ထန်ထိုက်လင်
Vol. 11 Ch. 143
“လူတွေကို အန္တရာယ်မပြုတဲ့ မှော်သားရဲတဲ့လား ..”
ယဲ့ချန်သည် အတန်ငယ် အံ့ဩသွားရပြီး ပြန်မေးမိသည်။
“ဘာသားရဲအမျိုးအစားလဲ သိလား”
“အဲ့ဒါက မြွေနဂါးကြီးပါ။ အတောင်ပံတွေလည်း ရှိတယ်”
တည်းခိုခန်းပိုင်ရှင် လူအိုကြီးသည် သက်ပြင်းချကာ ပြန်ဖြေသည်။
“သူတို့ကရော ခရီးဆက်မှာလား ဒီမှာပဲ တည်းမှာလား”
ယဲ့ချန်သည် တစ်ဖက်စားပွဲဝိုင်းရှိ လူများကို ရည်ရွယ်ကာ မေး၏။
“သူတို့က ဒီည ဒီမှာပဲတည်းမှာပါ”
တည်းခိုခန်းပိုင်ရှင် လူအိုကြီးသည် ယဲ့ချန်က ညာဘက်စားပွဲဝိုင်းရှိ မိန်းကလေးအား စိတ်ဝင်စားနေသည်ဟု ထင်မှတ်ကာ အသံနိမ့်နိမ့်ဖြင့် ပြန်ဖြေသည်။ ကျင့်ကြံသူများသည် ရန်စသင့်သူများ မဟုတ်သောကြောင့် လူအိုကြီး၏ အမူအရာသည် နှိမ့်နှိမ့်ချချ ရှိလှသည်။
ယဲ့ချန် တစ်ခဏမျှ တုံ့ဆိုင်းသွားသည်။ ထိုမိန်းကလေးသည်လည်း မှော်သားရဲကြောင့် ရောက်လာခဲ့ခြင်းများလား။ လူသားများကို အန္တရာယ်မပြုသော အတောင်ပံများ ရှိသည့် မြွေနဂါး — ယဲ့ချန်သည် ထိုမှော်သားရဲ၏ အမျိုးအစားကို မသိသော်လည်း အဆင့်နိမ့်သားရဲမျိုး မဟုတ်နိုင်တာတော့ သေချာသည်။ ယဲ့ချန် ပို၍ စိတ်ဝင်စားသွားသည်။ အကယ်၍ ညာဘက်စားပွဲဝိုင်းရှိ မိန်းကလေးကလည်း ထိုမှော်သားရဲကို စိတ်ဝင်စားသည်ဆိုပါက အချိန်ကျလာလျှင် သူ လက်ရှောင်ပေးလိုက်မည်။ ထိုသို့အတွေးနှင့် ယဲ့ချန်သည် တည်းခိုခန်းတွင်သာ ဆက်နေပြီး အခြေအနေအား စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
“ကျွန်တော် ဒီည ဒီမှာတည်းမယ်။ တကယ်လို့ ကျွန်တော့်ရဲ့ညဉ့်လေကို သားရဲကြီး ဝါးမျိုသွားရင်တောင် ဆိုင်ရှင့် (လော်ပန်) ကို အပြစ်မတင်ပါဘူး။ ဒီမှာ တည်းခိုခ”
ယဲ့ချန်သည် ငွေစ ၂၀ အား ကောင်းကင်ပထဝီအိတ်ထဲမှ ထုတ်ကာ စားပွဲပေါ် တင်ပေးလိုက်သည်။
“ဒါက .. များလွန်းတယ်”
တည်းခိုခန်းပိုင်ရှင် လူအိုကြီးသည် ငွေစ ၂၀ ကို ကြည့်ကာ တုန်တုန်ရီရီဖြင့် ရေရွတ်သည်။ ဧည့်သည်အများစုသည် သုံးရက်ခန့် တည်းခိုပြီး အစားအသောက်အတွက် အဖိုးအခပါ အပါ ဆိုလျှင်တောင် ငွေစ ၁ စမျှသာ ပေးကြသည်။ ယခုမူကား ဧည့်သည်သခင်လေးသည် ငွေစ ၂၀ တောင် ပေးနေလေရာ များလွန်းလှသည်။
“ယူလိုက်ပါ”
ယဲ့ချန်က ပြောသည်။ သူ့တွင် ရွှေစ၊ ငွေစများ အလွန်ပေါများစွာ ရှိနေရာ ငွေစ ၂၀ လောက်က ဘာမျှမဟုတ်ပေ။ တည်းခိုခန်းပိုင်ရှင် လူအိုကြီးသည် မှော်သားရဲနှင့် ပတ်သက်ပြီး ရိုးသားစွာ သတိပေးခဲ့သည့်အပြင် စိတ်သဘောထား ကောင်းပုံလည်း ပေါ်သည်။ ထို့ကြောင့် ယဲ့ချန်က ငွေစ များများ ပေးခဲ့ခြင်း ဖြစ်သည်။
“သခင်လေး ဒီနုံချာတဲ့ တည်းခိုခန်းလေးမှာ သခင်လေး ဆန္ဒရှိသလောက် နေနိုင်ပါတယ်”
တည်းခိုခန်းပိုင်ရှင် လူအိုကြီးသည် ယဲ့ချန်၏ ကြင်နာမှုကြောင့် ရင်ထဲထိသွားကာ လှိုက်လှိုက်လှဲလှဲဖြင့် ပြောလာသည်။
“ဟုတ်ပါပြီ ဟုတ်ပါပြီ”
ယဲ့ချန်လည်း ပြန်ဖြေလိုက်သည်။
ထိုအချိန်တွင်ပဲ ထိုက်ယီဓားဂိုဏ်းမှ လူသုံးယောက်သည် ဆက်လက်၍ သည်းခံနေနိုင်ပုံ မရတော့ဘဲ ထိုင်ရာမှထကာ ညာဘက်စားပွဲဝိုင်းမှ မိန်းကလေးထံ လျှောက်သွားကြလေသည်။
“ဒီကမိန်းကလေးက .. ဘယ်ဂိုဏ်းက တပည့်လဲဆိုတာ သိခွင့်ရှိမလား”
ထိုက်ယီဓားဂိုဏ်းမှ လူသုံးယောက်သည် အနည်းဆုံးတော့ လေးစားသမှုရှိသော အမူအရာကို ထိန်းထားကြသေးသည်။ မိန်းကလေး၏ ဆွဲဆောင်မှုအောက်တွင် ကျရှုံးသွားကြသော်လည်း ထိုမိန်းကလေး၏ အသွင်အပြင်အရ သာမန်မဟုတ်ကြောင်း သူတို့လည်းပဲ သတိပြုမိကြသည်။ သူမသည် ကျင့်ကြံသူတစ်ယောက် ဖြစ်နေနိုင်သောကြောင့် စည်းကျော်သော အပြုအမူများ မလုပ်မိစေရန် သတိထားကြ၏။
မည်သို့ပင်ဆိုစေ ထိုမိန်းကလေး၏ အသက်အရွယ်အရ မည်မျှပါရမီကောင်းပါစေ ထျန်းချီအဆင့် ၁၀ ထက် မကျော်လွန်နိုင်သေးပေ။ သို့သော် သူမ၏ နောက်ခံကိုတော့ သိဖို့လိုသေးသည်။
မိန်းကလေး၏ အမူအရာသည် ရေခဲပွင့်ချပ်များနှယ် အေးစက်စက်နှင့်သာ။ သူမသည် စကားတုံ့ပြန်လာခြင်း မရှိသကဲ့သို့ စိတ်အနှောင့်အယှက် ဖြစ်သွားပုံလည်း မရပေ။ ထိုလူသုံးယောက် စကားပြောနေသူမှာ သူမ မဟုတ်သည့်အလား ဝိုင်ခွက်ကိုသာ အာရုံစူးစိုက်လျက် အရသာခံကာ သောက်နေလေသည်။
“မှော်သားရဲတစ်ကောင် ဒီနေ့ညမှာ ပေါ်လာနိုင်ခြေ ရှိတယ်။ ဒါပေမဲ့ မိန်းကလေး စိတ်မပူပါနဲ့။ ကျွန်တော်တို့သုံးယောက်က မိန်းကလေးကို ကာကွယ်ပေးပါ့မယ်”
ထိုက်ယီဓားဂိုဏ်းမှ လူသုံးယောက်အနက် တစ်ယောက်က ပြောသည်။
“မိန်းကလေးက ကျွန်တော်တို့ ဘယ်သူတွေလဲဆိုတာ မသိလောက်ဘူး။ ကျွန်တော်တို့သုံးယောက်က ထိုက်ယီဓားဂိုဏ်းက တပည့်တွေပါ။ ဒါက ကျွန်တော့်ရဲ့ အစ်ကို ၁ ကျိုးရန်၊ အသက် ၃၀ ပဲ ရှိသေးပေမဲ့ ထျန်းချီအဆင့် ၁၀ အလယ်အလတ်ဆင့်ကို ရောက်နေတဲ့သူပေါ့။ ထိုက်ယီဓားဂိုဏ်းရဲ့ လူငယ်မျိုးဆက်ထဲမှာဆိုရင် အစ်ကို ၁ က အထူးချွန်ဆုံးပဲ။ ဒါကတော့ ကျွန်တော်ရဲ့ ညီ ၃ လင်းထောင်။ ကျွန်တော့်နာမည်က ဝမ်ယွဲ့။ ညီ ၃ နဲ့ ကျွန်တော်နဲ့က ကျင့်ကြံဆင့် အတူတူပဲ။ ထျန်းချီအဆင့် ၁၀ စဦးဆင့်မှာ ရှိတယ်”
ထိုလူကပင် ဆက်၍ ရှင်းပြကာ မိတ်ဆက်သည်။
“မိန်းကလေးရဲ့နာမည်ကို သိခွင့်ရှိမလား”
ကျိုးရန်ဆိုသူက မေးသည်။ သူ့လေသံက ဝမ်ယွဲ့ဆိုသူလောက် ဖော်ဖော်ရွေရွေ မရှိဘဲ မာန်မာန အနည်းငယ် ပါဝင်သည်။ အသက် ၃၀ အရွယ် ထျန်းချီအဆင့် ၁၀ အလယ်အလတ်ဆင့် ကျင့်ကြံသူတစ်ယောက်သည် အပြည့်အဝ မာန်တက်ရန် အခွင့်အရေး ရှိပေသည်။ သို့သော် သူတို့ ဘာတွေပဲပြောနေပါစေ၊ မိန်းကလေးဘက်မှ တစ်စုံတစ်ရာ တုံ့ပြန်လာခြင်းမရှိရာ သူတို့သုံးယောက်သည် အနည်းငယ် ခံပြင်းလာရသည်။
“ထန်ထိုက်လင်”
မိန်းကလေးက တည်ငြိမ်အေးဆေးစွာဖြင့် ပြောလာသည်။ သူမ၏ ကျောက်စိမ်းဖြူကဲ့သို့ သွယ်လျလှပသည့် ညာဘက်လက်သည် ဝိုင်ခွက်အား ကိုင်ထားရင်း တစ်ငုံ သောက်သည်။ သူမသည် ကျိုးရန်တို့သုံးယောက်အား တစ်ချက်မျှပင် မော့မကြည့်ဘဲ ဆန့်ကျင်ဘက်အားဖြင့် ယဲ့ချန်ထိုင်နေသော စားပွဲဝိုင်းဘက်သို့ ကြည့်နေသည်။
ယဲ့ချန်၏ စားပွဲဝိုင်းနှင့် ထန်ထိုက်လင်ဟု အမည်ရသည့် မိန်းကလေး၏ စားပွဲဝိုင်းသည် အတော်လေးဝေးသော်လည်း ယဲ့ချန်သည် သူမတို့ စားပွဲဝိုင်းဘက်မှ စကားများကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။
“အမွေးပွလေး သူ ဘယ်ကလာလဲဆိုတာ သိလား”
ယဲ့ချန်သည် ဝိညာဉ်အသိအမြင်မှတစ်ဆင့် အမွေးပွလေးအား ဆက်သွယ်ကာ မေးကြည့်သည်။
အမွေးပွလေးသည် ခေါင်းယမ်း၏။ ထိုက်ထန်လင်သည် မည်သို့သော ကောင်းကင်သားရဲဖြစ်ကြောင်း အမွေးပွလေးပင် မသိရှိသော်လည်း ထန်ထိုက်လင်၏ စွမ်းအားက အလွန် ကြီးမားသည်ကတော့ သေချာသည်။
ကျိုးရန်နှင့် ကျန်နှစ်ယောက်သည် မိန်းကလေး၏ အမည်အား သိလိုက်ရ၍ ကျေနပ်သွားကြသည်။ သူတို့စိတ်ထဲတွင် မိန်းကလေးသည် သူတို့နှင့် အပြန်အလှန် မိတ်ဆက်ပြီးပြီဟု ယူဆကာ သူမ၏ အာရုံစိုက်မှုအား ရရှိရန် ကြိုးစားကြတော့သည်။
“ထန်ထိုက်ဆိုတဲ့ မျိုးရိုးနာမည်က တော်တော်လေးရှားတယ်။ မိန်းကလေးထန်ထိုက်က ရှီဝူအင်ပါယာထဲက မဟုတ်ဘူးထင်တယ်”
ဝမ်ယွဲ့သည် အခွင့်အရေးအား လက်လွတ်မခံဘဲ ဆက်မေးလာသည်။
[ T/N — တရုတ်မှာ နှစ်လုံးတွဲမျိုးရိုးနာမည်တွေ ရှိတာ သိတယ်မလား။ ဥပမာ - ရှန့်ကွမ်း၊ ကျူးကော၊ ကုန်းစွန်း၊ အိုးရန်၊ မုရုန်၊ ထန်ထိုက် စသည်ဖြင့်ပေါ့။ အဲ့ထဲမှာမှ ထန်ထိုက်ဆိုတဲ့ မျိုးရိုးနာမည်က တော်တော်ရှားတဲ့အထဲမှာ ပါတယ်။ ]
“မျိုးရိုးနာမည် ထန်ထိုက်က တော်တော်လေးရှားပေမဲ့ မရှိတော့တာတော့ မဟုတ်ပါဘူး။ ကျွန်တော်သိသလောက် နတ်ဆရာဂိုဏ်းမှာ ထန်ထိုက် မျိုးနွယ်ဝင်တွေ ရှိကြတယ်”
ကျိုးရန်သည် ထန်ထိုက်လင်၏ မျက်နှာအနီးသို့ တိုးကပ်လာကာ ဆိုသည်။ သူက ထန်ထိုက်လင်၏ ဇစ်မြစ်အား ခန့်မှန်းနိုင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
ထန်ထိုက်လင်သည် သူမနာမည်အား ပြောပြပြီးနောက် တစ်ဖန် တိတ်ဆိတ်သွားပြန်သည်။ ဘာမှ ပြန်ပြောမလာပေ။
“ပြောရရင် နတ်ဆရာဂိုဏ်းက ရှီဝူအင်ပါယာက မဟုတ်ဘူး။ ထန်ထိုက် မျိုးနွယ်ဝင်တွေ အများစုကလည်း ဗဟိုအင်ပါယာမှာပဲ ရှိကြတယ်။ ရှီဝူအင်ပါယာရဲ့ ပိုင်နက်ထဲမှာတော့ နတ်ဆရာဂိုဏ်းက အဓိကအင်အားစုကြီး မဟုတ်ဘူး”
လင်းထောင်သည် ရည်ရွယ်ချက်ရှိရှိဖြင့် ပြောလာ၏။ ထန်ထိုက်လင်၏ အဖက်မတန်သကဲ့သို့ လျစ်လျူရှုထားမှုက သူ့အား စိတ်တိုလာစေသည်။ ဂိုဏ်းတူအစ်ကိုနှစ်ယောက်နှင့် ယှဉ်လျှင် လင်းထောင်သည် စိတ်ရှည်တတ်သူ မဟုတ်ပေ။
လင်းထောင်သည် ထန်ထိုက်လင်၏ တုံ့ပြန်မှုအား မြင်လို၍ နတ်ဆရာဂိုဏ်းကို သိမ်ငယ်စေရန် ပြောဆိုခဲ့သော်လည်း ထန်ထိုက်လင်၏ အမူအရာသည် ရေသေကဲ့သို့ တည်ငြိမ်နေဆဲ။ အနည်းငယ်မျှ ပျက်ယွင်းမှုမရှိ။
“ကျွန်မ အနားယူတော့မယ်။ ဒီည မှော်သားရဲ ထွက်ပေါ်လာမှာမို့ ရှင်တို့ရဲ့ ကျင့်ကြံဆင့်က ဘယ်လောက်ပဲဖြစ်ဖြစ် အမြန်ဆုံး ဒီကနေ ထွက်သွားတာက ကောင်းလိမ့်မယ်”
ထန်ထိုက်လင်၏ လေသံက ကြည်လင်ပြတ်သားကာ အေးအေးဆေးဆေး ရှိလှသည်။ စကားဆုံးသည့်နောက် သူမသည် စားပွဲဝိုင်းမှထပြီး အပေါ်ထပ်သို့ တက်ရန် လှေကားများထံ ဦးတည်သွားသည်။
လင်းထောင်သည် ထွက်ခွါသွားသော ထန်ထိုက်လင်အား လိုက်၍ ကြည့်နေမိသည်။ သူတို့သုံးယောက်သည် စားပွဲဝိုင်းဘေးတွင် မတ်တပ်ရပ်ကာ အချိန်အကြာကြီး စကားပြောခဲ့သော်လည်း ထန်ထိုက်လင်က အထင်အမြင်သေးစွာသာ ပြန်လည်တုံ့ပြန်ခဲ့သည်။ လင်းထောင်သည် ဒေါသများ လွတ်ထွက်ကာ ပေါက်ကွဲလုနီးနီး။ ဝမ်ယွဲ့က ဘေးမှ တားနေရသည်။
ထန်ထိုက်လင်သည် ထိုသုံးယောက်၏ အပြုအမူများအား ဒေါသထွက်ဟန်မရသကဲ့သို့ စိတ်ထဲတွင်လည်း မည်သို့မျှ တွေးပုံမပေါ်။ ယဲ့ချန်၏ စားပွဲဝိုင်းဘေးမှ ဖြတ်လျှောက်ကာ အပေါ်ထပ်သို့ အနားယူရန် တက်သွားသည်။
မွှေးပျံ့သောရနံ့တစ်ခုက ယဲ့ချန်နှာခေါင်းထဲသို့ တိုးဝင်လာသည်။ ယဲ့ချန်သည် ခေါင်းမော့လျက် အပေါ်ထပ်သို့ တက်သွားသော ထန်ထိုက်လင်၏ နောက်ကျောဘက်အား လှမ်းကြည့်မိသည်။ သူမ၏ ကျောက်စိမ်းဖြူသဖွယ် အဆင်းရှိသည့် ခြေဖဝါးများသည် ဗလာဖြစ်နေပြီး ခြေချင်းဝတ်၌ ကျောက်စိမ်းခြေချင်းတစ်ခု ဝတ်ထားကြောင်း မြင်ရသည်။ သူမ၏ ခြေလှမ်းများက ပေါ့ပေါ့ပါးပါးနှင့် လမ်းလျှောက်ဟန်မှာပင် ကျက်သရေရှိနေသည်။
ယဲ့ချန်သည် ထန်ထိုက်လင်၏ သရုပ်မှန်အား သိလိုစိတ် ဖြစ်ပေါ်လာရသည်။ မည်သို့သော ကောင်းကင်သားရဲကများ လူအသွင်ပြောင်းထား၍ ထိုမျှ ပြီးပြည့်စုံနေရသည် မသိပေ။
ထန်ထိုက်လင်သည် လှေကား၏ တစ်ဝက်ခန့်သို့ ရောက်သောအခါ ဦးခေါင်းအား စောင်းငဲ့၍ ယဲ့ချန်ထံသို့ ငုံ့ကြည်လာ၏။ သူမ၏ မျက်ခုံးနှစ်ဖက်သည် အနည်းငယ် စုကြုတ်နေခဲ့လျက်။
“ရှင်က စိတ်ဝင်စားစရာကောင်းတဲ့ လူပဲ။ ရှင့်ရဲ့ ကျင့်ကြံဆင့်က အားနည်းလွန်းနေသေးတာ ဆိုးတယ်။ ဒါပေမဲ့ ဘယ်သိနိုင်ပါ့မလဲ လာမဲ့ နှစ် ၁၀၀ အတွင်းမှာ ရှင်က ကျွန်မအတွက် ပြိုင်ဘက်ကောင်းတစ်ယောက်လည်း ဖြစ်လာနိုင်ပါတယ်”
ထန်ထိုက်လင်၏ စကားသံသည် ချိုင့်ဝှမ်းတစ်ခုအတွင်းမှ ပျံ့လွင့်လာသော ပဲ့တင်သံကဲ့သို့ ယဲ့ချန်ထံ ရောက်ရှိလာသည်။ ကြည်လင်ပြတ်သားသော ထိုအသံထဲတွင် ခံစားချက် တစ်စုံတစ်ရာ မပါဝင်ဘဲ စိတ်ဝိညာဉ်ချင်း တိုက်ရိုက် ဆက်သွယ်ကာ ပြောလာခြင်း ဖြစ်သည်။ ကျိုးရန်နှင့် ကျန်နှစ်ယောက်သည် ထိုစကားသံကို မကြားနိုင်ပေ။
ယဲ့ချန်၏ ဝိညာဉ်အသိအမြင်သည် ကြီးမားသောဖိအားတစ်ခုကို ခံစားမိ၍ ထိန်းချုပ်မရအောင် တုန်ယင်လာသည်။ ယဲ့ချန် ဘာမှပင် မတုံ့ပြန်နိုင်ခင်တွင် ထန်ထိုက်လင်၏ ပုံရိပ်သည် အပေါ်ထပ်သို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
ထန်ထိုက်လင်သည် ယဲ့ချန်၏ ဝိညာဉ်အသိအမြင်အား သတိပြုမိသော်လည်း ယဲ့ချန်၏ လက်ရှိကျင့်ကြံဆင့်က အားနည်းနေသေးသောကြောင့် သူမတွင် တိုက်ခိုက်လိုစိတ် အလျဉ်းမရှိခြင်း ဖြစ်နိုင်သည်။ ကျိုးရန်တို့အား သူမ ပြောခဲ့သည့်စကားတို့ကို ယဲ့ချန် ပြန်တွေးကြည့်မိသည်။ ထန်ထိုက်လင်သည်ကား ယနေ့ညတွင် ထွက်ပေါ်လာမည့် မှော်သားရဲအတွက် ရောက်ရှိလာခြင်း ဖြစ်သည်။
ဉာဏ်ရှိသော လူတစ်ယောက်သည် ပြိုလဲတော့မည့် နံရံအောက်တွင် ဘယ်တော့မှမရပ် ဟူသော စကားပုံရှိသည်။ ပြောရလျှင် ထန်ထိုက်လင်၏ စွမ်းအားသည် ယဲ့ချန်ထက် ခန့်မှန်းမရအောင် သာလွန်နေသောကြောင့် ယဲ့ချန်သည် ဤနေရာမှ အမြန်ဆုံး ထွက်ခွါသွားသင့်သည်။ သို့သော်လည်း ယဲ့ချန်၏ အတွင်းစိတ်ထဲတွင် စူးစမ်းလိုစိတ် မီးလျှံလေးက တောက်လောင်နေပြီး ထန်ထိုက်လင် စောင့်ဆိုင်းနေသည့် မှော်သားရဲကို မြင်ဖူးချင်လှသည်။
“ကွိ .. ကွိ ..”
အမွေးပွလေးသည်လည်း စိတ်မအေးဖြစ်နေပုံရသည်။
“ကောင်းပြီလေ အမွေးပွလေး။ ငါတို့ နည်းနည်းဝေးတဲ့တစ်နေရာမှာ ပုန်းနေကြမယ်။ မှော်သားရဲရောက်လာတဲ့အခါ တစ်ချက်လောက်ပဲ ကြည့်ပြီး မြန်မြန် ထွက်သွားကြတာပေါ့။ အင်အားကြီးတဲ့ ဘယ်ရန်သူကိုမှ ရန်မစဘူးလေ”
ယဲ့ချန်က ပြောသည်။ ထန်ထိုက်လင်၏ စကားအရ သူမသည် သူ့အား စတင် တိုက်ခိုက်ရန် စိတ်ကူးရှိပုံမရ။ သူမကဲ့သို့ အင်အားကြီးပုဂ္ဂိုလ်မျိုးက ပြောပြီးသားစကားကို တည်စေရန် စောင့်ထိန်းတတ်သည်။ ထို့ပြင် တည်းခိုခန်းပိုင်ရှင် လူအိုကြီး၏ စကားအရ မှော်သားရဲသည် လူသားများကို အန္တရာယ်မပြုဟု သိရသည်။ ထို့ကြောင့် ယဲ့ချန်သည် တည်းခိုခန်း၌ ဆက်နေရန် ဆုံးဖြတ်လိုက်သည်။
အထက်ပါ အကြောင်းကြောင်းကြောင့်သာ မဟုတ်ပါက ယဲ့ချန်၏ စရိုက်အရ ဤနေရာမှ ဝေးဝေးသို့ ထွက်ပြေးသွားလောက်လေပြီ။
***