုင်း၏ နှလုံးခုန်သံများ မြန်သွားကြသည်။ အဆင့်မြင့် ဆေးဝါးပညာရှင်များပင် အလိုရှိကြကြောင်း ထပ်ကြားရသောအခါ သူတို့၏ နှလုံးများသည် ပေါက်ထွက်လုမတတ် ခုန်လာကြသည်။ ချီစုဆောင်းဆေးလုံး ၁၀၀၀၀ နှင့် လဲလှယ်၍ရကြောင်း ကြားရသည့် အခါတွင်တော့ သူတို့အားလုံး၏ အသိစိတ်သည် ဦးနှောက်ထဲမှ ခုန်ထွက်သွားသည့်နှယ် ခေါင်းတစ်ခုလုံး ဗလာ ဖြစ်သွားကြတော့သည်။
ဧက ၁၀၀ ကျယ်သော ဤတောအုပ်ကြီးအတွင်း ထိုလင်ကျစ်ပင် သုံးမျိုးသည် ကောင်းကင်ယံထက်ရှိ ကြယ်ပွင့်များကဲ့သို့ မရေမတွက်နိုင်အောင် ပေါက်ရောက်နေသည်။ ထိုလင်ကျစ်ပင် အားလုံးကိုသာ ရောင်းထုတ်လိုက်ပါက ယဲ့မိသားစု၏ ကုန်လှောင်ရုံထဲ၌ ချီစုဆောင်း ဆေးလုံးများနှင့် ပြည့်နှက်ဖိတ်လျှံ သွားလောက်ပေသည်။
“ချန်အာ ... ဒီလင်ကျစ်ပင်တွေကို ဘာလုပ်မယ် စိတ်ကူးလဲ”
ယဲ့ချိန်ရွှမ်းသည် စိတ်တည်ငြိမ်စေရန် အချိန်အတန်ကြာ ယူလိုက်ရပြီးမှ မေးလာသည်။ ထိုမျှများပြားသော လင်ကျစ်ပင်များကို ကောင်းကောင်း ကိုင်တွယ်နိုင်ရန် မလွယ်ကူပေ။
"သွေးကျောက်ပွင့်နဲ့ တိမ်နံ့သာကျောက်ပွင့်က တိုက်ရိုက် အသုံးပြုလို့ ရတယ်။ တချို့တစ်ဝက်ကို မိသားစုအတွက် သုံးပြီး ကျန်တာကိုတော့ ၂ လလောက်ကြာရင် ရောင်းလိုက်မယ်။ နှစ်နဲ့ချီပြီး စိုက်ထားဖို့ နည်းနည်းလောက်လည်း ချန်ထားရမယ်။ ဒါမှ ဈေးကောင်းကောင်းရပြီး ချီစုဆောင်းဆေးလုံး အပြင် တခြားအဆင့်မြင့်တဲ့ ဆေးလုံးတွေနဲ့ လဲလှယ်နိုင်လိမ့်မယ်။ ကျွန်တော်တို့ထဲက တစ်ယောက်ယောက်ကို မြို့ပေါ်က လေလံအိမ်တွေဆီ လွှတ်ပြီး ဝိညာဉ်လက်နက်တွေ၊ အရည်အသွေးမြင့်တဲ့ ဆေးလုံးတွေနဲ့လည်း လဲလှယ်ခိုင်းလို့ ရတယ်။ ဒါမှမဟုတ် တခြားနိုင်ငံတွေကို လှည့်လည်ပြီး လင်ကျစ်သုံးမျိုးကို ရောင်းရင်းနဲ့ အဆင့်မြင့်ဆေးလုံးတွေ၊ ဝိညာဉ်လက်နက်တွေကို စုဆောင်းလို့လည်း ရသေးတယ်”
ယဲ့ချန်သည် သူ စဉ်းစားထားသော အစီအစဉ်တို့အား အဆင့်ဆင့် ရွတ်ပြလေသည်။
လင်ကျစ်ပင်များ အတွက် ဝယ်လိုအား ဈေးကွက်သည်ကား အလွန် ကျယ်ပြန့်သည်။ သက်တမ်းနုသည် ဖြစ်စေ၊ ရင့်သည်ဖြစ်စေ၊ ရှားပါးသော အမျိုးအစားဖြစ်စေ၊ လူသိများသော အမျိုးအစားဖြစ်စေ လင်ကျစ်ပင် မှန်သမျှအား နိုင်ငံတိုင်းတွင် နှစ်စဉ်လိုအပ်နေပြီး ရောင်းမထွက်ခြင်း ဟူ၍ လုံးဝမရှိပေ။
ယဲ့ချန် ပြောသည့် အတိုင်းဆိုလျှင် နိုင်ငံအသီးသီး၌ ကျင်းပသည့် လေလံပွဲများမှ ဝိညာဉ်လက်နက်များ၊ ဆေးလုံးများသည် ယဲ့မိသားစု လက်ထဲသို့ ရောက်ရှိလာပေမည်။ မိသားစုထဲရှိ ပါရမီနည်းသော ကျင့်ကြံသူများသည်ပင် ဆေးဝါး အကူအညီများ၊ မိုးကြိုး အင်ပါယာကဲ့သို့ အစွမ်းထက် ကျင့်စဉ်များ၏ အကူအညီဖြင့် ထျန်းချီအဆင့် ၉ နှင့် ပိုမြင့်သော အဆင့်များသို့ ရောက်ရှိလာနိုင်ပေတော့မည်။
၁၀ နှစ် အောက်နည်းသော အချိန်အတွင်း ယဲ့မိသားစုသည် ရှီဝူအင်ပါယာ အတွင်း အင်အားအကြီးဆုံး၊ သို့တည်းမဟုတ် တော်ဝင်မိသားစုကိုပင် ဖိနှိပ်နိုင်သော မိသားစုကြီးတစ်ခု ဖြစ်လာနိုင်ပေသည်။
***