← Chapters

ထွက်ခွာရန်ပြင်ဆင်ခြင်း

Vol. 10 Ch. 140

ထွက်ခွာရန်ပြင်ဆင်ခြင်း

Vol. 10 Ch. 140

“နန်မန်နိုင်ငံက ဒုတိယအဆင့် မင်းသားတစ်ယောက် အတွက် ကမ္ဘာမြေရန်အဆင့် ကျင့်ကြံသူကို လွှတ်မှာမဟုတ်ဘူး။ ကမ္ဘာမြေရန်အဆင့် ကျင့်ကြံသူတွေက နိုင်ငံအတွက် ရတနာတွေပဲလေ။ ကမ္ဘာမြေရန်အဆင့် မဟုတ်သ၍ အဆင့် ၁၀ ထိပ်ဆုံးဆင့် မှော်သားရဲ တစ်ကောင်နဲ့တင် ကိုင်တွယ်ဖို့ လုံလောက်တယ်။ အခုက သုံးကောင်ဆိုတော့ အတိုင်းထက် အလွန်ပေါ့”

ယဲ့ချိန်ရွှမ်းသည် တောက်တောက်ပပ ပြုံးလျက် ပြောသည်။

ယဲ့ချန်သည်လည်း ယဲ့ချိန်ရွှမ်း၏ စကားကြောင့် စိတ်သက်သာ သွားသော်လည်း သူ့နှလုံးသားထဲ၌ စိုးရိမ်စိတ် တချို့တော့ ရှိနေသေးသည်။ ရင်းမုန့်ထျန်း၏ စကားအရ နန်မန်နိုင်ငံ၏ အင်အားသည် ရှီဝူအင်ပါယာထက် အပြတ်အသတ် သာသည်။ စစ်သာ တကယ် ဖြစ်လာပါက ရှီဝူအင်ပါယာဘက်မှ အနိုင်ရဖို့မလွယ်။ ပြိုပျက်သွားသော ငှက်သိုက်တွင် မည်သည့်ငှက်ဥကမျှ အကောင်းအတိုင်း ကျန်ရှိမနေနိုင်။ ထိုအကြပ်အတည်း ကာလက ဘယ်အချိန် ရောက်လာမည်ကို မသိရသော်ငြား ယဲ့မိသားစု၏ လက်ရှိ အနေအထားသည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ရန်ပင် လုံလောက်မှု မရှိသေးပေ။

ကမ္ဘာမြေရန် အဆင့်၊ ကောင်းကင်ရန် အဆင့်နှင့် တန်ခိုးရှင်ရန် အဆင့်များသည် ယဲ့ချန်ရှေ့၌ တောင်တန်းကြီးများသဖွယ် မြင့်မြင့်မားမား ရှိနေကြသည်။ ယဲ့ချန်သည် ယဲ့မိသားစုအား ဤဖရိုဖရဲ ဖြစ်နေသော လောကကြီးအတွင်း လုံခြုံစေလိုပါက သူတို့၏ အင်အားကို တိုးမြှင့်ပေးရန် လိုပေသည်။

နန်မန်နိုင်ငံ၏ ရည်ရွယ်ချက်များကို သိမြင်နေသောကြောင့် ယဲ့ချန်သည် အလျင်အမြန် စွမ်းအား တိုးပွားလိုစိတ်များ ဖြစ်ပေါ်လာရသည်။ ရန်အဆင့်သို့ ရောက်ရှိရန် ငြိမ်ငြိမ်လေးထိုင်၍ ကျင့်ကြံနေရုံနှင့်တော့ မရပေ။ ယေဘုယျအားဖြင့် ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူ တစ်ယောက်သည် ကမ္ဘာမြေရန် အဆင့်သို့ ရောက်ရှိရန် ၁၀ နှစ်ခန့် ကြိုးကြိုးစားစား လေ့ကျင့်ရသည်။ ဧကရာဇ်မင်ဝူကဲ့သို့ ပါရမီရှင်သည်ပင် ၅ နှစ် အချိန်ယူခဲ့ရသည်။ သို့သော် ယဲ့ချန်အတွက် ၅ နှစ်ဟူသော အချိန်ကား ကြာလွန်းနေသည်။

ရှေးဟောင်းဆေးဖော်စပ်ခြင်း နည်းလမ်းသည် ထိုအချိန်အား ချုံပေးကောင်း ပေးနိုင်သည်။ ရှေးယခင် အချိန်များတုန်းက ထူးချွန်သော ကျင့်ကြံဆင့်မြင့်သူများသည် နေရာအနှံ့ လက်ညှိုးထိုးမလွဲအောင် ရှိခဲ့သည်။ ထိုသည်က ရှေးဟောင်း ဆေးဖော်စပ်ခြင်း နည်းလမ်းဖြင့် ဖော်စပ်ထားသော အထူးဆေးလုံးများကြောင့်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပေသည်။ ယဲ့ချန်သည် ဝိညာဉ်စုဆောင်းဆေးလုံးအား စားပြီးနောက် ကျင့်ကြံနှုန်း မြန်လာသည်ကို ခံစားမိသည်။ သို့သော် တစ်ခုတည်းသော ပြဿနာမှာ သူ၏ ဆေးဖော်စပ်ခြင်းသည် ယခုမှ လက်သင်အဆင့်သာ ရှိနေသေးသည်။ အကယ်၍ သူသာ ပိုမြင့်သော အဆင့်တစ်ခုထိ လေ့ကျင့်နိုင်ခဲ့ပါက သူကိုယ်တိုင် ဖော်စပ်ထားသော အထူးဆေးလုံးသည် အံ့ဩဖွယ်ရာ သက်ရောက်မှုကို ပေးစွမ်းနိုင်ပေလိမ့်မည်။

ယဲ့ကျန့်ထျန်းသည် လိုအပ်သည်များအား မိသားစုဝင်များကို ပြင်ဆင်စေသည်။ မိသားစုဝင် နှစ်ယောက်အား အခြေချရန်အတွက် အတူ ခေါ်ဆောင်သွားမည် ဖြစ်သည်။

“အဖေ ကျွန်တော့်မှာ အဖေ့ရဲ့ ကျင့်ကြံခြင်းအတွက် ကြီးကြီးမားမား အထောက်အကူ ပြုနိုင်တဲ့ ဆေးလုံးတစ်လုံး ရှိတယ်”

ယဲ့ချန်သည် ဝိညာဉ်စုဆောင်းဆေးလုံး တစ်လုံးကို ထုတ်ယူကာ ယဲ့ကျန့်ထျန်းထံ ပေးလိုက်သည်။

လူတိုင်းသည် ယဲ့ချန်အား အထိတ်တလန့် ကြည့်ကြသည်။ အကြောင်းမှာ ယဲ့ချန်သည် အံ့ဩစရာ ရတနာပစ္စည်း မျိုးစုံအား သူ့တစ်ကိုယ်လုံးတွင် ထည့်ဝှက်ထားဟန်ရပြီး တစ်ခုခုကို သူ ထုတ်ယူလာတိုင်း မြင်ရသူများအဖို့ အံ့ဩထိတ်လန့် ကြရစမြဲ ဖြစ်သည်။ ယဲ့ကျန့်ထျန်းသည် ထိုဆေးလုံးအား ယူကာ တစ်ခါတည်း မျိုချလိုက်သောကြောင့် စောင့်ကြည့်နေသူများသည် ဆေးလုံး၏ သက်ရောက်မှုအား မြင်ရရန် မစောင့်နိုင်ကြတော့ပေ။

ဆေးလုံးအား မျိုချပြီးနောက် ယဲ့ကျန့်ထျန်းသည် ဝမ်းဗိုက်တစ်ဝိုက်၌ ပူလောင်လာသည်ကို ခံစားမိပြီး ကျင့်ကြံရန် ထိုင်ချလိုက်သည်။

အချိန် အတော်ကြာသောအခါ ယဲ့ကျန့်ထျန်းသည် ဆေးလုံး၏ အာနိသင်များအား စုပ်ယူပြီးသွား၍ မတ်တတ်ပြန်ရပ်လာသည်။ သူ့မျက်နှာကမူ အလွန်တရာ စိတ်လှုပ်ရှားနေဟန်ဖြင့်။

“ချန်အာ ဒါ ဘာဆေးလုံးလဲ။ ကြည့်ရတာ ဒီဆေးလုံးက စိတ်ဝိညာဉ်ကို သန်မာ လာစေသလိုပဲ။ နောက်ထပ် ရှိသေးလား”

ယဲ့ကျန့်ထျန်း စိတ်လှုပ်ရှားနေသည်မှာ အံ့ဩစရာမရှိချေ။ စိတ်ဝိညာဉ်သည် လေ့ကျင့်ရန် အခက်ခဲဆုံး ဖြစ်ပြီး စိတ်ဝိညာဉ်က သန်မာလေလေ၊ လူတစ်ယောက်၏ ပါရမီက အားကောင်းလေလေ ဖြစ်သည်။ ထိုဆေးလုံးသည် လူတစ်ယောက်၏ ပင်ကိုပါရမီကိုပင် တိုးမြှင့်ပေးနိုင်ရာ ခြင်ဆီသန့်စင် ဆေးလုံးထက်ပင် ပို၍ အကျိုးသက်ရောက်မှု ရှိပေသည်။ ယဲ့မိသားစုထဲရှိ သာမန်လူများသာ ထိုဆေးလုံးမျိုးကို မှီဝဲနိုင်ပါက ကျင့်ကြံခြင်းတွင် ပါရမီရှိသူများအဖြစ် ပြောင်းလဲသွားနိုင်သည်။

“လောလောဆယ်တော့ နည်းနည်းပဲရှိတယ်။ အနာဂတ်မှာတော့ နောက်ထပ်များများ ရှိလာနိုင်ပါသေးတယ်”

ယဲ့ချန်သည် ဝိညာဉ်ဆေးလုံး အနည်းငယ်ကိုသာ ကံကောင်း၍ ဖော်စပ်နိုင်ခဲ့ခြင်း ဖြစ်ပြီး နောက်ထပ် ဖော်စပ်နိုင်ပါ့ဦးမလား မသေချာလှ။ ထို့ကြောင့် မရေမရာသာ ပြန်ဖြေလိုက်သည်။

“ဪ ...  အဲ့လိုလား”

ယဲ့ကျန့်ထျန်းသည် အနည်းငယ် စိတ်ပျက်သွားမိသော်လည်း ခဏမျှ တွေးကြည့်ပြီးနောက် စိတ်သက်သာသွားသည်။ အကယ်၍ ထိုသို့သော ဆေးလုံးများသာ အများကြီး ရှိနေပါက အလွန်ထိတ်လန့်ဖွယ် ကောင်းလိုက်မည့် ဖြစ်ခြင်း။

ယဲ့ကျန့်ထျန်းသည် ဒုတိယမင်းသားရာထူးအား လွှဲပြောင်းယူရန် တုန်းလင်ပြည်နယ်သို့ သွားခဲ့သည်။ တုန်းလင်ပြည်နယ်သည် လက်ရှိတွင် ရှုပ်ယှက်ခတ်နေပြီး ဧကရာဇ်၏ အမိန့်တော် အတည်တကျ အခြေကျရန် အချိန်ကြာမြင့်စွာ ယူရနိုင်သည်။

မျက်တောင်တစ်ခတ်စာ အချိန်အတွင်း လတစ်လ ကုန်ဆုံးသွားသည်။ ယဲ့ကျန့်ရှုံး ပြန်ရောက်လာပြီး ထျန်းတုကုန်သည် အသင်းနှင့် ဆက်သွယ်ပြီးခဲ့ပြီ ဖြစ်ကြောင်း သတင်းပို့သည်။ မိသားစုဝင်များသည် လင်ကျစ်ပင်သုံးမျိုးကို ခူးဆွတ်ကာ ကောင်းကင်ပထဝီ အိတ်အတွင်း ထည့်ပေးကြပြီး ယဲ့ကျန့်ရှုံးက လင်ကျစ်ပင်များကို လဲလှယ်ပေးရန် တာဝန်ယူသည်။ ယဲ့ချန်သည် လင်ကျစ်ပင် အသစ်တစ်မျိုးအား တောအုပ်ထဲတွင် ထပ်မံ စိုက်ပျိုးခဲ့ပြီး လင်ကျစ်ပင် စိုက်ပျိုးနည်းအား ယဲ့ချိန်ရွှမ်းကို သင်ကြားပေးသည်။ အနာဂတ်တွင် ယဲ့ချန်၊ ယဲ့မိသားစု၌ ရှိမနေပါက ယဲ့ချိန်ရွှမ်းက ထိုအလုပ်ကို လွှဲပြောင်းယူမည် ဖြစ်သည်။

ကျန်သည့် အချိန်များ၌ ယဲ့ချန်သည် ဆေးဖော်စပ်ခြင်းကိုသာ တစိုက်မတ်မတ် လေ့ကျင့်နေခဲ့သည်။ ယခင်ကနှင့် နှိုင်းစာသော် သူ၏ ဆေးဖော်စပ်ခြင်း နည်းပညာသည် တိုးတက်လာသော်လည်း အောင်မြင်နိုင်နှုန်းကတော့ နည်းပါးနေဆဲ။ ကံကောင်းနေလျှင် အောင်မြင်နှုန်းက ၁ ရာခိုင်နှုန်း ရှိပြီး ကံမကောင်းလျှင်တော့ အောင်မြင်နှုန်းက ၁ ရာခိုင်နှုန်း၏ သုံးပုံတစ်ပုံသာ ရှိသည်။

ကံကောင်းထောက်မစွာ ယဲ့ချန် ဖော်စပ်ခဲ့သမျှသော ဆေးလုံးများသည် ဝိညာဉ်စုဆောင်းဆေးလုံးများ ဖြစ်လာခဲ့သည်။ ယဲ့ချန်သည် ဝိညာဉ်စုဆောင်း ဆေးလုံးများကို ကောင်းကောင်းမွန်မွန် ဖော်စပ်နိုင်တော့မည့်ပုံပင်။

ရှေးဟောင်းဆေးဖော်စပ်ခြင်း နည်းလမ်း၏ အဆင့် ခွဲခြားချက်များအရ ယဲ့ချန်သည် လက်သင်အဆင့်သာ ရှိသေးသည်။ အနည်းငယ်မျှ ဆက်လက် တိုးတက်ဖို့ရန်တောင် ခက်ခဲလွန်းလှသည်။

ယဲ့ချန်၏ လက်ရှိအောင်မြင်မှု ရလဒ်မှာ ထင်ရှားပေသည်။ သူသည် ဝိညာဉ်စုဆောင်းဆေးလုံး ရာဂဏန်းခန့် ဖော်စပ်နိုင်ခဲ့သည်။ အနည်းငယ်ကိုတော့ သူ့အတွက် သိမ်းဆည်းထားပြီး ကျန်သမျှအား ယဲ့ချိန်ရွှမ်းနှင့် ကျန်လူများထံ ဝေပေးလိုက်သည်။ ဆေးဖော်စပ်ရာတွင် အောင်မြင်မှုနှုန်း တိုးလာခြင်းဖြစ်စေ၊ ယဲ့ချန်၏ ဆေးဝါးပညာက တိုးတက်လာသည် ဖြစ်စေ ပိုများသော ဝိညာဉ်စုဆောင်း ဆေးလုံးများကို ဖော်စပ်နိုင်လောက်သည်။

ကိုယ်တိုင် လေ့လာရခြင်းက နည်းပြဆရာနှင့် လေ့ကျင့်ရခြင်းနှင့်တော့ ကွဲပြားပေသည်။ ထိုအကြောင်းကိုတွေးကာ ယဲ့ချန်သည် ဆရာရွှမ်းယီထံ သွားဖို့တော့ လိုလာပြီဟု စဉ်းစားမိသည်။ ဆရာရွှမ်းယီသည် သာမန်ဆေးဖော်စပ်ခြင်း နည်းလမ်းကိုသာ သင်ကြားပေးမည် ဖြစ်သော်လည်း သာမန်ဆေးဖော်စပ်ခြင်း ပညာတွင် ဆရာရွှမ်းယီ၏ အဆင့်ထိ အောင်မြင်နိုင်ပါက ရှေးဟောင်းဆေးဖော်စပ်ခြင်း ပညာတွင်လည်း တိုးတက်မှုများ ကျိန်းသေ ရှိလာမည်ဖြစ်သည်။

ယဲ့မိသားစုသည် ချိုင့်ဝှမ်းအတွင်း အဆင်ပြေပြေ ရှိနေသောကြောင့် ယဲ့ချန်အနေနှင့် နန်းမြို့တော်သို့ စိတ်ချလက်ချ ထွက်ခွာနိုင်သည်။ နန်းမြို့တော်သို့ ရောက်ပြီးလျှင် ချိုးယင်းနှင့် ရှင်းလင်းစရာ ကိစ္စများကိုလည်း အပြီးသတ်ရန် ရှိသည်။ ချိုးယင်းအကြောင်း တွေးမိသည်နှင့် ယဲ့ချန်မျက်လုံးများက အေးစက်သွားသည်။

“ချန်အာ နန်းမြို့တော်ကို သွားမလို့ ဟုတ်လား”

ယဲ့ချန်၏ စကားကိုကြားပြီးနောက် ယဲ့ချိန်ရွှမ်း၏ နှလုံးသားသည် တင်းကျပ်သွားရကာ ပြန်မေးမိသည်။ နန်းမြို့တော်သည် တုန်းလင်မြို့နှင့် မတူညီပေ။ ဧကရာဇ်၏ ခြေဖဝါးအောက်တွင် အနီးကပ်ဆုံး ရှိနေသောမြို့ဖြစ်ပြီး အင်အားကြီး မိသားစုကြီးများ စုဝေးရာလည်း ဖြစ်သည်။ ယဲ့ချန်၏ လက်ရှိ ကျင့်ကြံဆင့်အရ ထျန်းချီအဆင့် ၁၀ ထိပ်ဆုံးဆင့်ကိုပင် မှုစရာ မလိုသော်လည်း နန်းမြို့တော်တွင် ပါရမီရှင်များ ပေါများလှရာ အတပ်ပြော၍ မရနိုင်ပေ။

“ဟုတ်ကဲ့။ ဒုတိယဦးလေးနဲ့ ယဲ့မုန့်တို့ရဲ့ အဆိပ်ကို ဖြေနိုင်ဖို့ဆိုရင် ဆေးဝါးပညာကို သင်ယူမှရမယ်။ ဒါကြောင့် နန်းမြို့တော်ကို သွားရမှာပေါ့။ စိတ်မပူပါနဲ့ ဘိုးဘိုးကြီး။ ကျွန်တော် ဆရာလီနဲ့ အဆက်အသွယ် ရှိပါတယ်။ ဆရာရွှမ်းယီရဲ့ လက်အောက်ကို ရောက်ပြီးရင် ကျွန်တော့်ကို ဘယ်သူမှ ထိရဲတော့မှာ မဟုတ်ဘူး”

ယဲ့ချန်က ပြောသည်။

“ရင်းမုန့်ထျန်းက အဖေ့ဆီကို အကြောင်းကြားလာတယ်။ လျိုသားအဖကို သတ်တဲ့ကိစ္စနဲ့ ဧကရာဇ် ဒေါသထွက်နေတဲ့ အချိန်မှာ ဆရာရွှမ်းယီက ယဲ့မိသားစုကို ကာကွယ် ပေးခဲ့တာတဲ့လေ။ ဒါကိုကြည့်ရင် ဆရာရွှမ်းယီက နန်းမြို့တော်မှာ ဘယ်လောက်ထိ လွှမ်းမိုးနိုင်စွမ်းရှိလဲ ဆိုတာ သိသာပါတယ်”

ယဲ့ချန်၏ စိတ်အား ထက်သန်နေမှုကြောင့် ယဲ့ချိန်ရွှမ်းလည်း သဘောတူလိုက်ရသည်။ ယဲ့ချန်ကဲ့သို့ အညွှန့်တလူလူနှင့် လူငယ်လေးအား ချိုင့်ဝှမ်းထဲ၌ တစ်သက်လုံး ပိတ်ထားဖို့ကလည်း မဖြစ်နိုင်သည်မို့။ ယဲ့ချန်သည် ကျယ်ပြောသော ပြင်ပလောကကြီးအား အတွေ့အကြုံယူရန် လိုအပ်နေသေး၏။

“ချန်အာ ...  မင်းရဲ့ တတိယဦးလေးက ပစ္စည်းတချို့ ပို့ပေးလိုက်တယ်။ အဲဒါတွေကိုပါ ယူသွားလိုက်။ အထောက်အကူ ဖြစ်မှာပါ”

ယဲ့ချိန်ရွှမ်းသည် ကောင်းကင် ပထဝီအိတ်ထဲမှနေ၍ သတ္တုဖြင့် ပြုလုပ်ထားသော တံဆိပ်တစ်ခုကို ထုတ်ယူလိုက်သည်။ ထိုတံဆိပ်သည် နက်ရွှေရောင် ဖျော့ဖျော့လေး လင်းနေခဲ့ပြီး “ထျန်းတုကုန်သည် အသင်း” ဟူ၍ စာထွင်းထားလေသည်။

***

အပိုင်း (၁၄၁)

နက်ရွှေရောင် နာမည်တံဆိပ်ပြား

“ထျန်းတုကုန်သည် အသင်းရဲ့ တံဆိပ်ပြားတွေကို ကြက်သွေးရောင်၊ ငွေဖြူရောင်၊ နက်ရွှေရောင်ဆိုပြီး အရောင်သုံးမျိုးနဲ့ ခွဲခြားထားတယ်။ ထျန်းတုကုန်သည် အသင်းနဲ့ သတ်မှတ်ထားတဲ့ ပမာဏအထိ ပစ္စည်းတွေ လဲလှယ်ပြီးမှ ဒီတံဆိပ်ပြားတွေကို ရတာ။ နက်ရွှေရောင် တံဆိပ်ပြားကတော့ အမြင့်ဆုံးပဲ။ ချီစုဆောင်းဆေးလုံး ၁၀ သန်းကျော် တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို လဲလှယ်ထားတဲ့ ဖောက်သည်တွေကိုပဲ ထျန်းတုကုန်သည် အသင်းက နက်ရွှေရောင် တံဆိပ်ပြားကို ထုတ်ပေးတာ။ နန်းမြို့တော်မှာလည်း ထျန်းတုကုန်သည် အသင်းရဲ့ ဆိုင်ခွဲတွေရှိနေတော့ ဒီတံဆိပ်ပြားနဲ့ဆိုရင် လျှော့ဈေးတွေ ဘာတွေ ရနိုင်တာပေါ့။ ပိုက်ဆံ မလုံလောက်ရင်လည်း ချီစုဆောင်းဆေးလုံး ၂၀၀၀၀၀ စာလောက်တော့ အကြွေးယူလို့ ရနိုင်တယ်။ အဓိကအချက်ကတော့ ထျန်းတုကုန်သည် အသင်းရဲ့ နန်းမြို့တော်ဆိုင်ခွဲမှာ ကောင်းကင်ရန်အဆင့် ကျင့်ကြံသူက စောင့်ကြပ်နေတယ်။ အကူအညီလိုရင် ဒီတံဆိပ်ပြားကို ပြပြီး အကူအညီတောင်းလို့ ရတယ်”

ယဲ့ချိန်ရွှမ်းက ရှင်းပြသည်။ အရှေ့ဘက် ကုန်းမြေတိုက်ကြီးအတွင်း များပြားလှသော နိုင်ငံများအကြား လူအယောက် ၅၀ ခန့်သည်သာ ထျန်းတုကုန်သည် အသင်း၏ နက်ရွှေရောင် တံဆိပ်ပြားအား လက်ဝယ် ကိုင်ဆောင်နိုင်ကြသည်။ တော်ဝင် မိသားစုဝင်များ၌ပင် မရှိပေ။

“ဘိုးဘိုးကြီး ...  တတိယဦးလေးက ဒီတံဆိပ်ပြားကို ဘယ်လိုရခဲ့တာလဲ။ လဲလှယ်မှုက အောင်မြင်သွားပြီဆိုတဲ့ သဘောလား”

ယဲ့ချန်သည် အံ့ဩစွာဖြင့် မေး၏။ သံသယ အတွေးတို့က ရုတ်တရက် ဝင်လာသောကြောင့် ယဲ့ချန်သည် တံဆိပ်ပြားအား ဝိညာဉ် အသိအမြင်ဖြင့် စစ်ဆေးကြည့်လိုက်သည်။ တံဆိပ်ပြား၌ ခြေရာကောက်နိုင်သော စွမ်းအင် တစ်စုံတစ်ရာ ရှိမနေပေ။ ကြည့်ရသည်မှာ ထျန်းတုကုန်သည် အသင်း၏ ဂုဏ်သတင်းကား အလကား ဟုတ်ပုံမရ။ သူကသာ သက်သက်မဲ့ သံသယ လွန်နေမိခြင်း ဖြစ်သည်။

“မင်းရဲ့ ဒုတိယဦးလေးနဲ့ တတိယဦးလေးက ပေ့အန်းပြည်နယ်မှာ ရှိတဲ့ ထျန်းတုကုန်သည် အသင်းရဲ့ ဆိုင်ခွဲနဲ့ ချိတ်ဆက်ပြီး လင်ကျစ်ပင်တွေကို လဲလှယ်ခဲ့တယ်လေ။ အစပိုင်းတော့ ပေ့အန်းပြည်နယ်က ဆိုင်ခွဲက ချီစုဆောင်းဆေးလုံး ၅၀၀,၀၀၀ နဲ့ ချီအဆီအနှစ် ဆေးလုံး ၅,၀၀၀ ကိုပဲ ပေးချေနိုင်ပေမဲ့ ထျန်းတုကုန်သည်အသင်း၊ ဌာနချုပ်က ကိုယ်စားလှယ် ရောက်လာတာနဲ့ တစ်ပြိုင်နက် ကျန်တဲ့ ပေးချေမှုကို အပြီးသတ် ပေးချေမယ်တဲ့လေ။ ဒီနက်ရွှေရောင် တံဆိပ်ပြား သုံးခုကတော့ ထပ်ဆောင်း လက်ဆောင်အနေနဲ့ ရခဲ့တာပဲ။ မင်းရဲ့ တတိယဦးလေးက ဒီတံဆိပ်ပြားတွေကို ပြန်လာပို့ဖို့အရေး ရက်ပိုင်းများစွာ ခရီးနှင် လာခဲ့ရတယ်။ မင်းရဲ့ ဒုတိယ ဦးလေးကတော့ ရဖို့ကျန်နေသေးတဲ့ ပေးချေမှုအတွက် ပေ့အန်းပြည်နယ်မှာ ကျန်နေရစ်ခဲ့တယ်”

ယဲ့ချိန်ရွှမ်းသည် အားတက်သရောဖြင့် ရှည်လျားစွာ ရှင်းပြသည်။

ယဲ့မိသားစုသည် လင်ကျစ်ပင်သုံးမျိုးပေါင်း ရွက်ညှာ ၁၀,၀၀၀ ခန့်ကို လဲလှယ်ခဲ့ခြင်း ဖြစ်သည်။ ထိုပမာဏသည် တော်ဝင်မိသားစု၏ နှစ်စဉ် ဝင်ငွေထက်ပင် ကျော်လွန်နေသည်။ ထျန်းတုကုန်သည် အသင်းသည်လည်း ဤလဲလှယ်မှုမှ တစ်ဆင့် အကျိုးအမြတ်များစွာ ရရှိနိုင်သည်။ ထိုသို့သော ဖောက်သည်မျိုးကို ထျန်းတုကုန်သည် အသင်းသည် လွယ်လင့်တကူ လွှတ်ပေးလိုက်ပါမည်လော။

“ထျန်းတုကုန်သည် အသင်းက ယုံကြည်ရရဲ့လား”

ယဲ့ချန်သည် သတိကြီးကြီး ထားနေဆဲဖြစ်ကာ မေးသည်။ မည်သို့ပင်ဆိုစေ မိသားစု၏ လုံခြုရေးက အရေးအကြီးဆုံး ဖြစ်သည်။

“စိတ်အေးအေးထားပါ။ လဲလှယ်မှု လုပ်နေတုန်း မင်းရဲ့ ဒုတိယဦးလေးနဲ့ တတိယဦးလေးက အများကြီး သတိထား ခဲ့ပါတယ်။ ထျန်းတုကုန်သည် အသင်းက မင်းဦးလေးတွေရဲ့ နောက်ခံကို လုံးဝမစပ်စုဘဲ စာအုပ်ကြီးအတိုင်းပဲ တိတိကျကျ ဆောင်ရွက်တယ်တဲ့လေ”

ယဲ့ချိန်ရွှမ်းသည် ပြောရင်းဆိုရင်းဖြင့် ကောင်းကင်ပထဝီအိတ် အနည်းငယ်အား ယဲ့ချန်ထံ လှမ်းပေးသည်။

“လိုရမယ်ရ ဒါတွေလည်း ယူသွားဦး”

ယဲ့ချန် တစ်ချက်ကြည့်လိုက်တော့ ထိုကောင်းကင် ပထဝီအိတ်များအတွင်း ဆေးပုလင်းများဖြင့် ပြည့်နှက်နေသည်။ အများစုကတော့ ချီစုဆောင်းဆေးလုံးနှင့် ချီအဆီအနှစ် ဆေးလုံးများ ဖြစ်ကြသည်။ အကြမ်းဖျင်း ရေတွက်ကြည့်ပြီးသော် ချီစုဆောင်းဆေးလုံး ၃၀၀,၀၀၀ ခန့်နှင့် ချီအဆီအနှစ် ဆေးလုံး ၅,၀၀၀ ခန့် ရှိကြောင်း ယဲ့ချန် ခန့်မှန်းရသည်။

“ဘာလို့ ထျန်းတုကုန်သည် အသင်းလို အင်အားစုကြီး တစ်ခုရဲ့ ဆိုင်ခွဲက ပေးချေမှုကို တစ်ခါတည်း မလုပ်နိုင်ရတာလဲ”

ယဲ့ချန်သည် တွေးဆဆဖြင့် ထပ်မေး၏။

ထိုအခါ ယဲ့ချိန်ရွှမ်းက ရယ်သည်။

“အစကတော့ သူတို့ဘက်က ချီစုဆောင်းဆေးလုံးနဲ့ ချီအဆီအနှစ် ဆေးလုံးတွေကို ဘယ်လိုကုန်သွယ်ရေး ဌာနမျိုးမှာမဆို လဲလှယ်နိုင်တဲ့ လက်မှတ်မျိုး ပေးဖို့ပဲ။ ဒါပေမဲ့ မင်းဦးလေးတွေက အဲဒီလက်မှတ်တွေက တစ်ဆင့် ယဲ့မိသားစုကို ခြေရာခံမိသွားမှာ စိုးတာနဲ့ ဆေးလုံးတွေကိုပဲ လက်ငင်းယူဖို့ ညှိနှိုင်းခဲ့တယ်လေ။ ထျန်းတုကုန်သည် အသင်းမှာက အဲဒီလက်မှတ်တွေကို အသုံးများတော့ လက်ငင်းပေးဖို့ ဆေးလုံးက အလုံအလောက် ရှိမနေဘူး ဖြစ်သွားတာ။ အဲဒါကြောင့်ပါ ... ”

“ဘိုးဘိုးကြီး ကျွန်တော့်ကို ဒီဆေးလုံးတွေ ပေးလိုက်တော့ မိသားစုဝင်တွေက ဘာနဲ့ သုံးတော့မှာလဲ”

"ငါတို့သုံးဖို့ ချီစုဆောင်းဆေးလုံး ၂၀၀,၀၀၀ ယူထားပါတယ်၊ ဒီလောက်ဆို လုံလောက်ပြီ။ မင်းရဲ့ ဦးလေးနှစ်ယောက် ပြန်လာတဲ့အခါ ပါလာမဲ့ ဆေးလုံးတွေက ရေတွက်လို့တောင် ကုန်မှာမဟုတ်ဘူး”

ယဲ့ချိန်ရွှမ်းက ပြောသည်။ သူ့တူနှစ်ယောက် ပြန်လာလျှင် ဆေးလုံး အရေအတွက် မည်မျှပါလာမည်ကို အတိအကျ မခန့်မှန်းနိုင်သော်လည်း ချမ်းသာ ကြွယ်ဝမှုကြီးတစ်ခု ဖြစ်နေမည်ကတော့ ကျိန်းသေသည်။ ထိုပိုင်ဆိုင်မှုသည် ဘုရင့်ဘဏ္ဍာတိုက်နှင့်ပင် ယှဉ်နိုင်သည်ဟု ဆိုခြင်းက ချဲ့ကားပြောခြင်း မဟုတ်ပါချေ။ ထိုအချိန်သို့ ရောက်လျှင် ယဲ့မိသားစုဝင်များသည် ဆေးလုံးအား မည်ကဲ့သို့ ကုန်အောင် သုံးရမည်ကိုသာ စိတ်ပူရန် ရှိတော့သည်။

ယဲ့ချန်လည်း ခဏမျှ တွေးကြည့်ပြီးသော် မငြင်းတော့ပေ။ နန်းမြို့တော်သို့ ခရီးတစ်လျှောက်တွင် ကုန်ကျစရိတ်များစွာ ရှိမည် ဖြစ်သည်။ ထို့ကြောင့် ယဲ့ချိန်ရွှမ်း ပေးသော ကောင်းကင် ပထဝီအိတ်များအား လက်မောင်းကာအတွင်း ထည့်သိမ်းထားလိုက်၏။

“ချန်အာ အနာဂတ်မှာ ငါတို့ ဘယ်လို ဆက်သွယ်ကြမလဲ”

ယဲ့ချိန်ရွှမ်းက မေးသည်။ နန်းမြို့တော်သည်ကား အလွန်ကြီးမားသော မြို့တော်ကြီး ဖြစ်သည့်အပြင် ဝင်ထွက်ရန် မလွယ်ကူသည့် ကန့်သတ်ထားသော နေရာများက ရှိသေးသည်။ ယဲ့ချန် ရှိနေသော နေရာအား သိထားလျှင်ပင် ဆက်သွယ်မှု ရဖို့တော့ မလွယ်ကူပေ။

ယဲ့ချန်သည် အနည်းငယ် တွေးတောပြီးနောက် ပြန်ဖြေသည်။

“တကယ်လို့ မိသားစုဝင် တစ်ယောက်ယောက်က နန်းမြို့တော်မှာ ကျွန်တော့်ကို လာရှာချင်ရင် လင်းတနီကိုသာ စီးလာလိုက်။ ကျွန်တော့်မှာ သူတို့နဲ့ ဆက်သွယ်နိုင်တဲ့ နည်းလမ်းရှိတယ်”

မှော်သားရဲများနှင့် သခင်အကြားရှိ ဆက်သွယ်မှု အနေနှင့် ယဲ့ချန်သည် လင်းတနီနှင့် မိုင် ၁၀၀၀ ခန့် အကွာကပင် အချိန်မရွေး ဆက်သွယ်နိုင်ပေသည်။

“ကောင်းပြီ”

ယဲ့ချိန်ရွှမ်းက ခေါင်းညိတ်သည်။ ထိုသို့ဆိုလျှင်တော့ ပြဿနာ အထူးတလည် မရှိတော့ချေ။

ချီစုဆောင်း ဆေးလုံးနှင့် ချီအဆီအနှစ် ဆေးလုံးများအပြင် ယဲ့ချန်သည် လင်ကျစ်ပင် သုံးမျိုးကိုလည်း ရွက်ညှာ ၁,၀၀၀ ခန့်စီ လက်မောင်းကာထဲသို့ လိုရမယ်ရ ထည့်ထားလိုက်သည်။

အစစအရာရာ အသင့် ပြင်ဆင်ပြီးသောအခါ ယဲ့ချန်သည် နန်းမြို့တော်သို့ ထွက်ခွာရန် အသင့် ဖြစ်နေလေပြီ။

သည်တစ်ကြိမ်ခရီး၌ ယဲ့ချန်သည် အမွေးပွလေးကိုသာ အတူတကွ ခေါ်ဆောင်သွားမည် ဖြစ်သည်။ လူဝံဖြူနှင့် အခြား မှော်သားရဲများအား ချိုင့်ဝှမ်းဝင်ပေါက်၌ စောင့်ကြပ်နေစေခဲ့သည်။ သူသည် ဝိညာဉ် အသိအမြင်၏ အပိုင်းအစ တစ်ခုကိုလည်း ချိုင့်ဝှမ်းထဲ၌ ချန်ရစ်ခဲ့သည်။ သို့ဖြစ်၍ နတ်သူငယ်အဆင့် အောက်ရှိ ကောင်းကင်သားရဲများနှင့် မှော်သားရဲများသည် ပြဿနာ ရှာရဲတော့မည် မဟုတ်။ အကယ်၍ နတ်သူငယ်အဆင့် ကောင်းကင်သားရဲ အရှင်သခင် တစ်ပါး ရောက်လာခဲ့လျှင်ပင် ဝိညာဉ် အသိအမြင်အား အာရုံခံမိပြီးနောက် အကြောင်းမဲ့သက်သက် ချိုင့်ဝှမ်းထဲသို့ ကျူးကျော်လိမ့်မည် မဟုတ်ပေ။

ယဲ့ချန်သည် နန်းမြို့တော်၏ မြင်ကွင်းအား ပုံဖော်ကြည့်မိသည်။ မိသားစုဝင်များထံမှ ကြားရသလောက် နန်းမြို့တော်ကား ကြီးကျယ် ခမ်းနားလှသည်ဟု ဆိုသည်။ ထို့ကြောင့် သူသည် တစ်နည်းနည်းဖြင့် စူးစမ်းလိုစိတ် ဖြစ်ပေါ်နေရ၏။

ထို့ပြင် ယဲ့ချန်သည် လက်တလော၌ ဆေးဖော်စပ်ခြင်းအား အထူးစိတ်ဝင်စားနေရာ ဆရာရွှမ်းယီ၏ လက်အောက်တွင် တပည့်ခံရင်း သင်ယူစရာများ အလွန် များပြားနေမည်မှာ သေချာပေသည်။

ယဲ့ချန်သည် ချိုင့်ဝှမ်းထဲ၌ သုံးရက်နေကာ မိသားစုဝင် တစ်ယောက်ချင်းစီအား သေချာနှုတ်ဆက်ပြီးမှ တုန်းလင်မြို့သို့ ဦးစွာ သွားခဲ့သည်။ တုန်းလင်မြို့၌ အရာအားလုံး အစီအစဉ်တကျ ရှိနေပြီး ယဲ့ကျန့်ထျန်းသည် ရွှီမိသားစု ဦးဆောင်သည့် သိုင်းပညာ မိသားစုကြီးများ၏ ကူညီထောက်ပံ့မှုကို ရရှိထားသည်။ ယဲ့ကျန့်ထျန်း ကိုယ်တိုင်က ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူ ဖြစ်သည့်အပြင် အဆင့် ၁၀ သားရဲများကို အမိန့် ပေးနိုင်နေသေးရာ ဘယ်သူကမှ သူ့အား မဆန့်ကျင်ရဲပေ။ ယဲ့မိသားစု၏ ဂုဏ်အရှိန်က ပို၍ ထွန်းတောက်လာနေသည်။ ထပ်ပေါင်းပြောရသော် ယဲ့ချန်သည် တုန်းလင်မြို့ခံများထဲ၌ ယဲ့မိသားစုမှ သူလျှိုတချို့ ထည့်ထားခဲ့သေးရာ ယဲ့ကျန့်ထျန်းသည် မြို့ခံများ၏ ထောက်ခံ အားပေးမှုကိုလည်း ရရှိနေပြီး ပြဿနာများကို ချောချောမွေ့မွေ့ ဖြေရှင်းနိုင်ခဲ့သည်။ သို့သော်လည်း ကိစ္စတို့က ယခုမှ အခြေကျစသာ ရှိနေသေးသောကြောင့် ဖြေရှင်းရမည့် ပြဿနာများကတော့ တစ်ခုပြီးတစ်ခု လက်မလည်အောင် ရှိနေသည်။

တုန်းလင်မြို့တွင် အခြေအနေများ ငြိမ်သက် အေးချမ်းကြောင်း အတည်ပြုပြီးမှ ယဲ့ချန်သည် ဖခင်ဖြစ်သူအား နှုတ်ဆက်ကာ ထွက်ခွာလာခဲ့သည်။ အမွေးပွလေးအား ပခုံးထက်တွင် တင်လျက် ပထမတန်းစား ညဉ့်လေမြင်းတစ်ကောင်ဖြင့် ယဲ့ချန်၏ ခရီးကား စတင်ခဲ့သည်။

ဤသည်မှာ ခရီးရှည်ကြီး ဖြစ်ပြီး နန်းမြို့တော်သို့ ရောက်ရှိရန် အချိန်မည်မျှ ကြာမည်ကို ယဲ့ချန်လည်း မသေချာပေ။

သိမ်းငှက်နက်နှင့် လင်းတနီတို့ မအားလပ်သည်က နှမြောစရာပင်။ ထိုငှက်နှစ်ကောင်နှင့်သာ ပျံသန်းသွားရပါက နန်းမြို့တော်သို့ အချိန်တိုအတွင်း ရောက်ရှိနိုင်သည်။

မည်သို့ပင်ဆိုစေ မြင့်မားသော တောင်တန်းနှင့် မတ်စောက်သော တောင်ရိုးတို့ကို အဖော်ပြု၍ သွားလာနေရင်းဖြင့် အချိန်သည် အဓိက မကျတော့ပေ။ ကျောက်စိမ်းမျှော်စင်ထဲမှ ထွက်လာပြီးတည်းက ယဲ့ချန်၏ ဝိညာဉ် အသိအမြင်သည် ပိုမိုသန်မာလာသည်။ အမွေးပွလေး၏ ၆ ချောင်းမြောက် အမြီးသည်လည်း တစ်ဝက်ကျော်ထိ ရှည်လာပြီး အဆင့် ၁၀ ထိပ်ဆုံးဆင့် ကောင်းကင်သားရဲ ဖြစ်နေပြီဖြစ်ရာ မှော်သားရဲသုံးကောင်အား ယဉ်ပါး စေနိုင်နေလေပြီ။ ခရီးတစ်လျှောက်၌ ယဉ်ပါးစေရန် သင့်လျော်သော သားရဲ ရှိ၊ မရှိကို ရှာဖွေကြည့်ရန် ယဲ့ချန် တွေးလိုက်သည်။

ယခုတွင်တော့ ယဲ့ချန်သည် အဆင့် ၁၀ ထိပ်ဆုံးဆင့် မှော်သားရဲများကို နည်းနည်းလေးတောင်မှ စိတ်မဝင်စားတော့ပေ။ ဖြစ်နိုင်လျှင် သူက ကမ္ဘာမြေအဆင့် မှော်သားရဲများကို ယဉ်ပါးနိုင်ရန် ကြိုးစားကြည့်ချင်သည်။ ကမ္ဘာမြေအဆင့် မှော်သားရဲသည် ကမ္ဘာမြေရန်အဆင့် ကျင့်ကြံသူအောက် အနည်းငယ်မျှပင် စွမ်းအားနိမ့်ကျခြင်း မရှိရာ ယဉ်ပါးစေရတာ တန်ပေသည်။

သို့သော် ဝိညာဉ် အသိအမြင်က ကမ္ဘာမြေအဆင့် မှော်သားရဲအား လွှမ်းမိုးနိုင်ပါ့မလား ယဲ့ချန်လည်း တပ်အပ်မပြောနိုင်ဘဲ ရှိသည်။ အကယ်၍ ကမ္ဘာမြေအဆင့် မှော်သားရဲ တစ်ကောင်ကောင်နှင့် ကြုံလာလျှင် ကြိုးစားကြည့်လိုက်မည်။ ရတော့လည်းရ၊ မရတော့လည်း လက်လျှော့လိုက်ရုံသာ။ ကောင်းကင်အဆင့် မှော်သားရဲနှင့် ကြုံလာရလျှင်ပင် ယဲ့ချန်သည် ထိုမှော်သားရဲအား မယဉ်ပါး စေနိုင်လျှင်တောင် အနည်းဆုံး ကြောက်လန့်သွားအောင် မောင်းထုတ်နိုင်ဖို့တော့ ယုံကြည်ချက်ရှိ၏။

***

All Chapters