← Chapters

မှော်သားရဲက ဒီမှာ

Vol. 11 Ch. 144

မှော်သားရဲက ဒီမှာ

Vol. 11 Ch. 144

“အဲဒီ့မိန်းမ .. ကျွန်တော်တို့ကို လေးစားသမှုတောင် မရှိဘူး။ အစ်ကို ၁ နဲ့ အစ်ကို ၂ က သက်ညှာလွန်းနေပြီ။ အဲ့မိန်းမက သူ့ကိုယ်သူ ဘာထင်နေလဲ မသိဘူး”

လင်းထောင်သည် ခက်ထန်စွာဖြင့် ကျိန်ဆဲလေသည်။ 

“ညီ ၃ စိတ်အလိုလိုက်ပြီး အလောတကြီး မလုပ်ရဘူး။ မဟုတ်ရင် မင်းပဲ နစ်နာရလိမ့်မယ်။ အဲဒီ့မိန်းကလေးရဲ့ ဇစ်မြစ်က လျှို့ဝှက်ဆန်းကြယ်လွန်းတယ်။ ငါတောင်မှ သူ့ရဲ့ ကျင့်ကြံဆင့်ကို မခန့်မှန်းနိုင်ဘူး။ သူ့ရဲ့ စွမ်းအားအစစ်အမှန်ကို သေချာမသိရသေးဘဲနဲ့ မဆန့်ကျင်မိစေနဲ့”

ကျိုးရန်သည် ခေါင်းယမ်းရင်း လင်းထောင်အား သတိပေးသည်။ 

“အစ်ကို ၁ .. အစ်ကို အတွေးလွန်နေတာ မဟုတ်ဘူးလား။ ၁၆ နှစ်အရွယ် မိန်းကလေးတစ်ယောက်မှာ ဘယ်လိုနက်နဲတဲ့ ကျင့်ကြံဆင့်မျိုး ရှိနိုင်မှာမလို့လဲ။ အများဆုံးမှ ထျန်းချီအဆင့် ၉ လောက်ပဲ ရှိဦးမှာ”

လင်းထောင်သည် လက်ခံလိုဟန်မရဘဲ အထွန့်တက်သည်။ 

“သူ့ရဲ့ ကျင့်ကြံဆင့်က ထျန်းချီအဆင့် ၉ ပဲ ရှိရင်တောင် ဘယ်လိုနောက်ခံမျိုး ရှိလဲဆိုတာ မသိသေးဘဲနဲ့ အလျင်စလို ပြုမူလို့မဖြစ်ဘူး။ ဂိုဏ်းက ပေးလိုက်တဲ့ အမိန့်ကို မေ့နေပြီလား”

ဝမ်ယွဲ့ကပါ ဝင်၍ ဆူပူလာသည်။ သူတို့သည် အပြင်လောကသို့ ရောက်ရှိနေခြင်းဖြစ်၍ သတိကြီးကြီး ထားရန်လိုသည်။ အပြင်ဘက်လောက၌ စွမ်းအားကြီးမားသော အင်အားစုများ မရေမတွက်နိုင်အောင် ရှိသည်။ သူတို့သာ ပြဿနာတစ်စုံတစ်ရာ ရှာမိလျှင် ထိုကံဆိုးမှုက ထိုက်ယီဓားဂိုဏ်းသို့ပါ ရိုတ်ခတ်လာနိုင်သည်။ 

“ဟုတ်ကဲ့”

လင်းထောင်သည် သုန်မှုန်သွားသော်လည်း ဂိုဏ်း၏ အမိန့်များကိုမူ မလွန်ဆန်ဝံ့၍ နာခံစွာ ပြန်ဖြေလာသည်။ သို့တိုင်အောင် ထန်ထိုက်လင်ကဲ့သို့ တွေ့ရခဲသော အလှတစ်ပါးကို သည်အတိုင်း လွှတ်ပေးလိုက်ဖို့ရန်ကလည်း လင်းထောင်အား စိတ်မတည်မငြိမ် ဖြစ်သွားစေသည်။ ထန်ထိုက်လင်၏ နောက်ကျောဘက်ပုံရိပ်အား ပြန်မြင်ယောင်မိသော် လင်းထောင်၏ ဖိနှိပ်မထားနိုင်သော စိတ်ဆန္ဒတို့က ထကြွလာရသည်။ အေးစက်သော ထိုအလှလေးအား သူ့ခန္ဓာကိုယ်အောက်တွင် ဖိထားပြီး သူမထံမှ ညည်းသံလေးများကိုသာ ကြားခွင့်ရပါက သူ ရှင်သန်လာခဲ့သမျှသော နှစ် ၃၀ ကျော်သည် ထိုက်တန်သွားလေပြီဟု လင်းထောင် တွေးမိသည်။ 

“လောလောဆယ်မှာ သူ့ကို ထိလို့မရသေးပေမဲ့လည်း သူက ငါတို့ကို မောင်းထုတ်လို့ရတာမှ မဟုတ်တာ။ သေချာစောင့်ကြည့်ထား”

ကျိုးရန်သည်လည်း လင်းထောင်ကဲ့သို့ တူညီသော အတွေးကို တွေးနေခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ထန်ထိုက်လင်သည် သာမန် လှပသော မိန်းကလေးသာ ဆိုပါက သူတို့သည် ဤမျှ စိတ်ရှုပ်ခံနေမည်မဟုတ်။ သို့သော် ထန်ထိုက်လင်သည် မျက်နှာတစ်ဝက်အား ဖုံးကွယ်ထားလျက်ကပင် အသက်ရှုမှားဖွယ် လှပနေသေး၏။ မည်သည့်ယောကျ်ားကမှ သူမအား မြင်ရပြီးနောက် တပ်မက်စိတ် မပေါ်ဘဲ နေနိုင်လိမ့်မည် မဟုတ်ပေ။ 

ထိုသုံးယောက်၏ စကားတို့ကို အတိုင်းသားကြားနေရသော ယဲ့ချန်သည် တိတ်တဆိတ် ရယ်မိ၏။ ထျန်းချီအဆင့် ၁၀ မျှသော ကျင့်ကြံသူသုံးယောက်သည် ထန်ထိုပ်လင်ကဲ့သို့ ထိပ်တန်း ကောင်းကင်သားရဲအား ကြံစည်နေကြသည်။ ထိုသုံးယောက်သည်ကား ကိုယ့်ကိုကိုယ် သတ်သေရန် အကွက်ချစီစဉ်နေကြသော အရူးသုံးယောက်နှင့် မခြားပေ။ 

ထန်ထိုက်လင်၏ စွမ်းအားအစစ်အမှန်ကို ယဲ့ချန် မသိသော်လည်း သူမထံမှ ထွက်ပေါ်လာသော စွမ်းအားက ကျောက်စိမ်းမျှော်စင်ထဲတွင် သူ တွေ့ခဲ့သည့် ဝံပုလွေထက်ပင် သန်မာကြောင်း သေချာသည်။ ထန်ထိုက်လင်သည်လည်း နတ်သူငယ်အဆင့် အရှင်သခင် တစ်ပါး ဖြစ်နေနိုင်သည်။ သူမ၏ ၁၆ နှစ်အရွယ် အသွင်အပြင်က လှည့်ကွက်သာ ဖြစ်ပြီး အမှန်တကယ်တွင် သူမသည် နှစ်ထောင်ချီ သက်တမ်းရှိသည့် သက်ကြားအိုကြီး ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ 

ယဲ့ချန်သည် စားသောက်ပြီးသောအခါ အနားယူရန် ပြင်လိုက်သည်။ သူသည် မှော်သားရဲ ထွက်ပေါ်လာမည့်အချိန်ကို စောင့်ချင်ရုံသာ ဖြစ်ပြီး ထိပ်တန်းမှော်သားရဲနှင့် ထိပ်တန်းကောင်းကင်သားရဲကြားမှ တိုက်ပွဲက မည်မျှ ပြင်းထန်မည်ကို သိလိုလှသည်။ 

ပြောရလျှင် နတ်သူငယ်အဆင့် အရှင်သခင်၏ စွမ်းအားသည် အင်ပါယာတစ်ခုကိုပင် နေ့ချင်းညချင်း ဖျက်စီးပစ်နိုင်သည်။ သို့သော် နတ်သူငယ်အဆင့် အရှင်သခင်များသည် လူ့လောက၌ ထွက်ပေါ်လာခဲသည်။ ဤကမ္ဘာ၌ စွမ်းအားအလွန်ကြီးသော ကောင်းကင်သားရဲများ၊ မှော်သားရဲများနှင့် လူသားများအကြားတွင် ကန့်သတ်ထားသော စည်းမျဉ်းတချို့တော့ ရှိလိမ့်မည်ဟု ယဲ့ချန် ခန့်မှန်းမိသည်။ 

“ကောင်လေး အဲ့မှာရပ်လိုက်”

ယဲ့ချန်သည် ကိုယ့်အတွေးနှင့်ကိုယ် အပေါ်ထပ်သို့ တက်ရန်ပြင်နေစဉ် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာ၏။ လင်းထောင်ထံမှ ဖြစ်သည်။ 

“ခင်ဗျာ ..”

ယဲ့ချန်လည်း ခြေလှမ်းများ ရပ်သွားရပြီး အသံလာရာသို့ လှမ်းကြည့်မိသည်။ 

ဝှစ် ..

အမွေးပွလေးသည် ယဲ့ချန်ပခုံးထက်သို့ ခုန်တက်လာကာ လက်သည်းများကို ထုတ်လျက် ကျိုးရန်တို့သုံးယောက်ထံ စူးစူးရဲရဲ စိုက်ကြည့်နေလေသည်။ 

ယဲ့ချန် တည်းခိုခန်းထဲသို့ စဝင်လာကတည်းက ကျိုးရန်တို့သည် အမွေးပွလေးအား သတိပြုမိသည်။ သို့သော် ထိုစဉ်က သူတို့သည် ထန်ထိုက်လင်ထံတွင် အာရုံအလုံးစုံ စူးစိုက်ထားကြ၍ အမွေးပွလေးအား သေချာမကြည့်အားပေ။ ယခုမှသာ သူတို့သည် ယဲ့ချန်နှင့် အတူပါလာသော အကောင်ပေါက်လေးသည် ပုလဲနက်သဖွယ် တောက်ပသော မျက်လုံးများနှင့် အလွန်လှပကြောင်း သေသေချာချာ မြင်သွားရ၏။ 

“မင်းရဲ့ မြေခွေးပေါက်လေးကို ခဏလောက် ကြည့်လို့ရမလား”

ကျိုးရန်သည် အံ့ဩနေဟန် မျက်ခုံးပင့်ရင်း အမွေးပွလေးအား ထိကိုင်ရန် ညာဘက်လက်ကို ဆန့်ထုတ်လာသည်။ 

ကျိုးရန်သည် အစောပိုင်းတည်းက ယဲ့ချန်၏ ခပ်တိုးတိုးရယ်သံကို ကြားလိုက်ရပြီး စိတ်တိုနေခဲ့သည်။ သူက ယဲ့ချန်အား မှတ်လောက်သားလောက်အောင် သင်ခန်းစာပေးရန် ကြံရွယ်ထားသော်လည်း ယခုမူ သူ့အာရုံက အမွေးပွလေးထံ ရောက်ရှိသွားသည်။ 

ကျိုးရန်၏ အပြုအမူကြောင့် ယဲ့ချန်၏ မူလက ယဉ်ယဉ်ကျေးကျေး ဟန်ပန်မှာ လုံးဝပျောက်ကွယ်သွားကာ အေးစက်စက် မျက်နှာထား ဖြစ်သွားရ၏။ သူကလွဲ၍ ဘယ်သူမှ အမွေးပွလေးအား လက်လွတ်စပယ် ထိခွင့်မရှိပေ။ 

“ထွက်သွား”

ယဲ့ချန်သည် အနိမ့်သံဖြင့် အေးစက်စက် ပြောလိုက်၏။ 

သို့သော် အမွေးပွလေးကား ယဲ့ချန်ထက် ပို၍ စိတ်မြန်သည်။ ၎င်း၏ မျက်လုံးလေးများထဲ၌ ထူးဆန်းသော အလင်းတစ်ချက် လက်သွားသည်။ 

အမွေးပွလေးသည် မွေးဖွားပြီးချိန်တည်းက ၎င်း၏ မိဘများနှင့် ယဲ့ချန်ကလွဲ၍ ဘယ်သူ့ဆီက ထိကိုင်ခြင်းကိုမှ မခံခဲ့ပေ။ ကျိုးရန်ဆိုသူကား ရာရာစစ သူမကို ထိရန် ကြိုးစားရဲသည်။ 

ကျိုးရန်သည် ထိတ်လန့်စွာဖြင့် အားခနဲအော်ကာ အနောက်ဘက်သို့ လဲကျသွားသည်။ သူ့မျက်နှာသည် ဖြူဖျော့နေပြီး ချွေးအေးများက မျက်နှာတစ်ပြင်လုံးတွင် စီးကျနေ၏။ 

“အစ်ကို ၁ အဆင်ပြေရဲ့လား”

ဝမ်ယွဲ့နှင့် လင်းထောင်တို့သည် ထိတ်လန့်သွားကြပြီး ကျိုးရန်အား အလျင်အမြန် ထူပေးလိုက်ကြသည်။ သူတို့သည် ဖြစ်စဉ်အစအဆုံးအား မြင်လိုက်ရ၏။ ကျိုးရန်၏ လက်က မြေခွေးပေါက်လေးအား ထိပင်မထိရသေးခင် မြေခွေးပေါက်လေး၏ မျက်လုံးထဲ၌ ထူးဆန်းသော အလင်းတစ်ချက် လက်သွားကာ ကျိုးရန် လဲကျသွားခြင်း ဖြစ်သည်။ 

“အဆင်အခြင်မဲ့တဲ့ အရူး”

ကျိုးရန် လဲကျသွားသည်ကို မြင်သော် ယဲ့ချန်သည် စိတ်ရှုပ်ခံပြီး ထပ်မံ တိုက်ခိုက်မနေတော့ပေ။ အမွေးပွလေးနှင့်အတူ အပေါ်ထပ်သို့သာ တက်လာခဲ့သည်။ 

ကျိုးရန်သည် ထွက်ခွါသွားသော ယဲ့ချန်၏ နောက်ကျောအား ထိတ်လန့်နေသော မျက်လုံးတို့ဖြင့် ကြည့်နေခဲ့သည်။ 

ဝမ်ယွဲ့နှင့် လင်းထောင်တို့သည်လည်း ယဲ့ချန်အား တားရန် ယုံကြည်ချက် မရှိကြ။ သည်အတိုင်း ကြည့်နေရုံသာ တတ်နိုင်ကြသည်။ 

“မိစ္ဆာ ..”

အတန်ကြာသောအခါ ကျိုးရန်သည် ထိုစကားတစ်ခွန်းကိုသာ မသဲမကွဲ ရေရွတ်လာသည်။ 

ဝမ်ယွဲ့နှင့် လင်းထောင်တို့သည် အချင်းချင်း အကြည့်ဖလှယ်မိကြသည်။ ဘာကြောင့်မှန်းမသိစွာ သူတို့နှစ်ဦးလုံး ကျောပြင်၌ ချွေးအေးများ စီးကျလာကြ၏။ 

အချိန်တော်တော်ကြာတော့မှ ကျိုးရန်သည် ပြန်လည် သက်သာသွားသည်။ ထိုအခါမှ သူသည် ပုံရိပ်ယောင်တစ်ခုထဲ ပိတ်လှောင်ခံလိုက်ရခြင်းဖြစ်ကြောင်း သတိထားမိသွား၏။ သူတို့သုံးယောက်လုံး ယဲ့ချန်အား အလွန် ကြောက်ရွံ့သွားကြသည်။ နောက်တစ်ကြိမ် ထပ်၍ ရန်သွားမစရဲတော့ပေ။ 

သူရိယနေမင်းသည် အနောက်အရပ်သို့ တိုးဝင်သွားပြီး ကောင်းကင်ကား မှောင်စပြုလာသည်။ ညအချိန်သို့ လုံးလုံး ရောက်ရှိသွားလေပြီ။ 

တည်းခိုခန်း အပြင်ဘက်၌ လေပြင်းများ တိုက်ခတ်နေသည်။ နေ့အချိန်တွင် နေအပူချိန်ကြောင့် မသိသာသော်လည်း ဆောင်းဦးရာသီသို့ ဝင်စပြုနေပြီဖြစ်ရာ ညအချိန်တွင် တိုက်ခတ်သောလေသည် ဆောင်းအငွေ့အသက်တို့ဖြင့် အေးစက်နေပါ၏။ 

မြင်းဇောင်းထဲရှိ ညဉ့်လေ၏ ဆိုးရွားသော ဟီသံကလည်း တစ်မျိုးတစ်မည် စိတ်ချောက်ချားဖွယ် ကောင်းနေသည်။ 

အေးစက်နေသော လေထုထဲ၌ ပုံမှန်မဟုတ်သော စွမ်းအင်တစ်ခုကို ယဲ့ချန် ရှုရှိုက်မိသည်။ ယဲ့ချန်၏ ဘေးဘက်အခန်းထဲတွင် ထန်ထိုက်လင် ရှိနေသည်။ အချိန်ရောက်၍ မှော်သားရဲ ထွက်ပေါ်လာသောအခါ ယဲ့ချန်သည် အပြင်သို့ လုံးဝထွက်မကြည့်ဖို့ စိတ်ကူးထားသည်။ ဝိညာဉ်အသိအမြင်ကို သုံးကာ အပြင်ဘက်ရှိ အခြေအနေကို တစ်ချက် စူးစမ်းကြည့်၍ ရသည်။ 

အချိန်ကား ညဉ့်ဦးယံသာ ရှိသေးသောကြောင့် ယဲ့ချန် စိတ်တည်ငြိမ်စေရန် ကျင့်ကြံခြင်းအား စတင်လိုက်သည်။ တန့်ထျန်ထဲရှိ စွမ်းအင်ကိုးမျိုးသည်လည်း စတင် လည်ပတ်လာ၏။ အချိန်အတော်ကြာ ကျင့်ကြံပြီးသောအခါ တန့်ထျန်ထဲရှိ စွမ်းအင်ကိုးမျိုးအနက် မီးစွမ်းအင်အား ကိုယ်စားပြုသော ဝဲကတော့သည် ပရမ်းပတာ ဖြစ်နေသည်ကို ယဲ့ချန် သတိပြုမိလိုက်သည်။ ချီဝဲကတော့၏ အလယ်တွင် ဆန်စေ့အရွယ်အစားခန့် ရှိသည့် အနီရောင်ပုတီးစေ့လေး တစ်ခု ဖြည်းညှင်းစွာနှင့် ဖြစ်ပေါ်လာ၏။ 

ထိုပြောင်းလဲမှုသည် မီးစွမ်းအင်အား ကိုယ်စားပြုသည့် ချီဝဲကတော့တွင်သာ ဖြစ်ပေါ်နေပြီး ကျန်သော ချီဝဲကတော့များ၌ မရှိပေ။ 

ယဲ့ချန်၏ မီးစွမ်းအင်နှင့် ပတ်သက်သည့် ကျင့်ကြံခြင်းသည် အခြားစွမ်းအင်များထက် ကျော်လွန်သွားဟန် ရသည်။ 

ယဲ့ချန်ဘေးတွင် အမွေးပွလေးသည်လည်း ကျင့်ကြံခြင်းအား အောင်မြင်သွားပုံရကာ ခြေပစ်လက်ပစ် လဲလျောင်းနေလေသည်။ 

တစ်ဖက်အခန်းထဲတွင် ထန်ထိုက်လင်သည် ဘာလုပ်နေမှန်းမသိရာ ယဲ့ချန်သည် ဝိညာဉ်အသိအမြင်အား လက်လွတ်စပယ် မဖြန့်ကျက်ရဲပေ။ အကယ်၍ သူသာ မမြင်သင့်သည်ကို မြင်သွားပြီး ထန်ထိုက်လင်အား တစ်နည်းနည်းဖြင့် ဆန့်ကျင်မိပါက ဒုက္ခများသွားနိုင်သည်။ 

ညဉ့်က ပိုနက်လာသည်။ အပြင်ဘက်၌ လေတိုးသံများကိုသာ ကြားရပြီး တိတ်ဆိတ်နေခြင်းက အမျိုးအမည်မသိသော ချောက်ချားခြင်းမျိုးကို ဖြစ်ပေါ်စေသည်။ 

ထန်ထိုက်လင်သည် အခန်းထဲရှိ အိပ်ရာထက်တွင် ထိုင်နေပြီး ကြယ်အစုအဝေးကဲ့သို့ ထျန်းချီများက ပတ်လည်တွင် ဝိုင်းရံပြန့်ကျဲနေကြသည်။ တစ်ချိန်လုံး၌ သူမသည် ထိုပုံစံဖြင့်သာ မလှုပ်မယှက် ထိုင်နေခဲ့ခြင်း ဖြစ်သည်။ ညဉ့်လယ်ခေါင် အချိန်သို့ ရောက်သောအခါ သူမသည် တစ်စုံတစ်ရာကို အာရုံခံမိသွားပုံ ရကာ ရုတ်တရက် မျက်လုံးများ ပွင့်လာသည်။ ထို့နောက် တစ်ကိုယ်တည်း တီးတိုးရေရွတ်၏။ 

“နောက်ဆုံးတော့ ရောက်လာပြီပဲ။ ဒီတစ်ခါတော့ စိတ်မပျက်ရဖို့ မျှော်လင့်မိတယ်”

လေပြင်းတစ်ချက် ဝှေ့သွားသည်။ မြင်းဇောင်းထဲရှိ ညဉ့်လေသည် ရုတ်တရက် အလွန်ကျယ်လောင်စွာ ဟီလာပြီး ထိုအသံသည် ကြက်သီးထဖွယ် ကောင်းလှရာ ကြားမိသူတိုင်းအား တုန်ယင်သွားစေနိုင်သည်။ 

“မှော်သားရဲက ဒီမှာ”

ဝှစ် .. ဝှစ် .. ဝှစ် ..

လူရိပ်လေးရိပ်သည် တည်းခိုခန်းထဲမှ ခုန်ထွက်လာကြ၏။  

ထိုက်ယီဓားဂိုဏ်းမှ တပည့်သုံးယောက်သည် ထိုမှော်သားရဲအား သာမန် အဆင့် ၈ ၊ အဆင့် ၉ သားရဲဟုများ ထင်နေကြသလားမသိ။ အဆင်အခြင်မဲ့စွာဖြင့် အပြင်သို့ ထွက်လာကြလေသည်။ 

***

All Chapters