← Chapters

တျန်းဂျီတုတ်၏ မူလဇစ်မြစ်

Vol. 39 Ch. 540

တျန်းဂျီတုတ်၏ မူလဇစ်မြစ်

Vol. 39 Ch. 540

“အဲဆို စီနီယာက ဘာလို့ ကျွန်မတို့ကို ကူညီပေးတာလဲ ပြီးတော့ စီနီယာရဲ့ ဆေးစံအိမ်က ဘာလို့ တျန်းဂျီဆေးစံအိမ် ဖြစ်နေရတာလဲ” မိုဝူကျီ ထွက်သွားတော့မည်ကို မြင့်ကာ စုရိုအာက အရဲစွန့်မေးလိုက်သည်။

မိုဝူကျီက လှည့်ကာ ပြန်ဖြေလိုက်သည်

“ဘာလို့လဲဆိုတော့ ကျုပ်က တျန်းဂျီဂိုဏ်းရဲ့ ဂိုဏ်းချုပ်မလို့ပဲ။ ဒါပေမဲ့ ကျုပ်တျန်းဂျီဂိုဏ်းက  ကျင့်ကြံခြင်း လောကမှာ ရှိတာ။

ကျုပ် အင်မော်တယ် လောကထဲ ရောက်လာ ကတည်းက  တျန်းဂျီဂိုဏ်းနဲ့ ပတ်သက်တာ တစ်ခုမှ မကြားမိလို့  ဒီနေရာမှာ တျန်းဂျီဂိုဏ်း မရှိဘူး ထင်နေတာ။ အဲဒါကြောင့်မလို့ တျန်းဂျီဂိုဏ်းဆိုတဲ့ နာမည်နဲ့  ဂိုဏ်းတစ်ခု တည်ထောင်ဖို့ ပြင်နေတာ …

ဒါပေမဲ့ မင်းတို့ဆီက တျန်းဂျီဂိုဏ်း အကြောင်း ကြားပြီးတော့  အဲလိုလုပ်ဖို့ စိတ်ကူးမရှိတော့ဘူး။ ကျုပ်ဂိုဏ်း တည်ထောင်ရင်တောင် တခြားနာမည်နဲ့ပဲ ဖြစ်လိမ့်မယ်။ ဒီဆေးစံအိမ်ကိုလည်း နာမည် ပြန်ပြောင်းရမယ်”

သူတို့က မိုဝူကျီ စကားများကို ကြားသောအခါ စုရိုအာတို့က ငေးမော တွေဝေ သွားကြသည်။ ချက်ချင်း ဆိုသလို စုရိုအာက ဒူးထောက်ပြီး ပြောလိုက်သည်။

“စုရိုအာက  စီနီယာကို တျန်းဂျီဂိုဏ်း ပြန်လည် တည်ထောင်ဖို့ တောင်းဆိုပါတယ်”

ပြန့်ဟွေ့ယွီနှင့် ယီလန်တို့လည်း စုရိုအာ ဒူးထောက်နေသည်ကို မြင်သောအခါ လိုက်လုပ်ဆောင် ကြသည်။

မိုဝူကျီက  စုရိုအာကို မရေမရာ ကြည့်ကာ မေးလိုက်သည်။

“စုရိုအာ … ခင်ဗျားကို ကျုပ်ကယ်တုန်း ကတောင် ခင်ဗျား ဒူးမထောက်ခဲ့ပါဘူး။ ခင်ဗျားက တျန်းဂျီဂိုဏ်းကနေ ထွက်လာပြီးပြီလေ။ ဘာလို့များ တျန်းဂျီဂိုဏ်းကို ပြန်လည် ထူထောင်ပေးဖို့ ဒူးထောက် တောင်းဆိုနေရတာလဲ”

စုရိုအာက ရှိုက်ကာ  …

“တျန်းဂျီဂိုဏ်းက အရင် အဲလို မဟုတ်ခဲ့ဘူး။ အင်မော်တယ်လောက တစ်ခုလုံးမှာ လူက တည်ထောင်ထားတာ မဟုတ်ဘဲနဲ့  သူ့အလိုလို ဖြစ်တည်လာတဲ့ တစ်ခုတည်းသော ဂိုဏ်းက ကျွန်မတို့ တျန်းဂျီဂိုဏ်းပဲ”

“ဘယ်လိုပြောတာလဲ” မိုဝူကျီက မေးလိုက်ရသည်။

စုရိုအာက ခံစားချက်များကို ထိန်းညှိကာ ပြောလိုက်သည်။

“ဒဏ္ဍာရီ အရဆိုရင်တော့  ကျွန်မတို့ တျန်းဂျီဂိုဏ်းရဲ့  ပထမဆုံး ဂိုဏ်းချုပ် ယွမ်ရီက တျန်းဂျီဂိုဏ်းကို တွေ့ခဲ့တာ။  သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ ဂိုဏ်းအမှတ်အသား ကျောက်တိုင်ကို တွေ့ခဲ့တာ။

ဂိုဏ်းချုပ် ယွမ်ရီက  အဲဒီကျောက်တိုင်က ရှန်းထျန်း ရတနာဆိုတာလည်း သိခဲ့တယ်။ အဲဒီကျောက်တိုင်ပေါ်မှာ တျန်းဂျီ ဆိုတဲ့ စာလုံး နှစ်လုံးပဲ ပါရှိတယ်။

ဂိုဏ်းချုပ် ယွမ်ရီက ရှန်းထျန်း ရတနာကို မွမ်းမံဖို့ ကြိုးစားခဲ့ပေမဲ့ မရခဲ့ဘူး။

သူက ဒေါသထွက်လာပြီးတော့ ကျောက်တိုင်ကို  ထိုးချပစ်လိုက်တာ။ သူမမွမ်းမံနိုင်ခဲ့တဲ့   အဲဒီကျောက်တိုင်က  လက်သီးချက်ကြောင့် တစစီ ဖြစ်သွားမယ်လို့ မတွေးခဲ့မိဘူး။ ကျောက်တိုင် ပျက်စီးသွားပြီးတော့  ပစ္စည်းငါးမျိုး ဖြစ်တည်လာခဲ့တယ်”

“ဘာပစ္စည်းငါးမျိုးလဲ။ ဒါနဲ့ အရင်ထိုင်ပါဦး  … မင်းတို့နှစ်ယောက်လည်း ကောင်းကောင်းထိုင်ကြ” မိုဝူကျီက ထိုမေးခွန်းကို မေးပြီးနောက် သုံးယောက်လုံးကို ထိုင်ရန် ပြလိုက်သည်။

စုရိုအာက ထိုင်ကာ ဆက်ပြောပြလိုက်သည်။

“တျန်းဂျီဓားလို့ ခေါ်တဲ့ ဓားရှည် တစ်ချောင်းရယ်၊  အမည်မသိ သတ္တုကနေ လုပ်ထားတဲ့  တျန်းဂျီတုတ်ရယ်  ပြီးတော့ အဖြူ၊ အနက် အမှတ်အသားပြား နှစ်ခုရယ်။

ပြီးတော့ကျ တျန်းဂျီလို့ ရေးထွင်းထားတဲ့ စာလုံးပိုင်း ကျန်ရှိနေတဲ့ ကျောက်တိုင် အစိတ်အပိုင်းရယ်။ ဂိုဏ်းချုပ်ယွမ်ရီက  အဖြူနဲ့ အနက် အမှတ်အသားပြားမှာ မြေပုံပါတာကို သတိပြုမိလိုက်ပေမဲ့  မြေပုံက အရမ်းမှုန်ဝါးနေပြီးတော့  မသိသာဘူး”

မိုဝူကျီက သူ့တျန်းဂျီဂိုဏ်းချုပ် အမှတ်အသားပြားကို ရုတ်ချည်း တွေးမိသွားကာ  အဖြူရောင် အမှတ်အသားပြား၌ မြေပုံ အကြောင်း …

သူနားမလည်တဲ့  မြေပုံက  ယွမ်ရီ ရရှိလိုက်တဲ့ မြေပုံနဲ့ အတူတူ ဖြစ်ပါ့မလား … ပြီးတော့ ကျင့်ကြံခြင်း လောကထဲ ဘယ်လိုလုပ် ရောက်လာတာလဲ။ မဟုတ်ရင် တျန်းဂျီတုတ်က ဘယ်လိုလုပ် သူ့ဆီ ရောက်ရှိလာမှာလဲ …

“ဂိုဏ်းချုပ် ယွမ်ရီက အဲဒီမြေပုံက ပစ္စည်းက မရိုးရှင်းမှန်း ရိပ်မိတယ်။ သူက နှစ်ထောင်ချီပြီး အဲဒီမြေပုံကို လေ့လာခဲ့ပြီးမှ ကောက်ချက် ချနိုင်ခဲ့တာ။ ဆုလာဘ်ရရှိဖို့  ကြိုးစားဖို့ လိုတယ်လေ။

အဲဒီ အမှတ်အသားပြားပေါ်က မြေပုံကို နားလည်ဖို့ရာက  တျန်းဂျီဂိုဏ်းကို တည်ထောင်ဖို့ လိုအပ်တယ်။  ဒါပေမဲ့ သူတျန်းဂျီဂိုဏ်းကို တည်ထောင် ပြီးတော့လည်း မြေပုံက ဝေဝေဝါးဝါး ရှိနေတုန်းပဲ …

ဂိုဏ်းချုပ် ယွမ်ရီက သူ့ကောက်ချက်ချ မှားတယ်ဆိုတာကို မယုံဘူး။ အဲဒါကြောင့်မလို့ သူ့ရာထူးကို သူ့တပည့်ဆီ ပေးပြီးတော့  ခန္ဓာကိုယ်ခွဲပြီးတော့ ကျင့်ကြံခြင်း လောကဆီ သွားခဲ့တယ်။ အဲဒီမှာ တျန်းဂျီဂိုဏ်းခွဲကို တည်ထောင်ခဲ့တယ်”

သူမက ပြောလိုက်ရင်း မိုဝူကျီကို ကြည့်ကာ …

“စီနီယာက ကျင့်ကြံခြင်း လောကမှာ ရှိနေတဲ့ တျန်းဂျီဂိုဏ်းက ဖြစ်ရမယ်။ အဲဒီဂိုဏ်းက ဂိုဏ်းချုပ် ယွမ်ရီရဲ့ ကိုယ်ပွားက အောင်အောင်မြင်မြင် တည်ထောင်ထားတဲ့ ဂိုဏ်း ဖြစ်လိမ့်မယ်”

မိုဝူကျီက မြန်မြန် ပြောလိုက်သည်  “ဒီလိုဆိုရင် တျန်းဂျီဂိုဏ်းချုပ် ယွမ်ရီက အဲဒီမြေပုံအကြောင်းကို သိသွားလား”

စုရိုအာက ခေါင်းခါကာ …

“အဲဒီအချိန်တုန်းက  သူက အဖြူရောင် အမှတ်အသားပြားရယ်၊ တျန်းဂျီတုတ်နဲ့ တျန်းဂျီ ဓားရှည်ကို ယူသွားခဲ့တယ်။ တစ်ဖက်မှာကျ အနက်ရောင် အမှတ်အသားပြားနဲ့  ဂိုဏ်းချုပ် အမှတ်အသားပြားကို ထားသွားတယ်။ အခုအချိန်ထိ မျိုးဆက်တွေ တစ်ခုပြီး တစ်ခု လက်ဆင့်ကမ်း ထိန်းသိမ်း လာကြတာ။

ဂိုဏ်းချုပ်ယွမ်ရီ ထွက်သွားပြီးတော့ နှစ်တစ်သောင်းနေ‌တော့ အကြောင်း ကြားလာတယ်။ ဂိုဏ်းချုပ်ယွမ်ရီက မကြာခင် သေဆုံးတော့မှာ မလို့  မြေပုံကို ဖွင့်နိုင်မဲ့ အဓိက သော့ချက်က တျန်းဂျီဓားရှည်နဲ့  တျန်းဂျီတုတ်ဆိုပြီး ပြောသွားခဲ့တယ်။

အဲကတည်းက သူ့ဆီကနေ သတင်း မကြားရတော့ဘူး။ ပြီးတော့ တျန်းဂျီတုတ်နဲ့ တျန်းဂျီဓားရှည် အကြောင်းရော အစအန ပျောက်သွားတယ်”

မိုဝူကျီက တျန်းဂျီတုတ်နှင့် အဖြူရောင် အမှတ်အသားပြားမှာ သူနှင့်အတူတူ ရှိပြီး တျန်းဂျီဓားရှည်မှာ လိန်ဟုန်ကျီဆီ ရှိကြောင်း သိထားသည်။

“တျန်းဂျီဂိုဏ်းက အခုလို မဟုတ်ခဲ့ဘူးလို့ ပြောခဲ့တယ်မလား။ အခု လက်ရှိ ဂိုဏ်းချုပ် အကြောင်း ပြောပြပါဦး ”

မိုဝူကျီက ဝေဝေဝါးဝါး မြေပုံကို စိတ်ဝင်စား မိသွားရာ  ထိုမြေပုံမှာ မရိုးရှင်းကြောင်း ခံစားမိနေသည်။  သူက အင်မော်တယ် လောကသို့ ရောက်လာစဉ် ကတည်းမှ ကံတရားနှင့် အခွင့်အရေးများ၏ အရေးပါမှုကို သတိဝင်လာသည်။

စုရိုအာက  အသက်ဝဝ ရှုကာ ဆက်ပြောလိုက်သည်

“လက်ရှိ တျန်းဂျီဂိုဏ်းချုပ်က  ယွမ်ဂူတဲ့  … ကျွန်မဆရာကို သူသတ်သွားတာ။ အဲဒီလူက  တျန်းဂျီဂိုဏ်းချုပ် ဖြစ်ဖို့ မထိုက်တန်ဘူး။ ဒီနေရာကို အရင် ဂိုဏ်းချုပ် ယန်ကောချန်ရဲ့ အလိုကို ဆန့်ကျင်ပြီးတော့ ရလာတာ”

“အသေးစိတ် ပြောပါဦး”

မိုဝူကျီ၏ မျက်နှာမှ လေးနက်လာသည်။ သူက ကျင့်ကြံခြင်းလောကမှ တျန်းဂျီဂိုဏ်းချုပ် ဖြစ်ပေရာ အကယ်၍ အင်မော်တယ်လောကမှ တျန်းဂျီဂိုဏ်းချုပ်က  လုပ်ကြံခံရပြီး တစ်စုံတစ်ယောက်မှ လုယူသွားသည်ဆိုလျှင် မိုဝူကျီအနေဖြင့် အားနာနေစရာ မလိုတော့ပေ။

“ဂိုဏ်းချုပ် ယန်ကောချန်က ဖြောင့်မတ်ပြီး‌တော့ တည့်တိုး ဆန်တဲ့သူ။  ဒါပေမဲ့ သူ့ဆီမှာ တာအို လက်တွဲဖော်တွေ အများကြီး ရှိတယ်။ အဲဒီအထဲက တစ်ယောက်က  ယွမ်ဖေးလုတဲ့  ...

ယွမ်ဖေးလုရဲ့တူတော်မောင်က ယွမ်ဂူလေ။ သူကို ယွမ်ဖေးလုက တျန်းဂျီဂိုဏ်းဆီ ခေါ်လာတာ။

ကျွန်မ ဆရာ ပြောဖူးတာတော့  ဂိုဏ်းချုပ်ယန်က  ပင်ကိုယ် စိတ်ရင်း ကောင်းပေမဲ့ ဂိုဏ်းကိစ္စရပ်တွေမှာ စိတ်ဝင်စားမှု မရှိဘူးတဲ့ ။ အဲဒါကြောင့် ဂိုဏ်းက ရှုပ်ယှက်ခတ်လာတာ။

တစ်ဖက်မှာကျ ယွမ်ဖေးလုရဲ့ တူတော်မောင်  ယွမ်ဂူက  ပါရမီအား အတော်ကောင်းပြီးတော့ ကျင့်ကြံဆင့်ကလည်း မြန်ဆန်တယ်။ ယွမ်ဖေးလုရဲ့ ဆက်နွယ်နေမှုကြောင့် သူက ဂိုဏ်းမှာ ရှိနေတဲ့   အလျှို့ဝှက်ဆုံး နေရာတွေတောင် ဝင်ထွက်ခွင့် ရှိတယ်။

ယွမ်ဂူ အင်အားကောင်းလာတော့ အလိုကလည်း ကြီးလာရော ... သူက သူ့ကို ဆန့်ကျင်တဲ့ အကြီးအကဲတွေကိုရင် တိတ်တဆိတ် ဖယ်ရှားပစ်တယ်။  တျန်းဂျီဂိုဏ်းရဲ ရာထူးကြီးထဲ ၉၀ရာခိုင်နှုန်းလောက်က သူ့လူတွေချည်းပဲ။

တစ်ခါကျ တျန်းဂျီဂိုဏ်းမှာ တပည့်အသစ်တွေ လက်ခံတော့  ပါရမီထူးချွန်ပြီး ကြော့ရှင်းလှပတဲ့ မိန်းမလှလေး တစ်ယောက် ပါလာတယ်။

ယွမ်ဂူက မျက်စိကျပေမဲ့ အဲဒီကောင်မလေးက စိတ်ခိုင်မာတော့ ယွမ်ဂူကို  ငြင်းလိုက်တယ်။ အဲဒီမှာ ယွမ်ဂူက ဒေါသထွက်ပြီးတော့ အဲဒီကောင်မလေးရဲ့  ဝိညာဉ်ကို ဆွဲထုတ်ပြီးတော့ သန့်စင်မွမ်းမံပစ်တာ …

သူက ဂိုဏ်းချုပ်ယန် အဲဒီနေရာကို ရောက်လာလိမ့်မယ်လို့ ထင်မထားမိဘူး။ ဂိုဏ်းချုပ်ယန်က ဒေါသူပုန်ထပြီးတော့ ယွမ်ဂူကို ချက်ချင်း သတ်ပစ်ချင်ပေမဲ့  ယွမ်ဂူရဲ တောင်ပံက စုံနေပြီဆိုတော့ အကြီးအကဲတွေရဲ့ အကူအညီတွေနဲ့ ဂိုဏ်းချုပ်ယန်ကို ဝန်းသတ်ပစ် လိုက်တယ်။

ဂိုဏ်းချုပ်ယန် သေသွားတော့  ယွမ်ဂူက  တျန်းဂျီဂိုဏ်းချုပ် ဖြစ်လာတယ်။  တကယ်လို့ တျန်းဂျီဂိုဏ်းရဲ့ ကျေးဇူးကြောင့်သာ မဟုတ်ရင် ကျွန်မဆရာက တျန်းဂျီဂိုဏ်းကနေ ထွက်လာလောက်ပြီရယ်။ ပြီးတော့ ယွမ်ဂူရဲ့ လက်ချက်နဲ့ သေရလိမ့်မယ်လို့ ထင်ခဲ့မိမှာ မဟုတ်ဘူး”

စုရိုအာက ဇာတ်ကြောင်း တစ်ခုလုံးကို တစ်ခါတည်းဖြင့်  ရှင်းပြသွားသည်။ သူမ၏ ဆရာကို သတိရလာသည့်အခါ သူမအသံမှာ စတင်၍ တုန်ယင်လာလေ၏။

“သူတို့တွေ ကာကွယ်ပေးတာ အဆန်းတော့ မဟုတ်ပါဘူး။ ဒီပုတ်ထဲက ဒီပဲတွေကိုး ...” မိုဝူကျီက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

မိုဝူကျီက  တျန်းဂျီဂိုဏ်းကို အတော်လေး စိတ်ပျက်နေမိပြီ ဖြစ်သော်လည်း  စုရိုအာ၏ စကားများ ကြားပြီးနောက်တွင် တျန်းဂျီဂိုဏ်း ပြန်လည ်တည်ထောင်မည့် အတွေးမှာ  နောက်တစ်ဖန် လောင်မြိုက်လာသည်။ အကယ်၍ ပထမ တျန်းဂျီဂိုဏ်းချုပ်၏ ခန့်မှန်းချက်သာ မှန်ကန်လျှင် သူက ထိုစံကို ဖြည့်စွက်ရမည်။

ကျင့်ကြံခြင်း လောက၏ တျန်းဂျီဂိုဏ်းမှာ လုံးဝ ပျက်စီးသွားကာ  သူက ပြန်လည် တည်ထောင် ထားခြင်း ဖြစ်ပေသည်။ အကယ်၍ အင်မော်တယ် လောက၏ တျန်းဂျီဂိုဏ်းကို ပြန်လည် ထူထောင် လိုက်လျှင် ဂိုဏ်းချုပ်ယွမ်ရီ ပြောထားသည့် မြေပုံ၏ ပထမ ကောက်ချက်ချ ချက်ကို မပြီးပြည့်စုံသွား စေဘူးလား။

“အဲဒါကြောင့် စီနီယာကို တျန်းဂျီဂိုဏ်း ပြန်လည်ထူထောင်ဖို့ တောင်းဆိုတာပါ။ တျန်းဂျီဂိုဏ်းကို ယွမ်ဂူလို လူမျိုးလက်ထဲ မရောက်နေစေချင်ဘူး” စုရိုအာ အသံတွင် တောင်းဆိုသည့် အရိပ်အယောင်နှင့်အတူ မျှော်လင့်ချက်များပါ ပါဝင်နေသည်။

မိုဝူကျီက ခေါင်းညိတ်ကာ ...

“ခင်ဗျားတို့ သုံးယောက်က ကျုပ်တျန်းဂျီ ဆေးစံအိမ်မှာပဲ နေပါ။ ဘယ်သူမှ ကျုပ် ဆေးစံအိမ်ကို မနှောင့်ယှက်ရဲဘူး။ အခုတော့ ကျုပ် အရေးတကြီး လုပ်စရာလေး ရှိလို့ နှစ်နှစ်၊ သုံးနှစ်လောက် ကြာလိမ့်မယ်။ ကျုပ်ပြန်လာတဲ့ အခါကျ တျန်းဂျီဂိုဏ်း ပြန်လည် ထူထောင်ကြတာပေါ့”

မိုဝူကျီ၏ ကတိစကားကို ကြားသည်နှင့်   စုရိုအာတို့က ချက်ချင်း ဆိုသလို မမျိုသိပ်နိုင်လောက်အောင် စိတ်လှုပ်ရှား လာကြသည်။

***

နှစ်ရက်တာ ကြာမြင့်ပြီးနောက် မိုဝူကျီက အဆင့်နိမ့် ဆေးလုံးများစွာကို ဖော်စပ်ပြီး တုံ့ဟွားလုံဆီ ပေးကာ လင်းဂူနှင့် အတူတူ စူးခရာအင်မော်တယ် မြို့ဟောင်းမှ ထွက်သွား လိုက်ကြသည်။

စူးခရာအင်မော်တယ် မြို့ဟောင်းရှိ ကူးသန်းရေး အစီအရင်အများစုမှာ ကျိုးပျက်ကမ္ဘာဆီသာ ဖြစ်နေသောကြောင့် မိုဝူကျီနှင့် လင်းဂူတို့မှာ ယုံရင်အင်မော်တယ် နယ်မြေဆီ  သွားဖို့ရာ   နောက်ထပ် ကူးသန်းရေး အစီအရင် မရောက်ခင်အထိ  သင်္ဘောပျံဖြင့် သွားကြရသည်။

မိုဝူကျီ သင်္ဘောပျံထဲ ဝင်လိုက်သည်နှင့် သူက ချက်ချင်း ဆိုသလို  အတားအဆီးများ ချကာ  သင်္ဘောပျံအား လင်းဂူကို ထိန်းချုပ် ခိုင်းလိုက်သည်။ သူက ကျင့်ကြံမည် မဟုတ်သလို ဆေးလုံးဖော်စပ်ဖို့ရာ အတွက်လည်း မဟုတ်ပေ။ သူ့လက်ရှိ ဆေးလုံး အဆင့်အတန်းဖြင့် သူက  အခက်အခဲရှိမည် မဟုတ်ပေ။ သူက လော့ကျွန်မ်း စာရွက်နှစ်ရွက်ကို မွမ်းမံသန့်စင်ချင်၍ ဖြစ်သည်။ အကယ်၍ သူက နှစ်ရွက်လုံး မသန့်စင်နိုင်သေးလျှင် တစ်ရွက်ကို အရင်စမ်းကြည့်ရမည်။

စူးခရာအင်မော်တယ် မြို့ဟောင်း၌ သူက ဆေးလုံးတာအို အင်မော်တယ် မဟာမိတ် အဖွဲ့ခွဲ၏ အကြီးအကဲ တစ်ယောက်  ဖြစ်ပေသည်။ သူ့ထက် ကျင့်ကြံဆင့် မြင့်သော သူများပင် သူ့အား မထိရဲကြပေ။ နမူနာအားဖြင့် ဖူကျန်းဆောင်၌  ကျင့်ကြံဆင့် မြင့်သော်လည်း  သူက မိုဝူကျီထံ ဦးညွှတ်ရဆဲ ဖြစ်၏။

သို့သော်လည်း  စူးခရာအင်မော်တယ် မြို့ဟောင်းမှ ထွက်လာပြီး လူပြတ်လပ်သော နေရာဆီ ရောက်သွားသည်နှင့် မည်သူမှ သူ့အား မှတ်မိကြတော့မည် မဟုတ်ပေ။ အကယ်၍  သူက ဖူကျန်းဆောင် ကဲ့သို့သော မဟာယီရှန်းအဆင့် ကျင့်ကြံသူနှင့် ထိပ်တိုက်တွေ့မိလျှင် ထိုကျင့်ကြံသူက သူ့အား ချက်ချင်း သတ်သွားနိုင်ကောင်း၏။

မိုဝူကျီက လော့ကျွန်မ်းစာရွက်၏ ကြီးကျယ်ခမ်းနားမှုကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ ထားပေသည်။ ယခုအခါ လော့ကျွန်မ်း စာရွက်နှစ်ရွက်အား လေ့လာကြည့်ဖို့ရန် အချိန်များစွာ ရနေသည့်အတွက်  မွမ်းမံဖို့ ကြိုးစား မကြည့်ရအောင် သူက အရူး မဟုတ်ပေ။

လော့ကျွန်မ်းစာရွက် မွမ်းမံခြင်းက ခက်ခဲမှန်း သိသော်လည်း သူစတင် လုပ်ဆောင်ပြီးမှသာ မည်မျှ ခက်ခဲနေကြောင်း ကောင်းကောင်း သိလာတော့သည်။ တစ်လတာမျှသာ ကျော်လွန်သွားကာ သူ့က အပေါ်ယံမျှသာ ရောက်သေး၏။

နှစ်ဝက်ကုန်ဆုံးသွားလေ၏။ မိုဝူကျီက  စာရွက် တစ်ရွက်၏ ၁၀ရာခိုင်နှုန်းမျှသာ မွမ်းမံသန့်စင် နိုင်သေးသည်။ ဤအခိုက်အတန့်၌  လင်းဂူဆီမှ အကြောင်းကြားချက် ရောက်လာသည်။ သူတို့သည် ယုံရင်အင်မော်တယ် နယ်မြေ၏ အစွန်အဖျားမြို့ဖြစ်သည့် လောင်စွန်း အင်မော်တယ်မြို့သို့ ရောက်နေလေပြီ။

မိုဝူကျီက လော့ကျွန်မ်းစာရွက် နှစ်ရွက်ကို သိမ်းကာ  သက်ပြင်းသာ ချလိုက်တော့သည်။ သူ့လက်ရှိ ကျင့်ကြံဆင့်ဖြင့် စာရွက်တစ်ရွက်ကို မွမ်းမံသန့်စင်ဖို့ရာ ဆယ်နှစ်မျှ ကြာမြင့်ပေလိမ့်မည်။ ထိုအရာမှာ ပြဿနာ တက်မလာမှသာ ဖြစ်ပြီး ပြဿနာသာ ပေါ်လာခဲ့လျှင် အချိန်မှာ အဆုံးမရှိ ကြာမြင့်သွားပေလိမ့်မည်။

သို့သော်လည်း မိုဝူကျီက လော့ကျွန်မ်းစာရွက်၏ ဆယ်ပုံတစ်ပုံကို သန့်စင်ပြီးနောက် လော့ကျွန်မ်းစာရွက်၏ တန်ဖိုးကို ရှင်းရှင်းလင်းလင်း သိသွားသည်။ သူက များများ မမွမ်းမံနိုင်ခဲ့သောကြောင့်   လော့ကျွန်မ်းစာရွက်၏ တိုက်ခိုက်မှု ပုံစံများကို မသိသေးပေ။  သို့သော် သူသေချာနေသည့် အချက် တစ်ချက်တော့ ရှိပေသည်။ လော့ကျွန်မ်းစာရွက်၏ ကာကွယ်နိုင်စွမ်းမှာ သူ့ဒိုင်းပြားလေးထက် များစွာ အားကောင်းပေ၏။

မိုဝူကျိ ထွက်လာသည်ကို မြင်၍  လင်းဂူက အင်မော်တယ် ပစ္စည်းများကို သိမ်းဆည်းကာ မေးလိုက်သည်

“အစ်ကိုမို ... ယုံရင်အင်မော်တယ်မြို့ကို သွားတဲ့ ကူးသန်းရေး အစီအရင် ဒီမှာ ရှိတယ်။ လောင်စွန်းအင်မော်တယ် မြို့ကနေ သတင်း စုဆောင်းဦးမလား ဒါမှမဟုတ် ယုံရင်အင်မော်တယ် မြို့ကိုပဲ တန်းသွား လိုက်ကြမလား”

မိုဝူကျီက တုံ့ဆိုင်းမနေဘဲ ပြောလိုက်သည်။

“ကျုပ်တို့တွေ ယုံရင်အင်မော်တယ်မြို့ကို သွားကြမယ်။ ဆေးပညာပြိုင်ပွဲက လတော်တော် လိုသေးတယ် ဆိုပေမဲ့  ဘယ်လို ပြိုင်ပွဲ ဝင်ရမလဲဆိုတာ  အခုထိ ဘာမှ မသိရသေးဘူးလေ”

“ကောင်းပြီလေ  အဲဆိုရင်  ယုံရင်အင်မော်တယ် မြို့ဆီ သွားတဲ့ ကူးသန်းရေး အစီအရင်ဆီ သွားကြတာပေါ့” လင်းဂူက တက်တက်ကြွကြွ ပြောလိုက်သည်။

သူမအမြင်အရ မိုဝူကျီသာ ယုံရင်အင်မော်တယ် နယ်မြေသား တစ်ယောက် ဖြစ်နေသရွေ့ ပြိုင်ပွဲ၌ အလွယ်တကူ ပါဝင်နိုင်လိမ့်မည်။

***

All Chapters