ဒုတိယမင်းသားအသစ်
Vol. 10 Ch. 139
ယဲ့ကျန့်ရှုံးတို့ အပြင်ဘက်မှ ခေါ်ဆောင်လာသော မိဘမဲ့ ကလေးများသည် အသက် ၁ နှစ်၊ ၂ နှစ်မျှသာ ရှိကြသေးပြီး ကောင်းမွန်သော လေ့ကျင့်မှု၊ ဆေးဝါးများ၏ အကူအညီနှင့် ဆိုပါက နှစ် ၂၀ အတွင်း ယဲ့မိသားစုအတွက် ထောက်တိုင်များ ဖြစ်လာနိုင်သည်။
လွန်ခဲ့သောနှစ်များက ယဲ့ကျန့်ထျန်းနှင့် ယဲ့ချိန်ရွှမ်းတို့သည် ထိုမျှလောက်သော တိုးတက်မှုကြီးအား တွေးပင် မတွေးရဲခဲ့။
ယဲ့ချန်သည် ယဲ့မိသားစုအား ဗဟိုအင်ပါယာရှိ ယဲ့မိသားစုကဲ့သို့ အင်အားကြီး လာစေမည်ဟု အခိုင်အမာ ဆိုခဲ့သည်မှာ အံ့ဩစရာ မရှိတော့ပေ။
ယဲ့မိသားစုဝင်များ အားလုံးသည် ယဲ့ချန်၏ စွမ်းဆောင်ချက်များ အောက်တွင် လုံးဝ ဆွဲဆောင် ခံလိုက်ကြရသည်။ ယဲ့ချန်၏ ဦးဆောင်မှုနောက်သို့ တစ်သဝေမတိမ်း လိုက်ပါခဲ့ပါက တစ်နေ့နေ့၌ သူတို့သည် တစ်ချိန်က ယဲ့မိသားစု၊ ဘိုးဘေးများ၏ ဂုဏ်သရေကို ပြန်လည် ဆောင်ကြဉ်းပေးနိုင်မှာ သေချာပေသည်။
ယဲ့ချိန်ရွှမ်း၊ ယဲ့ကျန့်ထျန်းနှင့် ကျန်လူများသည် ယဲ့ချန်၏ အစီအစဉ်အား ငြင်းပယ်ခြင်းမရှိ၊ သဘောတူကြသည်။
“လင်ကျစ်ပင်တွေကို ရောင်းတဲ့နေရာမှာ အသေအချာ သတိထားဖို့ လိုတယ်။ လုံးဝ ပစ်မှတ်ထားခံရလို့ မဖြစ်ဘူး။ မဟုတ်ရင် မိသားစုအတွက် မကောင်းတာတွေပဲ ဖြစ်လာနိုင်တယ်။ လင်ကျစ်ပင်တွေကို ရောင်းဖို့ တာဝန်ယူထားရတဲ့ လူကလွဲပြီး ဘယ်သူမှ ချိုင့်ဝှမ်းအပြင်ကို မထွက်ကြပါနဲ့”
ယဲ့ချန်က ပြောသည်။ သူ၏ ရည်ရွယ်ချက်များသည် ကြီးမားပြီး ပြည့်ဝဖို့ရန် အချိန်တစ်ခုထိ စောင့်ဖို့လိုသည်။ သို့ဖြစ်၍ ပြင်ဆင်မှုများ အပြည့်အစုံ လုပ်ထားမှ တော်ကာကျပေမည်။
ထိုစဉ် ယဲ့ချိန်ရွှမ်းက ပြောလာသည်။
“ဒါနဲ့ ပတ်သက်ပြီး ငါ့မှာ အကြံရှိတယ်။ လင်ကျစ်ပင်တွေ ရောင်းဖို့တာဝန်ကို ကျန့်ရှုံးနဲ့ ကျန့်လုံဆီ လွှဲလိုက်။ သူတို့နှစ်ယောက်က ချန်အာရဲ့ သိမ်းငှက်နက်နဲ့ လင်းတနီကို စီးနင်းပြီး သွားမယ်ဆိုရင် နောက်ယောင်ခံလိုက်တာကို ကာကွယ်နိုင်သွားမယ်”
မိသားစု အစည်းအဝေးအတွင်း မိသားစုဝင်များသည် လင်ကျစ်ပင် ရောင်းချရေးနှင့် ပတ်သက်၍ အကြံဉာဏ်များ အသီးသီးပေးကာ ဆွေးနွေးခဲ့ကြသည်။ လေထု အနေအထားမှာ အလွန် နွေးနွေးထွေးထွေး ရှိလှပြီး ငြင်းခုံခြင်း၊ သဘောထားကွဲလွဲခြင်း တစ်စုံတစ်ရာ မရှိပေ။ အချိန်အတန်ကြာ ဆွေးနွေးပြီးနောက် လင်ကျစ်ပင်များကို ရောင်းချရန် ထျန်းတုကုန်သည် အသင်းအား ရွေးချယ်လိုက်ကြသည်။ ထျန်းတုကုန်သည် အသင်းသည် အရှေ့ဘက် ကုန်းမြေတိုက်ကြီး အနှံ့၌ အသင်းခွဲများ ဖြန့်ကြက်ထားသည့် ကြီးမားသော ကုန်သည်အသင်း ဖြစ်သည်။ ထျန်းတုကုန်သည် အသင်း၏ ဂုဏ်သတင်းသည် ကောင်းမွန်သင့်လျော်ပြီး စည်းကမ်းများလည်း တင်းကျပ်ထားသောကြောင့် ဖောက်သည်များ၏ သတင်း အချက်အလက် ပေါက်ကြားမည်ကို စိုးရိမ်စရာ မရှိပါချေ။
အစည်းအဝေး ပြီးဆုံးသည်နှင့် ယဲ့ကျန့်ရှုံးသည် လင်းတနီအား စီးနင်းလျက် ထျန်းတုကုန်သည် အသင်းအား ဆက်သွယ်ရန် ထွက်ခွာသွားသည်။ ထျန်းတုကုန်သည် အသင်းနှင့် သဘောတူညီချက်များ ပြုလုပ်ပြီး အတည်ပြုပြီးပါက လင်ကျစ်ရောင်းချမှုကို စတင်မည် ဖြစ်သည်။
ဤချိုင့်ဝှမ်း အတွင်းမှ လင်ကျစ်ပင်များ ဈေးကွက်အတွင်း ရောက်ရှိသွားသည်နှင့် အရှေ့ဘက် ကုန်းမြေတိုက်ကြီး တစ်ခုလုံးအပေါ် ကြီးမားသော သက်ရောက်မှုကြီး ဖြစ်သွားနိုင်သည်။
ယဲ့မိသားစုဝင်များသည် ကိုယ်စီကိုယ်ငှ အလုပ်တာဝန်များကို ဆောင်ရွက် နေကြရင်းဖြင့် တောအုပ်ဘက်သို့ မကြာခဏ လှမ်းကြည့်မိကြသည်။ သူတို့၏ နှလုံးသား တစ်ခုလုံး၌ မျှော်လင့်ချက်များ ပြည့်လျှံနေခဲ့သည်။
“ဦးလေး ... အစ်ကိုကြီး ... သတင်းကောင်း ရှိတယ်ဗျ သတင်းကောင်း”
ယဲ့ကျန့်ရင်သည် အပြေးအလွှား ရောက်ချလာကာ စိတ်လှုပ်ရှားစွာဖြင့် ဆိုလေသည်။
“ဘာများလဲ”
ယဲ့ချိန်ရွှမ်းက မေးသည်။
"ဧကရာဇ်မင်ဝူက လျိုခန်းနှင့် လျိုရွှင်းတို့ရဲ့ ပုန်ကန်မှုအကြောင်း အတိအလင်း ကြေညာလိုက်ပြီ။ ယဲ့မိသားစုက သူတို့သားအဖရဲ့ သေဆုံးမှုအတွက် တာဝန်ယူပေးစရာ မလိုတော့ဘူး။ ဒါ့ပြင် ယဲ့မိသားစုက သူပုန်တွေကို သုတ်သင်ပြီး အင်ပါယာအတွက် ကောင်းကျိုးဆောင်ပေးတဲ့ အတွက် ဧကရာဇ်က အစ်ကိုကြီးကျန့်ထျန်းကို တုန်းလင်ပြည်နယ်ရဲ့ ဒုတိယမင်းသား အဖြစ် ခန့်အပ်လိုက်ပြီ။ အပိုဆောင်း ဆုလာဘ်အနေနဲ့ ရွှေစ လျန် ၃၀၀၀ တောင် ပါသေးတယ်တဲ့”
ယဲ့ကျန့်ရင်သည် အမောတကော ပြောပြီးသည်နှင့် အသက်ကိုပင် လုရှူနေရတော့သည်။ သူသည် ထိုသတင်းအား ကြားပြီးပြီးချင်း အလျင်အမြန် ပြေးလာခဲ့ခြင်း ဖြစ်သည်။
ယဲ့ကျန့်ထျန်းနှင့် ကျန်လူများသည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ မျက်နှာများက ဝင်းပလာကြသည်။ မည်သို့ပင်ဆိုစေ ယဲ့မိသားစုကား ဧကရာဇ်မင်ဝူနှင့်တော့ မယှဉ်သာသေးပေ။ ဧကရာဇ်မင်ဝူကသာ ယဲ့မိသားစုအား အပြစ်ဒဏ် ပေးလာပါက ယဲ့မိသားစုသည် ချိုင့်ဝှမ်းအတွင်း ပုန်းနေရုံသာ တတ်နိုင်မှာ ဖြစ်သည်။ ဧကရာဇ်မင်ဝူ၏ ထင်မှတ်မထားသော ဆုံးဖြတ်ချက်က ယဲ့မိသားစုအား ပို၍ အနေချောင် သွားစေသည်။
“တုန်းလင်ပြည်နယ်ရဲ့ ဒုတိယမင်းသား အသစ်တဲ့။ အစ်ကိုကြီး ဒီရာထူးကို လက်ခံမှာလား”
ယဲ့ကျန့်ရင်က ယဲ့ကျန့်ထျန်းအား မေးသည်။
အခြေအနေကား အနည်းငယ်တော့ ကသိကအောက် ဖြစ်စရာပင်။ ဧကရာဇ်မင်ဝူက တော်ဝင်အမိန့်တော်ကို ထုတ်ပြန်ပြီးဖြစ်ရာ ယဲ့ကျန့်ထျန်းဘက်မှ လက်မခံလျှင် ဧကရာဇ်အား ရန်စသည့်နှယ် ဖြစ်သွားနိုင်သည်။ လက်ခံလိုက်ပြန်တော့လည်း အနာဂတ်တွင် ရှုပ်ထွေးမှုများ ရှိလာနိုင်သည်။ အတိတ်တစ်ချိန်တွင်သာ ဆိုပါက ယဲ့ကျန့်ထျန်းသည် မိသားစုအား အထောက်အကူပြုရန် မဆိုင်းမတွ လက်ခံမိမှာ ဖြစ်သည်။ ယခုတွင်တော့ လင်ကျစ်ပင်များ ရောင်းချခြင်းဖြင့် ဝင်ငွေများစွာ ရနေနိုင်ပြီဖြစ်ရာ ဒုတိယမင်းသား ရာထူးက အရေးမပါတော့ပေ။
“ချန်အာ ... ဒီကိစ္စကို ဘယ်လိုထင်လဲ”
ယဲ့ကျန့်ထျန်းသည် ယဲ့ချန်အား ကြည့်သည်။
ယဲ့ချန်သည် တစ်ခဏမျှ တွေးတောကြည့်ပြီးမှ ပြန်ဖြေ၏။
“ကျွန်တော့် အမြင်တော့ အဖေ လက်ခံလိုက်လို့ ရပါတယ်။ ဒါပေမဲ့ မိသားစုကို ဒီချိုင့်ဝှမ်းထဲကနေ မရွှေ့ပြောင်းသင့်သေးဘူး။ တကယ်လို့ အန္တရာယ်တစ်ခုခု ကြုံလာရင် အဖေ အချိန်မရွေး ချိုင့်ဝှမ်းထဲကို ပြန်ဆုတ်လာလို့ ရတယ်။ အဖေ ဒုတိယမင်းသား ဖြစ်လာပြီးရင် ကိုယ်ပိုင်စစ်တပ်ကို စုဆောင်းလို့ရပြီ။ အပြင်ဘက် လောကကြီးက ဖရိုဖရဲ ဖြစ်နေတာဆိုတော့ ကိုယ်ပိုင်စစ်တပ် ရှိထားတာက မဆိုးပါဘူး”
ယဲ့ချန်၏ စကားများက မိသားစုဝင်တို့အား အတွေးနက် သွားစေသည်။ ယဲ့မိသားစု၏ မိုးကြိုးအင်ပါယာ ကျင့်စဉ်သည် အပြင်ဘက်သို့ ပေါက်ကြား၍ မရပေ။ ယွင်မိသားစု၊ ကျွင်းဝမ်နန်းတော်နှင့် ကျောက်စိမ်းမျှော်စင်ထဲမှ ယဲ့ချန် ရလာခဲ့သော ကျင့်စဉ်များလည်း ရှိသေးသည်။ ထိုကျင့်စဉ်များကမူ အပြင်ဘက်သို့ ပေါက်ကြားသွားလည်း ကိစ္စမရှိ။ လင်ကျစ်ပင်များ ရောင်းချမှုသာ အဆင်ပြေပြေ အောင်မြင်သွားပါက ယဲ့မိသားစု၏ ငွေကြေးပိုင်ဆိုင်မှုမှာ မမှန်းဆနိုင်သော အနေအထားထိ ကြယ်ဝသွားမည် ဖြစ်သည်။ ထိုအချိန်၌ ယဲ့ကျန့်ထျန်းသာ ဒုတိယမင်းသား ရာထူးကို လက်ဝယ် ပိုင်ဆိုင်ထားပါက တုန်းလင်ပြည်နယ်ထဲရှိ အင်အားစုများကို သစ္စာခံလာအောင် ပြုလုပ်ရန် လွယ်ကူသွားနိုင်သည်။ အပြင်ဘက် လောက၌ ဖရိုဖရဲ ဖြစ်နေခဲ့ပြီး ကြင်နာမှုအား ပြသပေးခြင်းဖြင့်သာ လူအများ၏ နှလုံးသားကို အောင်နိုင်ပေမည်။
ယဲ့ကျန့်ထျန်းတွင် မှီခိုစရာ ဤချိုင့်ဝှမ်း ရှိနေခြင်းကြောင့် ပို၍ အဆင်ပြေသွားသည်။ ဤချိုင့်ဝှမ်းကြောင့်ပင် ယဲ့ကျန့်ထျန်း အတွက် ကျပ်တည်းသော အခြေအနေများတွင် ဆုံးရှုံးမှုတချို့ ရှိလာလျှင်ပင် ချိုင့်ဝှမ်းအတွင်းသို့ ပြန်လာကာ ပုန်းခိုနိုင်သည်။
ထိုသို့အတွေးနှင့် သံသယများ အားလုံး ကင်းရှင်းသွားသည်။
“ချန်အာပြောတဲ့ အတိုင်းပဲ ငါ ဒီရာထူးကို လက်ခံမယ်”
ယဲ့ကျန့်ထျန်းသည် ရဲရင့်စွာဖြင့် ဆို၏။ နှလုံးသားထဲတွင်တော့ သူ တွေးနေခဲ့သည်။ ချန်အာ၏ ပါရမီနှင့် ဆိုပါက မကြာမီ၌ သူ့အား နောက်တွင် အဝေးကြီး ချန်ထားရစ်ခဲ့နိုင်မှာ သေချာသည်။ အနာဂတ်တွင် သူ့အနေနှင့် ချန်အာ့အား ကျင့်ကြံခြင်းအရာ၌ ကူညီ မပေးနိုင်လျှင်တောင် ဒုတိယမင်းသား ဟူသော ရာထူးဖြင့် တတ်နိုင်သလောက် ကူညီပေးလိုသော ဆန္ဒလေးက ရှိနေခဲ့သည်။
ယဲ့ကျန့်ထျန်းသည် ၁၀ နှစ်ခန့် ပြန်ငယ်သွားသည့်နှယ် ခံစားရကာ နောက်ထပ် ၁၀ စုနှစ်ပေါင်းများစွာ ရှေ့ဆက်နိုင်သေးသလို အားအင်များ ရလိုက်ပါ၏။
“အနာဂတ်မှာ အဖေ့ကို ကူညီပေးဖို့ သိမ်းငှက်နက်၊ နှင်းကျားသစ်နဲ့ ကြောင်နက်တို့ကို ထည့်ပေးလိုက်မယ်။ အားကောင်းတဲ့ ရန်သူမျိုးနဲ့ ရင်ဆိုင်လာရတဲ့အခါ သူတို့က အဖေ့အတွက် အထောက်အကူ ဖြစ်မှာပါ”
ယဲ့ချန်သည် ထိုသို့ဆိုပြီးနောက် သိမ်းငှက်နက်၊ နှင်းကျားသစ်နှင့် ကြောင်နက်တို့အား ကျွေးရန် အဆင့်မြင့် ဝိညာဉ်ဆေးလုံးများကိုပါ ယဲ့ကျန့်ထျန်းထံ တစ်ပါတည်း ပေးလိုက်သည်။
“တကယ်လို့ အစ်ကိုကြီးက ဒုတိယမင်းသား ရာထူးကို လက်ခံယူဖို့ ဆုံးဖြတ်ပြီးပြီဆိုရင် ကောင်းကောင်း ဂရုစိုက်မှရမယ်။ ဒီရက်ပိုင်း တုန်းလင်ပြည်နယ် ထဲမှာ နန်မန်နိုင်ငံက လူတွေကို မကြာခဏ တွေ့နေရတယ်လို့ ကြားတယ်။ ကြည့်ရတာ သူတို့က သတင်း အချက်အလက် လာစုံစမ်းပုံပဲ”
ယဲ့ကျန့်ရင်က ပြောသည်။
“လျိုရွှင်းက နန်မန်နိုင်ငံနဲ့ အဆက်အသွယ် ရှိနေခဲ့တာ ဆိုတော့ သူတို့ အစ်ကိုကြီးကို လာတိုက်ခိုက်မှာ စိုးရတယ်”
"နန်မန်နိုင်ငံက သူလျှိုတွေက ပြဿနာကြီးတော့ မဟုတ်ပါဘူး။ ရှီဝူအင်ပါယာထဲမှာ ဒုတိယအဆင့် မင်းသားတွေ ဒီလောက်များတာ၊ လျိုရွှင်းလိုမျိုး နန်မန်နိုင်ငံနဲ့ တိတ်တဆိတ် ဆက်သွယ်နေတဲ့သူတွေ ထပ်ရှိဦးမှာပဲ။ နန်မန်နိုင်ငံရဲ့ အင်အားအရ ဒုတိယအဆင့် မင်းသား တစ်ယောက်၊ နှစ်ယောက် သေသွားတာက သူတို့အတွက် စာမဖွဲ့ပါဘူး။ နန်မန်နိုင်ငံက လူတွေဖက်က ကြည့်ရင်လည်း ငါ့ကို တစ်ခုခုလုပ်ရအောင် ငါက သူတို့အကြိုက်ပုံစံ မဟုတ်ဘူးလေ။ ထပ်ပြောရရင် အဆင့် ၁၀ မှော်သားရဲ သုံးကောင်ကလည်း ငါ့ကို ကာကွယ် ပေးနေတာပဲ၊ သူတို့ တစ်ခုခု လုပ်ချင်ရင်တောင် မလွယ်မှာ စိုးရတယ်”
ယဲ့ကျန့်ထျန်းသည် ခပ်တိုးတိုးရယ်လျက် ပြော၏။ သားရဲများသည် ယေဘုယျအားဖြင့် လူသားများထက် ခွန်အားကြီးသည့်အပြင် တစ်ကြိမ် သစ္စာခံပြီးသည်နှင့် တစ်သက်လုံး ချိုးဖျက်လေ့မရှိ။ ယုံကြည် စိတ်ချရပေသည်။
***