လူသားများကို မထိခိုက်စေသည့် မှော်သားရဲ
Vol. 11 Ch. 142
ညဉ့်လေမြင်းသည် တောင်ရိုးများပေါ်မှ ဖြတ်သန်းသွားကာ အဖုအထစ် ထူထပ်သော လမ်းအကြား ဒုန်းစိုင်းပြေးနေသည်။ ယဲ့ချန်သည် ဝိညာဉ် အသိအမြင်အား အဆုံးစွန်ထိ ထုတ်ဖော်လျက် အရှေ့လမ်းကြောင်းအား ကြိုတင် ထောက်လှမ်းသည်။
လမ်းတစ်လျှောက်တွင် အဆင့် ၃ နှင့် ၄ မှော်သားရဲများကိုသာ တွေ့ခဲ့ရသည်။ အဆင့် ၈ နှင့် ၉ သားရဲများသည်ပင် ရှားပါးလှကာ အဆင့် ၉ အထက်မှ သားရဲများဆိုလျှင် တောင်ပေါ်ရှိ တောနက်များထဲတွင်သာ နေကြပုံပေါ်သည်။
အပြင်ဘက်လောကသည် ကျောက်စိမ်းမျှော်စင်နှင့် မတူညီပေ။ ကျောက်စိမ်းမျှော်စင်ထဲတွင် သားရဲများသည် နေရာကျယ်သလောက် အရေအတွက်များပြားစွာ စုရုံးနေကြရာ အဆင့် ၁၀ အထက်ရှိ သားရဲများကို အများအပြား တွေ့နိုင်သည်။ အပြင်ဘက် လောကတွင်တော့ ပုံမှန်အားဖြင့် အဆင့် ၈၊ အဆင့် ၉ သားရဲတစ်ကောင်ကို တွေ့ဖို့ပင် မလွယ်ချေ။ အဆင့် ၁၀ နှင့်အထက် သားရဲများဆိုလျှင် ပိုပင် မလွယ်သေးသည်။
သုံးရက်သာ ကုန်သွားသည်၊ ယဲ့ချန်ကား လက်ဗလာ ဖြစ်နေရဆဲ။
ခပ်လှမ်းလှမ်းတွင် ကောင်းကင်က မှောင်စပြုလာသည်။ ယဲ့ချန်သည် ညဘက်တည်းခိုရန် နေရာတစ်ခု ရှာရန်လိုနေသည်။ သူက ညဘက် ထွက်ပေါ်လာမည့် သားရဲများကို မကြောက်သော်ငြား သုံးရက်ဆက်တိုက် အပြင်တွင် ဖြစ်သလို အိပ်ခဲ့ရခြင်းက အနည်းငယ် စိတ်ဓာတ်ကျဖွယ် ကောင်းသည်။
ယဲ့ချန်သည် ဝိညာဉ် အသိအမြင်ဖြင့် ထောက်လှမ်းလိုက်သော် မိုင်အနည်းငယ် အကွာ၌ မြို့လေးတစ်မြို့ ရှိနေသည်ကို တွေ့ရသည်။ ထိုမြို့၌ သူ တည်းခို၍ ရလောက်သည်။
“အမွေးပွလေး ဒီညတော့ ငါတို့ နေစရာနေရာ ရပြီ”
ယဲ့ချန်သည် အမွေးပွလေး၏ ခေါင်းလေးအား ခပ်ဖွဖွပုတ်လိုက်ရင်း ပြုံးကာ ပြောလိုက်သည်။
“ကွိ ... ကွိ ... ”
အမွေးပွလေးလည်း အလွန် ကျေနပ်သွားဟန် ရသည်။
ယဲ့ချန် ညဉ့်လေအား ပို၍ အရှိန်တင်လိုက်ရာ ၎င်းသည် မြို့လေးဆီသို့ တစ်ရှိန်ထိုး ပြေးသွားတော့သည်။
ယဲ့ချန်နှင့် အမွေးပွလေးသည် မြို့လေးထဲသို့ ဝင်ခဲ့ကြသည်။ မြို့ထဲရှိ လမ်းများမှာ အတော်လေး ကျယ်သော်လည်း လမ်းဘေးနှစ်ဖက်ရှိ ဆိုင်ခန်းများ၊ အိမ်များမှာတော့ အသီးသီး တံခါးပိတ်ထားကြသည်။ ခြောက်သွေ့နေသော အနေအထားကြီးတွင် လေပွေတစ်ချက် ဝေ့ဝဲသွားရာ မြေပြင်ထက်ရှိ သဲမှုန်များက လေထုထဲသို့ ပျံ့နှံ့လာသည်။
မြို့၏ အရွယ်အစားသည် အရမ်းမသေးပေ။ အနည်းဆုံး အိမ်ခြေ ၁၀၀၀ ခန့် ရှိသည်။ လမ်းဘေးနှစ်ဖက်ရှိ ဆိုင်ခန်းများ၊ အိမ်ကြီးအိမ်ကောင်းများကို ကြည့်လျှင် တစ်ချိန်က ဤမြို့သည် စည်စည်ကားကား ရှိခဲ့ကြောင်း ပုံဖော်ကြည့်နိုင်သည်။ ယဲ့ချန်သည် ဝိညာဉ် အသိအမြင်ကို သုံးကာ မြို့ထဲရှိ အိမ်များကို စစ်ဆေးကြည့်လိုက်သော် ၁၀ အိမ်၌ ၉ အိမ်မှာ လူမရှိကြောင်း သိလိုက်ရသည်။ ကျန် ၁ အိမ်၌ ရှိသည့်လူကလည်း ဆံပင်များ ဖြူနေသော လူအိုကြီးများ ဖြစ်သည်။
မကြာခဏ ဖြစ်နေတဲ့ စစ်ပွဲတွေကြောင့်များလား။
ယဲ့ချန် သက်ပြင်းချမိသည်။ မိသားစုဝင်များ၏ ပြောစကားအရ အပြင်ဘက် လောကတွင် အလွန်ဖရိုဖရဲနှင့် နေရာတိုင်း၌ စစ်ပွဲများ ဖြစ်ပျက်နေကြောင်း ကြားရသည်။ ဤမြို့လေး၏ စိတ်ဓာတ်ကျဖွယ် ခြောက်သွေ့နေသော အခြေအနေကား နားလည်ရန် မခက်တော့ပေ။
“ရှေ့နားမှာ တည်းခိုခန်းတစ်ခု ရှိနေတာပဲ”
ယဲ့ချန် အံ့ဩသွားရသည်။ ဆုတ်ယုတ်နေသော မြို့လေးအတွင်း ဖွင့်လှစ်နေဆဲ တည်းခိုခန်းတစ်ခု ရှိလိမ့်မည်ဟု ယဲ့ချန် ထင်မထားပေ။ ဝိညာဉ် အသိအမြင်ဖြင့် စစ်ဆေးကြည့်ပြီးနောက် တည်းခိုခန်းအတွင်း၌ ကျင့်ကြံသူတစ်ချို့ ရှိနေကြောင်း ယဲ့ချန် သိလိုက်ရသည်။
တည်းခိုခန်းအတွင်း ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူ သုံးယောက် ရှိနေလေသည်။
သုံးယောက်အနက် တစ်ယောက်မှာ ထျန်းချီအဆင့် ၁၀ အလယ်အလတ်ဆင့် ဖြစ်ပြီး ကျန်နှစ်ယောက်မှာတော့ ထျန်းချီအဆင့် ၁၀ စဦးအဆင့်များ ဖြစ်ကြသည်။ ယဲ့ချန်၏ လက်ရှိအင်အားအရ ထိုသုံးယောက်အား ကြောက်စရာတော့ မရှိချေ။ ယဲ့ချန် ညဉ့်လေအား တည်းခိုခန်းဆီသို့ ဦးတည်လိုက်သည်။
တည်းခိုခန်းသည် မြို့လေးအတွင်း အမြင့်ဆုံး အဆောက်အဦ ဖြစ်ပြီး သုံးထပ် ရှိသည်။ အဆောက်အဦသည် အနည်းငယ် အိုဟောင်းနေသော်ငြား အပြင်ဘက် လေဟာနယ်ထဲ၌ အိပ်ရတာထက်တော့ သာပေသည်။
တည်းခိုခန်း၏ မြင်းဇောင်းတွင် မြင်းများကို စောင့်ကြပ်ပေးမည့်သူပင် မရှိ။ ယဲ့ချန်လည်း ညဉ့်လေအား မြင်းဇောင်းထဲတွင် ချည်ခဲ့လိုက်ပြီး တည်းခိုခန်းထဲသို့ ဝင်လာခဲ့သည်။
“သခင်လေး ... ညစာ သုံးဆောင်ရုံပဲလား။ ဒါမှမဟုတ် တည်းခိုမှာလား”
ဆံပင်ဖြူဖြူနှင့် လူအိုကြီး တစ်ယောက်သည် တုန်တုန်ယင်ယင်နှင့် လမ်းလျှောက်လာရင်း ယဲ့ချန်အား မေးသည်။
“စားစရာ တစ်ခုခုပဲ အရင်ဆုံး ပြင်ဆင်ပေးပါ”
ယဲ့ချန် ပြန်ဖြေလိုက်ရင်း ပတ်ဝန်းကျင်အား လှည့်လည် အကဲခတ်လိုက်သည်။ အခန်းထဲတွင် စားပွဲ ၅ ခု ရှိနေပြီး ယဲ့ချန်၏ ဘယ်ဘက်ခြမ်းရှိ စားပွဲ၌ လူသုံးယောက် ထိုင်နေသည်။ ထိုသုံးယောက်၏ ခါးများ၌ ရွှေရောင် ဓားတစ်ချောင်းစီ ချိတ်ဆွဲထားသည်။ ယဲ့ချန် နှလုံးသားက တစ်ချက် ခုန်သွားရသည်။ ထိုရွှေရောင်ဓားများကို ကျောက်စိမ်းမျှော်စင်ထဲ၌ သူ မြင်ခဲ့ဖူးသည်။
ထိုက်ယီဓားဂိုဏ်း ...
ထိုလူသုံးယောက်သည် ယဲ့ချန် ဝိညာဉ် အသိအမြင်ဖြင့် တည်းခိုခန်းထဲသို့ စစ်ဆေးစဉ်က အာရုံခံမိခဲ့သည့် ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူ သုံးယောက် ဖြစ်သည်။ ၎င်းတို့သည် အဖြူရောင် တူညီဝတ်စုံကို ဝတ်ဆင်ထားကြပြီး တည်ငြိမ်သော အမူအရာကိုယ်စီ ရှိကြသည်။ သို့သော်ငြားလည်း ၎င်းတို့၏ အကြည့်တို့က အခန်း၏ အခြားတစ်ဖက်သို့ မရိုးသားစွာဖြင့် မကြာခဏ ရောက်သွားတတ်သည်။
တစ်စုံတစ်ယောက်သည် ထိုလူတို့၏ အကြည့်ဦးတည်ရာသို့ လိုက်ကြည့်မိပါက အခန်း၏ ညာဘက်ထောင့်ရှိ စားပွဲတွင် ထိုင်နေသော အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ်လေး တစ်ဦးကို တွေ့ရမည် ဖြစ်သည်။ ထိုမိန်းကလေးသည် ပါးလှပ်သော အဖြူရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး မင်ရည်သဖွယ် နက်မှောင်သော ဆံနွယ်များက သူမ၏ ကျောပြင်ထက်တွင် ရစ်ခွေလျက် လှပစွာ ဖြာကျနေကြသည်။ သူမကို ကြည့်ရသည်မှာ အဆင့်မြင့်ကာ ယဉ်ကျေးပြီး တည်တည်ငြိမ်ငြိမ် ဟန်ပန်ရှိသည်။ သူမသည် မျက်နှာတစ်ဝက်အား ပိုးပဝါအောက်တွင် ဖုံးကွယ်ထားကာ ကြည်လင်သန့်စင်သော မျက်လုံးတစ်စုံနှင့် နှာရိုးလေးကိုသာ တစ်စွန်းတစ်စ မြင်ရသည်။ ထိုမိန်းကလေး၏ အသွင်အပြင် တစ်ခုချင်းစီသည် နတ်ဘုရား၏ ထုဆစ်မှုကဲ့သို့ အလွန် လက်ရာမြောက်လှပြီး သူမသည် ဝိုင်တစ်ခွက်အား ကိုယ်တိုင်ကိုယ်ကျ ငှဲ့ကာ ပိုးပဝါအား ခဏတာ လှစ်ဟ၍ သောက်နေခဲ့သည်။ ထိုက်ယီဓားဂိုဏ်းမှ လူသုံးယောက်သည်ကား အရူးအမူး စွဲလမ်းနေသော မျက်လုံးများဖြင့် ထိုမြင်ကွင်းကို ကြည့်နေကြလေသည်။
ယဲ့ချန်လည်း ထိုမိန်းကလေးအား မြင်သွားသည်။ သူမသည် မျက်နှာအပြည့်အား ဖော်ပြမထားသည့်တိုင် သေချာပါသည်။ ပိုးပဝါ၏ အောက်တွင် ထိတ်လန့်တုန်လှုပ်ဖွယ် လှပသည့် မျက်နှာတစ်ခု ရှိနေပေလိမ့်မည်။ သူမ၏ ကြည်လင်သန့်စင်သော မျက်လုံးတစ်စုံထဲ၌ အေးစက်ကာ သိမ်မွေ့နက်နဲသည့် တစ်စုံတစ်ရာ ရှိနေသယောင် စိုက်ကြည့်မိသူတိုင်းအား အေးခဲသည့် နှင်းပွင့်များကို သတိရ သွားစေလောက်သည်။
တစ်ချက်သာ ကြည့်လိုက်ခြင်း ဖြစ်သော်လည်း ယဲ့ချန်သည် ထိုမိန်းကလေး၏ ကျင့်ကြံဆင့်မှာ မြင်ရသလောက် မရိုးရှင်းကြောင်း သတိထားမိသည်။ မတိုင်မီက သူသည် တည်းခိုခန်းအား ဝိညာဉ် အသိအမြင်ဖြင့် စစ်ဆေးကြည့်ခဲ့သော်လည်း ထိုက်ယီဓားဂိုဏ်းမှ လူသုံးယောက်ကိုသာ အာရုံခံမိပြီး ထိုမိန်းကလေး၏ တည်ရှိမှုအား လုံးဝ အာရုံခံမရခဲ့။ ထိုသည်ကို တွေးမိကာ ယဲ့ချန်သည် သတိကြီးကြီး ထားမိသွားရ၏။
ဝိညာဉ် အသိအမြင်၏ ထောက်လှမ်းမှုကိုပင် ရှောင်ရှားနိုင်သော တစ်စုံတစ်ယောက် ...
ထိုမိန်းကလေး၏ သရုပ်မှန်ကား မည်သူနည်း။
ယဲ့ချန်သည် အမွေးပွလေး၏ ထူးထူးဆန်းဆန်း ပြုမူနေပုံကိုလည်း သတိထားမိ၏။ အမွေးပွလေးသည် ယဲ့ချန်ပေါင်ပေါ်တွင် တိုးဝှေ့လျက် မျက်နှာအားဖွက်ကာ တကွိကွိ အသံပြုနေလေသည်။
ထိုမိန်းကလေးသည် စူးစမ်းလိုဟန်ဖြင့် ယဲ့ချန်ဘက်သို့ တစ်ချက် လှည့်ကြည့်လာသည်။ ယဲ့ချန်၏ ဝိညာဉ် အသိအမြင်သည် ဆတ်ခနဲ တုန်ယင်သွားရပြီး အေးခဲလုမတတ်။ ကံကောင်းထောက်မစွာ ထိုမိန်းကလေးသည် ယဲ့ချန်အား ရန်ပြုလိုဟန် မရဘဲ အတန်ကြာသောအခါ ယဲ့ချန်ထံမှ အကြည့်ခွာသွားကာ သူမဘာသာ ဆက်လက်၍ ဝိုင်သောက်နေတော့သည်။
ယဲ့ချန် သက်ပြင်းတစ်ခုအား တိတ်တဆိတ် ချမိပြီး ဝိညာဉ် အသိအမြင်အား ပုံမှန်ပြန်ဖြစ်စေရန် ဝိညာဉ်စွမ်းအင်များကို လှည့်လည်လိုက်ရသည်။
“သခင်လေး ... ညစာရပါပြီ”
တည်းခိုခန်းပိုင်ရှင် လူအိုကြီးသည် ဟင်းပွဲအချို့အား ယဲ့ချန် စားပွဲပေါ်သို့ ချပေးကာ ဆိုသည်။
တည်းခိုခန်း၌ စားပွဲထိုး တစ်ယောက်မျှပင် မရှိပေ။ အစစအရာရာအား တည်းခိုခန်းပိုင်ရှင် လူအိုကြီး ကိုယ်တိုင်သာ လုပ်ရပုံပေါ်သည်။
ယဲ့ချန် ကတိုက်ကရိုက်ဖြင့် ခေါင်းငုံ့ကာ ဟင်းလျာများကို စားလိုက်ရသည်။ သူ့ဝိညာဉ်သည် ထိတ်လန့်မှုဖြင့် ခန္ဓာကိုယ်မှ ထွက်ခွာ သွားလုနီးနီးပင်။ ထိုမိန်းကလေးကား လူမဟုတ်ပေ။
လူသားတစ်ယောက်သည် ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအင်များကို အကြည့် တစ်ချက်တည်းနှင့် မထုတ်ဖော်နိုင်တာ သေချာသည်။ သူမသည် လူအသွင် ပြောင်းထားသော ကောင်းကင်သားရဲ တစ်ကောင် ဖြစ်နိုင်သည်။ ပြောကြသည်မှာ လူအသွင် ပြောင်းထားသော ကောင်းကင်သားရဲများ လူ့လောကသို့ လာကြသည့်အခါ လူသားများအား အကြောင်းမဲ့သက်သက် သတ်ဖြတ်ခြင်းမျိုး မလုပ်ကြ ဟူ၍။ သူမထံမှ ရန်ပြုလိုသည့် အရိပ်အငွေ့ကို မခံစားရရာ ယဲ့ချန်သာ သူမအား ရန်သွားမစသေးသ၍ ဘာပြဿနာမှ ရှိမလာနိုင်ပေ။
လက်ရှိတွင် ကံဆိုးမိုးမှောင် ကျလုနီးနီး ဖြစ်နေသူများမှာ ထိုက်ယီဓားဂိုဏ်းမှ လူသုံးယောက် ဖြစ်သည်။ ထျန်းချီအဆင့် ၁၀ မျှလောက်နှင့် လူအသွင် ပြောင်းထားသော ကောင်းကင်သားရဲအား သွားဆွပါက ဘယ်လိုသေသွားမှန်းပင် မသိလိုက်ရဘဲ သေသွားရပေလိမ့်မည်။
“သခင်လေး ... ဒီညအတွက် တည်းခိုခန်းက မကြာခင် ပိတ်တော့မယ်။ တကယ်လို့ သခင်လေးက ခရီးဆက်ဖို့ အစီအစဉ်ရှိရင် အမြန်ဆုံး သွားသင့်တယ်။ မဟုတ်ရင် ညမှောင်လာတာနဲ့ သခင်လေးရဲ့ ညဉ့်လေမြင်းကို ဆုံးရှုံးရလိမ့်မယ်”
တည်းခိုခန်းပိုင်ရှင် လူအိုကြီးက ပြောသည်။ အတွေ့အကြုံအရ လူအိုကြီးသည် ယဲ့ချန်နှင့် ကျန်လေးယောက်သည်ကား ကျင့်ကြံသူများ ဖြစ်ကြကြောင်း သတိထားမိသည်။
“ဘာဖြစ်လို့များလဲ”
ယဲ့ချန်သည် သိလိုစွာဖြင့် မေးမိ၏။ ဤမြို့လေး၌ သူ့ညဉ့်လေအား ခိုးယူမည့် သူခိုးတွေဘာတွေ ရှိမည့်ပုံလည်း မပေါ်ပါချေ။
“ပြောရရင်တော့ အရှည်ကြီးပဲ။ ဒီမြို့လေးက အရင်ကတော့ မိုင် ၁၀၀ ပတ်လည်အတွင်းက မြို့တွေထဲမှာ အစည်ကားဆုံးပဲ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အကြောင်းတချို့ကြောင့် အနီးနားက တောင်တစ်ခုမှာ ကြောက်စရာကောင်းတဲ့ သားရဲတစ်ကောင် ထွက်ပေါ်လာတယ်။ အဲဒီသားရဲက လူသားတွေကိုတော့ အန္တရာယ်မပြုပေမဲ့ မြို့ထဲမှာရှိတဲ့ မြင်း၊ ဝက်၊ ကြက်၊ ငှက် တိရစ္ဆာန်မှန်သမျှရဲ့ အသက်တွေကို ဝါးမျိုပစ်တယ်။ ကျင့်ကြသူတချို့က အဲဒီသားရဲကို ဖမ်းဖို့ ရောက်လာကြပေမဲ့ မအောင်မြင်ကြပါဘူး။ နောက်တော့ မြို့ခံတွေလည်း အသီးသီး ပြောင်းရွှေ့သွားကြတာ ကျုပ်တို့လို မြို့ကို သံယောဇဉ်တွယ်ပြီး ထားမခဲ့ရက်တဲ့ လူအိုကြီးတွေပဲ ကျန်ရစ်ခဲ့တော့တယ်။ သခင်လေး ဒီည ခရီးမဆက်ဘူးဆိုရင် သခင်လေးရဲ့ ညဉ့်လေမြင်းကိုလည်း အဲဒီသားရဲက ဝါးမျိုသွားလိမ့်မယ်”
တည်းခိုခန်းပိုင်ရှင် လူအိုကြီးက စိုးရိမ်နေသော အမူအရာဖြင့် ပြောလာသည်။ ထိုသားရဲအကြောင်းကို သူ ပြောပြသည့် အခါတိုင်း မြင်းဖြင့် လာရောက်ကြသည့် ခရီးသွား ဧည့်သည်အများစုသည် ကြောက်လန့်ကာ ထွက်ပြေးသွားကြသည်။ လူအိုကြီးသည် စိတ်ဓာတ်ကျမိသော်လည်း မတတ်နိုင်ပေ၊ မဆိုင်သူများ မထိခိုက်ရအောင် သူ့အနေနှင့် အမှန်အတိုင်း ပြောပြရန်သာ ရှိသည်။
***